← Chapters

တံတိုင်း၏အခြားတစ်ဖက်

Vol. 59 Ch. 831

တံတိုင်း၏အခြားတစ်ဖက်

Vol. 59 Ch. 831

အခန်း (၈၃၁) တံတိုင်း၏အခြားတစ်ဖက်

ထို့နောက် ရန်ကျောက်ကဲ နေရာများစွာသို့ခရီးဆန့်ကာ မြို့ကြီးမြို့ငယ်အသွယ်သွယ်သို့ရောက်ရှိခဲ့ပြီး ရန်ကျောက်ကဲ တစ်စုံတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။

တာအိုဝါဒ၏သဲလွန်စများ တစ်လုံးတစ်ပါဒမှမတွေ့ရသော ဤကမ္ဘာကို ‘ကျဲရှင်ကမ္ဘာ’ ဟု ခေါ်ဆိုသည်။ ဤကမ္ဘာမှ သာမန်လူများသည် တာအိုဝါဒတည်ထောင်သူ စန်းချင်း (၃)ပါးကိုပင် ကြားဖူးခြင်း မရှိကြပေ။

မိမိတို့နေအိမ်တွင် ရှေးဟောင်းစာအုပ်စာပေများရှိကြပြီး ဗဟုသုတအလွန်ကြွယ်ဝသူများပင်လျှင် ရှေးဟောင်းစာပေများထဲတွင်‌ရေးသားထားသည့် တာအိုဝါဒအကြောင်းဖော်ပြချက်ကို အနည်းအကျဉ်းသာ သိရှိကြသည်။

သို့သော် သမိုင်းအဖြစ်ပင်ကျန်ရှိခြင်းမဟုတ်ဘဲ ဒဏ္ဍာရီတစ်ခုပမာ ဖြစ်နေပေပြီ။

လွန်ခဲ့သော နှစ်ပေါင်းထောင်ချီကာလအတွင်း ဤကမ္ဘာတွင် တာအိုဝါဒနှင့်ပတ်သက်သည့် သဲလွန်စများ တစ်ခုမှမတွေ့ခဲ့ရပေ။

မဟာကပ်ဘေးကြီးအကြောင်း မှတ်တမ်းတင်ထားသည့် စာရွက်စာတမ်းများကိုတော့ တွေ့ရှိရသည်။ သို့သော် ဘုရားလောင်း၏ တုနှိုင်းမဲ့တန်ခိုးတော်က များပြားလှသောကမ္ဘာများကို ကာကွယ်ပေးထားပြီး ကပ်ဘေးဒုက္ခအတွင်း ငြိမ်းချမ်းစွာဖြတ်သန်းရင်း ဘဝများစွာကို အကာအကွယ်ပေးထားသည်ဟု ဆိုသည်။

ဤသည်က ဗုဒ္ဓဘာသာသက်ဝင်ယုံကြည်သူများအတွက် ကြီးကျယ်သော ကုသိုလ်ကောင်းမှု တွန်းအားတစ်ခု ဖြစ်ခဲ့သည်။

‘ကျဲရှင်ကမ္ဘာ’ တွင် တဟုန်ထိုးစီးဆင်းနေသော ဝိညာဉ်စွမ်းအားများကို ရန်ကျောက်ကဲ အာရုံခံလိုက်ပြီး ဤနေရာသည် မဟာကပ်ဘေးကြီးမတိုင်ခင် စကြာဝဠာကြီးနှင့် အလွန်ဆင်တူကြောင်း သိရှိခဲ့သော်လည်း အနည်းငယ် အားနည်းသည်ကို ခံစားရသည်။

မဟာကပ်ဘေးကြီးကြောင့် ထိခိုက်ရခြင်းများကို အတော်လေးရှောင်လွှဲနိုင်ခဲ့ဟန်ရှိသော်လည်း ဤကမ္ဘာမှ လူ့ယဉ်ကျေးမှုနှင့် အမွေဆက်ခံမှုများသည်လည်း အတော်လေး ပျက်ဆီးသွားခဲ့သည်။ အထူးသဖြင့် သာမန်ပျက်ဆီးခြင်းမဟုတ်ဘဲ တမင်သက်သက် ဖျက်ဆီးထားခြင်းမျိုးဖြင့် ဆင်တူသည်။

