အနိုင်ရသူ
Vol. 65 Ch. 902
အရာအားလုံး ရှင်းလင်းသွားပြီးနောက် ပုံရိပ်တစ်ခုအား တွေ့လိုက်ရသည်။
"ဘုရားရေ........ အဲ့ဒါ အန်လင်းပဲ။ သူမရှုံးသွားဘူးပဲ။"
စောင့်ကြည့်နေသော ကျောင်းသားကျောင်းသူများ တအံ့တသြ ရေရွတ်လိုက်ကြသည်။
နောက်ဆုံးတိုက်ပွဲ ပြီးဆုံးသွားပြီးနောက် လူတစ်ဦးသာ ကျန်ရစ်ခဲ့သည်။
မြင့်မြတ်မီးတောက်ကြောင့် အန်လင်း၏ အဝတ်အစားများ ဆုတ်ပြဲကာ လောင်ကျွမ်းနေသော မီးလောင်ဒဏ်ရာ အချို့နှင့်အတူ အချိုးအစား ကျနသော ခန္ဓာကိုယ်အား လှစ်ဟပြထားသလို ဖြစ်နေသည်။
ကြောက်မက်ဖွယ် တိုက်ခိုက်မှုအား ရင်ဆိုင်ခဲ့ရပါသော်လည်း ပြိုင်ဘက်ကင်း စစ်နတ်ဘုရား တစ်ပါးသဖွယ် ရှိနေဆဲပင်။
အန်လင်းသည် မြေပြင်ပေါ်တွင် ရွှေရောင်အလင်းများ ဖြာထွက်နေသော ကျောက်စိမ်းရောင်ဝတ်စုံနှင့် အမျိုးသမီးအား ကြည့်ရှုလိုက်သည်။
၎င်းတို့နှစ်ဦးလုံး အပြုံးချင်း ဖလှယ်လိုက်ကြလေသည်။
"ကောင်းကောင်းတိုက်ခဲ့ရပါတယ်။"
အန်လင်း အရိုအသေ ပေးလိုက်သည်။
စုရှောင်လန် တောက်ပစွာ ပြုံးပြလာသည်။
"ကန့်သတ်မဲ့ပြိုင်ပွဲရဲ့ မိစ္ဆာဘုရင်လို့ မပြောရဘူး။ နင်က တကယ်အထင်ကြီးစရာပဲ။"
ထို့နောက် သူမ၏ ခန္ဓာကိုယ်မှာ အလင်းအစက်အပြောက်များအဖြစ် ပြောင်းလဲပျောက်ကွယ်သွားသည်။
အန်လင်း စိတ်သက်သာရာရကာ သက်ပြင်းချလိုက်သည်။ မစ်ရှင်အား အောင်မြင်ခဲ့လေပြီ။
ထိုအချိန်တွင် အဖြူနှင့်အပြာ ကြာပန်းတစ်ပွင့်မှာ ကြောက်မက်ဖွယ် စွမ်းအင်များနှင့်အတူ သူ၏အရှေ့သို့ ရောက်ရှိလာသည်။
အန်လင်း : "........."
သူကောင်းကင်အားကြည့်ကာ အော်ဟစ်လိုက်သည်။
"စုချန်းရန်........ မင်းက အင်မော်တယ် ဒေါသမီးလျှံကြာပန်းတွေ ပစ်ချရတာကို စွဲလမ်းနေတာလား။"
ဝုန်း...........
