← Chapters

ရွှေရောင်ဗုဒ္ဓနဂါးကိုသုတ်သင်ပစ်သည့်ဓားသွားမိုးစက်များ

Vol. 59 Ch. 834

ရွှေရောင်ဗုဒ္ဓနဂါးကိုသုတ်သင်ပစ်သည့်ဓားသွားမိုးစက်များ

Vol. 59 Ch. 834

အခန်း (၈၃၄) ရွှေရောင်ဗုဒ္ဓနဂါးကိုသုတ်သင်ပစ်သည့်ဓားသွားမိုးစက်များ

ကောင်းချင်တို့အုပ်စုကိုတွေ့တော့ သူတို့သည်လည်း အပြာရောင်ခရီးရှည်ကောင်းကင်ဘုံသို့ပြန်ရန် နည်းလမ်းရှာဖွေနေကြခြင်းဖြစ်မည်ဟု ရန်ကျောက်ကဲ ခန့်မှန်းလိုက်မိသည်။

ဤကမ္ဘာမှ ဝိညာဉ်စွမ်းအားစီးဆင်းမှုပြဿနာတစ်ခုကိုရှာဖွေမိပြီး သူတို့သည်လည်း ဒြပ်စင်ငါးပါးတောင်ကို ရှာတွေ့သွားကြဟန်တူသည်။

သို့သော် သူတို့က ရန်ကျောက်ကဲထက်စောပြီး ဗုဒ္ဓဘာသာကျင့်ကြံသူများနှင့် ဆုံတွေ့ခဲ့ကြဟန် ရှိသည်။

ထို ဘုန်းတော်ကြီးအုပ်စု၏ခန္ဓာကိုယ်များတွင် ဗုဒ္ဓအလင်းရောင်များလွှမ်းခြုံထားပြီး ငြိမ်ချမ်းမြင့်မြန်ခြင်းရောင်ဝါ ထုတ်လွှတ်လျှက် ရှိသည်။

သူတို့ပုံစံက အလွန်တရာ ရက်စက်ကြမ်းကြုတ်ဟန် မရှိသော်လည်း သူတို့၏မျက်ဝန်းများကတော့ စိန်ပွင့်များပမာတောက်ပလျှက် ဆုံးဖြတ်ချက်ခိုင်မာဟန် ရှိသည်။

ရန်ကျာက်ကဲ သူတို့ကိုအကဲခတ်လိုက်တော့ ဤ ဗုဒ္ဓဘာသာကျင့်ကြံသူများက မဟာကပ်ဘေးကြီးမတိုင်ခင်ပုဂ္ဂိုလ်များနှင့် အလွန်ဆင်တူကြောင်း သဘောပေါက်လိုက်သည်။

ဗုဒ္ဓဘာသာကျင့်စဉ်နှင့် တာအိုကျင့်စဉ်အဆင့်သတ်မှတ်ချက်များက မတူညီကြပေ။

တထာဂတဿစကြာမုနိဗုဒ္ဓ လောကကိုမကျော်လွန်ခင်အချိန်က ဗုဒ္ဓဘာသာကျင့်စဉ်လမ်းကိုတည်ထောင်ခဲ့ပြီး တောက်တယ်ထျန်းကျွင်း လောကကိုမကျော်လွန်ခင်က တာအိုဝါဒကျင့်စဉ်လမ်းကို တည်ထောင်ခဲ့သည်။

သူတို့နှစ်ဦးက တစ်ယောက်နှင့်တစ်ယောက် ဆန့်ကျင်ဘက်ဟု ထင်မြင်ကြသော်လည်း အခြေခံအဆင့်မှာတော့ တူညီမှုရှိကြောင်း မျှဝေခဲ့ကြသည်ပင်။

ဤနှစ်များတစ်လျှောက် တာအိုကျင့်ကြံသူများနှင့် ဗုဒ္ဓဘာသာကျင့်ကြံသူများ ကျင့်ကြံခြင်းအဆင့်အလိုက်အကဲဖြတ်ကြည့်မည်ဆိုလျှင်...

