← Chapters

ပိုက်ဆံရှာနည်း

Vol. 65 Ch. 910

ပိုက်ဆံရှာနည်း

Vol. 65 Ch. 910

ကောင်းကင်နတ်မိမယ် ထျန်းရှို့သည် အန်လင်းအား ညီလာခံနန်းဆောင်သို့ ဦးဆောင်ခေါ်သွားသည်။

ညီလာခံနန်းဆောင်သည် တန်ဖိုးကြီး ပစ္စည်းများနှင့် တောက်ပြောင်နေသော နေရာတစ်ခု မဟုတ်ပဲ သစ်သားများနှင့် ဆောက်လုပ်ပုံဖော်ထားသော ရိုးရှင်သည့် နေရာတစ်ခုသာ ဖြစ်သည်။

လင်ကျွင်းကျွင်းကိုယ်တိုင် ဖန်တီးထားသော အနုပညာ လက်ရာအချို့လည်းရှိပြီး ညီလာခံနန်းဆောင်တွင် မျက်စိပဒါသ အရှိဆုံး အရာများဟု ဆိုနိုင်သည်။

ကောင်းကင်အရှင်သခင်သည် နန်းတွင်းအဝတ်အစားများနှင့် မဟုတ်ပဲ အဖြူရောင် ဝတ်စုံအား အနက်ရောင် ခါးစည်းကြိုးဖြင့် ယှဥ်တွဲဝတ်ဆင်ကာ ခေါက်ယပ်တောင် တစ်ခုကိုလည်း ကိုင်ဆောင်ထားသည်။

အန်လင်းသည် ကောင်းကင်အရှင်သခင်နှင့် အကြိမ်ရေ အနည်းငယ် တွေ့ဆုံဖူးပါသော်လည်း စိတ်လှုပ်ရှားနေဆဲပင်။

အဘယ့်ကြောင့်ဆိုသော် ကောင်းကင်အရှင်သခင်၏ ရင်နင့်သည်းချာ သမီးတော် ခုနစ်ပါး သို့မဟုတ် လူသားဝက်စုဗူး ခုနစ်ယောက်ထံမှ ငွေများရိတ်ရသည်ကို အားနာမိသောကြောင့် ဖြစ်သည်။

အံ့အားသင့်စရာ ကောင်းစွာပင် ကောင်းကင်အရှင်သခင်မှာ အတော်လေး ဖော်ရွေနေသောကြောင့် အန်လင်း စိတ်အေးသွားရသည်။

အန်လင်းသည် မှတ်တမ်းတင်သော သလင်းကျောက်အားထုတ်ကာ ကောင်းကင်အရှင်သခင်ထံ ပေးလိုက်သည်။ ကောင်းကင်အရှင်သခင်မှာ ထိုသည်ကို ကြည့်နေရင်း မျက်ဝန်းများ တောက်ပလာသည်။

"အန်လင်း မင်းရဲ့ လျှပ်စီးခြယ်လှယ်နည်းစနစ်က မိုးကြိုးကပ်ဘေးကိုတောင် နှေးပစ်နိုင်တာလား။"

ကောင်းကင်အရှင်သခင် အံ့အားသင့်သွားသည်။

အန်လင်းသည် လျှိုချင်းဟွမ်၏ မိုးကြိုးကပ်ဘေးအား ကူညီပေးခဲ့ပါသော်လည်း ထိုစဥ်က လျှပ်စီး၏ လားရာကိုသာ ပြောင်းပေးခဲ့ခြင်း ဖြစ်သည်။ ယခုတွင်မူ မိုးကြိုးကပ်ဘေး၏ အမြန်နှုန်းအား လွယ်လင့်တကူ ထိန်းချုပ်နေလေသည်။

"ဟုတ်တယ်။ ကျွန်တော့်ဆီမှာ အဲ့အစွမ်းရှိတယ်။"

အန်လင်း ခေါင်းညိတ်ပြလိုက်သည်။

"ကောင်းလိုက်တာ။ မင်းက ကံကောင်းစေမယ့် ကြယ်တစ်စင်းပဲ။"

