ထျန်းရှီမန်၏ဆွဲဆောင်မှု
Vol. 65 Ch. 903
ကန့်သတ်မဲ့ပြိုင်ပွဲမှာ ပြီးဆုံးသွားခဲ့လေပြီ။
အန်လင်းသည် အင်မော်တယ် အဆင့်သတ်မှတ်ချက်၌ ထိပ်ဆုံးမှ နေရာယူထားသည်။
စုရှောင်လန်မှာလည်း ဒုတိယနေရာတွင် ရှိနေလေသည်။
၎င်းတို့နှစ်ဦးသည် စုစည်းညီညွတ်ကျင့်ကြံခြင်းကျောင်းတော်၏ ယခင်စံချိန်များအား ချိုးဖျက်ပစ်ခဲ့သော ဆရာ့ဆရာကြီးများ ဖြစ်သည်။
တတိယနေရာအား အင်မော်တယ် ဒေါသမီးလျှံကြာပန်းကို စွဲလမ်းနေသူ စုချန်းရန်မှ ထိုက်ထိုက်တန်တန် ရရှိခဲ့သည်။
သူမ၏ အင်မော်တယ် ဒေါသမီးလျှံကြာပန်းသည် အန်လင်းအပေါ် အကျိုးသက်ရောက်မှု မရှိပါသော်လည်း အခြားသော စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူ တစ်ဦးကသာ ခုခံကာကွယ်ရေး မရှိပဲ တိုက်ခိုက်ခံရပါက ပြာကျသွားလောက်သည်။
စတုတ္ထမြောက် နေရာအား ပဉ္စမနှစ်၏ ထိပ်တန်းကျောင်းသား ဇူချူးပင်မှ ရရှိသွားသည်။
ပဉ္စမနေရာအတွက် ဆွေးနွေးဝေဖန်မှုများ ရှိခဲ့လေသည်။ ယောင်မင်ရှီနှင့် ထျန်းရှီမန် နှစ်ဦးလုံးမှာ ထိုနေရာအတွက် သင့်တော်နေသည်။ ယောင်မင်ရှီ၏ တိုက်ခိုက်ရေးစွမ်းရည်သည် ထျန်းရှီမန်ထက် နိမ့်ကျပါသော်လည်း ရမှတ်မှာ ပိုမိုသာလွန်နေ၏။
ထျန်းရှီမန်၏ ရမှတ်သည် သုညဖြစ်နေပြီး အခြားသူများနှင့်တန်းတူ မုန့်လက်ကောက်သာ ရရှိထားသည်။
ဆရာဆရာမများ အသေအချာ သုံးသပ်ပြီးသည့်နောက် ပဉ္စမနေရာအား ယောင်မင်ရှီ၊ ဆဋ္ဌမနေရာအား ထျန်းရှီမန်ထံ ပေးအပ်ခဲ့သည်။ ထျန်းရှီမန်၏ ထိပ်ဆုံးငါးယောက်အိပ်မက်မှာ ကပ်သီးလေး လွဲချော်ခဲ့ရသည်။
အင်မော်တယ် အဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံးငါးယောက်ထဲပါရန် အိပ်မက်သေးသေးလေးကိုပင် သူမလုပ်ဆောင်နိုင်ခဲ့ပေ။
ထျန်းရှီမန်မှာ အသည်းအသန် ငိုကြွေးခဲ့သောကြောင့် အိမ်သာထဲ သတိလစ်သွားခဲ့ရသည်။
အရေးအကြီးဆုံးမှာ ကန့်သတ်မဲ့ပြိုင်ပွဲ၌ ယှဉ်တိုက်စရာ တစ်ယောက်မှ မတွေ့ခဲ့ရသော အကြောင်းအရင်းကိုပါ သိရှိခဲ့ရလေပြီ။
အဘယ့်ကြောင့်ဆိုသော် သူသည် အန်လင်းနောက်မှ လိုက်မိသလို ဖြစ်နေသောကြောင့်ပင်။ အန်လင်း ရှင်းလင်းခဲ့သော နေရာများအား သူသွားမိခဲ့သောကြောင့် ခွေးတစ်ကောင်၊ ကြောင်တစ်မြှီးမှ မတွေ့ခဲ့ရခြင်း ဖြစ်သည်။
တိုက်ဆိုင်မှုသက်သက်လား......... ကံကြမ္မာများလား........