တာအိုဝါဒနှင့်ပတ်သက်သည့် ဒဏ္ဍာရီအချို့ ကျန်ရှိနေသေးသည့်တိုင် မှတ်တမ်းမှတ်ရာများအားလုံး ဖျက်ဆီးခံထားရသည်။

ဤအခြေအနေကိုတွေးတောရင်း ရန်ကျောက်ကဲ မည်သို့မှမတတ်နိုင်စွာ သံသယဝင်ခဲ့သည်။

ကမ္ဘာများစွာအလွန် အထက်ဘုံကမ္ဘာ ၊ အစွန်းရောက်ရှစ်ပါးကမ္ဘာနှင့် သမုဒ္ဒရာကမ္ဘာများတွင်လည်း အလားတူဖြစ်ရပ်မျိုး ဖြစ်ပျက်ခဲ့လေသလား။

ထိုကမ္ဘာများတွင် ဗုဒ္ဓဘာသာ၏သဲလွန်စများစွာကို တမင်သက်သက် ဖျက်ဆီးခံထားရခြင်းများလား။

ထို့ပြင် ရန်ကျောက်ကဲ သတိထားမိသည့် ကိစ္စတစ်ခု ရှိသေးသည်။

‘ကျဲရှင်ကမ္ဘာ’ က အလွန်ကြီးမားကျယ်ပြန့်သည့်ကမ္ဘာတစ်ခုမဟုတ်ဘဲ အစွန်းရောက်ရှစ်ပါးကမ္ဘာနှင့် အရွယ်အစားတူညီသည်။ သို့သော် သိုင်းသူတော်စင် တတိယအဆင့် အထက်ရှိသော ကျင့်ကြံသူများကို ဤနေရာတွင် လက်ခံထားနိုင်စွမ်း ရှိသည်.

ရန်ကျောက်ကဲ စဉ်းစားလိုက်သည်။

“ပရမ်းပတာဗလာနယ်ထဲမှာ လှည့်ပတ်နေတဲ့ အဂ္ဂိရတ်ခန်းမနဲ့ ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုကို ငါတို့က ဝင်ပြီးစွက်ဖက်မိလို့ အချိန်နဲ့ဗလာနယ်အာကာသအနှောက်အယှက်ဖြစ်သွားပြီး မကျိုးပေါက်နိုင်တဲ့ ‘တံတိုင်း’ တစ်ခု မတော်တဆ ကျိုးပေါက်သွားတာများလား”

“တံတိုင်း” တစ်ဖက်တွင်တော့ ဗုဒ္ဓဘာသာထွန်းကြားပြီး အခြားသော “တံတိုင်း” တစ်ဖက်မှာတော့ တာအိုဝါဒထွန်းကားရာနေရာဖြစ်ပြီး အထက်ဘုံကမ္ဘာနှင့်အတူ အစွန်းရောက်ရှစ်ပါးကမ္ဘာ ၊ မျောလွင့်ဝိညာဉ်ကမ္ဘာ ၊ မီးတောက်မိစ္ဆာကမ္ဘာစသည်ဖြင့် အခြားသော အောက်ဘုံကမ္ဘာများစွာ ရှိကြသည်။

အောက်ဘုံကမ္ဘာများ၏မိုးမြေစွမး်အားများက ထူးခြားပြီး နတ်ဘုရားသိမြင်ခြင်းအဆင့် သိုင်းသူတော်စင်များအတွက် လိုက်လျောညီထွေ မရှိနိုင်ပေ။ ထို့ကြောင့် သိုင်းသူတော်စင် တတိယအဆင့်ကျော်လွန်သည်နှင့် အလိုအလျောက် အထက်ဘုံကမ္ဘာသို့တက်ကြရသည်။

