← Chapters

ရွှယ်ကျန်ထျန်း၏ စိတ်အခြေအနေ

Vol. 65 Ch. 905

ရွှယ်ကျန်ထျန်း၏ စိတ်အခြေအနေ

Vol. 65 Ch. 905

အန်လင်း ကြောင်အမ်းအမ်း ဖြစ်နေမိသည်။

သူ၏ခြေထောက်သုံးချောင်းလုံး တုန်ယင်နေကာ အကြောင်းပြချက်တစ်ခု ပေးလိုက်သည်။

"ရှောင်လန်....... နားလည်မှု လွဲနေတယ်ထင်တယ်။ ကိုယ်ရှင်းပြပါရစေဦး။ မင်းထင်နေသလို မဟုတ်ပါဘူး။"

စုရှောင်လန် ခပ်ဖွဖွ ပြုံးလိုက်သည်။

"ငါထင်နေသလို မဟုတ်ဘူးပေါ့လေ။ နင်က စုပ်လုံးရဲ့ အကျိုးသက်ရောက်မှုကို မသိလို့ ငါ့ကိုလာကျွေးရင်း နှစ်ယောက်လုံး အခုလို ဖြစ်သွားတာလို့ ငါကထင်နေတာ။ ငါ့အတွေးမှားနေတာပေါ့။"

အန်လင်း ထိတ်လန့်သွားရသည်။

ယီးတဲ့မှ....... ဘယ်တုန်းကများ သူမက သက်သက်ညှာညှာ တွေးပေးတတ်လို့လဲ..........

သူသည် အသက်ကယ်ရတနာတစ်ခု တွေ့လိုက်သလို ခံစားရကာ ချက်ချင်းလက်ခါပြလိုက်သည်။

"မဟုတ်ဘူး...... မဟုတ်ဘူး...... မဟုတ်ဘူး......... ကိုယ်ပဲ နားလည်မှု လွဲသွားတာ။ မင်းထင်နေသလိုပါပဲ။ ဒီစုပ်လုံးက အဲ့လိုအကျိုးသက်ရောက်မှု ရှိလိမ့်မယ်လို့ ကိုယ်မသိခဲ့ဘူး။ ရှောင်လန်..... ကိုယ့်ကိုယုံပေးပါ။"

စုရှောင်လန် မျက်မှောင်ကျုံ့လိုက်သည်။

"ဟင်းဟင်း......"

အန်လင်း : "............."

ဒုန်း..... ဒုန်း..... ဒုန်း.......

ဘန်း..... ဘန်း...... ဘန်း........

ဖြောင်း...... ဖြောင်း....... ဖြောင်း.......

ဝုန်း...... ဝုန်း....... ဝုန်း........

အကြမ်းဖက် နှိပ်စက်နေသော အသံများ တရစက် ထွက်ပေါ်လာသည်။

နှစ်နာရီခန့် ကြာပြီးနောက်.......

အန်လင်းသည် ဒုက္ခိတပုံစံဖြင့် စုရှောင်လန်၏ အဆောင်ထဲမှ ထွက်လာသည်။

သူသည် ဒူးများနီရဲကာ ခြေထောက်များ တုန်ယင်နေပြီး ခန္ဓာကိုယ် တစ်ခုလုံး ဒဏ်ရာဒဏ်ချက်များ ပြည့်နှက်နေသည်။

"ရှောင်လန် ဘာလို့ အဲ့လောက်ကြမ်းသွားရတာလဲ။ သူမအတွက် စုပ်လုံးလေး ကျွေးမိတာကို ချော်ရည်ပိန္နဲသီးပေါ် ဒူးထောက်ခိုင်းရတယ်လို့။"

"ဒူးထောက်ရတာပဲဆို ထားပါတော့။ ငါ့ရဲ့ အံ့ဖွယ်ခန္ဓာအစွမ်းတောင် မသုံးခိုင်းဘူး။"

အန်လင်းမှာ မကျေမနပ် ငြီးငြူရင်း အဆောင်သို့ ပြန်လာခဲ့သည်။

ဆိုးရွားလှသော နာကျင်မှုသည် စိတ်ထဲစွဲထင်နေပြီး ဘယ်သောအခါမှ ထိုသို့မခံစားချင်တော့ပေ။

"အစ်ကိုကြီးအန် ပြန်ရောက်လာပြီပေါ့။ ကန့်သတ်မဲ့ပြိုင်ပွဲမှာ ဆုရလို့ ဂုဏ်ယူပါတယ်။ ဒီည အောင်ပွဲခံကြမှာလား....... ဝုတ်။"

