ဒြပ်စင်ငါးပါးတောင်အောက်မှအော်ဟစ်သံ
Vol. 59 Ch. 832
အခန်း (၈၃၂) ဒြပ်စင်ငါးပါးတောင်အောက်မှအော်ဟစ်သံ
စွန်းကျုန်းတာ့၏စကားများကို ရန်ကျောက်ကဲက မည်သည့်မှတ်ချက်မှ မပြုပေ။
လက်ရှိ သူနားလည်ထားသည့်အခြေအနေများအရ ယခင်ကအခြေအနေများတွင် ဗုဒ္ဓဘာသာဂိုဏ်းသည်လည်း အခန်းကဏ္ဍတစ်ခုမှပါဝင်ကပြခဲ့သည်မှာ သေချာသလောက် ရှိသည်။
သို့သော် မည်သို့သော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်ကို ဆုံးဖြတ်ရန် လုံလောက်သော အချက်အလက်များ မရှိသေးပါ။
သို့သော် စွန်းကျုန်းတာ့၏စကားများက ရန်ကျောက်ကဲကို သတင်းအချက်အလက်အချို့ သိရှိစေခဲ့သည်။
ဗုဒ္ဓဘာသာဂိုဏ်းနှင့် ဆက်ဆံသည့်ကိစ္စတွင် စန့်ချင်အဆက်အနွယ်များနှင့် အထက်ဘံကမ္ဘာကြား သဘောထားကွဲလွဲမှုများရှိနေသည်မှာ ထင်ရှားသည်။
စန့်ချင်အဆက်အနွယ်များက အထက်ဘုံကမ္ဘာမှလူများထက် ပိုမိုပြင်းထန်ပြီး အစွန်းရောက်သောသဘောထား ရှိပုံရသည်။
ဤသည်က အပြာရောင်ခရီးရှည်ကောင်းကင်ဘုံနှင့် အထက်ဘုံကမ္ဘာကြား ပဋိပက္ခဖြစ်ရခြင်း၏ အဓိကအကြောင်းရင်းဖြစ်သည်လား ရန်ကျောက်ကဲအတွက် မသေချာသေးပေ။
လက်ရှိတွင် စွန်းကျုန်းတာ့က ဒေါသထွက်နေသော်လည်း ရန်ကျောက်ကဲ၏ သဘောထားအမှန်ကိုလည်း အကဲခတ်နေသည်။
သူ့ရှေ့ရှိ ရန်ကျောက်ကဲသည် အထက်ကမ္ဘာရှိ လူများစွာနှင့် မတူကြောင်း တဖြည်းဖြည်း ခံစားလာရသည်။
အလွန်မှ ခြားနားလွန်းသည်။
ရန်ကျောက်ကဲက တစ်ချက်ကြည့်လိုက်သည်နှင့် စွန်းကျုန်းတာ့၏အတွေးများကိုသိလိုက်သော်လည်း မည်သည့်မှတ်ချက်မှမပြုဘဲ လူငယ်ကို ပြန်လည်ဖမ်းဆီးထားလိုက်ပြီး အသင်္ချေနဂါးနန်းတော်ထဲမှ ထွက်ခွာသွားသည်။
ကျဲရှင်ကမ္ဘာတွင် ဆက်လက်လျှောက်လှမ်းလာရင်း ရန်ကျောက်ကဲက ဤကမ္ဘာ၏ဝိညာဉ်စွမ်းအားလည်ပတ်မှုနှင့် လှုပ်ရှားမှုများကို ပိုမိုရင်းနှီးစေရန် လေ့လာနေသည်။
သူ့အနေဖြင့် အထက်ဘုံကမ္ဘာသို့ပြန်ရန် နည်းလမ်းရှာဖွေရမည် မဟုတ်ပါလား။
သို့သော် ကျဲရှင်ကမ္ဘာ၏ရောင်ဝါစီးဆင်းမှုများနှင့် ပိုမိုရင်းနှီးလာသည်နှင့်အမျှ ရန်ကျောက်ကဲစိတ်ထဲ ထူးခြားမှုတစ်ခုကို ယောင်ဝါးဝါး ခံစားလိုက်ရ၏။
“ဒီကမ္ဘာရဲ့အစိတ်အပိုင်းထဲမှာ ဘာလို့ ဗလာကျင်းနေတဲနယ်မြေတစ်ခု ရှိနေရတာလဲ”
အတော်လေး ပဟေဠိဖြစ်သွားပြီးနောက် ရန်ကျောက်ကဲက ဤကမ္ဘာ၏ ဝိညာဉ်စွမ်းအားစီးဆင်းမှုကွန်ယက်မှတစ်ဆင့် ထိုနေရာကို ရှာဖွေလိုက်သည်။
