တောင်အောက်မှာပိတ်မိနေတာဘယ်သူလဲ
Vol. 59 Ch. 833
အခန်း (၈၃၃) တောင်အောက်မှာပိတ်မိနေတာဘယ်သူလဲ
ဤကမ္ဘာတွင် ‘အနောက်သို့ခရီးသွားမှတ်တမ်း’ ကတော့ ဂန္ထဝင်ဇာတ်လမ်းတစ်ခုအဖြစ် တည်ရှိသည်။
အချက်အလက်များက အကန့်အသတ်ရှိပြီး အချိန်များစွာလည်း ကြာလွန်ခဲ့ပြီဖြစ်သဖြင့် ရန်ကျောက်ကဲသည်လည်း အသေးစိတ်အချက်အလက်များကို သိပ်ပြီး မရှင်းလင်းခဲ့ပေ။
သို့သော် ဤကမ္ဘာမှ ဇာတ်လမ်းများနှင့် ဒဏ္ဍာရီများက အကြောင်းအရာအတော်များများတွင် ကွဲလွဲမှုရှိနေသည်။
ဥပမာဆိုရသော်...
အရင်တုန်းက ရန်ကျောက်ကဲဖတ်ရှုခဲ့ဖူးသည့် ‘အနောက်သို့ခရီးသွားမှတ်တမ်း’ ဝတ္ထုထဲတွင် တာအိုဘိုးဘေးကြီးများဖြစ်သော စန်းချင်း (၃)ပါးအကြောင်း ထည့်သွင်းရေးသားထားသည်။
ထိုက်စန့်လောင်ကျွင်းဟုလူသိများသည့် တောက်တယ်ထျန်းကျွင်းအကြောင်းပါဝင်သလို စန့်ချင် လင်ပေါင်ထျန်းကျွင်းနှင့် ယွိချင် ယွမ်စီထျန်းကျွင်းတို့ကိုလည်း ဖော်ပြထားသည်။
လင်ပေါင်ထျန်းကျွင်းနှင့် ယွမ်စီထျန်းကျွင်းတို့က ထွက်ပေါ်လာခြင်းမရှိသော်လည်း အကျဉ်းချုံးအားဖြင့် ထည့်သွင်းဖော်ပြထားသေးသည်။
ဥပမာဆိုရသော် တထာဂတဿဗုဒ္ဓက မျောက်မင်းကိုနှိမ်နင်းစဉ်က ကျောက်စိမ်းဧကရာဇ်မိုးနတ်မင်းက ကောင်းကင်ဘုံငြိမ်းချမ်းရေးအတွက် စားသောက်ပွဲကြီးကျင်းပခဲ့သည်။ ထိုစားသောက်ပွဲသို့ တာအိုဝါဒတည်ထောင်သူများဖြစ်သော စန်းချင်း (၃)ပါးလုံး တက်ရောက်ခဲ့ကြသည်။
ထိုဝတ္ထုထဲတွင် စန်းချင်း(၃)ပါး၏ အရေးပါမှုအခန်းကဏ္ဍကို သီးခြားဖော်ပြထားခြင်းတော့မရှိပေ။
သေချာသည်က နောက်ပိုင်းမျိုးဆက်များ အဓိပ္ပါယ်ဖွင့်ဆိုသည့်အခါ ကိုယ်ပိုင်နားလည်မှုများနှင့် အယူအဆများကို ပြောဆိုရန်မှာ မဖြစ်နိုင်ပေ။
သို့သော် ဤကမ္ဘာမှ ‘အနောက်သို့ခရီးသွားမှတ်တမ်း’ တွင်တော့ ထိုက်စန့်လောင်ကျွင်းတစ်ယောက်ကိုသာ ဖော်ပြထားပြီး ယွမ်စီထျန်းကျွင်းနှင့် လင်ပေါင်ထျန်းကျွင်းတို့ကို တစ်လုံးတစ်ပါဒပင် ဖော်ပြထားခြင်း မရှိပေ။