တပိုင်သည် အန်လင်း ဝင်ဝင်လာချင်းပင် ရည်ရွယ်ချက်ရှိစွာ စက်ဝိုင်းသဏ္ဍာန် လှည့်ပတ်ပြေးပြနေသည်။

အန်လင်း မျက်ဆံလှန်လိုက်သည်။

"ပိုက်ဆံမရှိလို့ အကြော်ဒယ်အိုးကို စီးပွားရေးအတွက်ပဲ သုံးနေရတယ်။"

"ဘီလူးအန်လင်း........ နင့်ဒူးတွေ ဘာဖြစ်လာတာလဲ။"

တီနာသည် အန်လင်းထံ အလျင်အမြန် ပျံဝဲလာကာ ကုသရေးမန္တာန်အား ရွတ်ဆိုလိုက်သည်။

"လိမ္မာတယ် နာလေး....."

အန်လင်း ကျေးဇူးတင်စွာဖြင့် တီနာ၏ ရွှေရောင်ဆံနွယ်များကို ပွတ်သပ်ပေးလိုက်သည်။

ထင်တဲ့အတိုင်း နတ်သမီးတစ်ပါး အနားမှာရှိတာ ခွေးတစ်ကောင် မွေးထားတာထက် ပိုကောင်းတာပဲ...........

ခွေးများသည် စားရန်အိပ်ရန်သာ သိပါသော်လည်း နတ်သမီးငယ်လေးမှာ သိုးမွေးခြုံထည်တစ်ခုလို နွေးထွေးမှု ပေးပေလိမ့်မည်။

တပိုင်သည် ၎င်း၏ရည်ရွယ်ချက်မှာ အလွန်အမင်း သိသာသွားကြောင်း သတိထားမိလိုက်သောကြောင့် အန်လင်းအား ကမူးရှူးတိုး ပြေးလာလိုက်သည်။

"အစ်ကိုကြီးအန် ဒူးကိုကျွန်တော် လျက်ပေးမယ်လေ။"

အန်လင်း မျက်နှာပျက်သွားရသည်။

"လစ်စမ်း........."

တပိုင် မကျေမနပ်ဖြင့် အဝေးသို့ ထွက်သွားသည်။

ငါဘာမှားလို့လဲ....... ခွေးတွေအားလုံးက ဒဏ်ရာကို လျှာနဲ့လျက်ပြီး ကုကြတာပဲလေ.........တံထွေးမှာ ပြန်ကောင်းနိုင်တဲ့အစွမ်း ပါနေတာပဲကို........

မကြာမီပင် အန်လင်း၏ ဒူးခေါင်း ပြန်ကောင်းသွားလေသည်။

သူသည် ဟိုဟိုသည်သည် ကြည့်ရှုလိုက်သောအခါ ရှောင်ဟုန်သည် ပျော်ရွှင်စွာ နေရောင်ခံနေပြီး တပိုင်သည် စူပုပ်ပုပ် ဖြစ်နေကာ ကုလေးမှာ ရှောင်ဟုန်၏ ပွင့်လွှာပေါ် နားခိုနေသည်ကို တွေ့လိုက်ရသည်။

အန်လင်း မျက်မှောင်ကျုံ့လိုက်သည်။

တစ်ယောက်ယောက် လိုနေသလိုပဲ..........

ခေတ္တမျှကြာပြီးနောက် သူသတိရသွားသည်။

ရွှယ်ကျန်ထျန်း ဘယ်မှာလဲ........

"ထျန်းလေး ဘယ်မှာလဲ။ ဒီရက်ပိုင်း သူ့ကိုမတွေ့မိပါလား။"

"သူလား။ ကျောင်းတော်ရဲ့ တောင်တစ်ခုမှာ တာအိုလေ့လာဖို့ လုပ်နေတယ်။ အဆင့်တက်ဖို့ ပြင်ဆင်နေတာလေ။"

တီနာ တုံ့ပြန်လာသည်။

ထိုစကားကြောင့် အန်လင်း စိတ်ဝင်စားသွားသည်။

"ဘယ်တောင်လဲ။ သူ့ဆီသွားရအောင်လေ။"

သူသည် သားရဲများအား လွတ်လွတ်လပ်လပ် နေထိုင်စေပါသော်လည်း ၎င်းတို့ အဆင့်တက်ရာတွင် ကူညီပေးရမည် ဖြစ်သည်။

ထိုသို့ဖြင့် အန်လင်းသည် တပိုင်အားစီးကာ ရှောင်ဟုန်၊ နာလေး၊ ကုလေးတို့နှင့်အတူ ရွှယ်ကျန်ထျန်း ရှိရာနေရာသို့ ထွက်လာခဲ့လိုက်သည်။