ကျဲရှင်ကမ္ဘာ၏အရွယ်အစားက အစွန်းရောက်ရှစ်ပါးကမ္ဘာနှင့် တူညီသည်ဖြစ်ရာ ရန်ကျောက်ကဲအတွက် ဝေးကွာသည်ဟု မပြောနိုင်ပေ။
သူရှာသည့်နေရာကို တစ်ခဏအတွင်း ရောက်ရှိသွားသည်။
ထိုနေရာသို့ရောက်သည့်အခါ ရှေ့မှမြင်ကွင်းကိုကြည့်ရင်း ရန်ကျောက်ကဲ တုန်လှုပ်သွားရသည်။
ထိုနေရာက အလယ်မှကွက်ပြီးဖြတ်တောက်ထားသော ပန်းချီကားတစ်ချပ်ပမာ ဖြစ်သည်။ ဖြတ်တောက်ထားသောနေရာက အတွင်သို့အနည်းငယ်ချိုင့်ဝင်နေသဖြင့် အဝေးမှကြည့်မည်ဆိုလျှင် ပန်းချီကား၏မြင်ကွင်းက ပြောင်းလဲခြင်း မရှိပေ။
အနီးကပ်ကြည့်မည်ဆိုလျှင်တော့ ပုံပျက်နေသည်ကို ခံစားရနိုင်သည်။
အခြားရှုထောင့်မှပြောင်းပြီးကြည့်မည်ဆိုလျှင် မျက်နှာပြင်ထက်မှပြဿနာကို သိသာစွာတွေ့မြင်ရမည်ဖြစ်သည်။
ကမ္ဘာနှစ်ခု တစ်ခုနှင့်တစ်ခု အလွှာထပ်နေသည့်အလား ခြားနားသောကမ္ဘာတစ်ခုက ဤကမ္ဘာ၏နယ်နိမ်မိတ်ကို ကွဲပြားခြားနားစွာဖြတ်သန်းသွားပြီး အလွှာတစ်ခုကဲ့သို့ တည်ရှိနေခြင်း ဖြစ်သည်။
ရန်ကျောက်ကဲ၏လက်ရှိတည်နေရာ ၊ သို့မဟုတ် ကျဲရှင်ကမ္ဘာက ‘ပန်းချီကားလိပ်’ ၏ အပြင်ဘက်တွင် တည်ရှိနေဟန် ဖြစ်သည်။
သူ့အရှေ့မှနေရာက အခြားကမ္ဘာတစ်ခုဖြစ်ပြီး ထိုကမ္ဘာက ကျဲရှင်ကမ္ဘာနှင့် ထပ်လျှက်တည်ရှိနေသော်လည်း ပေါင်းစပ်သွားခြင်း မရှိပေ။
ထိုနေရာတွင် လူသူမရှိသောတောင်တစ်လုံးရှိနေပြီး အေးချမ်းမှုနှင့် သဘာဝတရား၏ စစ်မှန်သော အဓိပ္ပါယ်ကို ထင်ရှားစေသော ဗုဒ္ဓရောင်ခြည်မှိန်ဖျော့ဖျော့ကို တွေ့မြင်ရသည်။
“မအံ့သြတော့ပါဘူး ၊ ဒီနေရာက ဒီကျဲရှင်ကမ္ဘာနဲ့ လုံးဝမသက်ဆိုင်တဲ့ တခြားနေရာတစ်ခုပဲ ၊ ဒါပေမဲ့ တစ်ခုခုတော့တစ်ခုခုပဲ”
ရန်ကျောက်ကဲက လျှို့ဝှက်ဆန်းကျယ်လှသော တောင်ကြီးကိုလေ့လာနေရင်း ထိုနေရာက ဘာမှန်းအတိအကျ မသိသေးပေ။
ထိုအရာကိုကြည့်ရင်း ရုတ်တရက် ရန်ကျောက်ကဲနားထဲတွင် အသံတစ်သံထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။
ထိုအသံသည် ဝေဝါးနေပြီး အဆုံးမရှိဝေးကွာနေပုံရသဖြင့် မရှင်းမလင်းသာ ကြားနေရသည်။ သို့သော် ထိုအသံထဲတွင် အလွန်တရာရှုတ်ထွေးသည့် ခံစားချက်များပါဝင်နေဟန်ပင်။
မယုံကြည်ခြင်း ၊ ပဟေဠိဆန်ခြင်း ၊ ထိတ်လန့်ခြင်း ၊ ဒေါသ ၊ ဝမ်းနည်းစိတ်ပျက်ခြင်း ၊ ရက်စက်ကြမ်းတမ်းခြင်း ၊ မလိုလားခြင်း....။