မဟာကပ်ဘေးကြီးပြီးဆုံးသည့်နောက် တစ်လောကလုံးပြောင်းလဲသွားကာ အရာများစွာ အသစ်တစ်ဖန် ပြန်လည်စတင်ကြရသည်။ မဟာကပ်ဘေးကြီးအလွန်ကာလတွင်သာ အောက်ဘုံကမ္ဘာများ ဖြစ်တည်လာခဲ့ကြေင်း မှတ်သားနိုင်သည်။

သို့ပေသိ အထက်ဘုံကမ္ဘာကတော့ အနည်းငယ်နောက်ကျပြီးမှ မွေးဖွားဖြစ်တည်လာခြင်း ဖြစ်နိုင်၏။

“တံတိုင်း” ၏ အခြားတစ်ဖက်ခြမ်းတွင်ရှိနေသော ဗုဒ္ဓဘာသာတည်ရှိရာနေရာတွင်တော့ လောလောဆယ် ‘ကျဲရှင်ကမ္ဘာ’ ကိုသာ တွေ့မြင်နိုင်သေးပြီး ရန်ကျောက်ကဲအနေဖြင့် အသေးစိတ်အချက်အလက်များကို မသိနိုင်သေးပေ။

ကျဲရှင်ကမ္ဘာသည်လည်း မဟာကပ်ဘေးကြီးဒဏ်ကို ခံစားခဲ့ရဖွယ်ရှိသော်လည်း အကြောင်းတစ်ခုခုကြောင့် အနည်းငယ်သာ ဘေးဒဏ်သင့်ခဲ့ဟန်တူသည်။

ဤသည်က ဘုရားလောင်းကြောင့်ဖြစ်နိုင်သလို အခြားအကြောင်းတစ်ခုခုကြောင့်လည်း ဖြစ်နိုင်သည်။

ထို့ပြင် ကျဲရှင်ကမ္ဘာတွင် နတ်ဘုရားသိမြင်ခြင်းအဆင့်သိုင်းသူတော်စင်များ သွားလာခြင်းအတွက် ကန့်သတ်ထားခြင်းမရှိဘဲ လိုက်လျောညီထွေဖြစ်စေနိုင်သည်။

ရန်ကျောက်ကဲ တွေးလိုက်သည်။

“သိစရာကိစ္စလေးတွေ နည်းနည်းရှိနေတယ် ၊ ဒီကမ္ဘာက ထိပ်တန်းဗုဒ္ဓဘာသာကျင့်ကြံသူတွေနဲ့ ထိတွေ့နိုင်ရင် ငါ့အနေနဲ့ ကိစ္စရပ်တွေကို ပိုပြီးသိလာနိုင်တယ် ၊ နောက်ထပ် ဗုဒ္ဓဘာသာကမ္ဘာတွေဆီကိုဆက်သွားနိုင်ရင်လည်း အဆင်ပြေသားပဲ ၊ ဒီ ‘ကျဲရှင်ကမ္ဘာ’ တစ်ခုတည်းနဲ့တော့ ဆုံးဖြတ်ချက်ချဖို့ မလုံလောက်ဘူး”

“တံတိုင်း” ဆိုသည့်အချက်နှင့်ပတ်သက်ပြီး ရန်ကျောက်ကဲ၏ ကိုယ်ပိုင်ခန့်မှန်းချက်ဖြစ်သော်လည်း မှားယွင်းနိုင်စရာ အကြောင်းမရှိပေ။

ရန်ကျောက်ကဲက ခါးထောက်ရင်း သူ့အရှေ့မှ ‘ကျဲရှင်ကမ္ဘာ’ ကို တိတ်ဆိတ်စွာစိုက်ကြည့်ရင်း စိတ်ထဲတွင် အတွေးများစွာ ထွက်ပေါ်လာသည်။

အဂ္ဂိရတ်ခန်းမနှင့် ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုတို့က အဆုံးစွန်သောဗလာနယ်တည်ရှိမှုတစ်ခုဖြစ်ပြီး ထိုအရာများကြောင့်မဟုတ်ဘဲ ရန်ကျောက်ကဲနှင့် အခြားသူများ၏ လက်ရှိကျင့်ကြံခြင်းအဆင့်ဖြင့်ဆိုလျှင် သူတို့အနေဖြင့် ဤ “တံတိုင်း” ကို ချိုးဖျက်နိုင်မည် မဟုတ်ပေ။

