မိုးကြိုးကပ်ဘေးအရှင်သခင်
Vol. 65 Ch. 912
စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူ နှစ်ဆယ့်ခြောက်ဦးသည် ချင်ကျစ်အား လေးစားဖွယ် သူရဲကောင်းတစ်ဦးလို လိုက်လံကြည့်ရှုနေကြသည်။
"ဒကာလေးအန်လင်း........ဘာလို့ ကိုယ်တော့်ကို အားလုံးက ကြည့်နေကြတာလဲ။"
ချင်ကျစ်မှာ ၎င်းတို့အားကြည့်ကာ နားမလည်နိုင် ဖြစ်သွားရသည်။
"မနာလိုလို့ ဖြစ်မှာပေါ့။"
အန်လင်း တုံ့ပြန်လိုက်သည်။
"ကိုယ်တော့်ကို ခွင့်လွှတ်ကြပါ။"
ချင်ကျစ် အားနာသွားမိသည်။
မကြာမီပင် ချင်ကျစ်သည် ကောင်းကင်ဘုံအား ဆန့်ကျင်သော တာအိုကွင်းပြင် အလယ်သို့ ရောက်ရှိလာသည်။
သူထိုင်ချလိုက်သည်နှင့် ပတ်ဝန်းကျင်တွင် သက်ရှိစွမ်းအင်များ အားကောင်းလာလေသည်။
အန်လင်း အံ့အားသင့်သွားရသည်။
၎င်းသည် အဆင့်တက်ရန်အတွက် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေခဲ့ပုံပင်။ ထို့ကြောင့် ထိုင်ချလိုက်သည်နှင့် တပြိုင်နက် အဆင့်တက်သွားခြင်း ဖြစ်သည်။
ကောင်းကင်ထက်တွင် တိမ်တိုက်မည်းများနှင့် ရွှေရောင်ဟာလာပြင်လျှပ်စီးတို့ စုဝေးလာသည်။
ဝုန်း...........
ရွှေရောင်ဟာလာပြင်လျှပ်စီးများသည် ကောင်းကင်ထက်မှ ကျဆင်းကာ ချင်ကျစ်၏ ကတုံးအား ထိမှန်သွားကြသည်။
ချင်ကျစ်သည် လက်အုပ်ချီထားပြီး ရွှေရောင်အလင်းများမှ ကာရံပေးထားသောကြောင့် ရွှေရောင်ဟာလာပြင်လျှပ်စီးအား ခြစ်ရာပင် မထင်ပဲ ခံနိုင်ရည် ရှိခဲ့သည်။
စောင့်ကြည့်နေသူများအားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားလေသည်။
ကောင်းလိုက်တဲ့ ခံနိုင်ရည်အား..........
တစ်ဖက်တွင်မူ အန်လင်းမှာ မျက်မှောင်ကျုံ့မိလိုက်သည်။ ကျင့်ကြံသူ၏ စွမ်းအားကောင်းလေ မိုးကြိုးကပ်ဘေး ပြင်းထန်လေပင် ဖြစ်သည်။ ထို့ကြောင့်ပင် များပြားလှသော ပါရမီရှင်များမှာ မိုးကြိုးကပ်ဘေး ခံယူစဥ်အတွင်း ကျရှုံးသွားကြရခြင်းပင်။
ရွှေရောင်ဟာလာပြင်လျှပ်စီးများ အဆက်မပြတ် ကျဆင်းလာနေသလို ချင်ကျစ်၏ အကာအကွယ်မှာလည်း စတင်ကွဲအက်လာလေပြီ။ မိုးကြိုးကပ်ဘေး ခုနစ်ဆယ့်ရှစ်ချက်မြောက်တွင် ထိုအကာအရံမှာ အလုံးစုံ ပျက်စီးသွားတော့သည်။
ခုနစ်ဆယ့်ကိုးခုမြောက် မိုးကြိုးကပ်ဘေး အပြီးတွင် ချင်ကျစ်၏ ကတုံးမှာ မည်းတူးသွားလေသည်။
စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများမှာ ချင်ကျစ်အား စိတ်မသက်မသာနှင့် ကြည့်ရှုနေကြသည်။ မိုးကြိုးကပ်ဘေး နှစ်ချက် ကျန်သေးပါသော်လည်း ချင်ကျစ်မှာ အကန့်အသတ်သို့ ရောက်နေပြီ ဖြစ်သည်။
ထိုအချိန်တွင်ပင် အချက်ရှစ်ဆယ်မြောက် မိုးကြိုးကပ်ဘေးမှာ ကောင်းကင်ထက်မှ ကျဆင်းလာသည်။
ရွှေရောင်ဟာလာပြင်လျှပ်စီးသည် ကောင်းကင်ဓားတစ်လက်အလား ပတ်ဝန်းကျင်အား တောက်ပစေလျက် ဖြည်းညင်းစွာ သက်ဆင်းလာသည်။
နေပါဦး....... ဖြည်းဖြည်းလေးပါလား........
စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများအားလုံး မျက်လုံးပြူးသွားရသည်။
ထို့နောက် အန်လင်းအား ကြည့်ရှုလိုက်သောအခါ သူ၏လက်ချောင်းများတွင်လည်း လျှပ်စီးများ ယှက်ပြေးနေပြီး ကျဆင်းလာနေသော ရွှေရောင်ဟာလာပြင်လျှပ်စီးအား လေးလေးနက်နက် ကြည့်ရှုနေသည်ကို တွေ့လိုက်ရသည်။
"ဘုရားရေ........ အန်လင်းက မိုးကြိုးကပ်ဘေးကို တကယ်ကြီး ထိန်းချုပ်နိုင်တာလား။"
"ငါ့မျက်စိနဲ့သာ မမြင်ရရင် ဒီလောက်ထူးခြားတဲ့သူ ရှိတယ်ဆိုတာကို ယုံနိုင်မှာ မဟုတ်ဘူး။"
"မိုးကြိုးကပ်ဘေးကိုတောင် ခြယ်လှယ်နိုင်တယ်ဆိုတော့ ဘာပြောရမလဲတောင် မသိတော့ဘူး။"
စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများမှာ စိတ်ပိုင်းဆိုင်ရာအရ ပြင်ဆင်ထားခဲ့ပါသော်လည်း ကိုယ်တိုင်ကိုယ်ကျ မြင်လိုက်ရသောအခါ အံ့သြဘနန်း ဖြစ်မိကြသည်။
ချင်ကျစ်မှာလည်း ကျေးဇူးတင်သော မျက်ဝန်းများဖြင့် အန်လင်းအား လှမ်းကြည့်လာသည်။
မိုးကြိုးကပ်ဘေးမှာ နှေးကွေးစွာဖြင့် ချင်ကျစ်ထံ ရောက်ရှိလာသည်။
ချင်ကျစ်သည် မန္တာန်များ ရွတ်ဆိုကာ ခုခံရေးနည်းလမ်းများ အသုံးပြုလိုက်သောကြောင့် သူ၏ပတ်ပတ်လည်မှာ ရေလှိုင်းများလို ဖြစ်သွားသည်။
စွမ်းအင်ပေါက်ကွဲမှုများနှင့်အတူ ချင်ကျစ်သည် အချက်ရှစ်ဆယ်မြောက် မိုးကြိုးကပ်ဘေးအား ခံနိုင်ရည် ရှိခဲ့သည်။
နောက်ဆုံးသော မိုးကြိုးကပ်ဘေး ကျဆင်းလာလေသည်။ မည်သို့ပင်ဆိုစေကာမူ အန်လင်း၏ လျှပ်စီးခြယ်လှယ်နည်းစနစ်ကြောင့် မိုးကြိုးသွားမှာ ခရုသွားနေသလိုသာ သက်ဆင်းလာသည်။
ဝုန်း........