အချိန်ကာလကြာမြင့်သဖြင့် သမိုင်းပျောက်ဆုံးသွားသည်လား ၊ သို့မဟုတ် အခြားသောအကြောင်းတစ်ခုခုကြေင့် ပြောင်းလဲသွားခြင်းလား မသိရသေးပေ။
အတိုချုပ်ပြောရလျှင် ဤကမ္ဘာမှ ‘အနောက်သို့ခရီးသွားမှတ်တမ်း’ ဒဏ္ဍာရီထဲတွင် တာအိုအဓိပတိကြီးများဖြစ်သည့် ယွမ်စီထျန်းကျွင်းနှင့် လင်ပေါင်ထျန်းကျွင်းတို့မှာ ဘယ်တုန်းကမှ မတည်ရှိခဲ့သလို ဖြစ်နေသည်။
တာအိုဝါဒတည်ထောင်သူ စန်းချင်း (၃)ပါးက အတူတကွ လောကကိုကျော်လွန်သွားကြသည်ကို လူတိုင်းသိရှိကြသည်။ ထို့ကြောင့် ထိုကိစ္စနှင့်ပတ်သက်ပြီး ရန်ကျောက်ကဲစိတ်ထဲ အတော်လေး ပဟေဠိ ဖြစ်နေသည်။
ဤကမ္ဘာ၏ သမိုင်းနှင့် အချိန်ကာလကို နားလည်နိုင်စွမ်း အကန့်အသတ်ရှိနေသောကြောင့် သမိုင်းကြေင်းဖြစ်ရပ်များကို စီစစ်အကဲဖြတ်ရန် ခက်ခဲသည်။
ဤပြဿနာက အရေးမကြီးဟုထင်ရသော်လည်း ‘ဦးခေါင်းအထက် (၃)ပေအကွာတွင် နတ်ဘုရားများတည်ရှိနေသည်’ ဆိုသော ကမ္ဘာမျိုးတွင် အသေးအဖွဲကိစ္စလေးများသည်ပင် အဓိကပြဿနာများကို ဦးတည်သွားနိုင်သော အမှားအယွင်းများ ဖြစ်သွားနိုင်သည်။
“စန်းချင်းဘိုးဘေးတွေရဲ့ ကျင့်ကြံခြင်းအဆင့်က ခန့်မှန်းရခက်ခဲတယ် ၊ ဒါပေမဲ့ သူတို့ (၃)ယောက်က လောကကိုကျော်လွန်သွားပြီဆိုတော့ နောက်ပိုင်းမျိုးဆက်တွေကိုတော့ သိပ်ပြီးအခက်တွေ့အောင် မလုပ်လောက်ပါဘူး”
ရန်ကျောက်ကဲ အူကြောင်ကြောင်ဖြင့်ပြုံးလိုက်ပြီး တိတ်ဆိတ်ငြိမ်သက်နေသည့် တောင်မြင့်ကြီးဆီသို့ လှမ်းကြည့်ရင်း တစ်စုံတစ်ခုကို စဉ်းစားနေသည်။
ဤကမ္ဘာမှ ‘အနောက်သို့ခရီးသွားမှတ်တမ်း’ က ရန်ကျောက်ကဲစိတ်ထဲမှတ်သားထားသည့် ဝတ္ထုထဲမှဇာတ်လမ်းနှင့် ကွဲပြားနေသော်လည်း အကြောင်းအရာအများစုကတော့ တူညီကြသည်။
ကောင်းကင်ဘုံကိုတိုက်ခိုက်ခဲ့သူမှာ စကြာဝဠာတန်ခိုးရှင်’စွန်းဝူခုံး’ ဖြစ်သည်။
အဆုံးသတ်မှာတော့ သူက စကြာမုနိတထာဂတဿဗုဒ္ဓ၏လက်ချောင်း(၅)ချောင်းမှ ပြောင်းလဲသွားသည့် ဒြပ်စင်ငါးပါးတောင်ထွတ်တွင် ဖိနှိပ်ခံလိုက်ရသည်။