ယီးကံကြမ္မာ.........
ယီးကံကြမ္မာ.........
ထျန်းရှီမန်သည် ဒေါသအား ပေါက်ကွဲရန် အသင့်ဖြစ်သွားခဲ့သည်။ သူသည် အန်လင်း၏ အင်္ကျီစအားကိုင်ကာ အင်မော်တယ် အဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံးငါးယောက်ထဲ မပါနိုင်ခဲ့သောကြောင့် အလျော်ပေးသင့်ကြောင်း ပြောလိုက်သည်။
အန်လင်း မျက်နှာပျက်သွားသည်။
ငါကဘာလုပ်ပေးရမှာလဲ........... ဒင်းက ငါ့နောက်လိုက်လာတယ်ဆိုတာ ဘယ်လိုလုပ် သိမှာလဲဟ.......
မည်သို့ပင်ဆိုစေကာမူ ကျောင်းပြီးတော့မည့် အချိန်တွင်ပင် ဆန္ဒမပြည့်ဝခဲ့ရသော ထျန်းရှီမန်အားကြည့်ကာ အန်လင်း စိတ်မကောင်းဖြစ်မိသွားသည်။
အန်လင်း အနည်းငယ်တွေးကာ ပြောလိုက်သည်။
"စီနီယာကျောင်းသား ထျန်းရှီမန်အတွက် လက်ဆောင်တစ်ခု ပေးမယ်ဆိုရင်ရော........"
ထျန်းရှီမန် မျက်ဝန်းများ တောက်ပသွားသည်။
"ဘာလက်ဆောင်လဲ။"
ယခင်နှစ် ကန့်သတ်မဲ့ပြိုင်ပွဲတွင် အန်လင်းသည် လျှိုချင်းဟွမ်တို့အား ချန်အယ်၏ လမုန့်ပေးခဲ့သောကြောင့် သူအတော်ပင် အားကျမနာလို ဖြစ်ခဲ့ရသည်။
ယခု အန်လင်းသည် လက်ဆောင်ပေးမည်ဟု ဆိုလာသောကြောင့် သူအမှန်တကယ် သိချင်လာမိသည်။
အန်လင်းမှာ အိတ်ကပ်ထဲမှ တစ်စုံတစ်ခုအား ထုတ်ယူလိုက်သည်။
ထိုပစ္စည်းသည် နေရောင်အောက်တွင် တလက်လက် တောက်ပနေပြီး ပွင့်ချပ်တစ်ခုအလား အနုစိတ် ပုံဖော်ထားသော လက်ရာများပါ ပါရှိနေသည်။
သပ်ရပ်လှပသော အဖြူရောင် တုတ်တံတစ်ချောင်းလည်း တပ်ထားကာ ရိုးရှင်းစွာပင် အနုပညာ လက်ရာမြောက်နေသည်။
ထိုသည်မှာ စုပ်လုံးတစ်ခုပင်။
စနစ်၏ ထုတ်ကုန်ဖြစ်သောကြောင့် အရည်အသွေးအား စိတ်ပူစရာ မလိုပေ။
ဆုလာဘ်အဖြစ် ရရှိသော စုပ်လုံးနှစ်ခုထဲမှ တစ်ခုအား ထျန်းရှီမန်ထံ ပေးလိုက်သည်မှာ ရက်ရောသည်ဟု ဆိုနိုင်သည်။
ကံကောင်းထောက်မစွာဖြင့် ဆုလာဘ်သည် အန်လင်း စိုးရိမ်နေသော အရာမဟုတ်ပဲ အစစ်အမှန် စုပ်လုံးဖြစ်နေခဲ့သည်။ ထိုသို့မဟုတ်ပါက သူနှင့်စနစ်တို့ တစ်ပွဲတစ်လမ်း အကဲစမ်းရပေလိမ့်မည်။
အခု စုပ်လုံးတစ်ခုပဲ ကျန်တော့တာပေါ့.........