ယခုကာလနှင့် ‘အနောက်သို့ခရီးသွားမှတ်တမ်း’ ဖြစ်ပွားခဲ့ရာအချိန်ကာလ စကြာမုနိဗုဒ္ဓအုပ်ချုပ်ခဲ့သော အလယ်ပိုင်းစကြာကမ္ဘာနှင့်နှိုင်းယှဉ်လျှင် များစွာကွာခြားသည်။

ပိုကောင်းသလား ပိုဆိုးသလားဆိုသည်ကိုတော့ အချိန်ကသာ အဆုံးအဖြတ် ပေးနိုင်ပေမည်။

ယခုအချိန်ကာလမှာတော့ ဗုဒ္ဓဘာသာကျင့်ကြံသူများ၏ ကျင့်ကြံခြင်းအခြေခံမှာ သူတို့၏ ခန္ဓာကိုယ်တွင်းမှာ ဗုဒ္ဓအလင်းရောင် ဖြစ်သည်။

ဤဗုဒ္ဓအလင်းရောင်က တာအိုဝါဒတပည့်များထက် ကျင့်ကြံရ ပိုမိုလွယ်ကူပြီး တန်ခိုးစွမ်းအားကို မြင့်မားတိုးတက်စေသည်။

သူတို့အတွက် ကျင့်ကြံရန်မှာ ဉာဏ်ပညာနှင့်ပါရမီ များများစားစား မလိုအပ်ပေ။ ဘုရားလောင်းအား ရိုသေကိုင်းရှိုင်းသောစိတ်နှလုံးနှင့် ခိုင်မာပြတ်သားသောယုံကြည်ချက်ရှိသရွေ့ ကျင့်ကြံခြင်းအဆင့်က အရှိန်အဟုန်ဖြင့် မြင့်တက်လာမည် ဖြစ်သည်။

ဤသို့သော ကျင့်ကြံခြင်းက လိုအပ်မှုနည်းပါးပြီး အကျိုးသက်ရောက်မှု မြင့်မားသည်။

သို့ပေသိ တူညီသောကျင့်ကြံခြင်းအဆင့်တွင် တာအိုကျင့်ကြံသူများထက် တန်ခိုးစွမ်းအား အားနည်းမည် ဖြစ်၏။

အဘယ်ကြောင့်ဆိုသော် သူတို့က ကျင့်ကြံသူတစ်ယောက် သိရှိသင့်သော မိုးမြေအခြေခံမူဝါဒများကို လေ့လာခြင်းတွင် ပြီးပြည့်စုံခြင်း မရှိသောကြောင့် ဖြစ်သည်။

တန်ခိုးစွမ်းအားကို မည်သို့ထုတ်ဖော်ရမည်ကိုသိရှိသော်လည်း အဘယ့်ကြောင့် တန်ခိုးစွမ်းအားဖြစ်ပေါ်ရသည်ကို မသိရှိပေ။

သို့သော် တူညီသောကျင့်ကြံခြင်းအဆင့်တွင် ဗုဒ္ဓဘာသာဂိုဏ်းဝင်ကျင့်ကြံသူများ၏ တန်ခိုးစွမ်းအားက တာအိုကျင့်ကြံသူများထက် အားနည်းသော်လည်း လျစ်လျူမရှုနိုင်သော ပြဿနာတစ်ခုရှိသည်။

ထိုပြဿနာမှာ ဗုဒ္ဓဘာသာကျင့်ကြံသူများက ကျင့်ကြံခြင်းအဆင့် ပိုမိုမြင့်မားရန်အတွက် လွယ်ကူနေခြင်း ဖြစ်၏။  ထို့ကြောင့် တူညီသောကျင့်ကြံခြင်းအဆင့်တွင် ဗုဒ္ဓဘာသာကျင့်ကြံသူများက အရေအတွက်များပြားကြမည် ဖြစ်သည်။