ထိုသို့သောခံစားချက်များပေါင်းစည်းကာ စကြာဝဠာအတွင်းမှ ထွက်ပေါ်လာသည့် အသံမျိုးဖြစ်သည်။
ထိုအသံက ဘာကိုပြောလိုက်မှန်း ရန်ကျောက်ကဲ လုံးဝမကြားရသည့်တိုင် အသံထဲတွင်ပါဝင်သည့် ခံစားချက်များကို ရန်ကျောက်ကဲ ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။
မည်သို့သော မုန်းတီးမှု ၊ ဒေါသနှင့် စိတ်ပျက်အားငယ်မှုမျိုးက ထိုသို့သောအသံမျိုးကို ထွက်ပေါ်လာစေပါသနည်း။
ရန်ကျောက်ကဲ မျက်ခုံးတစ်ချက်ပင့်လိုက်ပြီး တောင်ဆီသို့ လမ်းလျှောက်သွားလိုက်သည်။
သို့သ်ေ သူ မည်မျှပင်ကြိုးစားစေကာမူ ထိုတောင်အနားသို့မရောက်နိုင်ဘဲ ထိုနေရာသို့ သွား၍မရဖြစ်နေကြောင်း သိလိုက်ရသည်။
ရန်ကျောက်ကဲက ဗလာနယ်ကောင်းကင်ကျမ်းစာနှင့် နတ်ဘုရားထောင်ချောက်ဓားသိုင်းများကို ကျင့်ကြံမထားသော်လည်း လက်ရှိကျင့်ကြံခြင်းအဆင့်အရ နက်နဲသည့်ဗလာနယ်သဘောတရားများကို ကောင်းစွာနားလည်သူဖြစ်သည်။
သို့တိုင် သူ့အနေဖြင့် ထိုတောင်အနီးသို့ ချဉ်းကပ်နိုင်ခြင်း မရှိခဲ့ပေ။
ထို့ပြင် သူ့ကိုတားဆီးထားသော အရံအတား ၊ အစီအရင် ၊ လက်သီးသိုင်းဝိညာဉ် ၊ ဝိညာဉ်စွမ်းအားအတက်အကျများကိုလည်း ခံစားရခြင်းမရှိပေ။
အရာအားလုံးက ပုံမှန်အတိုင်းဖြစ်နေသော်လည်း ထိုတောင်ကြီးရှိရာသို့ မသွားရောက်နိုင်ဘဲ တားဆီးခံနေရသည်။ ထိုတောင်ကြီးက အလွန်နီးကပ်နေဟန်ရှိသော်လည်း ထိုနေရာသို့သွားရောက်ရန်ကြိုးစားတိုင်း အဝေးမှာပင် ရှိနေခဲ့သည်။
“ဒီနေရာမှာ ဘာအရံအတားမှမရှိဘူး ၊ ဒါမှမဟုတ် အရံအတားပြုလုပ်ထားတဲ့သူက ကျင့်ကြံခြင်းအဆင့်မြင့်မားလွန်းလို့ ငါ မသိတာများလား”
ရန်ကျောက်ကဲ မျက်မှောင်ကြုံ့လိုက်သည်။
လောလောဆယ်တွင် မည်သည့်သဲလွန်စမှမတွေ့ရဘဲ တစ်ဖက်လူက အကန့်အသတ်မရှိ တန်ခိုးစွမ်းအားမြင့်မားလွန်းသည်ဟုသာ ကောက်ချက်ချနိုင်သည်။
ဒဏ္ဍာရီဆန်သော တန်ခိုးစွမ်းအားရှင်တစ်ယောက်ဖြစ်နေမည်ကို သူ စိုးရိမ်မိသည်။
သို့သော် ထိုသူက မည်သူဖြစ်ပါသနည်း။
ရန်ကျောက်ကဲ စဉ်းစားနေစဉ်မျာပင် ထိုအသံက ရုတ်တရက် သူ့နားထဲတွင် ထပ်မံထွက်ပေါ်လာပြန်သည်။
ထိုအထဲတွင်ပါဝင်သည့် ခံစားချက်များက ရန်ကျောက်ကဲ၏စိတ်ဝိညာဉ်ကို မတည်မငြိမ်ဖြစ်စေပြီး ရူးသွပ်လုမတတ် ဖြစ်သွားစေသည်။
သို့သော် ယခုတစ်ကြိမ်မှာတော့ စကားသံကို ထင်ထင်ရှားရှားကြားလိုက်ရသည်။
စကားလုံးတစ်လုံးတည်းဖြစ်၏။
“ဆရာ...”