သို့သော် လောလောဆယ်တွင် ရန်ကျောက်ကဲ မလုပ်နိုင်သောအရာကို အခြားသူများလည်း မလုပ်ဆောင်နိုင်ဟု မဆိုလိုပေ။ ရန်ကျောက်ကဲ၏နားလည်မှုအရ ဧကရာဇ် (၃)ပါးနှင့် အုပ်စိုးရှင် (၅)ပါးကတော့ ပြုလုပ်နိုင်မည် ဖြစ်သည်။

ဗလာနယ်ကောင်းကင်ကျမ်းစာကိုကျင့်ကြံထားသည့် အနောက်ဘက်ထိပ်တန်းအရှင်သခင်သည်လည်း ထိုသို့ပြုလုပ်နိုင်မည် ဖြစ်သည်။

ချောင်ကျယ် ၊ ကျွမ်းရှန်နှင့် အခြားသော ထိပ်တန်းအရှင်သခင်များကတော့ သိပ်ပြီးမသေချာလှပေ။

ပြီးတော့ ဗုဒ္ဓဘာသာဘက်တွင်လည်း ထိုသို့ ပြုလုပ်နိုင်သူများ သေချာပေါက် ရှိနိုင်ပေမည်။

“တံတိုင်း” ကို ချိုးဖျက်နိုင်သူများ ရှိကြသော်လည်း “တံတိုင်း” က ဆက်လက်တည်ရှိနေပြီး လည်ပတ်နေသည်ကိုကြည့်ခြင်းအားဖြင့် “တံတိုင်း”တစ်ဖက်ခြမ်းမှအရာများကို တိတ်တဆိတ်နားလည်မှုပေးထားသည်ဟု ဆိုနိုင်သည်။

ထိုသို့ တိတ်တဆိတ်နားလည်မှုမျိုးအားလည်း နှစ်ဖက်စလုံးမှ အလယ်အလတ်နှင့် အဆင့်နိမ့်ကျင့်ကြံသူများ ၊ သာမန်လူသားသက်ရှိများက သိရှိကြဟန်မတူပေ။ သာမန်ကျင့်ကြံသူများအနေဖြင့် ဤ “တံတိုင်း” တည်ရှိမှုကိုပင် သိရှိကြမည် မဟုတ်ပေ။

“နေဦး... ဒီလို “တံတိုင်း” မျိုး တကယ်ရှိတယ်ဆိုရင်... အပြာရောင်ခရီးရှည်ကောင်းကင်ဘုံက ဘယ်ဘက်မှာရှိတာလဲ ၊ အထက်ဘုံကမ္ဘာနဲ့တစ်ဖက်တည်းမှာ ရှိတာလား”

ရန်ကျောက်ကဲစိတ်ထဲ ထိုမေးခွန်းက ရုတ်တရက် ဝင်ရောက်လာသည်။

သူသိသလောက် အစွန်းရောက်ရှစ်ပါးကမ္ဘာ ၊ သမုဒ္ဒရာကမ္ဘာ ၊ ယွမ်ဖူကမ္ဘာနှင့် အခြားသောအောက်ဘုံကမ္ဘာများမှလူများသည် သိုင်းသူတော်စင် စတုတ္ထအဆင့်ရောက်လျှက် အထက်ဘုံကမ္ဘာသို့ တက်ကြရသည်။

ထိုသို့ဆိုလျှင် အောက်ဘုံကမ္ဘာအားလုံးသည် အထက်ဘုံကမ္ဘာ၏လက်အောက်ခံကမ္ဘာများဟု ဆိုနိုင်၏။

သို့သော် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကတော့ ထိုသို့မဟုတ်သည်မှာ ထင်ရှားသည်။

ရန်ကျောက်ကဲ မျက်လုံးများကျဉ်းမြောင်းလိုက်ရင်း....