ထို့နောက်မှာတော့ စန်းကျန့်ဆရာတော်က ဝူခုံးကို တောင်အောက်မှကယ်တင်ခဲ့ပြီး တပည့်အဖြစ်လက်ခံကာ အနောက်သို့ ကျမ်းစာပင့်ခရီးနှင်ခဲ့ကြသည်။
ဇာတ်လမ်းအဆုံးတွင် ဆရာတော်’ထန်စန်းကျန့်’ က စန္ဒကူးဗုဒ္ဓဖြစ်လာခဲ့ပြီး စွန်းဝူခုံးကတော့ တိုက်တိုင်းအောင်ဗုဒ္ဓ ဖြစ်လာခဲ့သည်။
အသေးစိတ်အချက်အလက်များမည်မျှကွဲပြားစေကာမူ အဓိကဦးတည်ချက်ကတော့ အတူတူပင် ဖြစ်၏။
အခြားစကားဖြင့်ဆိုရလျှင် တစ်ချိန်က ဒြပ်စင်ငါးပါးတောင် သို့မဟုတ် နယ်ခြားတောင်ဟုခေါ်ဆိုခဲ့သော ဤတောင်ကြီးကို ယခု ကျဲရှင်ကမ္ဘာက ‘သူတော်စင်ဗုဒ္ဓတောင်’ ဟု ခေါ်ဆိုကြသည်။
စကြာဝဠာအရှင်ကြီး’စွန်းဝူခုန်း’ က ဗုဒ္ဓဖြစ်လာပြီးနောက်ပိုင်း ဤနေရာတွင် လာရောက်နေထိုင်သည်လည်း ဖြစ်နိုင်သည်။ သို့မဟုတ် ဤနေရာတွင် အပူဇော်ခံနေခြင်းလည်းဖြစ်နိုင်သည်။
ထို့ကြောင့် တောင်၏နာမည်လည်းပြောင်းလဲသွားရသည်ဟု ယူဆနိုင်ဖွယ်ပင်။
သို့သော် ထိုအသံပိုင်ရှင်သည် ဤနေရာတွင် အကျဉ်းချခံရသကဲ့သို့ ထိန်းမနိုင်သိမ်းမရ စိတ်ဓာတ်ကျမှုနှင့် နာကြည်းမှုများကို ပြသနေသည်။
ဤအချက်က ရန်ကျောက်ကဲကို အတော်လေး သံသယ ဖြစ်စေ၏။
“ဒီမျောက်မင်းက ဗုဒ္ဓဖြစ်လာတာတောင်မှ ဒေါသကြီးနေသေးတာလား မသိဘူး”
ရန်ကျောက်ကဲ စိတ်ထဲက တွေးလိုက်သည်။
“ဒါမှမဟုတ် သူ့တပည့်တစ်ယောက်ယောက်ကို တောင်ထဲမှာအကျဉ်းချထားတာများလား”
ထိုသို့လျှောက်တွေးနေသော်လည်း ရန်ကျောက်ကဲ၏ပင်ကိုယ်သိစိတ်တွင် ယောင်ဝါးဝါးခံစားနေရသည်မှာ ထိုအသံပိုင်ရှင်မှာ ဒဏ္ဍာရီထဲမှာမျောက်မင်း၏အသံဖြစ်သည်ဆိုသောအချက်ပင်။
သို့ပေသိ တကယ်သာ မျောက်မင်းဝူခုန်းဖြစ်နေမည်ဆိုလျှင် ‘အနောက်သို့ခရီးသွားမှတ်တမ်း’ ဆိုသည်က မဟာကပ်ဘေးကြီးမတိုင်ခင် အလွန်ဝေးကွာခဲ့သောအတိတ်မှာ ဖြစ်ရပ်တစ်ခု ဖြစ်၏။
ယခု အဘယ့်ကြောင့် ဒြပ်စင်ငါးပါးတောင်တွင် ပိတ်မိနေရပါသနည်း။
မျောက်မင်းက အနောက်ဘက်သို့ ကျမ်းစာပင့်ဆောင်ရန်ထွက်ခွာသွားပြီး တိုက်တိုင်းအောင်ဗုဒ္ဓဖြစ်လာခဲ့သည်မှာ ကြာပေပြီ။