ကျယ်လောင်စူးရှသောအသံသည် အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်ကို ဖြတ်သန်းစီးဆင်းနေသော အချိန်ရေစီးကြောင်း၏ နေရာတိုင်းမှ ထွက်ပေါ်လာပုံရသည်။
ရန်ကျောက်ကဲ တောင်ကိုလှမ်းကြည့်ပြီး စိတ်ထဲမှတွေးလိုက်သည်။
“အဲဒီအသံက အဲဒီဘက်က ကမ္ဘာကထွက်လာတာလား ၊ အဲဒီတောင်ပေါ်ကလား...”
သူက အသင်္ချေနဂါးနန်းတော်ထဲပြန်ဝင်သွားပြီး မေးလိုက်သည်။
“မင်းတို့ စောစောကအသံကိုကြားလိုက်ရလား”
အားဟူနှင့် ရှောင်အိုက်က ဘာမှမသိသလို အူကြောင်ကြောင် ဖြစ်နေကြသည်။
ဖန်းယွင်ရှန်းက ခဏမျှ တုံ့ဆိုင်းနေပြီးမှ...
“အသံတော့ကြားလိုက်ရသလိုပဲ ၊ ဒါပေမဲ့ ဘာမှမသိလိုက်ဘူး ၊ နားကြားမှားတယ်လို့တောင် ထင်နေတာ”
ရန်ကျောက်ကဲက...
“ဘာပြောတာလဲဆိုတာကိုရော ကြားလိုက်ရလား”
ဖန်းယွင်ရှန်း ခေါင်းခါယမ်းလိုက်သည်။
ရန်ကျောက်ကဲက ထိုအကြောင်းကိုစဉ်းစားရင်း စွန်းကျုန်းတာ့ကို ထပ်မံမေးမြန်းလိုက်သည်။
စွန်းကျုန်းတာ့၏အဖြေကလည်း ဖန်းယွင်ရှန်းနှင့် အတူတူပင် ဖြစ်၏။
“ကြည့်ရတာ သိုင်းသူတော်စင်အဆင့်ရောက်မှ ဒီအသံကိုကြားရတာလား မသိဘူး”
ရန်ကျောက်ကဲ တိတ်တဆိတ်တွေးလိုက်သည်။
“တန်ခိုးစွမ်းအားမြင့်မားလေ ဒီအသံကိုကြားရလေ ဖြစ်နိုင်တယ်”
ဖန်းယွင်ရှန်းက နေရိပ်နတ်ဓားနှင့် အမြဲတမ်းအတူရှိနေသူဖြစ်သဖြင့် အားဟူနှင့် ရှောင်အိုက်တို့ကဲ့သို့မဟုတ်ဘဲ ထိုအသံကို ယောင်ဝါးဝါးကြားလိုက်ရခြင်း ဖြစ်နိုင်သည်။
ရန်ကျောက်ကဲ ထိုတောင်အနားသို့သွားရောက်ရန် ထပ်မံကြိုးစားသော်လည်း မအောင်မြင်ပြန်ပေ။
သူက ကျဲရှင်ကမ္ဘာသို့ပြန်သွားပြီး လူနေထူထပ်သည့်နေရာများတွင် ထိုတောင်အကြောင်းကို စုံစမ်းကြည့်လေသည်။
သူမျှော်လင့်ထားသည်နှင့်မကိုက်ညီစွာ ထိုနေရာက ဤကမ္ဘာတွင် ထင်ရှားကျော်ကြားသည့် သန့်ရှင်းသောနယ်မြေတစ်ခု ဖြစ်၏။
ထိုတောင်၏အမည်ကိုကြားလိုက်ရသည့်အခါ ရန်ကျောက်ကဲမှာ အံ့သြလွန်းသဖြင့် ခဏမျှ စကားမပြောနိုင် ဖြစ်သွားရသည်။
“သူတော်စင်ဗုဒ္ဓတောင်ထွတ်က ကောင်းချီးပေးခံရတဲ့နေရာတစ်ခုပဲ ၊ အရမ်းအံ့သြစရာကောင်းတယ် ၊ ကျုပ်တို့လိုသာမန်လူတွေက အဲဒီကိုမသွားနိုင်ဘူး ၊ ဘုရားကို အရမ်းကြည်ညိုတဲ့သူပဲ အဲဒီနေရာကိုသွားနိုင်တယ် ၊ ပြီးတော့ အဲဒီနေရာက ဗုဒ္ဓကျင့်ကြံနေတဲ့နေရာပဲ ၊ ဒုက္ခတွေမရှိဘူး ၊ အမျက်ဒေါသမရှိဘူး ၊ ကပ်ဘေးတွေမရှိဘူး ၊ အရမ်းအေးချမ်းတယ်”
ထိုစကားကိုကြားတော့ ရန်ကျောက်ကဲစိတ်ထဲ အတွေးများသွားတော့သည်။
“သူတော်စင်ဗုဒ္ဓတောင်ထွတ်... သူတော်စင်ဗုဒ္ဓဆိုတာက....”