စွမ်းအင်များ ပေါက်ကွဲကာ ကီလိုမီတာပေါင်းများစွာ ပြာကျသွားရသည်။
စုချန်းရန်မှာလည်း နဖူးချွေးပျံနေလေပြီ။ အင်မော်တယ် ဒေါသမီးလျှံကြာပန်းအား အချိန်တိုအတွင်း အကြိမ်ရေများစွာ အသုံးပြုခဲ့သောကြောင့် သက်ရှိစွမ်းအင်များ ကုန်ခမ်းနေပြီဖြစ်ကာ ယခုထက်ပို၍ တိုက်ခိုက်နိုင်တော့မည် မဟုတ်ပေ။
သူမသည် စိတ်မသက်မသာ ဖြစ်စွာဖြင့် အောက်သို့ငုံ့ကြည့်လိုက်မိသည်။
"အလုပ်ဖြစ်သွားလား။"
"မဖြစ်ဘူးဟေ့။"
ချောက်နက်ကြီးထဲမှ စကားသံတစ်ခု ကြားလိုက်ရသည်။
စုချန်းရန်မှာ မျက်နှာတစ်ခုလုံး ဖြူရော်သွားလေသည်။
သူမသည် မြူမှုန်များကြားမှ ဖြည်းညင်းစွာ ရုပ်လုံးပေါ်လာသော အန်လင်းအား တွေ့လိုက်ရသည်။ သူ၏လက်သီးမှာ ရွှေရောင်တောက်ပနေပြီး နဖူးထက်တွင် ကြာပန်းအမှတ်အသားတစ်ခု ရှိနေသည်။ အန်လင်းသည် အထွဋ်အထိပ် မြေကြာပန်းအတတ် စွမ်းအင်အား အဆုံးထိတိုင် မြှင့်တင်ထားလိုက်သည်။
"ပြီးသွားပြီ။"
အန်လင်း တည်ငြိမ်စွာ ရေရွတ်လိုက်သည်။
စုချန်းရန် ခပ်တိုးတိုး တုံ့ပြန်လာသည်။
"ကျေးဇူးပြုပြီး ညင်သာပေးပါ။"
အန်လင်း ခေါင်းညိတ်ပြလိုက်သည်။
"တောင်ခွင်းလက်သီး တစ်ရာရာခိုင်နှုန်း.........."
ဝုန်း........
နေမင်းအလား ရွှေရောင်အလင်းများ ပေါက်ကွဲကာ ညဉ့်ယံတစ်ခုလုံးကို အလင်းပေးလိုက်သည်။ ကြမ်းတမ်းလှသော စွမ်းအင်လှိုင်းဂယက်များကြောင့် ကောင်းကင်ပေါ်ရှိ တိမ်တိုက်များသည်ပင် ဖယ်ခွာကုန်ရသည်။
လှပသော အမျိုးသမီးလေးမှာ သွေးပွက်ပွက်အန်လျက် ကောင်းကင်ထက်မှ ပြုတ်ကျလာလေသည်။
ကျောက်စိမ်းဖြူကွင်းပြင်ရှိ ကျောင်းသားများမှာ ထိုသည်ကိုကြည့်ကာ ဒေါသထွက်ကုန်ကြသည်။
"လွန်လွန်းတယ်။ နတ်ဘုရားမလေး စုချန်းရန်အပေါ် ဘယ်လိုတောင် လုပ်ရက်နိုင်ရတာလဲ။"
"သူ့ရဲ့ တိုက်ခိုက်မှုက ရက်စက်လွန်းတယ်။ သူငယ်ချင်း သံယောဇဉ်ကိုတောင် မထောက်ထားဘူးလား။ နတ်ဘုရားအန်က တကယ်ကြီး မိစ္ဆာစိတ် ဝင်နေပြီလား။"
"ဒါက ရာဇဝတ်မှုပဲ။ သက်ဆိုင်ရာကို အကြောင်းကြားမှရမယ်။"
"ဟူး......... ငါတို့ ရှုံးသွားပြီပဲ။ တစ်ကျောင်းလုံး ပေါင်းတာတောင် မိစ္ဆာဘုရင် အန်လင်းကို မနိုင်ပါလား။"
"အေးကွ...... မင်းပြောမှပဲ တွေးမိတယ်။ အဲ့လိုပြောလို့လည်း ရသားပဲ။"
ကျောင်းသားကျောင်းသူများအားလုံး တအံ့တသြ ဖြစ်မိနေကြသည်။