အန်လင်း နာကျင်သွားရသည်။
ထျန်းရှီမန် ကြောင်တောင်တောင် ဖြစ်သွားသည်။
"အန်လင်း....... မင်းငါ့ကို လာနောက်နေတာလား။ လက်ဆောင်ပေးမယ်ဆိုတာ စုပ်လုံးတစ်ခုတဲ့လား။"
သူဒေါသထွက်လာသည်။
"ဗိုက်ဆာပြီးပဲသေသေ၊ တိုက်စရာလူ မရှိမရှိ၊ ကန့်သတ်မဲ့ပြိုင်ပွဲမှာ ဘိတ်ချီးဖြစ်နေရင်တောင် ရင်ထဲက မပါတဲ့ လက်ဆောင်တစ်ခုကို မလိုချင်ဘူး။"
"ဟားဟား.........ဒါကျွန်တော်ရဲ့ အကန့်အသတ်နဲ့ ထုတ်ထားတဲ့ စုပ်လုံးနော်။ ခင်ဗျားမလိုချင်လည်း ပြန်သိမ်းထားလိုက်မယ်။"
အန်လင်း သိမ်းဟန်ပြင်လိုက်သည်။ သူသည် ဆုံးဖြတ်ချက်အား နောင်တရနေသောကြောင့် ယခုအချိန်သည် ပြန်လည်ပြန်ဆင်ရန် အကောင်းဆုံး အခွင့်အရေးပင်။
"နေပါဦး။"
အန်လင်းအားကြည့်ကာ ထျန်းရှီမန် စိတ်ဝင်စားမှုများ မြင့်တက်လာသည်။
ဒီစုပ်လုံးက တစ်ခုခု ထူးခြားနေတာများလား.........
ထိုအတွေးနှင့်အတူ စုပ်လုံးအား လှမ်းယူလိုက်သည်။
"အဲ့စုပ်လုံး ငါ့ကိုပေး........"
အန်လင်း : ".........."
ထျန်းရှီမန်မှာ စုပ်လုံးအား လက်ခံရယူလိုက်သည်။
စိတ်ပျက်သွားပုံရသော အန်လင်းကြောင့် သူပျော်ရွှင်စွာ ပြုံးမိသည်။ အန်လင်း၏ စိတ်ဆင်းရဲမှုမှာ သူ့အတွက် နှစ်သိမ့်မှု တစ်ခုလိုပင်။
ထျန်းရှီမန်သည် တိတ်တဆိတ်ပင် စက္ကူအားဖြဲကာ သက်တံ့ရောင် စုပ်လုံးအား ကြည့်ရှုလိုက်သည်။ ရနံ့မွှေးမွှေးလည်း သင်းပျံ့လာလေသည်။
ထျန်းရှီမန် ပြုံးမိသွားသည်။
"သက်တံ့ရောင်စုပ်လုံးလား။ အရသာ ရှိမယ့်ပုံပဲ။"
ထိုစကားနှင့်အတူ ပါးစပ်ထဲ ထည့်လိုက်သည်။
သူ၏ခန္ဓာကိုယ် တုန်ယင်လာကာ တအံ့တသြ ရေရွတ်လိုက်သည်။
"ချိုလိုက်တာ။"
လျှာထိပ်ဖျားမှ ချိုမြိန်မှုသည် ခန္ဓာကိုယ် တစ်ခုလုံးထံ ပျံ့နှံ့သွားသည်။
ထျန်းရှီမန်မှာ ပါးပြင်များပင် နီရဲလာပြီး စုပ်လုံးအား ဆေးစွဲနေသလို အငမ်းမရ လျက်ပစ်တော့သည်။
"တကယ်ချိုတာပဲ။"
"ကောင်းလိုက်တာ........ ခန္ဓာကိုယ် တစ်ခုလုံး လွင့်နေသလိုပဲ။"
"အား......."
ထျန်းရှီမန်မှာ စုပ်လုံးအားလျက်ကာ ငြီးငြူနေလေသည်။
အန်လင်း ကြက်သီးထလာသည်။
ယီးတဲ့မှ........ ဒါက စုပ်လုံးရော ဟုတ်ရဲ့လား......... ကာမအားတိုးဆေးများလား.........
သူသည် စီနီယာကျောင်းသား ထျန်းရှီမန်အား စမ်းသပ်ခန်းကြွက်အဖြစ် သဘောထားခဲ့ခြင်း ဖြစ်သည်။ အရသာရှိပါက သူကိုယ်တိုင် စားရန်ကြံရွယ်ထားသည်။
သို့သော် ထျန်းရှီမန်၏ တုံ့ပြန်မှုကြောင့် တွန့်ဆုတ်နေမိသည်။
"အန်လင်း........ငါ......."
