← Chapters

အထီးကျန်သူ

Vol. 65 Ch. 913

အထီးကျန်သူ

Vol. 65 Ch. 913

အန်လင်းသည် သူ၏ဘွဲ့အမည်နှင့် ပက်သတ်၍ အံ့အားသင့်သွားမိသည်။

ယခုကဲ့သို့ လေးနက်သော ဘွဲ့ထူးဂုဏ်ထူးမျိုး ရရှိလာလိမ့်မည်ဟု တစ်ကြိမ်တစ်ခါမှ မမျှော်လင့်ထားပေ။

မိုးကြိုးကပ်ဘေး အရှင်သခင်တဲ့လား.......... မဆိုးပါဘူး..........

မည်သို့ပင်ဆိုစေကာမူ သူ့အနေဖြင့် ထူးထူးခြားခြား မခံစားရပေ။ သူ့ထံတွင် အမည်နာမများစွာ ရှိနေသောကြောင့် တစ်ခုမျှ ပိုတိုးလာခြင်းမှာ မခြားနားသွားပေ။ သူသည် ဓားအင်မော်တယ် အန်လင်းအဖြစ်သာ ဆက်လက်ခံယူနေဦးမည် ဖြစ်သည်။

အခြားသော ဘွဲ့နာမည်များအား သူအမှန်တကယ် စိတ်မဝင်စားပေ။

သူသည် သိုလှောင်လက်စွပ်အားပွတ်ကာ စိတ်ကျေနပ်စွာ ပြုံးလိုက်သည်။

စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူ ဆယ့်နှစ်ဦးအား မိုးကြိုးကပ်ဘေး ခံယူရန် ကူညီပေးခဲ့ပြီးနောက် စိတ်ဝိဥာဥ်ကျောက်တုံး ဆယ့်ရှစ်သန်း ရရှိခဲ့သည်။

တီနာထံမှ စိတ်ဝိဥာဥ်ကျောက်တုံး ဆယ်သန်းအပြင် စားတော်ဆက်မှ နှစ်လအတွင်း ရရှိထားသော ဝင်ငွေများကိုပါ ထည့်တွက်ပါက စုစုပေါင်း စိတ်ဝိဥာဥ်ကျောက်တုံး သန်းလေးဆယ် ရှိနေလေပြီ။

"တော်တော်များတဲ့ ငွေပမာဏပဲ။"

အန်လင်း ကောင်းကင်အားကြည့်ကာ သက်ပြင်းချလိုက်သည်။

အချိန်တိုအတွင်း ထိုမျှများပြားသော ငွေကြေးဥစ္စာကို ရှာဖွေနိုင်သူမှာ ထိုက်ချူကုန်းမြေ တစ်ခုလုံးတွင် သူတစ်ယောက်တည်းသာ ဖြစ်ပေလိမ့်မည်။

သို့သော် ယခုကဲ့သို့ ငွေရှာနည်းတွင်လည်း ပြဿနာ အနည်းငယ် ရှိသည်။ မိုးကြိုးကပ်ဘေး ခံယူမည့် စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများမှာလည်း မကုန်မခမ်းနိုင် ရှိနေခြင်း မဟုတ်ပေ။ အချို့သည် စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်းအဆင့်သို့ မနေ့တစ်နေ့ကမှ ရောက်ရှိလာပြီး အချို့မှာမူ အချိန်အတော်ကြာသည်အထိ အဆင့်မတက်ပဲ ရှိနေကြဦးမည် ဖြစ်သည်။ သူ၏စားတော်ဆက်သည်လည်း တစ်နေ့လျှင် စိတ်ဝိဥာဥ်ကျောက်တုံး နှစ်သိန်းခန့်တွင် ငြိမ်သက်နေသည်။

မည်သို့ပင်ဆိုစေကာမူ ဆယ်လအတွင်း စိတ်ဝိဥာဥ်ကျောက်တုံး သန်းတစ်ရာ ရှာဖွေရန်မှာ အိပ်မက်တစ်ခု မဟုတ်တော့ပေ။

ထိုသို့ဖြင့် ရက်အနည်းငယ်မျှ ထပ်မံကုန်လွန်သွားသည်။

ကျောင်းတော်အတွင်း အန်လင်း၏ အဆင့်အတန်းမှာလည်း ဆရာ၊ ဆရာမများထက်ပင် မြင့်နေလေပြီ။ သူသည် ကိုးပြည်ထောင်တွင်သာမက ထိုက်ချူကုန်းမြေ တစ်ခုလုံးတွင် ကျော်ကြားနေသော ဒိတ်ဒိတ်ကြဲတစ်ဦး ဖြစ်သည်။ ဆရာ၊ ဆရာမများရော၊ ကျောင်းသားကျောင်းသူများပါ ဘယ်နေရာသွားသွား အန်လင်းအကြောင်းများသာ ကြားနေကြရသည်။

ရက်အချို့ ကုန်လွန်သွားပြီးနောက်........

စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူ အမျိုးသမီးတစ်ဦး ရောက်ရှိလာသည်။

သူမ၏ တာအိုအမည်မှာ ကျွေ့ရှန်ခုံး ဖြစ်သည်။ သူမ၏ မျက်ခုံး၊ မျက်လုံးများသည် အလှပဆုံး ပန်းချီကားချပ်ထဲမှ ယူထားသလို ထင်မှတ်ရပြီး အသားအရေမှာလည်း နှင်းကဲ့သို့ ဖြူစွတ်နေသည်။ တောက်ပြောင်နေသော ဆံကေသာမှာ ခါးရောက်သည်အထိ ရှည်လျားပြီး အတော်ပင် ကျက်သရေရှိသော မိန်းမငယ်တစ်ဦးပင်။

သူမသည် အန်လင်းလက်အား ခပ်တင်းတင်း ဆုပ်ကိုင်ကာ မိုးကြိုးကပ်ဘေး ခံယူရန် ယုံကြည်ချက် မရှိပါသော်လည်း ကူညီပေးစေလိုကြောင်း တောင်းဆိုလာသည်။

အန်လင်းမှာ ရင်ဘတ်အား ပုတ်ပြကာ မိုးကြိုးကပ်ဘေး အရှင်သခင်ဟူသောဘွဲ့အား အလကားသက်သက် ရလာခြင်း မဟုတ်ကြောင်း ကြွေးကြော်လိုက်လေသည်။

"သခင်လေးအန်လင်းကို ယုံကြည်ပါတယ်။ ကျွန်မကိုယ်တိုင်လည်း အကောင်းဆုံး ကြိုးစားမှာပါ။"

ကျွေ့ရှန်ခုံး ဆုံးဖြတ်ထားဟန်ဖြင့် ပြောလိုက်သည်။ သူမ၏ မျက်နှာမှာ အနည်းငယ် ဖြူရော်နေလေသည်။

"စိတ်မပူပါနဲ့......... ငါ့ကိစ္စသာထားလိုက်။"

အန်လင်း စကားဆိုလိုက်သည်။

ထို့နောက် သူမသည် ရွှေရောင်ဟာလာပြင်လျှပ်စီးဒဏ်ကြောင့် မိုးကြိုးကပ်ဘေး ကျရှုံးသွားတော့သည်။

မိုးကြိုးကပ်ဘေး အချက်ရေ ခုနစ်ဆယ်အထိပင် ခံနိုင်ရည် မရှိခဲ့သောကြောင့် အန်လင်း ကူညီပေးခဲ့သူများအနက် အဆိုးရွားဆုံး ဖြစ်သည်။

အန်လင်းမှာ မည်းတူးနေသော အမျိုးသမီးအားကြည့်ကာ တိတ်ဆိတ်နေမိသည်။

သူသည် သိုလှောင်လက်စွပ်အတွင်း အာလူးပူပူ တစ်သန်းခွဲ ရှိသွားသလို ခံစားလိုက်ရသည်။

မိုးကြိုးကပ်ဘေး မခံယူခင်က သူမသည် စိတ်ဝိဥာဥ်ကျောက်တုံးများ ရရှိနိုင်ရန် တန်ဖိုးထားရသော အရာမှန်သမျှ ထုခွဲရောင်းချခဲ့ရကြောင်း ပြုံးကာပြောပြခဲ့သည်။

သူမသည် မိတ်ဆွေရော၊ မိသားစုပါ မရှိသည့် အထီးကျန် ကျင့်ကြံသူတစ်ဦးပင်။

မည်သို့ပင်ဆိုစေကာမူ သူမ၏ တာအိုလမ်းစဥ်နောက်လိုက်သော ခရီးစဥ်မှာ အဆုံးသတ်သွားခဲ့လေပြီ။

မိုးကြိုးကပ်ဘေးနှင့်အတူ ကမ္ဘာကြီးထံမှ ထွက်ခွာသွားရတော့မည် ဖြစ်သည်။

"အန်လင်း........... ဒီစိတ်ဝိဥာဥ်ကျောက်တုံးတွေကို ဘယ်သူ့ပေးရမှန်းလည်း မသိဘူး။ အဲ့ဒါကြောင့် ရှင့်ကိုပဲ ပေးခဲ့တော့မယ်။ နောက်ဆုံးအချိန်ထိ တတ်နိုင်သမျှ ကူညီဖို့ ကြိုးစားပေးတာ ကျေးဇူးတင်ပါတယ်။ ကျွန်မကိုက ညံ့ဖျင်းလွန်းတာပါ။"