ကျောက်စိမ်းဖြူကွင်းပြင်တွင် ရှိနေသော ကျောင်းသားကျောင်းသူ အများစုအား အန်လင်းမှ ထုတ်ပယ်ထားခြင်း ဖြစ်သည်။ ကျောင်းတော်၏ ထိပ်တန်းအဆင့် ပါရမီရှင်များသည်ပင် အန်လင်းအား မယှဉ်နိုင်ခဲ့ပေ။
"ဒါ....... ဒါက ရူးလောက်စရာပဲ။"
"နတ်ဘုရားအန်ကတော့ နတ်ဘုရားအန်ပါပဲလို့ ပြောရမလား။"
"ဘယ်သူမှ ဒီလိုမလုပ်နိုင်သေးဘူး။ စီနီယာကျောင်းသား အန်လင်းက ကျောင်းတော်ရဲ့ ဒဏ္ဍာရီလာ သူရဲကောင်းပဲ။ သက်ရှိထင်ရှား ရှိနေသေးတဲ့ သူရဲကောင်းပေါ့။"
အန်လင်း၏ မိုးကြိုးအား မြည်းစမ်းထားရသော ကျောင်းသားကျောင်းသူများမှာ ဒေါသပင် မထွက်နိုင်ကြတော့ပေ။ ၎င်းတို့သည် လေးစားအားကျသော မျက်ဝန်းများဖြင့် သလင်းကျောက် မျက်နှာပြင်အား ကြည့်ရှုနေကြသည်။
အန်လင်းသည် မိစ္ဆာဘုရင်အဖြစ် အမည်ပေးခြင်း ခံခဲ့ရပါသော်လည်း ပရိသတ်များစွာကို ဆွဲဆောင်နိုင်ခဲ့သည်။
အန်လင်းသည် ပင်ပန်းနွမ်းနယ်စွာဖြင့် ကောင်းကင်ထက်မှ ဆင်းသက်လာသည်။
သူသည် အံ့ဖွယ်အာရုံအား ဖြန့်ကျက်ကာ အဆက်မပြတ် တိုက်ခိုက်နေခဲ့ရသည်။ တစ်ချိန်တည်းမှာပင် ပြင်းထန်လှသော တိုက်ခိုက်မှုများအား ရှောင်ရှားနေခဲ့ရသောကြောင့် စွမ်းအင်များကို အလွန်အကျွံ သုံးစွဲခဲ့ရသည်။ တောင်ထွဋ်တစ်ထောင်တောအုပ် တစ်ခုလုံးကိုလည်း လှည့်လည်သွားလာခဲ့ပြီ ဖြစ်သောကြောင့် အစွမ်းကုန်သလောက်လည်း ဖြစ်နေလေပြီ။
"အခုက ပြန်ရတော့မယ့် အချိန်ပဲ။"
အန်လင်း ခပ်ဖွဖွပြုံးကာ ကောင်းကင်ထက်ရှိ ဆရာဆရာမများအား မော့ကြည့်လိုက်သည်။
သို့သော် အံ့အားသင့်စရာ ကောင်းစွာပင် မည်သည့်ဆရာကမှ သူ့အားဂုဏ်မပြုပေးနေပေ။
"အမ်........ ဘာတွေဖြစ်နေတာလဲ။"
အန်လင်း မျက်မှောင်ကျုံ့လိုက်သည်။
ထိုအချိန်တွင် ထက်ရှလှသော သွေးနီရောင် ဓားပုံရိပ်တစ်ခု အန်လင်းထံ ပျံဝဲလာသည်။
"ပဉ္စမနှစ်က ထျန်းရှီမန်ပါ။ ကျေးဇူးပြုပြီး သင်ပြပေးပါဦး။"
ကျောက်စိမ်းဖြူကွင်းပြင်ရှိ ကျောင်းသားကျောင်းသူများ အမူအရာ ပြောင်းလဲသွားရသည်။
ပဉ္စမနှစ် ကျောင်းသားကျောင်းသူများမှာ အလွန်အမင်း စိတ်လှုပ်ရှားကုန်သည်။
"ကျောင်းသားထျန်းရှီမန်ပဲ။"
"ထျန်းရှီမန်နဲ့ မတိုက်ရသေးဘူးပဲ။ ဒါဆို မိစ္ဆာဘုရင်ကို အပီသိပ်ဖို့ မျှော်လင့်ချက် ရှိသေးတာပေါ့။"
"ကောင်းလိုက်တာ။ ကျောင်းသားထျန်းရှီမန်က ရှေ့ထွက်လာပြီပဲ။"