ထိုတောင်သည် စုစည်းညီညွတ်ကျင့်ကြံခြင်းကျောင်းတော် တစ်ခုလုံးတွင် အမြင့်ဆုံးဖြစ်ပြီး ထောင်မတ်နေသော ဓားတစ်လက်နှင့် ဆင်တူကာ ကောင်းကင်နှင့် အနီးဆုံးဟု ဆိုနိုင်သည်။

အဖြူရောင် ဘောလုံးတစ်လုံးသည် တောင်ထိပ်တွင်ထိုင်ကာ မျက်လုံးဝိုင်းကြီးများဖြင့် ကြောင်တိကြောင်တောင် ထိုင်နေသည်။

"ထျန်းလေး........... မင်းအဆင့်တက်တော့မယ်ဆို......"

အန်လင်း ရွှယ်ကျန်ထျန်းဘေးတွင် ဝင်ထိုင်လိုက်သည်။

သူသည် ရွှယ်ကျန်ထျန်း၏ အမွှေးပွပွအား ပွေ့ဖက်ထားချင်ပါသော်လည်း ၎င်း၏စိတ်အခြေအနေအား သေသေချာချာ မသိရသေးသောကြောင့် စိတ်အားထိန်းထားလိုက်ရသည်။

ရွှယ်ကျန်ထျန်း ဖြည်းညင်းစွာ ပြောလိုက်သည်။

"ဘာမှလည်း မဟုတ်ပါဘူး။ ဒီအတိုင်း အဆင့်တက်ရုံလေးပါ။ ကောင်းကင်ကို ဖျက်စီးနိုင်တာမျိုးမှ မဟုတ်တာ။"

အန်လင်း စိတ်ရှုပ်သွားရသည်။ ရွှယ်ကျန်ထျန်းမှာ စိတ်အဆင်မပြေ ဖြစ်နေပုံပင်။

ရွှယ်ကျန်ထျန်းလိုကောင်က ငါအဆင့်တက်ရင် ကောင်းကင်ကို ဖျက်စီးပစ်မယ်လို့ ပြောသင့်တာ မဟုတ်ဘူးလား..........

အန်လင်းမှာ အခြားသားရဲများအား ကြည့်ရှုလိုက်သည်။

"ထျန်းလေး တစ်ခုခု ဖြစ်ထားသေးလား။"

တပိုင်၊ ရှောင်ဟုန်နှင့် တီနာတို့အားလုံး ခေါင်းခါပြလိုက်ကြသည်။

"ထျန်းလေးက ဒီရက်ပိုင်း တောင်ထိပ်မှာထိုင်ပြီး ကောင်းကင်ကိုပဲ ကြည့်ကြည့်နေတာ။ ဘယ်သူနဲ့မှတောင် စကားမပြောဘူး။ အဆင့်တက်တော့မှာမို့လို့ စိတ်အခြေအနေ ပြောင်းလဲနေတာများလား။"

ရှောင်ဟုန် စကားဆိုလာသည်။

တပိုင်သည် ထိုကိစ္စနှင့် ပက်သတ်၍ အမြင်မတူပေ။

"လန်လေး အဆင့်တက်တုန်းက ဒီလိုမဟုတ်ဘူးလေ။ ထျန်းလေးကြမှ ဖြစ်တယ်တဲ့လား။ ကျွန်တော်ထင်တာတော့ စိတ်မိစ္ဆာတွေပဲ ဖြစ်ရမယ်။"

တီနာသည် ရွှယ်ကျန်ထျန်း အနီးသို့သွားကာ လက်ညှိုးနှင့် ထိလိုက်သည်။

"အင်း....... ခန္ဓာကိုယ်မှာ ဘာအားနည်းချက်မှ မရှိဘူး။ ကျန်းမာရေး အရမ်းကောင်းတယ်။"

အန်လင်း ခေါင်းညိတ်ပြလိုက်သည်။ ထိုသို့ဆိုလျှင် အဆင့်မတက်မီ စိတ်ရှုပ်ထွေးခြင်း သို့မဟုတ် စိတ်အခြေအနေ မကောင်းမွန်ခြင်း တစ်ခုခုသာ ဖြစ်မည်။

ထိုသည်မှာ တာအိုနှလုံးသားအား ယိမ်းယိုင်စေခြင်းနှင့် စိတ်မိစ္ဆာများ ဖြစ်တည်လာခြင်းတို့ပါ ဖြစ်လာစေနိုင်ပြီး မိုးကြိုးကပ်ဘေး ခံယူစဉ် အသက်အန္တရာယ်ပါ ရှိလာစေနိုင်သည်။