ကောင်းကင်အရှင်သခင် ရယ်မောကာ ပြောလိုက်သည်။

ပြင်းထန်လှသော စွမ်းအင်သည် ခန္ဓာကိုယ်ထဲ ဝုန်းဒိုင်းကြဲ ဝင်ရောက်လာပါက ကျင့်ကြံသူ တစ်ဦးအနေဖြင့် ရင်ဆိုင်ရန် ခက်ခဲလောက်ပါသော်လည်း အရှိန်တစ်ခု အနေဖြင့်သာ စီးဝင်လာပါက ဖြည်းညင်းစွာ ချေဖျက်ပစ်နိုင်လိမ့်မည်။

အန်လင်း စကားဆိုလိုက်သည်။

"ဒါပေမယ့် တခြားကျင့်ကြံသူတွေရဲ့ မိုးကြိုးကပ်ဘေးကို ကူညီဖို့ ငွေကြေးပမာဏ တစ်ခုတော့ တောင်းခံရလိမ့်မယ်။"

ကောင်းကင်အရှင်သခင် ပြုံးကာခေါင်းညိတ်ပြလိုက်သည်။

"ကျိုးကြောင်းဆီလျော်မှု ရှိပါတယ်။ အလကား လုပ်ပေးဖို့လည်း မမျှော်လင့်ထားပါဘူး။"

အန်လင်းမှာ ပြောရဆိုရ လွယ်ကူနေသော ကောင်းကင်အရှင်သခင်ကြောင့် အနည်းငယ်ပင် အံ့အားသင့်နေမိသည်။

သူတွေဝေစွာပင် စကားဆက်လိုက်သည်။

"ထိုက်ချူကုန်းမြေ တစ်ခုလုံး ဒီအကြောင်းကို သိအောင်လို့ ကောင်းကင်ဘုံခုံရုံးက ကူညီပေးစေချင်တယ်။ လူတစ်ယောက်ကို စိတ်ဝိဥာဥ်ကျောက်တုံး တစ်သန်းကျမယ်။"

ကောင်းကင်အရှင်သခင် အသက်ရှူသံများ ပြင်းသွားရသည်။

တစ်ယောက်ကို စိတ်ဝိဥာဥ်ကျောက်တုံး တစ်သန်းလား......... နည်းနည်းနောနော ပမာဏ မဟုတ်ဘူးပဲ.......

"အဲ့လောက်ငွေမရှိတဲ့ စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတွေကရော ဘယ်လိုလုပ်မလဲ။"

ကောင်းကင်အရှင်သခင် မေးမြန်းလိုက်သည်။

ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူများထံတွင်ပင် စိတ်ဝိဥာဥ်ကျောက်တုံး တစ်သန်းရှိရန် မလွယ်ကူပေ။ စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများအတွက်ဆိုလျှင် ထိုငွေပမာဏမှာ အတော်ခက်ခဲပေလိမ့်မည်။

အန်လင်း ပုခုံးတွန့်ပြလိုက်သည်။

"သူတို့မှာ ပိုက်ဆံမရှိရင် ရှိလာအောင်စုပေါ့။ ကျင့်ကြံသူ အများစု ငွေမရှိကြတာက အသုံးအဖြုန်း ကြီးတာကို မထိန်းနိုင်လို့လေ။ ဆေးလုံးတွေ၊ အင်မော်တယ်သစ်သီးတွေ၊ လက်နက်တွေ မြင်မြင်သမျှ လိုက်ဝယ်နေတာကိုး။ စုဆောင်းထားမယ်ဆိုရင် သိုလှောင်လက်စွပ်ထဲမှာ စိတ်ဝိဥာဥ်ကျောက်တုံးအပြည့် ဖြစ်နေမှာပဲ။ လျှောက်ဖြုန်းနေလို့သာ လက်ထဲငွေမရှိတာပေါ့။"

"စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်က တကယ်စိတ်ပိုင်းဖြတ်ပြီး ပိုက်ဆံစုရင် စိတ်ဝိဥာဥ်ကျောက်တုံး တစ်သန်းက မဖြစ်နိုင်တဲ့ ပမာဏ မဟုတ်ပါဘူး။ အဲ့လောက်တောင် မစုနိုင်ရင်လည်း ငွေချေးလို့ ရပါသေးတယ်။ ငွေဆိုတာ ဘယ်အချိန်ရှာရှာ ရနေတာပဲ။ အသက်ကတော့ တစ်ချောင်းပဲ ပါတာလေ........ ဟုတ်တယ်မလား။"