ဤသည်က လောလောဆယ်ရင်ဆိုင်နေရသည့်အခက်အခဲလည်း ဖြစ်သည်။

ကောင်းချင်နှင့် စန့်ချင်အဆက်အနွယ်မှ အခြားသောတပည့်များသည်လည်း ကျင့်ကြံခြင်းအဆင့်မြင့်မားပြီး တန်ခိုးစွမ်းအားများပြားကြသော်လည်း ၊ ယခုအချိန်တွင် သူတို့ထက် လူအင်အားများပြားသော ဗုဒ္ဓဘာသာကျင့်ကြံသူများ ဝိုင်းရံခြင်းကို ခံနေကြရသည်။

ထိုကျင့်ကြံသူများထဲတွင် တာအိုဝါဒ ၊ အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင်အဆင့်နှင့်ညီသော ကျင့်ကြံသူများ (၂)ဦးထက်မနည်း ရှိနေသည်။

ရန်ကျောက်ကဲသည်လည်း အလားတူပြဿနာကို ရင်ဆိုင်နေရသည်။

သို့သော် သူ၏မျက်နှာအမူအရာက တည်ငြိမ်နေပြီး သူက ကောင်းကင်ဝါးမျိုကမ္ဘာမြေဖျက်ဆီးဓားသေတ္တာကို ဆင့်ခေါ်လိုက်ပြီး အုပ်စုလိုက်ဝိုင်းဝန်းတိုက်ခိုက်ရာမှ ထွက်ပေါ်လာသော ကြီးမားသည့်စွမ်းအားများကို စုပ်ယူဝါးမျိုပစ်လိုက်သည်။

“ဆရာတော်တို့... ဘာတွေများကျင့်ကြံထားကြတာလဲ”

ရန်ကျောက်ကဲက ခပ်ပေါ့ပေါ့ပင် ရယ်မောရင်း ဆိုသည်။

“ဗောဓိသတ္တတွေတောင်အမျက်ဒေါသရှိတတ်ပေမယ့် ဆရာတော်တို့ကတော့ နည်းနည်းလွန်တယ် မဟုတ်ဘူးလား”

အုပ်စုကိုခေါင်းဆောင်လာသော ဘုန်းတော်ကြီးက...

“ဒကာလေး ၊ မင်းရဲ့စကားတွေက အဆင့်မမီဘူး ၊ မင်း ဒီကိုရောက်လာကတည်းက ဘာစကားမှပြောနေစရာမလိုတော့လောက်အောင် ကိစ္စတွေက ရှင်းနေပြီ ၊ ကျုပ်တို့ဘုန်းကြီးတွေက မင်းကိုအလင်းပြပြီး သံသယာတစ်ဖက်ကမ်းကိုဖြတ်ကူးနိုင်ဖို့ ကူညီပေးမယ်”

ရန်ကျောက်ကဲက ထိုဘုန်းကြီးပြောသည့်စကားများကို သိပ်ပြီးနားမလည်နိုင် ဖြစ်သွားသည်။

“ဟွန်း... ဆရာတော်တို့က ငါဘယ်သူလဲဆိုတာ သလို့လား”

ရွှေတောင်ဝှေးကိုင်ထားသော ဆရာတော်က ခေါင်းခါယမ်းရင်း...

“မသိပါဘူး ၊ ဒါပေမဲ့ မင်းက တစ်ဖက်ခြမ်းကလာတယ်ဆိုကတည်းက မင်းဘယ်သူလဲဆိုတာ သိစရာမလိုဘူး”

ရန်ကျောက်ကဲ မျက်မှောင်တစ်ချက်ကြုံ့သွားပြီးမှ ပြန်လည်ဖြေလျှော့လိုက်ရင်း...

“အဲဒီလိုလား... ကြည့်ရတာ နည်းနည်းတော့သဘောပေါက်လာသလိုပဲ”

ထို့နောက် သူက လက်နှစ်ဖက်နောက်ပစ်ပြီး နေရာမှာပင် မလှုပ်မယှက်မတ်တတ်ရပ်နေသည်။

ဘုန်းတော်ကြီးများထံမှ ဗုဒ္ဓရောင်ခြည်အလင်းတန်းက တောက်ပနေပြီး ပြင်းထန်သောထိုးစစ်ဖြင့်တိုက်ခိုက်နေသော်လည်း ကောင်းကင်ဝါးမျိုကမ္ဘာမြေဖျက်ဆီး ဓားသေတ္တာကိုဖြတ်ကျော်နိုင်ခြင်း မရှိပေ။