“တိုက်တိုင်းအောင်ဗုဒ္ဓ... ဟုတ်တယ် ၊ သူတော်စင်ဗုဒ္ဓတောင်ဆိုတာ အရင်က နယ်ခြားတောင်လို့လည်းခေါ်တယ် ၊ နယ်ခြားတောင်လို့မခေါ်ခင်က ဒြပ်စင်ငါးပါးတောင်တောင်လို့လည်းခေါ်တယ်”
ရန်ကျောက်ကဲသည် ထိုဆူဆူညံညံ ပြောဆိုသံများကို ဆက်လက်နားထောင်ရန် စိတ်မ၀င်စားတော့ပေ။
သူက မှင်တက်သောအမူအရာဖြင့် ဤကမ္ဘာတွင်မရှိဟုထင်ရသော ထိုတောင်ကြီးတည်ရှိရာ မိုးကုတ်စက်ဝိုင်းတစ်နေရာသို့ လှမ်းမျှော်ကြည့်ရင်း လုံးဝအဓိပ္ပါယ်မရှိ ရယ်စရာကောင်းသောအဖြစ်အပျက်တစ်ခုပမာ ခံစားလိုက်ရသည်။
“ဒြပ်စင်ငါးပါးတောင်... နယ်ခြားတောင် ၊ တိုက်တိုင်းအောင်ဗုဒ္ဓ... ဒါက...”
ရန်ကျောက်ကဲ မျက်နှာအမူအရာ ထူးဆန်းသွားသည်။
“ဒီကမ္ဘာမှာ ‘အနောက်သို့ခရီးသွားမှတ်တမ်း’ က ဒဏ္ဍာရီရှိတယ်ဆိုတာ ငါလည်းသိပါတယ် ၊ ဒါပေမဲ့ မျောက်မင်းက ဒြပ်စင်ငါးပါးတောင်အောက်မှာဖိနှိပ်ခံထားရာက ထွက်လာပြီးတဲ့နောက် အနောက်ဘက်မှာ ကျမ်းစာသွားပင့်တယ် ၊ အဲဒီနောက်မှာတော့ အကျိုးကျေးဇူးတွေခံစားရပြီး တိုက်တိုင်းအောင်ဗုဒ္ဓဖြစ်လာခဲ့တယ် ၊ ဟုတ်တယ်မလား”
“ကြည့်ရတာ... အဲဒီနေရာမှာ ဗလာနယ်ကပဲပုံပျက်နေတာမဟုတ်ဘူး ၊ အချိန်ကလည်းပုံပျက်နေတယ်ထင်တယ် ၊ ငါတို့တွေ ရှေးခေတ်အချိန်တစ်ခုကို ပြန်ရောက်သွားတာများလား”
ထိုခဏတွင် ရန်ကျောက်ကဲမှာ စဉ်းစားရလွန်းသဖြင့် ဦးနှောက်များပင်အရည်ပျော်တော့မတတ် ခံစားရသည်။
“နေဦး... အဲဒီအသံက ဘယ်သူ့အသံမှန်းမသေချာဘူး ၊ မျောက်မင်းတောင်အောက်ကလွတ်သွားပြီးတဲ့နောက် တခြားတစ်ယောက်က အဲဒီနေရာကိုသိမ်းပိုက်လိုက်တာလား”
“ဒါပေမဲ့ ကျဲရှင်ကမ္ဘာကလူတွေက အဲဒီတောင်ကို သူတော်စင်ဗုဒ္ဓတောင်လို့ခေါ်ကြတော့... မျောက်မင်းမဟုတ်ရင် ဘယ်သူက အဲဒီနေရာမှာရှိနိုင်ဦးမှာလဲ”