ကောင်းကင်အရှင်သခင်မှာလည်း ထိုအချက်အား သဘောတူသလိုလို ခံစားမိလာသည်။

"မင်းကူညီပေးရင် အောင်မြင်နိုင်ခြေကိုရော ဘယ်လောက်အာမခံပေးမှာလဲ။"

ကောင်းကင်အရှင်သခင် မေးမြန်းလိုက်သည်။

"မှတ်တမ်းတင်တဲ့ သလင်းကျောက်မှာ မြင်ရတဲ့အတိုင်း မိုးကြိုးကပ်ဘေး အရှိန်ကို ကျွန်တော် နှေးပစ်ပေးနိုင်တယ်။ ကျင့်ကြံသူတွေ ခံနိုင်ရည် ရှိမရှိကတော့ သူတို့ပေါ်ပဲ မူတည်လိမ့်မယ်။"

အန်လင်း ပြုံးကာပြောလာသည်။

ကောင်းကင်အရှင်သခင် ခေတ္တမျှ ငြိမ်သက်သွားကာ ခေါင်းခါပြလိုက်သည်။

"ဒီလောက်နဲ့ မရသေးဘူး။ ကောင်းကင်ဘုံခုံရုံးက ကြော်ညာပေးရင်တောင် ကျင့်ကြံသူတွေက စိတ်ဝင်စားဦးမှာ မဟုတ်ဘူး။ လုပ်မယ်ဆိုရင် အကောင်းဆုံး လုပ်မှဖြစ်မယ်။ ကျင့်ကြံသူတွေက မင်းကိုယုံကြည်လာအောင် လုပ်လို့ရမယ့်နည်း မရှိဘူးလား။"

အန်လင်း မေးဖျားကိုပွတ်ကာ စဥ်းစားလိုက်သည်။

"ကိစ္စမရှိပါဘူး။ စျေးနှုန်းကို စိတ်ဝိဥာဥ်ကျောက်တုံး တစ်သန်းခွဲထိ မြှင့်လိုက်မယ်လေ။"

"ဟမ်....... ဘယ်လိုဖြေရှင်းနည်းကြီးလဲ။"

ကောင်းကင်အရှင်သခင် မျက်လုံးပြူးသွားသည်။

"ကျွန်တော် စကားဆုံးအောင် ပြောပါရစေဦး။"

အန်လင်း လက်ကာပြကာ ဆက်ပြောလိုက်သည်။

"မိုးကြိုးကပ်ဘေး အောင်မြင်နိုင်ခြေကို အာမခံ ပေးလိုက်မယ်လေ။ တကယ်လို့ ကျရှုံးသွားခဲ့ရင် စိတ်ဝိဥာဥ်ကျောက်တုံး တစ်သန်းခွဲလုံး ပြန်အမ်းပေးလိုက်မယ်။ အဲ့လိုဆိုရင်ရော ဘယ်လိုသဘောရလဲ။"

ကောင်းကင်အရှင်သခင် သဘောပေါက်သွားကာ ခေါက်ယပ်တောင်ဖြင့် လက်ဝါးအား ရိုက်လိုက်သည်။

"တကယ်ကောင်းတဲ့ အကြံပဲ။"

ကောင်းကင်နတ်မိမယ် ထျန်းရှို့ နားမလည်နိုင် ဖြစ်နေသည်။

"စျေးမြှင့်လိုက်ရင် အန်လင်းရဲ့ နည်းလမ်းကို စိတ်ဝင်စားတဲ့သူ ပိုနည်းသွားမှာ မဟုတ်ဘူးလား။ ပြီးတော့ မိုးကြိုးကပ်ဘေး မအောင်မြင်ရင်လည်း စိတ်ဝိဥာဥ်ကျောက်တုံး တစ်သန်းခွဲလုံး ပြန်အမ်းရမှာဆိုတော့ဘယ်လိုပဲကြည့်ကြည့် အန်လင်းဘက်က နစ်နာမနေဘူးလား။"

