အချစ်နှင့်စစ်
Vol. 65 Ch. 901
တောင်ထွဋ်တစ်ထောင်တောအုပ်၏ အကာအရံမှာလည်း အဆုံးစွန်ထိ ရောက်ရှိနေပြီ ဖြစ်သည်။
ကြမ်းတမ်းလှသော စွမ်းအင်လှိုင်းဂယက်များ၏ တိုးဝင်မှုကြောင့် အကာအရံမှာ ပြင်းထန်စွာ တုန်ခါနေရသည်။
အကာအရံအား ထိန်းသိမ်းနေရသော ဆရာဆရာမများသည်ပင် စတင်၍ ပင်ပန်းနွမ်းနယ်လာကြသည်။
တောင်ထွဋ်တစ်ထောင်တောအုပ်၏ ဗဟိုဒေသအား တာဝန်ယူထားရသော မြေကမ္ဘာအင်မော်တယ် ချန်းချင်မှာ ချွေးစေးများပင် ပျံနေရသည်။ ထိုကျောင်းသားကျောင်းသူ နှစ်ဦးမှာ ဆရာ့ဆရာကြီး အဆင့်များထက်ပင် ကျော်လွန်နေသောကြောင့် ၎င်းတို့၏ တိုက်ခိုက်ရေးစွမ်းရည်အား မည်သို့တွက်ချက်ရမည်ကိုပင် မသိတော့ပေ။
ကံကောင်းထောက်မစွာဖြင့် ဒုကျောင်းအုပ် ယွီဟွားသည် အကြမ်းဖျဉ်း တွက်ချက်မှုများ ပြုလုပ်ရန် ရောက်ရှိလာခဲ့သည်။ ထိုသို့မဟုတ်ပါက မြေကမ္ဘာအင်မော်တယ် ချန်းချင်အနေဖြင့် အမှန်တကယ် ဘာဆက်လုပ်ရမည်ကို မတွေးတတ်တော့ပေ။
(စုရှောင်လန် : တိုက်ခိုက်ရေးစွမ်းရည် သုည၊ ရမှတ် သုံးထောင့်ငါးရာ့ရှစ်ဆယ်)
(အန်လင်း : တိုက်ခိုက်ရေးစွမ်းရည် သုံးထောင့်တစ်ရာ၊ ရမှတ် ရှစ်သောင်းငါးထောင့်လေးရာ့တစ်ဆယ်)
မြေကမ္ဘာအင်မော်တယ် ချန်းချင်သည် အန်လင်း၏ ရမှတ်အားကြည့်ကာ တိတ်ဆိတ်သွားရသည်။
ယီးတဲ့မှ....... မိစ္ဆာဘုရင်လို့ ခေါ်တာတောင် နည်းနေသေးတယ်........ သူ့အမှတ်က ကျောင်းတော်ရဲ့ အရင်စံချိန်ထက် ဆယ်ဆလောက် များနေပြီလေ........ ချစ်စရာကောင်းတဲ့ ကျောင်းသားကျောင်းသူတွေ ဘယ်နယောက်လောက်တောင် ဒင်းသမခဲ့တာလဲ.........
စုရှောင်လန်နှင့် အန်လင်းတို့၏ တိုက်ပွဲမှာ တဖြည်းဖြည်း ပိုမိုပြင်းထန်လာပြီး အသေတိုက်ကွက်များပါ ထုတ်သုံးလာကြသည်။
"ဗာမီလီယမ်ငှက်........ နတ်ဘုရားသတ်ဖြတ်ခြင်းတိုက်ကွက်.........."
စုရှောင်လန်၏ နဂါးစာကလေးဓားထံမှ အကန့်အသတ်မဲ့သော အလင်းများ ဖြာထွက်လာကာ မြင့်မြတ်မီးတောက် ဓားပုံရိပ်တစ်ခု ဖြစ်လာပြီးနောက် ကောင်းကင်နှင့်မြေပြင်ကို ဖျက်စီးပစ်တော့မည့်အလား အန်လင်းထံ ဦးတည်ပျံဝဲလာသည်။
အန်လင်း၏ မိစ္ဆာရှင်းဓားမှာ လေထဲလွင့်နေပြီး ဝတ်ရုံနက်မှာလည်း အရာအားလုံးကို ဝါးမြိုပစ်နိုင်သော အနက်ရောင် ဝဲဂယက် ကိုးဆယ့်ကိုးခုအဖြစ် ပြောင်းလဲသွားသည်။
ဝုန်း........