အန်လင်းသည် တစ်စုံတစ်ခု ကူညီပေးနိုင်ရန် မဖြစ်မနေ ဝင်ပါရတော့မည်ဟု ခံစားလိုက်ရသည်။

သူဒူးထောက်ကာ ရွှယ်ကျန်ထျန်းအား ညင်သာစွာ ပြောလိုက်သည်။

"ထျန်းလေး......... မင်းတစ်ခုခု ဖြစ်နေတာလား။"

ရွှယ်ကျန်ထျန်း ခေါင်းခါပြလာသည်။

"သခင်......... ငါတကယ် စကားမပြောချင်သေးဘူး။ အေးအေးဆေးဆေး တိတ်တိတ်ဆိတ်ဆိတ်ပဲ နေချင်တယ်။"

အန်လင်း ရင်နာသွားရသည်။

"မင်းက ကရားရေလွှတ် စကားပြောတတ်တဲ့သူလေ။ အခုကြမှ ဘယ်လိုဖြစ်ရတာလဲ။"

ရွှယ်ကျန်ထျန်း : ".............."

သားရဲများအားလုံး : "............."

ဘာလဲဟ........ သူက ရွှယ်ကျန်ထျန်း အဆင့်တက်အောင် ကူညီပေးရမှာမလား....... ဘာလို့ တခြားဟာတွေ လျှောက်မေးနေတာလဲ........

"ဟူး........"

ရွှယ်ကျန်ထျန်း ကောင်းကင်အားကြည့်ကာ သက်ပြင်းချလိုက်သည်။

"သခင် ပြန်သင့်ပြီ။ ကျွန်တော့် ပြဿနာတွေကို သခင် ဘာမှမတတ်နိုင်ပါဘူး။"

အန်လင်း စကားဆိုလိုက်သည်။

"ထျန်းလေး စကားပြောချင်ပြီလား။"

ရွှယ်ကျန်ထျန်း မေးမြန်းလိုက်သည်။

"သခင် ဒီမှာနေမလို့လား။"

"မင်းဘေးမှာနေပြီး အဆင့်တက်တာ စောင့်ကြည့်ပေးရမှာပေါ့။"

အန်လင်း လေးလေးနက်နက် တုံ့ပြန်လာသည်။

ရွှယ်ကျန်ထျန်းမှာ ထိုစကားကြောင့် ရင်ဖွင့်ရန် ဆုံးဖြတ်လိုက်သည်။

"ကောင်းပြီလေ သခင်........ အဲ့ဒါဆိုလည်း ကျွန်တော် ဖြစ်နေတာတွေ ပြောပြပါ့မယ်။"

အန်လင်း ခေါင်းညိတ်ကာ ကြင်နာစွာ ပြောလိုက်သည်။

"ဘာမဆို ပြောပြလို့ ရပါတယ်။ မင်းပြဿနာတွေကို ဖြေရှင်းပေးမှာပေါ့။"

ရွှယ်ကျန်ထျန်း တွေဝေစွာ စကားဆိုလာသည်။

"ဟင်းလင်းပြင်သို့အပြန် အဆင့်တက်ဖို့အတွက် ရွှေရောင်ဟာလာပြင်လျှပ်စီးကပ်ဘေး လိုတယ်လေ။"

အားလုံး ခေါင်းညိတ်ပြလိုက်သည်။

"အဲ့ဒါနဲ့ ပက်သတ်ပြီး ပြဿနာ ရှိနေတာ။"

ရွှယ်ကျန်ထျန်း ဒေါသတကြီး ကောင်းကင်အား ကြည့်ရှုလိုက်သည်။

"မိုးကြိုးကပ်ဘေး ခံယူရင် ဘာလို့ ကောင်းကင်က တိုက်ခိုက်တာကို ငြိမ်ခံနေရတာလဲ။"

"ကောင်းကင်က ငါ့ကိုဆော်လို့ရပြီး ငါကဘာလို့ ပြန်သမခွင့် မရှိတာလဲ။"

"ဘာလို့လဲ။"

"ဒါကို လက်မခံနိုင်ဘူး။ အဲ့ဒါက သေချာပေါက် အရှက်တကွဲ အကျိုးနည်းဖြစ်ရပ်ပဲ။"

ရွှယ်ကျန်ထျန်း မျက်ရည်များပါ ဝဲလာသည်။

အန်လင်း : "............"

သားရဲများအားလုံး : ".................”

All Chapters