စုပ်လုံး၏စွမ်းအား
Vol. 65 Ch. 904
အန်လင်းထံတွင် အကြံတစ်ခု ရှိနေသည်။
သူ့ထံတွင် စုပ်လုံးတစ်ခုသာ ကျန်ရှိတော့သဖြင့် ရှောင်လန်လေးအား ပေးလိုက်သင့်ပေသည်။
ဟိဟိ.............
အန်လင်း လျှို့ဝှက်စွာ ပြုံးလိုက်သည်။
ထျန်းရှီမန်သည် အန်လင်းအားကြည့်ကာ ကြက်သီးထလာသောကြောင့် နှုတ်ဆက်စကားဆိုလိုက်သည်။
"ဂျူနီယာကျောင်းသား အန်လင်း.......... မင်းမှာ ပြောစရာ မရှိတော့ရင် ငါသွားတော့မယ်နော်။"
အန်လင်းသည် ထျန်းရှီမန် ထွက်သွားတော့မည်ကို ပျော်ရွှင်လွန်းသောကြောင့် တာ့တာလှမ်းပြလိုက်သည်။
ထိုသို့ဖြင့် ထျန်းရှီမန်လည်း ထွက်ခွာသွားလေသည်။
အန်လင်းသည် တွေဝေစွာနှင့်ပင် အဆောင်ခန်းတစ်ခုဆီ သွားလိုက်သည်။
ထိုသည်မှာ သာမန်စုပ်လုံးတစ်ခုသာ ဖြစ်ပါသော်လည်း စားသုံးသူသည် သူ့အားပိုမိုနှစ်သက်လာလိမ့်မည်။
အလှတရားသည် ကြည့်ရှုသူ၏ အမြင်နှင့်သာ သက်ဆိုင်သည်ဟူသော ဆိုရိုးစကားကဲ့သို့ပင်။
စုရှောင်လန်သည် သူ့အားချောမောခန့်ညားသည်ဟု ယူဆထားသောကြောင့် စုပ်လုံး၏ အကျိုးသက်ရောက်မှုမှာ ပိုမိုအားကောင်းလာလောက်သည်။
အန်လင်းမှာ အတွေးနှင့်ပင် စိတ်လှုပ်ရှားနေလေပြီ။
သူစုရှောင်လန်၏ အဆောင်တံခါးအား ခေါက်လိုက်သည်။
"ရှောင်လန်......... ဒဏ်ရာအခြေအနေ ဘယ်လိုလဲ။"
အန်လင်း စိုးရိမ်ပူပန်စွာ မေးလိုက်သည်။
"တော်တော်လေး သက်သာနေပါပြီ။"
တိုက်ပွဲများ ပြီးစီးသွားပြီးနောက် စုရှောင်လန်သည် ရေချိုးသန့်စင်ကာ ဝါးပင်ပုံများ ထိုးထားသော အဖြူရောင်ဝတ်စုံကို လဲလှယ်ထားသည်။ သူမ၏ ဆံနွယ်များသည် ညင်သာသော ရေစီးကြောင်းအလား ပြေလျော့နေပြီး အသားအရေမှာ ကျောက်စိမ်းလေးလို ဝင်းမွတ်နေသည်။ အန်လင်း အသက်ရှူလိုက်သောအခါ စုရှောင်လန်၏ ထူးခြားသော ကိုယ်သင်းနံ့လေးပါ ရရှိလိုက်သည်။
အန်လင်းမှာ ခန္ဓာကိုယ် တစ်ခုလုံး ပေါ့ပါးလန်းဆန်းသွားရသည်။ ထိုသည်မှာ နတ်ဘုံတစ်ခုလိုပင်။
ဖြစ်နိုင်မည်ဆိုပါက တိရစ္ဆာန်ရုံနှင့် တူနေသော သူ့အခန်းထက် ရှောင်လန်လေး၏ အခန်းတွင်သာ နေထိုင်လိုမိသည်။