ထို့ကြောင့်ပင် ကျဲရှင်ကမ္ဘာမှလူများက ဤနေရာကို ‘သူတော်စင်ဗုဒ္ဓတောင်ထွတ်’ ဟု ခေါ်ဆိုခဲ့ကြသည် မဟုတ်ပါလား။
ဆိုတော့ မျောက်မင်းက “တိုက်တိုင်းအောင်ဗုဒ္ဓ” ဟု အမည်ရခဲ့ပြီးမှာ ဤနေရာတွင် တိတ်တဆိတ် ပြန်လည်ပိတ်လှောင်ခံခဲ့ရပြီး ထိုလျှို့ဝှက်ချက်ကို လူအနည်းငယ်သာ သိရှိခဲ့လေသလား။
သို့မဟုတ် အရှေ့တွင်ရှိနေသည့်တောင်မြင့်ကြီးက လက်ရှိကာလနှင့် အချိန်အပိုင်းအခြား တူညီခြင်း မရှိဘူးလား။
ဤတောင်မြင့်ကြီးတည်ရှိရာ အချိန်ကာလက ယခုအချိန်ကာလမဟုတ်ဘဲ မျောက်မင်းကို ဒြပ်စင်ငါးပါးတောင်အောက်တွင် ဖိနှိပ်ခဲ့ပြီး ထန်စန်းကျန့်ကိုယ်တော်မှ မကယ်တင်ရသေးသောအချိန် ဖြစ်လေသလား။
သူ့ရှေ့မှမြင်ကွင်းက အတိတ်တစ်ချိန်က ‘သူတော်စင်ဗုဒ္ဓတောင်ထွတ်’ ဖြစ်နေပြီး ကျဲရှင်ကမ္ဘာနှင့် အထက်ဘုံကမ္ဘာတို့က မဟာကပ်ဘေးကြီးပြီးဆုံးသည့်နောက်ပိုင်း အချိန်ကာလတစ်ခုတွင် တည်ရှိနေခြင်းလား။
ရန်ကျောက်ကဲစိတ်ထဲ သံသယများစွာ မြင့်တက်လာသည်။
ဤအယူအဆများအားလုံးက သက်သေပြရန် ခက်ခဲနေဆဲ ဖြစ်သည်။
ရန်ကျောက်ကဲ တောင်မြင့်ကြီးဆီသို့နောက်တစ်ကြိမ် ပျံသန်းသွားလိုက်သည်။
ကျဲရှင်ကမ္ဘာနှင့် တောင်မြင့်ကြီးတည်ရှိရာကမ္ဘာက နှစ်ခုထပ်နေပြီး မပေါင်းစည်းနိုင်သောကွာဟချက်ရှိနေသည်။ ရန်ကျောက်ကဲကတော့ ထိုကွာဟချက်ကိုဖြတ်ကျော်ပြီး ဒဏ္ဍာရီလာ ‘ဒြပ်စင်ငါးပါးတောင်’ ကိုတက်ရန် ကြိုးစားနေ၏။
သို့ပေသိ ကံမကောင်းစွာပင် သူ့ရည်ရွယ်ချက် မအောင်မြင်ခဲ့ပြန်ပေ။
တောင်ပေါ်သို့တက်ရန် မည်သို့ပင်ကြိုးစားပါစေ တောင်နှင့် သူ၏ကြားမှအကွာအဝေးက လျော့နည်းသွားခြင်း မရှိခဲ့ပေ။ နီးလျက်နှင့် ဝေးနေသည့်အလား ဖြစ်သည်။
သို့ပေသိ ဤသို့ကြိုးစားသည်က အချည်းနှီးတော့မဖြစ်ခဲ့ဘဲ ရန်ကျောက်ကဲအနေဖြင့် ပတ်ဝန်းကျင်ကို ကောင်းစွာနားလည်လာခဲ့သည်။
“ဒါက ဗလာနယ်ထဲမှာဖြစ်ပေါ်နေတဲ့ ရိုးရှင်းတဲ့ပြောင်းလဲမှုတစ်ခုတော့ မဟုတ်ဘူး ၊ တစ်ယောက်ယောက်က ဒီနေရာမှာ အရံအတားတစ်ခု ပြုလုပ်ထားတာ ဖြစ်ရမယ်”