ထိုအချိန်တွင် ညင်သာသော စကားသံအား ကြားလိုက်ရသည်။
အန်လင်း ကြည့်ရှုလိုက်သောအခါ ထျန်းရှီမန်သည် ဆွဲဆောင်ချင်နေသော အမူအရာဖြင့် သူ့အားကြည့်နေသည်ကို တွေ့လိုက်ရသည်။
အန်လင်း : "..........."
ထျန်းရှီမန်သည် အန်လင်းအနား တိုးကပ်လာသည်။
"ကျွန်တော့်နားမလာနဲ့။"
အန်လင်း ချက်ချင်းပင် ထျန်းရှီမန်အား ဆောင့်ကန်လိုက်သည်။
ထျန်းရှီမန် မျက်မှောင်ကျုံ့ကာ နှုတ်ခမ်းစူလိုက်လေသည်။
"အန်လင်း....... ဘာလို့ငါ့ကို ကန်ရတာလဲ။"
အန်လင်း စိတ်မသက်မသာ ဖြစ်သွားသည်။
ဒါဘာစုပ်လုံးလဲ......... တော်တော် အန္တရာယ် များတာပဲ......
"ခင်ဗျား ထူးထူးခြားခြား မခံစားရဘူးလား။"
အန်လင်း နောက်ဆုတ်ကာ စကားဆိုလိုက်သည်။
ထျန်းရှီမန် ခေါင်းခါပြလာသည်။
"ဟင့်အင်း........"
ထို့နောက် အန်လင်းအားကြည့်ကာ ရှက်သွေးဖြာလာသည်။
"မင်းကိုကြည့်တာတော့ အရမ်းချောနေသလိုပဲ။ မင်းက အရင်ကထက် ဆွဲဆောင်မှု ပိုရှိလာတာပဲ။"
အန်လင်း အသက်ပြင်းပြင်း ရှူလိုက်သည်။
ဒါက..........
ကြောက်ဖို့ကောင်းလွန်းတယ်.........
"အန်လင်း......."
ထျန်းရှီမန်မှာ အန်လင်းနား ကပ်လာပြန်သည်။
အန်လင်းမှာ တွေဝေမနေပဲ ဆောင့်ကန်ချလိုက်သည်။
"ဘာလို့ ဒီလိုလုပ်ရတာလဲ။ ဘာလို့ ငါ့အပေါ် ရက်စက်နေတာလဲ။"
ထျန်းရှီမန် မျက်ရည်အဝဲသား ဖြစ်သွားသည်။
"ငါတို့ ကောင်းကောင်းမွန်မွန် ချစ်လို့မရဘူးလား။"
အန်လင်း အေးစက်စွာ ပြောလိုက်သည်။
"လစ်လိုက်တော့။"
စုပ်လုံးလည်း ကုန်သွားလေပြီ။
ထျန်းရှီမန်သည် ချိုမြိန်သော အရသာကိုတွေးကာ မျက်လုံးများ မှေးစင်းသွားသည်။
"ငါ့ခန္ဓာကိုယ်ထဲမှာ စွမ်းအင်တွေ တိုးလာတာ ခံစားမိတယ်။"
သူအန်လင်းအားကြည့်ကာ တောက်ပစွာ ပြုံးလိုက်သည်။
"ကျေးဇူးပါ။ တကယ့်လက်ဆောင်ကောင်းပဲ။ ငါမင်းကို အထင်လွဲမိသွားတယ်။"
အန်လင်း အံ့အားသင့်ကာ ခေါင်းညိတ်ပြလိုက်သည်။
"ကိစ္စမရှိပါဘူး။ ကြိုက်တယ်ဆိုလို့ ဝမ်းသာပါတယ်။"
သူသည် စုပ်လုံး၏ အကျိုးသက်ရောက်မှုအား လေ့လာနေခဲ့ပြီး စား၍ကုန်သွားပြီး မကြာမီမှာပင် ထျန်းရှီမန်၏ ထူးထူးဆန်းဆန်း ခံစားချက်များ ပျောက်ကွယ်သွားသည်ကို တွေ့ရသည်။
ထိုစုပ်လုံးအား စားနေစဉ်အတွင်း ထိုသူသည် သူ့အပေါ် ခံစားချက်များ တိုးလာပေလိမ့်မည်။
အန်လင်း စိတ်ထဲတွင် အစီအစဉ်တစ်ခု ချမှတ်လိုက်တော့သည်။