ရွှေရောင်အလင်းများ ပေါက်ကွဲသွားတော့သည်။
ချင်ကျစ်မှာ အော်ကာဟစ်ကာနှင့်ပင် နောက်ဆုံး မိုးကြိုးကပ်ဘေးအား ကျော်ဖြတ်နိုင်ခဲ့သည်။ သူသည် အလွန်ပင် ပင်ပန်းနွမ်းနယ်နေပါသော်လည်း မျက်ဝန်းများမှာ စိတ်လှုပ်ရှားမှုကြောင့် တောက်ပနေသည်။ သူ၏အရှိန်အဝါမှာလည်း သိသိသာသာပင် ထိုးတက်လာလေသည်။ အဆင့်တက်ခြင်းမှာ အောင်မြင်သွားခဲ့ပြီ ဖြစ်သည်။
ကောင်းကင်ထက်မှ မိုးကြိုးတိမ်တိုက်များလည်း ပြန်လည်ပျောက်ကွယ်သွားသည်။
ကောင်းကင်ဘုံအား ဆန့်ကျင်သော တာအိုကွင်းပြင်ရှိ စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများမှာ ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူတစ်ဦး မွေးဖွားလာခြင်းအတွက်ရော၊ ၎င်းတို့ကိုယ်တိုင်အတွက်ပါ အောင်ပွဲခံလိုက်ကြသည်။
အန်လင်း၏ နည်းလမ်းအား မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ရပြီးနောက် ၎င်းတို့သည်လည်း မိုးကြိုးကပ်ဘေး ခံယူရန် သေချာသွားကြလေပြီ။
ချင်ကျစ်သည် အင်မော်တယ်ဆေးလုံး တစ်လုံး သောက်သုံးလိုက်ပြီးနောက် အန်လင်းထံလာကာ အရိုအသေ ပေးလိုက်သည်။
"ကျေးဇူးတင်ပါတယ် ဒကာလေးအန်လင်း....... ဒကာလေးသာ မရှိရင် ဒီကိုယ်တော်က မိုးကြိုးကပ်ဘေးမှာ အသက်ဆုံးရှုံးရမှာပါ။"
အန်လင်း လက်ခါပြကာ ပြုံးလိုက်သည်။
"ကျေးဇူးတင်စရာ မလိုပါဘူး။ ကိုယ်တော့်ရဲ့ ခန္ဓာကိုယ်က တော်တော်လေး ခံနိုင်ရည်အား ကောင်းပါတယ်။ ကျွန်တော်လည်း လုပ်သင့်လုပ်ထိုက်တာ လုပ်ပေးလိုက်တာပါ။"
၎င်းတို့ စကားစမြည် ပြောဆိုနေစဥ်တွင် အခြားသော စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများမှာ ဟန်ပင်မဆောင်နိုင်တော့ပဲ အန်လင်းအား ပိုက်ဆံပေးရန် အကြိတ်အနယ် ဖြစ်နေကြသည်။
အန်လင်းသည် ထိုငွေများအား ပျော်ပျော်ကြီး လက်ခံလိုက်သည်။
ဆယ်ကီလိုမီတာ အကွာအဝေး၌........
ကောင်းကင်အရှင်သခင်မှာ ထိုမြင်ကွင်းအား ပြုံးကာကြည့်နေသည်။
"အန်လင်းက စိတ်မပျက်စေဘူးပဲ။ သူ့ရဲ့ လျှပ်စီးခြယ်လှယ်နည်းစနစ်က ကောင်းကင်နဲ့ရော မြေပြင်နဲ့ပါ ပေါင်းစပ်နေတာပဲ။ သူ့လိုထူးခြားတဲ့ ကျင့်ကြံသူကပဲ ဒါမျိုးကို လုပ်နိုင်မှာ။"
ကောင်းကင်နတ်မိမယ် ထျန်းရှို့မှာမူ အဖြူရောင်ဝတ်စုံနှင့် လူငယ်လေးအားကြည့်ကာ တအံ့တသြ ဖြစ်နေမိဆဲပင်။
ကောင်းကင်ဘုံမှ ဆင်းသက်လာသော မိုးကြိုးကပ်ဘေးအား ကျင့်ကြံသူ တစ်ဦးမှ ထိန်းချုပ်နိုင်ခြင်းမှာ မယုံကြည်နိုင်စရာ ကောင်းလွန်းလှသည်။