ကျောင်းသားကျောင်းသူအချို့ မျက်ရည်ဝဲလာသည်။
"ငါတို့ကျောင်းတော်ရဲ့ အတော်ဆုံး ကျောင်းသားထဲမှာ ထျန်းရှီမန်လည်း ပါတာပဲ။ အခု အန်လင်းက ခြေကုန်လက်ပမ်း ကျနေပြီဆိုတော့ ပြောလို့မရဘူး။ နိုင်ရင်နိုင်သွားလောက်တယ်။"
ကျောင်းသားအချို့မှာ သလင်းကျောက် မျက်နှာပြင်အားကြည့်ကာ စိတ်လှုပ်ရှားစွာဖြင့် လက်သီးတင်းတင်း ဆုပ်ထားမိကြသည်။
သွေးနီရောင် ဓားပုံရိပ်သည် အာရုဏ်ဦး နေမင်းနီအလား ကျောင်းသားများအားလုံး၏ မျှော်လင့်ချက် ရောင်ခြည်တစ်ခု ဖြစ်သည်။
ထိုဓားကွက်သည် ထျန်းရှီမန်၏ အကောင်းဆုံး တိုက်ကွက်တစ်ခုပင်။ သွေးနီရောင် ဓားပုံရိပ်သည် ကောင်းကင်နှင့်မြေပြင်အား အရှိန်အဟုန်ပြင်းစွာ ပိုင်းဖြတ်ပစ်လိုက်သည်။
အန်လင်း အနည်းငယ် အံ့အားသင့်ကာ လက်တစ်ဖက်အား ဆန့်ထုတ်လိုက်သည်။
ဝုန်း..........
ထက်ရှလှသော ဓားစိတ်ဆန္ဒများနှင့်အတူ သွေးနီရောင် ဓားပုံရိပ်မှာ ပြင်းထန်စွာ ပေါက်ကွဲသွားလေသည်။
ထျန်းရှီမန် မယုံကြည်နိုင်ဖြစ်ကာ မျက်လုံးပြူးသွားရသည်။
"ဘယ်လိုဖြစ်နိုင်မှာလဲ။ ဒါက ငါ့ရဲ့ အကောင်းဆုံး တိုက်ကွက်လေ။ လက်ဗလာသက်သက်နဲ့ တားလို့ရတယ်တဲ့လား။"
သွေးနီရောင် ဓားပုံရိပ်သည် အန်လင်း၏ လက်အား ခြစ်ရာကလေးမျှပင် မထင်စေနိုင်ခဲ့ပေ။
ထိုအချိန်တွင် အနက်ရောင် ဓားပုံရိပ် တစ်ခုမှာလည်း ထျန်းရှီမန်အား ရက်စက်စွာ ပိုင်းဖြတ်လိုက်တော့သည်။
ကြောင်တောင်တောင် ဖြစ်နေသော ထျန်းရှီမန်ထံမှ ရွှေရောင်အလင်းများ ဖြာထွက်လာသည်။
ကျောက်စိမ်းဖြူကွင်းပြင်ရှိ ကျောင်းသားကျောင်းသူများမှာလည်း ရေခဲရေနှင့် ပက်ခံရသလို ခံစားရကာ ရှက်ရွံ့စွာ ခေါင်းငုံ့ထားမိကြသည်။
၎င်းတို့၏ နောက်ဆုံးမျှော်လင့်ချက်မှာ လက်ဗလာနှင့် အဆုံးသတ်ခံလိုက်ရသည်။
အန်လင်းသည် ချီးကျူးမှုအား လက်ခံနိုင်ရန် လေးစားသမှုနှင့် တစ်စုံတစ်ခု ပြောသင့်သည်ဟု ခံစားလိုက်မိသည်။
"ဂုဏ်ယူပါတယ် စီနီယာကျောင်းသား ထျန်းရှီမန်........ ခင်ဗျားက နောက်ဆုံးမှ ထုတ်ခံရတဲ့သူပဲ။"
ထျန်းရှီမန် : "........."
ယီးကိုဂုဏ်ယူတာလား............. ငါဘယ်သူ့ကိုမှ မသမရသေးဘူးကွ...........
ထျန်းရှီမန် မျက်ရည်အဝဲသား ဖြစ်လာသည်။
အင်မော်တယ် အဆင့်သတ်မှတ်ချက်မှာ ထိပ်ဆုံးငါးယောက်ထဲ ပါရမှာမလား......... ဘာလို့ ဒီလိုမျိုး အဆုံးသတ်သွားရတာလဲ..........