ဗုဒ္ဓဘာသာကျင့်ကြံသူများ၏ စစ်မှန်သောတန်ခိုးစွမ်းအားနှင့် ရောင်ဝါများအားလုံးသည် တွင်းနက်ကြီးတစ်ခုအတွင်း စုပ်ယူခံလိုက်ရသည့်အလား သဲလွန်စမရှိ ပျောက်ကွယ်သွားကြသည်။

“အယူမှားတဲ့သူက အတော်အစွမ်းထက်တာပဲ ၊ သူ့ကိုကယ်တင်ဖို့ မဟာယာနကျမ်းစာကိုအသုံးပြုရမယ်”

ဘုန်းတော်ကြီးများက တစ်ပြိုင်တည်းအော်ဟစ်လိုက်ကြသည်။

သူတို့အားလုံး တစ်တန်းတည်းမတ်တတ်ရပ်လိုက်ကြပြီး သူတို့ထံမှ ဗုဒ္ဓရောင်ခြည်အလင်းတန်းများက တစ်ခုတည်းသောအလင်းတန်းအဖြစ် လျှင်မြန်စွာပေါင်းစည်းသွားသည်။

ထို့နောက် ရွှေရောင်အကြေးခွံနှင့် ငွေရောင်ဦးမှင် ၊ ရှည်လျားသောနဂါးလက်သည်းများဖြင့် နဂါးအသွင်တစ်ခုဖြစ်တည်လာပြီး နဂါးဟိန်းသံက လေထုထဲတွင် ပဲ့တင်ထပ်ထွက်ပေါ်လာသည်။

ဤနဂါးကြီးက ‘မဟာယာနဗုဒ္ဓကျမ်းစာ’ ကြောင့် ဖြစ်တည်လာသော တန်ခိုးစွမ်းအား ဖြစ်၏။

ဘုန်း‌တော်ကြီးများ၏ တန်ခိုးစွမ်းအားစုစည်းမှုက မိုးမြေတစ်ခွင်ဖြန့်ကျက်သွားပြီး အားကြီးသောရွှေရောင်နဂါးကြီးက ရန်ကျောက်ကဲထံသို့ တန်းတန်းမတ်မတ် ခုန်ဝင်သွားသည်။

နဂါးကြီး၏ ရွှေရောင်အကြေးခွံများထက်တွင် ဗုဒ္ဓဘာသာကျမ်းဂန်များကို ရေးထွင်းထားကြောင်း တွေ့ရသည်။  နဂါးကြီးဖြတ်သန်းသွားသည်နှင့် ပတ်ဝန်းကျင်လေထုတစ်ခုလုံးတုန်လှုပ်သွားပြီး အဆမတန် ပေါက်ကွဲထွက်သွားသည်။

ဒါကိုမြင်တော့ ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...

“အရမ်းကောင်းတယ်...”

ရန်ကျောက်ကဲက ကောင်းကင်ဝါးမျိုကမ္ဘာမြေဖျက်ဆီးဓားသေတ္တာအား တစ်ချက်ပုတ်လိုက်လေရာ ရှည်လျားသောဓားသေတ္တာက ဝုန်းကနဲမြည်သံနှင့်အတူ ပွင့်ထွက်သွားပြီး မိုးစက်များပမာ အဖြူရောင်ဓားအလင်းတန်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

ဓားဝိညာဉ်က မိုးမြေတစ်ခွင် ပိုင်းခြားပစ်လိုက်သည့်အလား ဖြတ်သန်းထွက်ပေါ်လာသည်။

မရေမတွက်နိုင်အောင်ပြင်းထန်သော ဓားချီမိုးစက်များက ရွှေရောင်နဂါးကြီးကို အပိုင်းပိုင်းခုတ်ထစ်ပစ်လိုက်သည်။

ပတ်ဝန်းကျင်လေထုထဲတွင် ရွှေရောင်အလင်းတန်းများပေါက်ကွဲထွက်သွားပြီး နဂါးအကြေးခွံများပျံကျဲသွားသည်။