အန်လင်းသည် အချိန်အနည်းငယ် အနားယူပြီးနောက် အခြားသော စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦးအား မိုးကြိုးကပ်ဘေး ခံယူရန် ကူညီပေးလိုက်သည်။
တန်းစီခိုင်းထားခြင်း မရှိပဲ မျက်စိကျသူကို ရွေးချယ်ခြင်း ဖြစ်သည်။
ထိုသို့ဖြင့် လှပလွန်းသော မြွေဝိဥာဥ်ကလန်မှ ကျင့်ကြံသူမှာ မိုးကြိုးကပ်ဘေး အောင်မြင်သွားလေသည်။
သူမသည် ပျော်လွန်းသောကြောင့် အန်လင်းအား တင်းကြပ်စွာ ဖက်ထားလိုက်သည်။ ရင်သားကြီးသူများနှင့် ပွေ့ဖက်ရသည်မှာ စိတ်ကျေနပ်စရာ ကောင်းပါသော်လည်း အန်လင်းမှာ သူမ၏ အနမ်းကိုမူ လက်မခံဖြစ်ခဲ့ပေ။
"ဟမ့်......... မင်းက မြူဆွယ်နေတာလား။ ငါ့လို ရုပ်လည်းချော၊ အနာဂတ်လည်း ကောင်းတဲ့သူကို လိုချင်တယ်ပေါ့။ ဆုတောင်းလေ။"
အန်လင်း မာန်မဲလိုက်သည်။
ထိုမြွေဝိဥာဥ်ကလန်မှ ကျင့်ကြံသူ၏ ရည်ရွယ်ချက်မှာ မရိုးရှင်းကြောင်း သူသိရှိနေသည်။
သူမသည် သူ၏ပါရမီ၊ ရုပ်ရည်၊ ငွေကြေးချမ်းသာမှုတို့ကြောင့်သာ စိတ်ဝင်စားနေခြင်း ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ သူ၏စိတ်နှလုံးအား ချစ်မြတ်နိုးခြင်း မဟုတ်သောကြောင့် သူ့အနေဖြင့် လက်ခံစရာ မရှိပေ။
ဟူး.......... ပြီးပြည့်စုံနေတော့လည်း နောက်ကလိုက်မယ့်သူ များလိုက်တာ........
သူခေတ္တမျှ အနားယူလိုက်သည်။ ထိုသည်မှာ အန်ကီရင်အတွက်လည်း ဖြစ်သည်။ သူကိုယ်တိုင်လည်း တစ်နေကုန် ကောင်းကင်အား လက်ညှိုးထိုးနေလျှင် လက်ပုပ်သွားလောက်ပေသည်။
အန်လင်းမှာ တစ်နာရီခန့် အနားယူပြီးနောက် တတိယမြောက် စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူအား ခေါ်လိုက်သည်။
ထိုသည်မှာ ဖန်ဆင်းခြင်းခန်းမမှ သစ်ပင်ဝိဥာဥ်တစ်ကောင်ပင်။
သို့သော် ၎င်းသည် အလွန်ညံ့ဖျင်းသူဖြစ်ပြီး အန်လင်း၏ အကူအညီနှင့်ပင် ခုနစ်ဆယ့်ကိုးခုမြောက် မိုးကြိုးကပ်ဘေးအရောက်တွင် သေသွားခဲ့ရသည်။
ထိုသစ်ပင်ဝိဥာဥ်နှင့် လိုက်ပါလာသော မိတ်ဆွေသူငယ်ချင်းများမှာ ရင်ထုမနာ ဖြစ်ကုန်ကြသည်။
အန်လင်းမှာလည်း ဝမ်းနည်းပက်လက်နှင့် စိတ်ဝိဥာဥ်ကျောက်တုံး တစ်သန်းခွဲအား ပြန်လွှဲပေးလိုက်ရသည်။
လူဆိုသည်မှာ ပြောစကား တည်သင့်သောကြောင့် သူ့ထံတွင် အခြားရွေးချယ်စရာ မရှိပေ။
စိတ်ဝိဥာဥ်ကျောက်တုံးများ ပြန်လည်ရရှိပြီးနောက် ၎င်းတို့မှာ ဆက်လက်ငိုကြွေးနေပါသော်လည်း အန်လင်းအား အပြစ်မဆိုကြပေ။ သစ်ပင်ဝိဥာဥ်သည် အားနည်းလွန်းနေခြင်းသာဖြစ်ပြီး မိုးကြိုးကပ်ဘေးအား ကျော်ဖြတ်နိုင်ရန် ကူညီပေးမည့်သူအား ၎င်းတို့အနေဖြင့် အပြစ်မတင်သင့်ပေ။