မြင့်မြတ်မီးတောက် ဓားပုံရိပ်သည် ပတ်ဝန်းကျင်ရှိ တောင်ပေါင်းများစွာအား ဖျက်စီးပစ်လိုက်သည်။
အန်လင်း၏ ခုခံကာကွယ်ရေးများမှာ တစ်ခုပြီးတစ်ခု ပျက်စီးလာနေသည်။ မြင့်မြတ်မီးတောက်များ ငြိမ်းသွားတော့မည့် အချိန်မှာပင် နဂါးစာကလေးဓားထံမှ အစစ်အမှန် နဂါးနှင့် ဗာမီလီယမ်ငှက်တို့၏ အရှိန်အဝါများ ဖြာထွက်လာကာ ဓားပုံရိပ်၏ စွမ်းအင်အား မြှင့်တင်ပေးလိုက်သည်။
စုရှောင်လန်သည် အောင်နိုင်သူအပြုံးဖြင့် မေးငေါ့ကာ အန်လင်းအား ကြည့်ရှုလိုက်သည်။ သူမသည် နောက်ဆုံးသော ဝဲဂယက်အား ဖျက်စီးကာ အန်လင်း ရင်ဘတ်ကို ဓားဖြင့်ထိုးချလိုက်သည်။
သူမ၏ ဓားထိပ်ဖျားမှ အလင်းများ ထွက်ပေါ်လာလေသည်။
အန်လင်း၏ နှလုံးသားထဲတွင် အန္တရာယ် အငွေ့အသက်အား ရရှိလိုက်သည်။
သူသည် ချက်ချင်းပင် နောက်ဆုတ်လိုက်ပါသော်လည်း စုရှောင်လန်မှာ ထပ်ချပ်မကွာ လိုက်ပါလာသည်။
အန်လင်း ရင်နာသွားရသည်။
ကိုယ့်ကို နှစ်တစ်ရာလောက် ကုန်းကုန်းဖြစ်အောင် လုပ်နေမှန်း မင်းလေးသိရဲ့လား ရှောင်လန်ရေ..........
အန်လင်း အံကြိတ်ကာ မိစ္ဆာရှင်းဓားမှ အဖြူရောင် အလင်းများ ထွက်ပေါ်စေလိုက်သောကြောင့် ညဉ့်အချိန် ဖြစ်ပါသော်လည်း မိုးသောက်ယံလို တောက်ပသွားသည်။
အဆုံးမဲ့ည.......... အာရုဏ်ဦး.......
အာရုဏ်ဦးဓားသည် အမှောင်ထုအား ဖြိုခွင်းကာ ကောင်းကင်နှင့်မြေပြင်ကြားမှ တစ်ခုတည်းသော ရောင်စဉ် ဖြစ်လာသည်။
စုရှောင်လန်သည် အဖြူရောင် အလင်းများ၏ ဝါးမြိုခြင်း မခံရမီ အစစ်အမှန် နဂါးပုံရိပ်အားထုတ်ကာ သူမ၏ ခန္ဓာကိုယ်ကို ရစ်ပတ်ထားစေလိုက်သည်။ အဖြူရောင် ဓားပုံရိပ်သည် မြေပြင်အား လောင်ကျွမ်းသွားစေပြီးနောက် တောင်ထွဋ်တစ်ထောင်တောအုပ်၏ အကာအရံအား ဝင်တိုက်ပစ်လိုက်သည်။
အကာအရံအား ထိန်းသိမ်းနေသော ဆရာဆရာမများမှာ သွေးအန်နေရလေပြီ။
ယီးတဲ့မှ.......... သာမန်ကျောင်းသားတွေကိုပဲ ထိန်းချင်တယ်ဟေ့........... သောက်ကျိုးနည်း သောက်ကြမ်းကြီးတွေကို မဟုတ်ဘူးဟ.........