မဟာယာနဗုဒ္ဓကျမ်းစာရွတ်ဖတ်သံများ တဖြည်းဖြည်းတိုးလျသွားပြီး ဘုန်းတော်ကြီးများ၏ နာကျင်စွာအော်ဟစ်သံများ လေထုထဲ ပျံ့နှံ့ထွက်ပေါ်လာသည်။

သို့သော် ရန်ကျောက်ကဲက အလျင်စလိုတိုက်ခိုက်ခြင်းမရှိပေ။ သူက တစ်ဖက်လူ၏ကျင့်စဉ်စွမ်းအားများ မည်သို့ရှိသည်ကို သိမြင်ချင်သည်။

ဤသည်က သူ့အတွက် ဗုဒ္ဓဘာသာကျင့်ကြံသူများနှင့် ပထမဆုံးတိုက်ခိုက်ခြင်း ဖြစ်၏။

ယနေ့ တိုက်ပွဲပြီးဆံးလျှင် အထက်ဘုံကမ္ဘာသို့ပြန်ရမည်ဖြစ်ပြီး အချိန်ကြာမြင့်စွာ ဤသို့သောအခွင့်အရေးမျိုး ရရှိတော့မည် မဟုတ်ပေ။

ရွှေရောင်နဂါးကြီးက အလွန်တရာစွမ်းအားကြီးမားလှပြီး ပြိုပျက်ကျလုနီးပါးဖြစ်နေသည့်တိုင် ပျောက်ကွယ်သွားခြင်း မရှိသေးပေ။

ရန်ကျောက်ကဲက မေးစေ့ကိုပွတ်သပ်ရင်း...

“ခံစစ်စွမ်းအားအတော်ကောင်းတာပဲ ၊ ဒါကို ဗုဒ္ဓဘာသာကျင့်စဉ်ထဲက ရွှေခန္ဓာတစ်မျိုးလို့ မှတ်ယူလို့ရတယ်”

ရွှေရောင်နဂါးကြီး ခံစစ်စွမ်းအားက အားကောင်းလွန်းသော်လည်း ကောင်းကင်ဝါးမျိုကမ္ဘာမြေဖျက်ဆီးဓားသေတ္တာ၏ တန်ခိုးစွမ်းအားက အဆုံးမရှိဖြစ်လေရာ အတော်လေး တောင့်ခံထားရဟန် ရှိသည်။

သို့သော် ထို့နောက်ခဏမှာတော့ ရှညလျားနက်မှောင်သည့်ဓားသေတ္တာက ဝုန်းခနဲပြန်ပိတ်သွားသည်။ စောစောက ဓားဝိညာဉ်မိုးစက်များသည်လည်း ရုတ်ချည်းပင် ပျောက်ကွယ်သွားသည်။

သို့ရာတွင် တစ်ချက်လေးပင်မဆိုင်းတွဘဲ ကြောက်မက်ဖွယ်ရာစုပ်ယူမှုစွမ်းအားများထွက်ပေါ်လာကာ မိုးမြေတစ်ခွင် နေနှင့်လ ၊ ကြယ်စင်များကိုပါ မျိုချပစ်တော့မည့်အလား ဖြစ်၏။

ရုန်းကန်နေရသော ရွှေရောင်နဂါးကြီးမှာ ကောင်းကင်ဝါးမျိုကမ္ဘာမြေဖျက်ဆီးဓားသေတ္တာအတွင်းသို့ စုပ်ယူဝါးမျိုခံလိုက်ရပြီး ပျောက်ကွယ်သွားလေတော့သည်။

“လူစုခွဲ...”

ဘုန်းတော်ကြီးအုပ်စုကိုဦးဆောင်သူက အော်ဟစ်လိုက်သည်။

အရေးကြီးသောအခိုက်အတန့်တွင် ရွှေနဂါးကြီး ရုတ်တရက် ကွယ်ပျောက်သွားပြီး ဘုန်းတော်ကြီးများမှာလည်း ကောင်းကင်ဝါးမျို ကမ္ဘာမြေဖျက်ဆီးဓားသေတ္တာ၏ စုပ်ယူစွမ်းအားကို ပြင်းပြင်းထန်ထန် တွန်းလှန်ကြရသဖြင့် သွေးများအန်ချလျှက် နောက်သို့ဆုတ်ခွာသွားကြသည်။

ရန်ကျောက်ကဲက ရယ်မောရင်း...