"ဘာလဲ။ အပြစ်ရှိသလို ခံစားနေရလို့ လာတွေ့တာလား။"
စုရှောင်လန် စနောက်ကာ မေးလိုက်သည်။
အန်လင်း လေးလေးနက်နက် ခေါင်းညိတ်ပြလာသည်။
"ဟုတ်တယ်။ ကိုယ်လုပ်ခဲ့တဲ့ အပြစ်အတွက် လက်ဆောင်ပေးမလို့ ရောက်လာတာ။"
"ဘာလက်ဆောင်လဲ။"
စုရှောင်လန် စိတ်ဝင်စားသွားသည်။
အန်လင်းသည် စုပ်လုံးအားထုတ်ကာ စားပွဲပေါ် တင်လိုက်သည်။
စုရှောင်လန်မှာ စုပ်လုံးအားကြည့်ကာ ရယ်မောတော့သည်။
"စိတ်ဝင်စားစရာ လက်ဆောင်ပါလား။"
သူမ ပြုံးကာစုပ်လုံးအား ယူလိုက်သည်။
"ဒါပေမယ့် ငါကြိုက်တယ်။"
အန်လင်း ညင်သာစွာ ပြုံးပြလာသည်။
"ဒါက ထူးခြားတဲ့ စုပ်လုံးပဲ။ အရမ်းအရသာရှိတယ်။ မင်းအတွက် သီးသန့်နော်။ ကိုယ့်ကို ကျေးဇူးတင်စရာ မလိုပါဘူး။"
စုရှောင်လန်သည် စက္ကူစအား ဖြဲလိုက်သည်နှင့် သက်တံ့ရောင် စုပ်လုံးအား မြင်လိုက်ရသောကြောင့် မျက်ဝန်းများ တောက်ပသွားကာ ပါးစပ်ထဲ ထည့်လိုက်သည်။
ထူးကဲသော ချိုမြိန်မှုမှာ ခန္ဓာကိုယ် တစ်ခုလုံးထံ ပျံ့နှံ့သွားလေသည်။
သူမသည် ခန္ဓာကိုယ် တစ်ခုလုံး တုန်ယင်ကာ မျက်ဝန်းလေးများ ငေးငိုင်သွားသည်။
အန်လင်း မျှော်လင့်တကြီး မေးမြန်းလိုက်သည်။
"ဘယ်လိုနေလဲ။"
ကိုယ်ပိုချောလာလား...........
ထိုမေးခွန်းအား စိတ်ထဲတွင်သာ ထားလိုက်သည်။
စုရှောင်လန်မှာ ခံစားချက် အချို့နှင့်အတူ ခေါင်းမော့လာသည်။
သူမ အန်လင်းအားကြည့်ကာ ရှက်သွေးဖြာသွားရသည်။
"ဒါတော်တော် အရသာရှိတယ်။ အန်လင်း....... နင်လည်းစားသင့်တယ်။"
သူမ ရည်ရွယ်ချက်ရှိစွာဖြင့် စုပ်လုံးအား ပါးစပ်ထဲမှ ထုတ်လိုက်သည်။ ကြည်မြနေသော အရည်အချို့အား စုပ်လုံးမျက်နှာပြင်တွင် မြင်နေရလေသည်။
စုရှောင်လန်သည် ကောင်းမွန်သော အရာတိုင်းကို အန်လင်းနှင့်အတူ ဝေမျှတတ်သည်။
ထိုစုပ်လုံးသည် လောကကြီးတွင် တစ်ခုတည်းသာ ရှိသည်ဟု အန်လင်းမှ ပြောပြထားသောကြောင့် သူမတစ်ယောက်တည်း မစားပစ်လိုပေ။
အန်လင်းမှာ ထိုသည်ကိုကြည့်ကာ အသက်ရှူသံများ မြန်လာရသည်။
ရှောင်လန် စားထားတဲ့ စုပ်လုံးဆိုတော့ သွယ်ဝိုက်အနမ်းလား.........