"ဒုကျောင်းအုပ်........ တောင်ထွဋ်တစ်ထောင်တောအုပ်မှာ ကျောင်းသားနည်းနည်းလေးပဲ ကျန်တော့တာဆိုတော့ အကာအရံကို ဖယ်ပစ်လိုက်ရမလား။"
ဆရာတစ်ဦး အကြံပေးလိုက်သည်။
ဒုကျောင်းအုပ် ယွီဟွားမှာ လက်နှစ်ဖက်အား ကျောဖက်တွင် ယှက်သန်းထားသည်။
"ခဏလောက် တောင့်ခံထားပါဦး။ မင်းတို့က စုစည်းညီညွတ်ကျင့်ကြံခြင်းကျောင်းတော်ရဲ့ ဆရာဆရာမတွေလေ။ ကျောင်းသားအချင်းချင်း တိုက်ခိုက်တာကိုတောင် ခံနိုင်ရည် မရှိဘူးလား။ စိတ်မပူပါနဲ့။ သူတို့လည်း အချိန်ကြာကြာ ဆက်တိုက်နိုင်တော့မှာ မဟုတ်ပါဘူး။"
ထိုစကားကြောင့် ဆရာဆရာမများ ရှက်ရွံ့ကာ အကာအရံအား အင်တိုက်အားတိုက် ဆက်လက်ထိန်းသိမ်းလိုက်ကြသည်။
ဒုကျောင်းအုပ် ယွီဟွားမှာ စိတ်ကျေနပ်ဟန်ဖြင့် ပြုံးလိုက်ပါသော်လည်း စိတ်ထဲမှ ကျိန်ဆဲနေလေသည်။
အကာအရံကို ဖယ်လိုက်မယ်ပေါ့လေ......... ယီးတဲ့မှ........ အကာအရံသာ မရှိရင် တောင်ထွဋ်တစ်ထောင်တောအုပ်လည်း အစိပ်စိပ်အမြွှာမြွှာ ဖြစ်သွားလောက်ပြီ............ အဲ့လိုသာဆို နောက်နှစ်တွေ ကန့်သတ်မဲ့ပြိုင်ပွဲကို ဘယ်လိုကျင်းပရတော့မှာလဲ..........
တိုက်ပွဲအတွင်း စုရှောင်လန်သည် အန်လင်း၏ ဓားချက်အား ခံလိုက်ရသောကြောင့် အင်္ကျီပေါ်တွင် သွေးကွက်ကြီးတစ်ခု ဖြစ်နေပါသော်လည်း မားမားမတ်မတ် ရပ်နေဆဲ ဖြစ်သည်။
အန်လင်းမှာ စုရှောင်လန်အားကြည့်ကာ နှလုံးသားများ နာကျင်လာသည်။
"ရှောင်လန်...... ကိုယ်........"
စုရှောင်လန်၏ အရှိန်အဝါများ မြင့်တက်လာပြန်သည်။
"ထပ်တိုက်ရအောင်။"
ထပ်ပြီးတော့လား...........
အန်လင်းမှာ ကိုယ့်ကိုယ်ကို အပြစ်တင်စိတ်များကြောင့် လက်များတုန်ယင်လာရသည်။
ငါဘာတွေလုပ်နေတာလဲ...........
ရှောင်လန်က ငါ့ကြောင့် ဒဏ်ရာရသွားတာလား.........
မဟုတ်ဘူး......... ရှောင်လန် ထပ်ပြီးနာကျင်အောင် မလုပ်နိုင်တော့ဘူး........... ငါနှစ်တစ်ရာလောက် ကုန်းကုန်းဖြစ်သွားတော့ရော ဘာအရေးလဲ..........
အန်လင်း၏ အမူအရာအားကြည့်ကာ စုရှောင်လန် အနည်းငယ် တွေဝေသွားသည်။
မည်သို့ပင်ဆိုစေကာမူ စုချန်းရန်သည် ထိုသည်ကို အခွင့်အရေးယူကာ အင်မော်တယ် ဒေါသမီးလျှံကြာပန်းအား အန်လင်းပေါ် ပစ်ချလိုက်သည်။
ဝုန်း.........