ကောင်းကင်အရှင်သခင် ခပ်ဖွဖွ ပြုံးမိသည်။

"အဖေ ရှင်းပြမယ်။ အန်လင်းက စျေးတင်လိုက်တယ်ဆိုတာ မိုးကြိုးကပ်ဘေး အောင်မြင်နိုင်ခြေကို အာမခံပေးရမှာမို့လို့ပဲ။"

"မိုးကြိုးကပ်ဘေး ကျရှုံးရင်လည်း ငွေပြန်ပေးမယ်ဆိုတော့ ယုံကြည်ချင်စရာ ပိုကောင်းသွားတယ်လေ။ ဒါပေမယ့် သူ့အစွမ်းရော၊ အောင်မြင်နိုင်ခြေရောက ထူးထူးခြားခြား ပိုကောင်းသွားမှာတော့ မဟုတ်ဘူး။"

"ဘယ်လိုနေနေ အန်လင်းဘက်က အရှုံးကြီးပဲလို့ တွေးနေမယ့်အစား ဒီလိုစဥ်းစားကြည့်........ ငွေပြန်အမ်းမယ် ဆိုတာနဲ့တင် ကျင့်ကြံသူတွေ တေယ်တော်များများ စိတ်ဝင်စားကြမှာ။ အဲ့ဒါနဲ့တင် မိုးကြိုးကပ်ဘေး အောင်မြင်မယ့် သူတွေဆီကနေ ငွေတွေအများကြီးရမှာ။ ငွေပြန်အမ်းမယ်လို့သာ မပြောထားရင် တော်ရုံတန်ရုံ ဘယ်သူက စိတ်ဝင်စားပါ့မလဲ။"

ကောင်းကင်အရှင်သခင်၏ ရှင်းပြချက်ကြောင့် ကောင်းကင်နတ်မိမယ် ထျန်းရှို့ နားလည်သွားသည်။

ထိုသည်မှာ စိတ်ပိုင်းဆိုင်ရာ လှည့်ဖြားမှုတစ်ခုပင်။

ငွေပြန်အမ်းမယ်လို့ အာမခံလိုက်ရုံနဲ့ ပိုပြီးယုံကြည်ချင်စရာ ဖြစ်သွားတာလား.............

စင်စစ်တွင်မူ အန်လင်း၏ အစွမ်းမတိုးလာသလို အောင်မြင်နိုင်ခြေလည်း တိုးမလာပေ။ သို့သော် လူပေါင်းများစွာ၏ မိုးကြိုးကပ်ဘေး အောင်မြင်မှုများထံမှ ငွေများစွာ လက်ခံနိုင်ဦးမည် ဖြစ်သည်။

ထိုနည်းဖြင့် စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများစွာအား ဆွဲဆောင်နိုင်ပေလိမ့်မည်။ အောင်မြင်နိုင်ခြေ ငါးဆယ်ရာခိုင်နှုန်းသာ ရှိလျှင်ပင် လူပေါင်းများစွာအား ဆွဲဆောင်နိုင်သောကြောင့် ဝင်ငွေပမာဏ များစွာရရှိမည်ပင်။

ထိုသည်မှာ ကောင်းမွန်လွန်းသော နည်းလမ်းဟု ဆိုနိုင်သည်။

ကောင်းကင်နတ်မိမယ် ထျန်းရှို့မှာ တောက်ပနေသော မျက်ဝန်းများကိုဖြင့် အန်လင်းအား ကြည့်ရှုလိုက်သည်။

"သခင်လေးအန်လင်းက အရမ်းတော်တာပဲ။"

အန်လင်း ခပ်ဖွဖွ ပြုံးလိုက်သည်။

"ဟုတ်တယ်လေ။"

"အန်လင်း မင်းကတကယ် ရိုးသားတာပဲ။"

ကောင်းကင်အရှင်သခင် ရယ်မောလိုက်သည်။

"အခု ကောင်းကင်ဘုံခုံရုံးရဲ့ ဝေစုအကြောင်း ဆွေးနွေးကြတာပေါ့။ အများကြီး မတောင်းပါဘူး။ မင်းဝင်ငွေရဲ့ ဆယ်ရာခိုင်နှုန်းလောက်ဆို ရပါပြီ။"

အန်လင်း မျက်လုံးပြူးသွားရသည်။

"ခင်ဗျားတို့ကရော ငွေလိုချင်တာလား။"

ဒါက တစ်ကမ္ဘာလုံးကို ကောင်းကျိုးရှိစေတဲ့ဟာပဲ မဟုဆ်ဘူးလား......... ကောင်းကင်အရှင်သခင်က လောကကြီးကို ကယ်တင်ရမယ့်သူလေ....... အဲ့ဒါကြောင့် ယူရမယ့်အစား ပေးနေသင့်တာမလား..........