“အပြာရောင်ခရီးရှည်ကောင်းကင်ဘုံက အထက်ဘုံကမ္ဘာနဲ့ တံတိုင်းတစ်ဖက်ခြမ်းမှာအတူရှိနေတာလား ၊ ဒါမှမဟုတ်... ဒီ ‘တံတိုင်း’ က နှစ်ဖက်ကိုပိုင်းခြားထားတာမျိုး မဟုတ်ဘူးလား”

သူက အသင်္ချေနဂါးနန်းတော်ထဲသို့ပြန်ဝင်သွားပြီး စွန်းကျုန်းတာ့ထံမှ သတင်းစုံစမ်းရန် ဆုံးဖြတ်လိုက်သည်။

စွန်းကျုန်းတာ့က မျက်မှောင်ကြုံ့ရင်း...

“’ရန်’ သခင်လေး ၊ ပြောလို့ရတာအကုန်လုံးပြောပြီးသွားပြီနော် ၊ ဘာမှပြောစရာမရှိတော့ဘူး ၊ ထပ်မေးမယ်ဆိုရင် ကြိုက်သလိုသာ အပြစ်ပေး...”

သူ့စကားမဆုံးခင်မှာပင် ရန်ကျောက်ကဲက စကားဖြတ်ပြောလိုက်သည်။

“အပြာရောင်ခရီးရှည်ကောင်းကင်ဘုံအကြောင်းမေးမလို့မဟုတ်ပါဘူး ၊ မင်းကိုမေးချင်တာက ဗုဒ္ဓဘာသာနဲ့ပတ်သက်လို့ ကြားဖူးသိဖူးတာများရှိလာားလို့ပါ ၊ ဆိုလိုတာက... မဟာကပ်ဘေးကြီးပြီးတဲ့နောက် ဗုဒ္ဓဘာသာဘက်ကတပည့်တွေများရှိသေးလား...”

စွန်းကျုန်းတာ့က ရန်ကျောက်ကဲကို အံ့အားသင့်စွာဖြင့်ကြည့်ရင်း ခဏကြာမှ ရုတ်တရက် သဘောပေါက်သွားဟန်ဖြင့် နှာတစ်ချက်မှုတ်လိုက်သည်။

“အမှန်ပဲ ၊ မင်းတို့ အထက်ဘုံကမ္ဘာကလူတွေက ဒီကိစ္စတွေကို လျှို့ဝှက်ချက်လို့သဘောထားပြီး တစ်ခါမှထုတ်မပြောကြဘူးလေ”

ရန်ကျောက်ကဲက စွန်းကျုန်းတာ့ကို တည်ငြိမ်စွာပင်ကြည့်နေသော်လည်း လူငယ်မှာကျောရိုးထဲစိမ့်သွားသလို ခံစားလိုက်ရသည်။

သူက ခြောက်ကပ်စွာရယ်မောလိုက်ရင်း...

“ဗုဒ္ဓဘာသာကျင့်ကြံသူတွေကို တစ်ခါမှမတွေ့ဖူးပေမယ့်  သူတို့အကြောင်း ကြားဖူးပါတယ် ၊ မဟာကပ်ဘေးကြီးပြီးဆုံးသွားတဲ့နောက် ဘုရားလောင်းလည်းဆက်ပြီးရှိနေသလို ဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့နယ်မြေတွေလည်း အများကြီးတည်ထောင်ထားနိုင်ခဲ့တယ် ၊ ဒါပေမဲ့...”

စွန်းကျုန်းတာ့က နှုတ်ခမ်းများကိုတွန့်ကွေးသွားပြီး...

“ရွှမ်ဟွမ်ဧကရီရဲ့စကားနဲ့ပြောရရင်တော့... ‘မှားနေတဲ့ဗုဒ္ဓ’ လို့ပြောရမှာပဲ”

ရန်ကျောက်ကဲက သူ့ကိုလှမ်းကြည့်လိုက်သည်။

ဘုရားလောင်းရှိနေသေးသည်ကို သိရှိပလျှက် ဤသို့သောစကားပြောရဲသည်က သတ္တိရှိသည်ဟု ဆိုရပေမည်။