အင်မော်တယ် ဒေါသမီးလျှံကြာပန်းမှာ ပေါက်ကွဲသွားလေသည်။
အန်လင်းမှာ တိုက်ခိုက်မှုအား ရှောင်ပင်မရှောင်လိုက်ပေ။
မြေပြင်တွင် ချောက်ကြီးတစ်ခု ဖြစ်ပေါ်လာကာ သတ်သေတော့မလို ဖြစ်နေသော အမျိုးသားတစ်ဦးကိုလည်း တွေ့မြင်နိုင်သည်။
စုချန်းရန်သည် အန်လင်းအားကြည့်ကာ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
"အန်လင်းက ငါတိုက်လိုက်လို့ စိတ်ပိုင်းဆိုင်ရာ မူမမှန် ဖြစ်သွားတာလား။"
အန်လင်း မျက်ဆံလှန်လိုက်သည်။
ငါ့လောက် ဉာဏ်ရည်မြင့်တဲ့သူက ဗုံးကွဲရုံလောက်နဲ့ ရူးသွားစရာလား.......... ဟာသပဲ..........
စုရှောင်လန် နှုတ်ခမ်းအား ဖိကိုက်လိုက်သည်။
"အန်လင်း........ ဒီတစ်ခေါက်တော့ အရင်တစ်ခါလို မဟုတ်ပဲ လေးလေးနက်နက် တိုက်ခိုက်ပါ့မယ်လို့ ကတိပေးထားတာ မေ့နေတာလား။ နင်အရှုံးပေးလိုက်ရင် ငါပျော်မယ် ထင်လို့လား။"
အန်လင်းသည် ယခင်နှစ် ကန့်သတ်မဲ့ပြိုင်ပွဲ၌ စုရှောင်လန် ငိုကြွေးခဲ့သည်ကို ပြန်လည်မြင်ယောင်လာမိသည်။
ငါ့ကြောင့် ရှောင်လန် ဝမ်းနည်းသွားတော့မှာလား.........
သူသည် ရှောင်လန်အား မထိခိုက်စေချင်ပါသော်လည်း သူလက်လျှော့ကာ တစ်ဖက်သတ် အရှုံးပေးလိုက်မည်ကို ရှောင်လန် မမြင်ချင်လောက်ပေ။
အန်လင်း အသက်ပြင်းပြင်းရှူကာ မတ်တပ်ထရပ်လိုက်သည်။ သူ၏ အရှိန်အဝါနှင့် ဓားစိတ်ဆန္ဒများလည်း ပြန်လည်မြင့်တက်လာသည်။
"ရှောင်လန်.......... ကိုယ်ထိန်းမထားတော့ဘူး။"
အန်လင်းအားကြည့်ကာ စုရှောင်လန် ခပ်ဖွဖွ ပြုံးလိုက်သည်။
"နင်ထပ်ပြီး အလျှော့ပေးနေမယ်ဆိုရင် အဆောင်ပြန်ရောက်တဲ့ အခါကြရင် ချော်ရည်ပိန္နဲသီးပေါ် ဒူးထောက်ရမှာနော်။"
အန်လင်းမှာ ဒူးတုန်သွားကာ အကြည့်များ ပိုမိုလေးနက်လာသည်။
ကောင်းကင်ထက်တွင် ရွှေရောင်လျှပ်စီးများ ပေါက်ကွဲသွားလေသည်။
"ရှောင်လန်........ သတိထားနော်......"