ထျန်းရှီမန်၏ ခန္ဓာကိုယ်မှာ ရွှေရောင်အလင်းအစက်အပြောက်များနှင့်အတူ ပျောက်ကွယ်သွားတော့သည်။
ကောင်းကင်ထက်တွင် ရှိနေသော မြေကမ္ဘာအင်မော်တယ် ချန်းချင်မှာ စိတ်ကျေနပ်ဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။
"ထျန်းရှီမန်က တစ်ကွက်ပဲ တိုက်လိုက်ရပေမယ့် ဓားစိတ်ဆန္ဒ တော်တော်အားကောင်းတာပဲ။ ထိပ်ဆုံးဆယ်ယောက်ထဲ ပါသင့်တယ်။"
(ထျန်းရှီမန် : တိုက်ခိုက်ရေးစွမ်းရည် : ခြောက်ရာ့ရှစ်ဆယ်၊ ရမှတ် : သုည)
(အန်လင်း : တိုက်ခိုက်ရေးစွမ်းရည် : သုံးထောင့်လေးရာ၊ ရမှတ် : ရှစ်သောင်းခြောက်ထောင့်ငါးရာ့တစ်ဆယ်)
ဒုကျောင်းအုပ် ယွီဟွားမှာလည်း တိတ်တဆိတ် ခေါင်းညိတ်လိုက်မိသည်။
ယှဉ်လို့မှ မရပဲကိုး..........
ကောင်းကင်အင်မော်တယ် ယွီဟွားမှာ အန်လင်းဘေးသို့ ဆင်းသက်လာသည်။
ထို့နောက် အန်လင်းနှင့်အတူ ကျောက်စိမ်းဖြူကွင်းပြင်သို့သွားကာ ကျယ်လောင်စွာ ကြေညာလိုက်သည်။
"အခုနှစ် ကန့်သတ်မဲ့ပြိုင်ပွဲရဲ့ ချန်ပီယံကတော့ အန်လင်းပဲ ဖြစ်ပါတယ်။"
ကျောင်းသားကျောင်းသူ ငါးသောင်းမှာ လေးစားအားကျသော မျက်ဝန်းများဖြင့် အန်လင်းအား တိတ်ဆိတ်စွာ ငေးကြည့်နေကြသည်။
အန်လင်း ပါးစပ်အဟောင်းသား ဖြစ်နေမိသည်။
ဘာလို့အားမပေးကြတာလဲ.......... ငါအရမ်းကြမ်းမိသွားလို့များလား........ ပရိသတ်တွေပါ ငါ့ကိုစိတ်နာသွားပြီလား........
အဲ့လိုမလုပ်ကြပါနဲ့.........
ထိုအချိန်မှာပင် လက်ခုပ်သံများ တစ်စတစ်စ ထွက်ပေါ်လာပြီးနောက် မိုးခြိမ်းသံအလား ပဲ့တင်ထပ်သွားသည်။
သောင်းနှင့်ချီသော ကျောင်းသားကျောင်းသူများ၏ အားပေးသံများသည် ကောင်းကင်နှင့်မြေပြင်တခွင် ဟိန်းထွက်လို့နေသည်။
ထို့ကြောင့် ကျောင်းသားတစ်ဦးမှ အရှေ့ဆုံးမှ ဦးဆောင်ကာ အော်ဟစ်လိုက်သည်။
အခြားသူများသည်လည်း အတူတကွ လိုက်လံဟစ်ကြွေးလိုက်ကြသည်။
"ဂုဏ်ယူပါတယ် မိစ္ဆာဘုရင် အန်လင်း........"
"ဂုဏ်ယူပါတယ် မိစ္ဆာဘုရင် အန်လင်း.........."
"ဂုဏ်ယူပါတယ် မိစ္ဆာဘုရင် အန်လင်း..........."
........
အန်လင်းမှာ မိုးကြိုးပစ်ခံထားရပါသော်လည်း ပျော်ပျော်ရွှင်ရွှင် ရယ်မောနေသော ကျောင်းသားကျောင်းသူများအား ငေးကြည့်နေမိသည်။
ထို့နောက် ကူကယ်ရာမဲ့စွာ ပြုံးလိုက်လေသည်။
"ကျေးဇူးတင်ပါတယ်။"
ဒီကျောင်းသားတွေက တကယ်ချစ်စရာကောင်းတာပဲ.......