ကျွေ့ရှန်ခုံးမှာ နှုတ်ခမ်းထောင့်စွန်းမှ သွေးများစီးကျလျက် ပြောလိုက်သည်။

ရွှေရောင်ဟာလာပြင်လျှပ်စီးသည် သူမ၏ အသိစိတ်နှင့်အတူ တာအိုအခြေခံကိုပါ ဖျက်စီးသွားတော့သည်။

အန်လင်းသည် မြေအောက်ကမ္ဘာ၏ မူလစွမ်းအင် အပါအဝင် တတ်နိုင်သမျှ ကြိုးစားကြည့်ပါသော်လည်း သူမအား မိုးကြိုးကပ်ဘေးဒဏ် ခံနိုင်အောင် မလုပ်ပေးနိုင်ခဲ့ပေ။

မိုးကြိုးကပ်ဘေး ခံယူမှု ကျရှုံးသည်မှာ ပုံမှန်သာ ဖြစ်သည်။

သို့သော် ကျွေ့ရှန်ခုံး၏ မျက်ဝန်းများမှာ အလွန်ပင် အထီးကျန်ဆန်လွန်းလှသည်။

သူမသည် သေဆုံးရမည်ကို သိနေပါလျက် တွေဝေခြင်းမရှိပဲ မိုးကြိုးကပ်ဘေးအား ရွေးချယ်ခဲ့သလိုပင်။ သေဆုံးသွားသည့်တိုင် မျက်ဝန်းထဲမှ ဆုံးဖြတ်ချက် ပြတ်သားမှုများကို မြင်နေရသေးသည်။

အကောင်းဆုံး ကြိုးစားခဲ့ပါသော်လည်း အမှန်တရားမှာ ရက်စက်လွန်းလှသောကြောင့် လောကကြီးထဲမှ ထွက်ခွာသွားခဲ့ရသည်။

အန်လင်းသည် သူမ၏ ရုပ်အလောင်းအား ပွေ့ချီကာ မြေပြင်ပေါ် ဆင်းသက်လာပြီးနောက် ပန်းအချို့နှင့်အတူ မြှုပ်နှံပေးလိုက်သည်။

မိုးကြိုးကပ်ဘေး ကျရှုံးခဲ့သော သူမအား ကူညီမြှုပ်နှံပေးမည့်သူပင် မရှိပေ။ ထိုသည်မှာ အန်လင်းအတွက်လည်း ပထမဆုံး အတွေ့အကြုံ ဖြစ်သည်။

တောင်တန်းတလျှောက် လေပြေညှင်းများ တိုက်ခတ်နေပြီး အဖြူရောင်ပန်းများထံမှ ရနံ့သင်းသင်း ရရှိနေသည်။

ပတ်ဝန်းကျင်ရှိ ရှုမျှော်ခင်းများမှာ အလွန်လှပပါသော်လည်း အထီးကျန်နေသောကြောင့် ကျွေ့ရှန်ခုံး၏ အုတ်ဂူနှင့် လိုက်ဖက်ပေသည်။

အန်လင်း အသက်ပြင်းပြင်းရှူကာ သူမ၏ တာအိုအမည်အား ရေးထွင်းပေးလိုက်သည်။

"နှုတ်ဆက်ပါတယ်....... ကျွေ့ရှန်ခုံး....."

သူသည် အုတ်ဂူအား အရိုအသေပေးကာ ကောင်းကင်ဘုံခုံရုံးသို့ ပြန်လာခဲ့လိုက်သည်။

အန်လင်းမှာ ကျွေ့ရှန်ခုံး ပေးထားခဲ့သော သိုလှောင်လက်စွပ် ပန်းရောင်အား တိတ်တဆိတ် သန့်စင်လိုက်သည်။

သေသေသပ်သပ် စီရီထားသော စိတ်ဝိဥာဥ်ကျောက်တုံး တစ်သန်းခွဲ ရှိနေလေသည်။

"ဟမ်........ စာအုပ်နှစ်အုပ်ပါ ရှိနေတာလား။"

သူမျက်ခုံးပင့်ကာ စာအုပ်တစ်အုပ်အား ယူကြည့်လိုက်သည်။

"စစ်မှန်လေခွင်းဒေါသကျင့်စဥ်.......... "