ထို့နောက် အခြားသူများသည်လည်း မိုးကြိုးကပ်ဘေး ဆက်လက်ခံယူကြသည်။
သုံးရက်အတွင်း ချင်ကျစ် အပါအဝင် စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်းအဆင့်မှ ဟင်းလင်းပြင်သို့အပြန် အဆင့်သို့ တက်ရောက်သွားနိုင်သူပေါင်း ဆယ့်နှစ်ယောက်တိတိ ရှိလာခဲ့သည်။
ပုံမှန်အားဖြင့် ကျင့်ကြံသူ နှစ်ဆယ့်ခုနစ်ဦးတွင် နှစ်ဦးမျှ အောင်မြင်သွားလျှင်ပင် အတော်ကောင်းမွန်နေပြီ ဖြစ်သည်။ ယခုတွင်မူ အန်လင်း၏ အကူအညီကြောင့် အောင်မြင်နိုင်ခြေမှာ ခြောက်ဆမြင့်တက်သွားလေသည်။
ကောင်းကင်အရှင်သခင်သည်ပင် အံ့အားသင့်နေရသည်။
"လောကကြီးက ပြောင်းလဲသွားတော့မှာပဲ။"
ကောင်းကင်အရှင်သခင် တိုးညင်းစွာ ရေရွတ်လိုက်သည်။
ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူ ဆယ့်နှစ်ဦးလုံးသည် အန်လင်းအား ကျေးဇူးတင်လွန်းသောကြောင့် ညီအစ်ကိုအဖြစ် သတ်မှတ်လာကြသည်။ အန်လင်းမှာလည်း ထိုကဲ့သို့ ဆက်ဆံရေး တည်ဆောက်ရသည်ကို ဝမ်းသာမိပေသည်။
မကြာမီပင် စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူ နှစ်ဆယ့်ခုနစ်ဦးတွင် ဆယ့်နှစ်ဦး အဆင့်တက်သွားသော သတင်းမှာ ထိုက်ချူကုန်းမြေ တစ်ခုလုံးသို့ မုန်တိုင်းသဖွယ် ပျံ့နှံ့သွားတော့သည်။
တလောကလုံး ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
ယခင်က အန်လင်း၏ စွမ်းရည်နှင့် ပက်သတ်၍ တိကျသော ခန့်မှန်းချက်များ မရှိသောကြောင့် အချို့မှာ မယုံကြည်ရဲခဲ့ကြပေ။ ယခုတွင်မူ ကြောက်မက်ဖွယ် အောင်မြင်မှုနှုန်းကြောင့် စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများအားလုံး အန်လင်းအား လေးစားနေကြလေပြီ။
အန်လင်းသည် အမှန်တကယ်ပင် မိုးကြိုးကပ်ဘေးအား ထိန်းချုပ်နိုင်သည်။
ကျင့်ကြံသူများမှာ အန်လင်း၏ အမည်နာမအား အမှတ်ရကုန်သည်။ အချို့ဆိုလျှင် စိတ်ဝိဥာဥ်ပျိုးထောင်ခြင်း အဆင့်သာ ရှိသေးပါသော်လည်း ငွေစစုနေကြလေပြီ။ ထိုမှသာ စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်းအဆင့် အထွဋ်အထိပ်သို့ ရောက်သောအခါ အန်လင်း၏ အကူအညီအား ရယူနိုင်ပေလိမ့်မည်။
အသက်ရှင်နိုင်မည့် အခွင့်အရေး ရှိနေပါက မည်သူကမှ မသေချင်ကြပေ။
တစ်ချိန်တည်းမှာပင် အန်လင်းသည် မိုးကြိုးကပ်ဘေး အရှင်သခင်ဟူသော ဘွဲ့အမည်သစ်အား ရရှိသွားတော့သည်။
စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများအား မျှော်လင့်ချက်များ တောက်ပလာစေသူမှာ မိုးကြိုးကပ်ဘေး အရှင်သခင်ကြီး အန်လင်းပင် ဖြစ်တော့သည်။