အမှန်တော့ ‘ခေါင်းမော့ကြည့်လိုက်ရင် အထက်(၃)ပေအကွာမှာနတ်ဘုရားတွေရှိနေတယ်’ ဆိုသည်က ဆိုရိုးတစ်ခုမျှသာ မဟုတ်ပေ။

စွန်းကျုန်းတာ့သည် အခြားသောဓားသိုင်းကျင့်ကြံသူများထက် စိတ်ထားပျော့ပြောင်းဟန်ရှိသော်လည်း စန့်ချင်အဆက်အနွယ်တစ်ယောက်၏ မောက်မာမှုနှင့် မာန်မာနများကို သူ့ထံတွင် တွေ့မြင်ရဆဲ ဖြစ်သည်။

ရန်ကျောက်ကဲက ပေါ့ပေါ့ပါးပါးလေသံဖြင့်...

“တကယ်တော့ ဘုရားလောင်းရဲ့ကျမ်းဂန်တွေကို အဲဒီလိုမျိုး ပထမဆုံးမှတ်ချက်ပေးတဲ့သူက ရွှမ်ဟွမ်ဧကရီမဟုတ်ပါဘူး ၊ မဟာကပ်ဘေးကြီးမတိုင်ခင်က တာအိုဝါဒရဲ့ ဧကရာဇ် (၄)ပါးထဲကတစ်ပါးဖြစ်တဲ့ ကျီဝေးဧကရာဇ်ပဲ မဟုတ်လား”

စွန်းကျုန်းတာ့က...

“မင်းလည်း ဒါကိုသိတယ်လား”

ရန်ကျောက်ကဲက သူ့မေးခွန်းကိုပြန်မဖြေဘဲ...

“မင်းသိတာတွေအားလုံး ဆက်ပြောစမ်း...”

စွန်းကျုန်းတာ့ အနည်းငယ် ရှက်ကိုးရှက်ကန်းဖြစ်သွားပြီး...

“တကယ်တော့ ငါသိတာတွေက နည်းနည်းလေးပါ ၊ ငါကိုယ်တိုင်လည်း တွေ့ကြုံဖူးတာ မရှိဘူးလေ ၊ ပြီးတော့ ငါတို့အဆင့် ကျင့်ကြံသူတွေအနေနဲ့ ဗုဒ္ဓဘာသာဂိုဏ်းကလူတွေနဲ့ တွေ့ဆုံဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ဆရာကပြောဖူးတယ်”

သူက ဆက်ပြောသည်။

“ဒါပေမဲ့ ဆရာမှာထားတာက... တကယ်လို့ သူတို့နဲ့တွေ့ပြီဆိုရင် အမြန်ထွက်ပြေးရမယ် ဒါမှမဟုတ် သူတို့ကို ချက်ချင်းသတ်ပစ်ရမယ်တဲ့ ၊ သတ်ပြီးတာနဲ့ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကို ချက်ချင်းပြန်ရမယ် ၊ မဟုတ်လို့ကတော့ သူတို့ဘက်က တန်ခိုးစွမ်းအားရှင်တွေက အချိန်တိုအတွင်းရောက်လာလိမ့်မယ်တဲ့”

စွန်းကျုန်းတာ့၏ မျက်နှာအမူအရာက တည်ကြည်လေးနက်သွားပြီး...

“အတိအကျတော့ မသိပေမယ့်... အရင်တုန်းက မဟာကပ်ဘေးကြီးကြောင့် ငါတို့တာအိုဝါဒ မှေးမှိန်ညှိုးနွမ်းသွားတာ ဗုဒ္ဓဘာသာဘက်ကလူတွေနဲ့သက်ဆိုင်နေပုံရတယ်”

***

(မှတ်ချက် - ဤ ရှန်းရှစာစဉ်မှ ဘုရားလောင်း ၊ ဗုဒ္ဓဘာသာဆိုသည့်အသုံးအနှုန်းများမှာ မဟာယာနဗုဒ္ဓဘာသာကို ရည်ညွှန်းခြင်းဖြစ်ပြီး ထေရဝါဒဗုဒ္ဓဘာသာနှင့်သက်ဆိုင်ခြင်းမရှိပါ - ဘာသာပြန်သူ)

All Chapters