အန်လင်း ကြည့်ရှုလိုက်သောအခါ ထိုသည်မှာ ကျွေ့ရှန်ခုံး ဖန်တီးထားသော ကျင့်စဥ်တစ်ခုဖြစ်ပြီး အမျိုးသမီး ကျင့်ကြံသူများ လျင်မြန်စွာ လှုပ်ရှားရန် သင့်လျော်သော နည်းစနစ်တစ်ခုဖြစ်ကြောင်း သိလိုက်ရသည်။ အဆင့်မြင့် ကျင့်စဥ်ဖြစ်သောကြောင့် စုကျိုးအင်မော်တယ်ဂိုဏ်းအတွက်လည်း အသုံးပြုနိုင်ပေသည်။

"အဲ့ဒါဆို ဘာပဲဖြစ်ဖြစ် ဒီလောကကြီးမှာ ခြေရာကျန်ခဲ့တာပေါ့။ စုကျိုးအင်မော်တယ်ဂိုဏ်းကြောင့် သူမ ကျင့်စဥ်ကလည်း ဂုဏ်တက်လာနိုင်တာပဲ။ စုကျိုးအင်မော်တယ်ဂိုဏ်းရဲ့ အကြီးအကဲ တစ်ယောက်အဖြစ် သူမကို သတ်မှတ်ပေးလိုက်လို့ ရတယ်လေ။"

အန်လင်း ခပ်ဖွဖွပြုံးကာ ထိုကျင့်စဥ်အား သိမ်းဆည်းလိုက်သည်။

ထို့နောက် ရိုးရှင်းလှသော အဝါဖျော့ရောင် စာအုပ်လေးအား ကြည့်ရှုလိုက်သည်။

အဖုံးပေါ်တွင် ဘာမှရေးမထားသောကြောင့် အန်လင်း ပို၍ပင် စိတ်ဝင်စားသွားမိသည်။

ပိုပြီးအဆင့်မြင့်တဲ့ ကျင့်စဥ်တွေ ဘာတွေများလား.........

သူစာအုပ်အဖုံးအား လှန်လိုက်သည်။

(ထိုက်ချူခေတ်၊ ရှစ်ထောင့်ငါးရာ ရှစ်ဆယ့်တစ်ခုနှစ်၊ ငါးလပိုင်း နှစ်ဆယ်ရက်......... စိတ်ဝိဥာဥ်ပျိုးထောင်ခြင်း အဆင့်ကိုရောက်ပြီ။ အရမ်းပျော်တာပဲ။ အခုကစပြီး ဘဝနဲ့ ပက်သတ်တဲ့ အသေးစိတ် အချက်အလက်တွေကို ပိုမှတ်တမ်းတင်တော့မယ်။)

(ထိုက်ချူခေတ်၊ ရှစ်ထောင့်ငါးရာ ရှစ်ဆယ့်တစ်ခုနှစ်၊ ငါးလပိုင်း နှစ်ဆယ့်တစ်ရက်နေ့....... ဒီနေ့ အနောက်ဘက် ကြိုးကြာတောင်တန်းမှာ ကျင့်ကြံခဲ့တယ်။)

(ထိုက်ချူခေတ်၊ ရှစ်ထောင့်ငါးရာ ရှစ်ဆယ့်တစ်ခုနှစ်၊ ငါးလပိုင်း နှစ်ဆယ့်နှစ်ရက်နေ့............. ဒီနေ့လည်း အနောက်ဘက် ကြိုးကြာတောင်တန်းမှာ ကျင့်ကြံခဲ့တယ်။)

(ထိုက်ချူခေတ်၊ ရှစ်ထောင့်ငါးရာ ရှစ်ဆယ့်နှစ်ခုနှစ်၊ သုံးလပိုင်း ခြောက်ရက်နေ့...........ဒီနေ့လည်း အနောက်ဘက် ကြိုးကြာတောင်တန်းမှာပဲ ကျင့်ကြံဖြစ်တယ်။)

(ဟူး...........ကျင့်ကြံရေးမှာ အရမ်းအာရုံရောက်နေလို့ ရက်တော်တော်များများ မှတ်တမ်းမတင်လိုက်ရဘူး။)

(မွေးနေ့အကြောင်းတောင် မရေးဖြစ်လိုက်ဘူး။ ငါ့မွေးနေ့က နှစ်လပိုင်း တစ်ရက်နေ့လေ။ အသက်သုံးဆယ်မြောက် မွေးနေ့မှာ ပျော်ရွှင်ပါစေလို့ ကိုယ့်ကိုယ်ကို ဆုတောင်းပေးဖြစ်တယ်။)