ရင်ခုန်ချင်စရာကြီး.........
ငါရော စုပ်လုံးစားလိုက်ရင် ရှောင်လန့်အပေါ် ခံစားချက်တွေ တိုးလာမှာလား............ ရှောင်လန်ကရော ပိုပြီးလှသွေးကြွယ်လာမှာလား......... ဘာပဲဖြစ်ဖြစ် စမ်းကြည့်လိုက်သင့်တယ်.........
အန်လင်းမှာ တွေဝေမနေတော့ပဲ စုရှောင်လန်၏ စုပ်လုံးအား လက်ခံလိုက်သည်။
ချိုလိုက်တာ..........
ထူးကဲသော အချိုအရသာသည် ခန္ဓာကိုယ် တစ်ခုလုံးထံ သက်တံ့သဖွယ် ပျံ့နှံ့သွားကာ သိစိတ်အာရုံထဲသို့ပါ ရောက်ရှိလာသည်။ ထိုအချိုဓာတ်သည် စွမ်းအင်များ ပြည့်နှက်နေကာ ခံစား၍ ကောင်းလွန်းလှသည်။
ဆွဲဆောင်မှုရှိသော စကားသံတစ်ခု ထွက်ပေါ်လာသည်။
"အန်လင်း........ ငါ့ကို အဲ့အရသာလေး ပေးမြည်းပါ။"
အန်လင်းသည် တပ်မက်မှုများ ရှိနေသော စုရှောင်လန်အား ကြည့်ရှုလိုက်သည်။ ကိုယ့်စိတ်နှင့်ကိုယ် အတွေးများနေပြီးနောက် စုပ်လုံးအား စုရှောင်လန်ထံ ပေးလိုက်သည်။
ထိုသို့ဖြင့် ၎င်းတို့နှစ်ဦးမှာ စုပ်လုံးအား အလှည့်ကျ စုပ်ကြလေသည်။
စုရှောင်လန်သည် သိပင်မသိလိုက်ပဲ အန်လင်း၏ လက်မောင်းအား ဖက်တွယ်ထားမိသည်။ သူမသည် နွေးထွေးသော ခန္ဓာကိုယ်ဖြင့် အန်လင်းအား ဖိကပ်ထားပြီး လုံးဝန်းသော ရင်သားအစုံမှာ နိမ့်ချည်မြင့်ချည် ဖြစ်နေသည်။ သူမသည် ရွှေလည်တိုင်ကြော့ကြော့မှာလည်း ရှက်သွေးလေးများကြောင့် ခပ်ရဲရဲဖြစ်နေသေးသည်။ သူမသည် ခံစားချက်မျိုးစုံနှင့်အတူ ခပ်ညုညု စကားဆိုလိုက်သည်။
"အန်လင်း....... ငါ........"
သူမ အသက်ရှူသံများ မြန်လာကာ အန်လင်း၏ နှုတ်ခမ်းအား ဖိကပ်လာသည်။
အန်လင်းသည် စုပ်လုံးစုပ်နေရင်း စုရှောင်လန်အား ကြည့်ရှုလိုက်မိသည်။
မြင့်မြတ်တဲ့ တော်ဝင်မိန်းမတစ်ယောက်က ဒီလိုပုံစံမျိုးလည်း လုပ်နိုင်တာပဲလား..........
အန်လင်းမှာ စိတ်အလိုမကျဟန်ဖြင့် သူမအား တွန်းထုတ်လိုက်သည်။
"အနားကဖယ်စမ်း....... "
စုရှောင်လန်မှာ နာကျင်သွားပုံ ရပါသော်လည်း အန်လင်းနား တိုးကပ်လာသည်။
"အန်လင်း....... ငါစုပ်လုံးကို မလိုချင်ပါဘူး။ နင့်ကိုပဲ လိုချင်တယ်။"
အန်လင်း မျက်နှာပျက်ကာ စုရှောင်လန်အား တွန်းထုတ်လိုက်ပြန်သည်။
"လစ်စမ်း.......... ငါ့နားမကပ်နဲ့။"
စုရှောင်လန် : "........."