အန်လင်း၏ ဓားပတ်ပတ်လည်တွင် ကြောက်မက်ဖွယ် ရွှေရောင်ဟာလာပြင်လျှပ်စီးများ ဝန်းရံနေပြီး လေထုသည်ပင် အက်ကွဲလာရသည်။
စုရှောင်လန်၏ အစစ်အမှန် နဂါးနှင့် ဗာမီလီယမ်ငှက်တို့မှာ တစ်ချိန်တည်း ပေါ်ထွက်လာကြသည်။ နဂါးကိုယ်ထည်သည် သူမ၏ ချပ်ဝတ်တန်ဆာအဖြစ် ပြောင်းလဲကာ ဗာမီလီယမ်ငှက်မှာ ဓားတစ်လက် ဖြစ်လာသည်။ သူမသည် ဗာမီလီယမ်ငှက် ပုံရိပ်အား စီးနင်းကာ ကောင်းကင်ထက်သို့ ထိုးတက်သွားပြီး ဝဲဖြာနေသော ကျောက်စိမ်းရောင်ဝတ်စုံကြောင့် မြင့်မြတ်လှပသော ကောင်းကင်နတ်မိမယ် တစ်ပါးအသွင်ကို ဆောင်ကျဉ်းနေလေသည်။
"နင်လည်း သတိထားတာ ကောင်းလိမ့်မယ်။"
၎င်းတို့နှစ်ဦးမှာ နောက်ဆုံးတိုက်ကွက်များအား တပြိုင်နက် ထုတ်သုံးလိုက်ကြသည်။
ကောင်းကင်နှင့်မြေပြင်ကြားတွင် မြင့်မြတ်မီးတောက်နှင့် ရွှေရောင်ဟာလာပြင်လျှပ်စီးများ ပေါက်ကွဲမှုကိုသာ မြင်တွေ့ရတော့သည်။
ဝုန်း...........
ပြင်းထန်လှသော ပေါက်ကွဲမှုကြောင့် ပတ်ဝန်းကျင်မှာ ပြင်းထန်စွာ တုန်ခါသွားရသည်။
တောင်ထွဋ်တစ်ထောင်တောအုပ်၏ အကာအရံကိုလည်း ကြမ်းတမ်းသော စွမ်းအင်လှိုင်းဂယက်များ တိုးဝင်လာသည်။
ခရက်..........
အပြာရောင် အကာအရံတွင် အက်ကြောင်းများ ဖြစ်ပေါ်လာပြီးနောက် အလုံးစုံ ပျက်စီးသွားတော့သည်။
ဒုန်း....... ဒုန်း........ ဒုန်း........
ဆရာဆရာမများ သွေးအန်နေလေပြီ။
ကြောက်မက်ဖွယ် ပေါက်ကွဲမှုအား အကာအရံမှ ခံနိုင်ရည် မရှိခဲ့ပေ။
ဒုကျောင်းအုပ် ယွီဟွားမှာ အလွန်အမင်း ထိတ်လန့်သွားရပြီး ချက်ချင်းဆိုသလို ပတ်ဝန်းကျင်အား ထိန်းထားလိုက်သည်။
ကျောက်စိမ်းဖြူကွင်းပြင်မှ ကျောင်းသားကျောင်းသူများလည်း စိတ်လှုပ်ရှားသွားကြသည်။
"နတ်ဘုရားအန်ကတော့ ကောင်းကင်ကို ယီးနဲ့ထိုးတော့မှာပဲ။ အရင်တစ်ခေါက်ကလည်း အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်ရဲ့ အကာအရံကို ဖျက်စီးပစ်လိုက်တယ်။ အခုလည်း တောင်ထွဋ်တစ်ထောင်တောအုပ်ရဲ့ အကာအရံကို မျက်စိကျနေပြန်ပြီ။"
"စုရှောင်လန်လည်း ပါပါတယ်နော် ဒီတစ်ခေါက်က...... ပြောရရင် သူတို့နှစ်ယောက်လုံးက အရမ်းကြမ်းလွန်းတယ်။ လွင့်ထွက်သွားတဲ့ ဆရာဆရာမတွေအတွက် စိတ်မကောင်းလိုက်တာ။"
"ဘယ်သူနိုင်သွားလဲ။"
"သရေတော့ မဟုတ်ဘူးမလား။"
ကျောင်းသားကျောင်းသူများမှာ စုစည်းညီညွတ်ကျင့်ကြံခြင်းကျောင်းတော်၏ သမိုင်းဝင်တိုက်ပွဲ ရလဒ်အတွက် သလင်းကျောက် မျက်နှာပြင်ကိုသာ မျက်တောင်မခတ်စတမ်း ကြည့်ရှုနေသည်။
မီးတောက်များနှင့် လျှပ်စီးများ ဖြည်းညင်းစွာ ပျောက်ကွယ်သွားလေသည်။
ပုံရိပ်တစ်ခုအား အားလုံး တွေ့မြင်လိုက်ကြရသည်။