(ငါ့ဘဝကို မှတ်တမ်းတင်မယ်လို့ ဆုံးဖြတ်ထားမှတော့ နောက်ထပ်ထပ်ပြီး မေ့နေလို့ မဖြစ်ဘူး။)

(ထိုက်ချူခေတ်၊ ရှစ်ထောင့်ငါးရာ ရှစ်ဆယ့်နှစ်ခုနှစ်၊ သုံးလပိုင်း ခုနစ်ရက်နေ့........... ဒီနေ့လည်း ထုံးစံအတိုင်း အနောက်ဘက် ကြိုးကြာတောင်တန်းမှာ ကျင့်ကြံဖြစ်တယ်။)

................

စာလုံးရေ တစ်သောင်းကျော်မျှ ပြီးဆုံးသွားပြီးနောက်....

(ထိုက်ချူခေတ်၊ ရှစ်ထောင့်ငါးရာ ရှစ်ဆယ့်သုံးခုနှစ်၊ ခြောက်လပိုင်း ရှစ်ရက်နေ့......... စိတ်ဝိဥာဥ်ပျိုးထောင်ခြင်း အလယ်အဆင့်ကို ရောက်သွားပြီ။ ငါက တော်တော်ပါရမီ ရှိတာပဲ။ တစ်ရက်လောက် ကောင်းကောင်းနားပြီး ကိုယ့်ကိုယ်ကို ဆုချရမယ်။)

(လုံမန်မြို့တော်က ဆားငရုတ်ကောင်းဘဲကင်က တော်တော်ကောင်းတာပဲ။ အနောက်ဘက်လမ်းသွယ်က လမုန့်ကလည်း အရမ်းအရသာရှိတယ်။)

(ထိုက်ချူခေတ်၊ ရှစ်ထောင့်ငါးရာ ရှစ်ဆယ့်သုံးခုနှစ်၊ ခြောက်လပိုင်း ကိုးရက်နေ့........ ငါ့ကို အဓမ္မကျင့်ချင်တဲ့ ယောက်ျားနှစ်ယောက်ကို ဆုံခဲ့ရတယ်။ ငါသူတို့ကို သတ်ပစ်လိုက်တယ်။ ဒီကမ္ဘာပေါ်မှာ ရူးနေတဲ့သူတွေ တကယ်ရှိနေတာပဲ။)

(လောကကြီးက အရမ်းရက်စက်တာပဲ။ ငါ့မှာ မိသားစုလည်း မရှိတော့ဘူး။ သူငယ်ချင်းတွေကလည်း သစ္စာဖောက်သွားတယ်။ ဆရာတောင်မှ ငါ့ကိုခေါ်မထားချင်တော့ဘူး။ ဒါပေမယ့် ဘာမှမဖြစ်ပါဘူး။)

(လက်စားချေနိုင်တဲ့အထိ ဆက်ပြီးကျင့်ကြံနေဖို့ပဲလိုတယ်။ ဒီကမ္ဘာကြီးက ငါ့အတွက် အဓိပ္ပါယ် မရှိတော့ဘူး။)

....................

အန်လင်းသည် သာမန်ဆန်လွန်းသော မှတ်စုစာအုပ်အား တစ်မျက်နှာမကျန် ဖတ်ရှုနေသည်။ အများစုမှာ သူမ၏ ပျင်းရိဖွယ် တစ်နေ့တာအကြောင်းသာဖြစ်ပြီး ထူးခြားဖြစ်စဥ်များ မရှိပဲ နေ့ဓဒူဝ ကျင့်ကြံရေးအကြောင်းများသာ ဖြစ်သည်။

သို့သော် အကြောင်းအရင်းအချို့ကြောင့် အန်လင်း၏ စိတ်ဝင်စားမှုမှာ မြင့်တက်လာသည်။ လက်စားချေရန် ပြောထားသောကြောင့် ဖြစ်နိုင်ပြီး နောက်ကွယ်မှ ဇာတ်လမ်းအကြောင်း သိလိုစိတ်များ ဖြစ်လာမိသည်။

အန်လင်းသည် မှတ်စုစာအုပ်အား ဆက်မဖတ်ပဲ တိတ်တဆိတ် သိမ်းဆည်းလိုက်သည်။ သူသည် ဂုဏ်သိက္ခာရှိသူ ဖြစ်သောကြောင့် အခြားသူ၏ မှတ်စုစာအုပ်အား နေ့ခင်းကြောင်တောင် မဖတ်လိုပေ။

ညအချိန်ရောက်မှသာ ဖတ်ရှုသင့်ပေသည်။

All Chapters