အန်လင်းသည် အေးစက်ခက်ထန်စွာပင် ကြေးမုံပြင်ရှေ့သွားကာ ကိုယ့်ကိုယ်ကို ကြည့်ရှုလိုက်သည်။
သူသည် စုပ်လုံးအားလျက်ကာ ရှက်သွေးဖြာလာလေသည်။
"တော်တော်ချောတဲ့ ယောက်ျားပဲ။"
"ဒီလောက်ပြီးပြည့်စုံတဲ့ လူတစ်ယောက် ဘယ်လိုလုပ် ရှိနေနိုင်ရတာလဲ။"
သူသည် ကြေးမုံအားကြည့်ကာ ကိုယ့်မျက်နှာကိုယ် ပွတ်သပ်နေမိသည်။
စုရှောင်လန်သည် အန်လင်းနားသို့ကပ်ကာ ပုခုံးများအား ထိကိုင်လိုက်သည်။
"အန်လင်း....... နင်ငါ့ကို ဘာလို့ဒီလိုလုပ်ရတာလဲ။"
အန်လင်းမှာ မထီမဲ့မြင် အမူအရာနှင့် စုရှောင်လန်အား တွန်းပစ်လိုက်သည်။
"လစ်လိုက်စမ်း........"
သူသည် ကြေးမုံထဲရှိ ပုံရိပ်အားကြည့်ကာ အသက်ရှူသံများ မြန်လာရသည်။
"ဒီကမ္ဘာမှာ ငါနဲ့ထိုက်တန်တာ ငါပဲရှိတယ်။"
စုရှောင်လန် မျက်ရည်အဝဲသားဖြစ်ကာ ရင်ဘတ်အား လက်ဖြင့်ဆုပ်ကိုင်ထားမိသည်။
အန်လင်းသည် အသိစိတ် ကင်းလွတ်သည်အထိ ချစ်စိတ်မွှန်ကာ ကြေးမုံအားနမ်းရန် တိုးကပ်သွားလိုက်သည်။
ထိုအချိန်မှာပင် စုပ်လုံးလည်း ကုန်သွားလေသည်။
ထူးခြားသော ခံစားချက်များ စတင်ပျောက်ကွယ်လာသည်။
အန်လင်း၏ မျက်ဝန်းများမှာလည်း ပုံမှန်အတိုင်း တည်ငြိမ်သွားသည်။
သူသည် အထိတ်တလန့်ဖြစ်ကာ နောက်သို့ဆုတ်လိုက်မိသည်။
"ယီးတဲ့မှ....... ငါဘာတွေလုပ်နေတာလဲ။"
သူပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
ခေတ္တမျှ တွေးတောပြီးသည့်နောက် နားလည်သဘောပေါက်သွားသည်။
"စုပ်လုံးစားလိုက်ရင် အရှေ့မှာ ရှိနေတဲ့သူကို ချစ်စိတ်မဝင်ပဲ စုပ်လုံးပိုင်ရှင်ကိုပဲ တပ်မက်လာမှာပေါ့။ အဲ့ဒါကြောင့် ငါ့ကိုယ်ငါ ပြန်ကြိုက်သွားတာပဲ။"
"ဟင်းဟင်း........ နင်က သဘောပေါက်တတ်သားပဲ။"
စူးရှရှ စကားသံတစ်ခု ပေါ်ထွက်လာသည်။
အန်လင်းမှာ စုရှောင်လန်အားကြည့်ကာ အန္တရာယ် အငွေ့အသက်အား ခံစားလိုက်မိတော့သည်။