“ငါက ဗလာနယ်ကောင်းကင်ကျမ်းစာ ဒါမှမဟုတ် နတ်ဘုရားထောင်ချောက်ဓားသိုင်း ကျင့်ကြံထားမယ်ဆိုရင်တောင် ဒီအရံအတားကို ဖြတ်ကျော်ဖို့ အသုံးမဝင်ဘူး ၊ ဘာလို့လဲဆိုတော့ ကျင့်ကြံခြင်းအဆင့် လိုအပ်နေသေးလို့ပဲ”
ရန်ကျောက်ကဲက မျက်လုံးများကို ကျဉ်းမြောင်းလိုက်ရင်း...
“ဒါက နည်းနည်းတော့ခက်တယ် ၊ ဒီ အရံအတားက တာအိုဝါဒကိုအခြေခံထားတာမဟုတ်ဘဲ ဗုဒ္ဓဘာသာလမ်းစဉ်ကို အခြေခံထားတာဆိုတော့ ငါနဲ့အတော်လေး မရင်းနှီးဘူးဖြစ်နေတယ်”
တကယ်တော့ အရင်က ကောင်းကင်ဘုံနန်းတော် စာကြည့်တိုက်တွင် ဗုဒ္ဓဘာသာနှင့်ပတ်သက်သည့် ဂန္ထဝင်ကျင့်စဉ်အချို့ ထားရှိသော်လည်း ထိပ်တန်းအဆင့် အကျော်ကြားဆုံးကျင့်စဉ်များ နည်းပါးခဲ့သည်။
ရန်ကျောက်ကဲက ထိုကျမ်းစာများကို မကျင့်ကြံခဲ့သော်လည်း အကြမ်းဖျင်းဖတ်ရှုဖူးသဖြင့် သူ့အရှေ့မှအရံအတား၏ အခြေခံအုတ်မြစ်ကို သိမြင်နိုင်စွမ်းရှိလေသည်။
“အချိနတိုအတွင်းတော့ တောင်ပေါ်ကိုတက်နိုင်မယ့်နည်းလမ်း ရှိမှာမဟုတ်ဘူး”
ရန်ကျောက်ကဲ တွေးရင်းသက်ပြင်းချလိုက်သည်။
“ဒါပေမဲ့... အဲဒီနေရာမှာဘာရှိမလဲဆိုတာကတော့ အတော်စိတ်ဝင်စားစရာကောင်းတယ်”
သူတွေးနေစဉ်မှာပင် စိတ်ထဲရုတ်တရက်လှုပ်ရှားသွားသဖြင့် အခြားတစ်ဖက်သို့လှမ်းကြည့်လိုက်သည်။
အလှမ်းဝေးသော မိုးကုတ်စက်ဝိုင်းတစ်နေရာတွင် လူရိပ်အချို့ပေါ်လာသည်ကိုတွေ့ရပြီး သူတို့က ဒြပ်စင်ငါးပါးတောင်ရှိရာသို့ ဦးတည်ပျံသန်းလာကြ၏။
ရန်ကျောက်ကဲ သေသေချာချာ အကဲခတ်လိုက်တော့ သူတို့အားလုံး၏ဦးခေါင်းထက်တွင် အစက်ကိုးစက်ရှိနေပြီး ဗုဒ္ဓဘာသာဂိုဏ်းဝင်ဝတ်ရုံများကို ဝတ်ဆင်ထားကြောင်း တွေ့လိုက်ရသည်။
သူတို့အားလုံးက ရွှေတောင်ဝှေးများ ၊ ပုတီးများ ၊ တစ်ဖက်သွားဓားနှင့် ကျိုင်းတံများ စသည့် ဗုဒ္ဓဘာသာအမှတ်သင်္ကေတ လက်နက်များကို ကိုင်ဆောင်ထားကြသည်။
သူတို့က ရန်ကျောက်ကဲကိုတွေ့တော့ ‘အော်မီတော်ဖော်’ ဟု ခပ်တိုးတိုးရေရွတ်လိုက်ကြပြီးမှ ဆက်လက်စကားဆိုသည်။
“ကျဲရှင်ကမ္ဘာကို ကျူးကျော်လာပြီး တားမြစ်နယ်မြေကိုတောင် ဝင်ရဲတဲ့သူရှိနေသေးတာပဲ...”