"ဟားဟား.............."

ကောင်းကင်အရှင်သခင် ပေါ့ပေါ့ပါးပါး ရယ်မောလာသည်။

"ငါပြောခဲ့တာ မင်းမမှတ်မိဘူးလား။ ဘာမှမပေးပဲနဲ့ လူတွေဆီက တစ်ခုခုရဖို့ မျှော်လင့်နေလို့ မရဘူးလေ။ အဲ့ဒါကို ကျိုးကြောင်းဆီလျော်မှု ရှိတယ်ဆိုပြီး မင်းကိုယ်တိုင် ထောက်ခံခဲ့တာမလား။"

အန်လင်း မျက်နှာပျက်သွားသည်။

ယီးတဲ့မှ.......... ဒီမြေခွေးအိုကြီး အရမ်းသဘောကောင်းနေတာ မထူးဆန်းတော့ပါဘူး......... သေချာပေါက် ထောင်ချောက်ကြီးပဲကို.......

"ကောင်းကင်ဘုံခုံရုံးက မင်းရဲ့ ဝန်ဆောင်မှုကို ကြော်ညာပေးမှာပါ။ အဲ့ဒါက ကောင်းကင်ဘုံခုံရုံးရဲ့ လုပ်အားရော၊ အချိန်နဲ့ ပိုက်ဆံပါ အများကြီး လိုမှာလေ။ အဲ့ဒါကြောင့် ငွေလေးနည်းနည်းပါးပါး တောင်းတာတော့ မလွန်ဘူးမလား။"

ကောင်းကင်အရှင်သခင်သည် လေးစားစရာကောင်းသော သက်လတ်ပိုင်းအရွယ် အမျိုးသား တစ်ဦးအလား စကားဆိုလိုက်သည်။

အန်လင်းမှာ ရင်နာနေပါသော်လည်း ငြင်းဆန်ရန် နည်းလမ်းမရှိပေ။

"ကောင်းပြီလေ။ သဘောတူတယ်။"

အန်လင်း အံကြိတ်ကာ သဘောတူလိုက်သည်။

ကောင်းကင်ဘုံခုံရုံးနှင့် ပူးပေါင်းလိုက်ခြင်းအားဖြင့် နှစ်ဦးနှစ်ဖက် အကျိုးရှိစေသလို သူ့အတွက်လည်း ပိုမိုလုံခြုံမှု ရှိစေသည်။

"ဟားဟား........ မင်းက တကယ်ပွင့်လင်း ရိုးသားတာပဲ။ အန်လင်း ကျန်တာအားလုံး ငါစီစဥ်လိုက်မယ်။ မင်းက ပိုက်ဆံထိုင်ယူဖို့သာ စောင့်နေလိုက်တော့။"

ကောင်းကင်အရှင်သခင် ပျော်ရွှင်သွားသည်။

အန်လင်း စိတ်ထဲမှ ကျိန်ဆဲမိသည်။ သူသည် မိုးကြိုးကပ်ဘေးအတွက် စွမ်းအင်များ သုံးစွဲရမည့်သူဖြစ်ကာ သတင်းဖြန့်ရသော အလုပ်သည် များစွာလွယ်ကူ၏။ ဂုဏ်သတင်းတစ်ခု ရှိသွားပါက ဆက်လက်ကြော်ညာပေးနေရန်ပင် မလိုအပ်တော့ပေ။

ကောင်းကင်ဘုံခုံရုံးအနေဖြင့် ရာခိုင်နှုန်းဖြင့် ရရှိလာမည့်ငွေအား ထိုင်စောင့်နေရုံသာ။

All Chapters