“ကဲ... ဘာတိုက်ကွက်တွေရှိသေးလဲ”

ပြောပြီးသည်နှင့် သူ့မျက်ဝန်းများရုတ်တရက်တောက်ပသွားသည်။

လှမ်းကြည့်လိုက်တော့ ဗလာနယ်အက်ကွဲကြောင်းတစ်ခု ရုတ်တရက်ပွင့်ဟသွားပြီး အတွင်းမှ တောင်တန်းကြီးတစ်ခုနှင့်ဆင်တူသော ဧရာမပုံရိပ်ကြီးတစ်ခု ထွက်ပေါ်လာသည်ကို တွေ့လိုက်ရ၏။

ထိုဧရာမပုံရိပ်ကြီးက ဆင်ဖြူကြီးတစ်ကောင်ဖြစ်ပြီး ရန်ကျောက်ကဲက ထိုသတ္တဝါကြီးကို အနီးကပ်လေ့လာလိုက်သည်။

ဆင်ဖြူကြီး၏ခန္ဓာကိုယ်က ကျောက်စိမ်းသာပမာ ကြည်လင်တောက်ပနေပြီး ခြေထောက်အစုံကတော့ လေထုအလယ်တွင် လမ်းလျှောက်လာသည်။

ဆင်ဖြူကြီးက ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်သည်နှင့် မိုးကုတ်စက်ဝိုင်းမှ ရန်ကျောက်ကဲတို့အနားသို့ ချက်ချင်းရောက်ရှိလာသည်။

ဆင်ဖြူရှင်၏ ဦးခေါင်းပေါ်တွင် အသက်သုံးဆယ်ခန့်ရှိ ဘုန်းတော်ကြီးတစ်ပါး မတ်တတ်ရပ်လျှက် ရှိသည်။

သူက ရန်ကျောက်ကဲ ၊ ကောင်းချင်နှင့် အခြားသူများကို ငုံ့ကြည့်ရင်း တိုးလျစွာရေရွတ်လိုက်၏။

“အယူမှားတဲ့သူတွေ ဘာလို့ရောက်လာတာလဲ ၊ တာအိုဝါဒကလူတွေက အရံအတားကို အားနည်းသွားအောင်လုပ်လိုက်တာလား ၊ ဒါမှမဟုတ် အရံအတားကအားနည်းသွားလို့ တာအိုဝါဒကလူတွေ ဒီနေရာကို ရောက်လာတာလား”

သူ့မျက်ဝန်းများက ကောင်းချင်တို့အုပ်စုထံကျရောက်သွားပြီး...

“စန့်ချင်အဆက်အနွယ်တွေလား...”

ထို့နောက် သူက ရန်ကျောက်ကဲကိုလှည့်ကြည့်ရင်း...

“မင်းကရော စန့်ချင်အဆက်အနွယ်ပဲလား ၊ ဒါမှမဟုတ် အထက်ဘုံကမ္ဘာကလား”

ရန်ကျောက်ကဲက မည်သည့်စကားမှမဆိုဘဲ ဆင်ဖြူကြီးကိုသာ စိုက်ကြည့်နေသည်။

ဆင်ဖြူကြီးတွင် ဆင်စွယ် (၆)ချောင်းမရှိဘဲ (၂)ချောင်းသာလျှင်ရှိသည်ကိုတွေ့ရတော့ ရန်ကျောက်ကဲ မနေနိုင်ဘဲ ရယ်မောလိုက်ရင်း...

“အ‌တော်ထူးဆန်းတာပဲ ၊ ငါက ဖူရှန်ဗောဓိသတ္တရောက်လာတယ်ထင်နေတာ ၊ တကယ်တော့ မဟုတ်ဘူးပဲ”

All Chapters