“တာအိုဝါဒကတပည့် ၊ မင်းရဲ့ မောက်မာတဲ့သဘောထားတွေကိုစွန့်ပစ်ပြီး ဟိုဘက်ကမ်းကိုအမြန်ပြန်စမ်း”
ဘုန်းတော်ကြီးများက တညီတညွဝ်တည်း ကြုံးဝါးသံများပြလိုက်ကြပြီး ကောင်းကင်ထက်တွင် ဗုဒ္ဓရောင်ခြည်အလင်းတန်းထွတ်းလင်းလာကာ တိမ်တိုက်ပင်လယ်တစ်ခုပမာ လွှမ်းခြုံသွားသည်။
ကျမ်းစာရွတ်ဆိုသံများက မိုးမြေတစ်ခွင်ပဲ့တင်ထပ်ထွက်ပေါ်လာပြီး တန်ခိုးစွမ်းအားလှိုင်းလုံးကြီးများက ရန်ကျောက်ကဲထဲ့သို့ အလိုအလျောက် ပြင်းထန်စွာ ဝင်ရောက်လာသည်။
သူတို့က ရန်ကျောက်ကဲကို အကျိုးအကြောင်းမေးမြန်းရန်ဆန္ဒမရှိဘဲ တိုက်ခိုက်လိုရန်သာ ရည်ရွယ်ပုံရသည်။
အဘယ့်ကြောင့် ထိုသို့ဖြစ်ရသည်ကို နားမလည်သော်လည်း ရန်ကျောက်ကဲ မျက်ခုံးတစ်ချက်ပင့်လိုက်သည်။
သူက တိုက်ခိုက်ရန် ဟန်ပြင်လိုက်စဉ်မှာပင် ရုတ်တရက် သူ့စိတ်များတုန်ခါသွားသဖြင့် လှည့်ကြည့်လိုက်လေရာ အခြားသောဦးတည်ရာမှ လူတစ်စုက ရန်ကျောက်ကဲတို့အနားသို့ ချဉ်းကပ်လာသည်ကို တွေ့လိုက်ရသည်။
သေသေချာချာကြည့်လိုက်တော့ သူတို့က ကောင်းချင်နှင့် စန့်ချင်အဆက်အနွယ်များဖြစ်နေသည်ပင်။
ကောင်းချင်တို့မှာလည်း ဘုန်းတော်ကြီးတစ်စုနှင့်တိုက်ခိုက်နေကြပြီး အားမတန်သဖြင့် ဖြည်းဖြည်းချင်း ဆုတ်ခွာနေကြရသည်။
ရန်ကျောက်ကဲနှင့် အခြားသောဘုန်းတော်ကြီးအုပ်စု တိုက်ခိုက်တော့မည့်အခြေအနေကို တွေ့လိုက်ရသည့်အခါ ကောင်းချင်တို့အုပ်စုမှာလည်း များစွာအံ့အားသင့်သွားကြလေသည်။