ငါမင်းကိုယုံတယ်
Vol. 65 Ch. 914
(ထိုက်ချူခေတ်၊ ရှစ်ထောင့်ငါးရာ ရှစ်ဆယ့်ခြောက်ခုနှစ်၊ ဆယ့်နှစ်လပိုင်း ရှစ်ရက်နေ့........... ပိုင်ဟွားပြည်နယ်မှာ အတွေ့အကြုံရှာဖို့ ဆုံးဖြတ်လိုက်တယ်။ ငါရေနတ်သမီးပန်းခင်းကြီးကို တွေ့ခဲ့တယ်။ အဝါရောင် ပင်လယ်ပြင်ကြီးလို အရမ်းလှတာပဲ။)
(တကယ်ကို လှရက်နိုင်လွန်းတယ်။ ညီမလေး အသက်ရှင်နေတုန်းကဆို ရေနတ်သမီးပန်းတွေကို သဘောကျခဲ့တာလေ။)
(ညီမလေးသာ ရှိနေသေးရင် ဒီမြင်ကွင်းကို တူတူကြည့်နိုင်မှာပဲ။ အဲ့လိုသာဆိုရင် ပျော်စရာကောင်းမှာပဲနော်။)
အမှောင်ထုထဲတွင် ဖယောင်တိုင်မီး ခပ်မှိန်မှိန် လင်းလက်နေပြီး အန်လင်းမှာ မှတ်စုစာအုပ်အားဖတ်ကာ စိတ်မကောင်း ဖြစ်သွားရသည်။
သူသည် ရေနတ်သမီး ပန်းခင်းရှေ့တွင် မျက်ရည်များနှင့် ရှိနေသော အမျိုးသမီး တစ်ဦးကို မြင်ယောင်မိလာသည်။
မှတ်စုစာအုပ်အား ဖတ်ရှုပြီးနောက် ကျွေ့ရှန်ခုံး၏ ညီမငယ် သေဆုံးသွားရသော အကြောင်းအရင်းအား သိရှိနေပြီ ဖြစ်သည်။ သူမအား ရွှမ်းချင်ဂိုဏ်း၏ သွမ့်ယန်ဆိုသူမှ သတ်ဖြတ်သွားခဲ့သည်။
သွမ့်ယန်သည် တရားမျှတမှုရှိသောဂိုဏ်း၏ အတွင်းစည်းတပည့်ဖြစ်ကာ တာဝန်တစ်ခု ထမ်းဆောင်နေစဥ်အတွင်း ကျွေ့ရှန်ခုံး၏ ဦးလေးသည် မိစ္ဆာဂိုဏ်းတစ်ခုနှင့် ဆက်နွယ်နေကြောင်း သိရှိခဲ့ရသည်။ ထို့ကြောင့် သွမ့်ယန်မှာ သူမဦးလေး အပါအဝင် တစ်မိသားစုလုံးကို သတ်ဖြတ်လိုက်သည်။
ကျွေ့ရှန်ခုံး၏ ဦးလေးသည် အမှန်တကယ်ပင် မိစ္ဆာဂိုဏ်းတစ်ခုနှင့် ဆက်နွယ်နေပါသော်လည်း မိသားစုဝင်များမှာ အပြစ်ကင်းစင်ကြသည်။ မည်သို့ပင်ဆိုစေကာမူ သွမ့်ယန်သည် သွေးအေးအေးနှင့်ပင် မိသားစုဝင် နှစ်ဆယ့်ရှစ်ဦးလုံးကို သတ်ပစ်ခဲ့သည်။
ကျွေ့ရှန်ခုံး၏ ညီမငယ်လေးသည် လှပလွန်းသူလေး ဖြစ်သောကြောင့် သွမ့်ယန်မှ မသတ်ပစ်ခင် အဓမ္မ ကျင့်ခဲ့သေးသည်။
ကျွေ့ရှန်ခုံးသည် ထိုအရာများအားလုံးသည် ညီမဖြစ်သူ လက်စွပ်ထဲ ထည့်ထားခဲ့သော စိတ်ဝိဥာဥ်စွမ်းအင်များထံမှ သိရှိခဲ့ရခြင်း ဖြစ်သည်။
သူမသည် အရူးတစ်ယောက်သဖွယ် ဂိုဏ်းသို့ပြန်ကာ ဆရာဖြစ်သူထံ တရားမျှတမှု တောင်းခံခဲ့သည်။
သို့သော် ရွှမ်းချင်ဂိုဏ်းသည် ဂိုဏ်းကြီးတစ်ခုဖြစ်ပြီး မလုံလောက်သော သက်သေမျှဖြင့် ၎င်းတို့ကဲ့သို့ ဂိုဏ်းငယ်လေးများအနေဖြင့် ဘာမှတတ်နိုင်မည် မဟုတ်ပေ။
လက်စွပ်အတွင်း ထားရစ်ခဲ့သော စိတ်ဝိဥာဥ်စွမ်းအင်သည်လည်း ပျောက်ကွယ်သွားပြီ ဖြစ်သောကြောင့် ကျွေ့ရှန်ခုံးထံတွင် သက်သေမကျန်ရစ်တော့ပေ။ တရားမျှတသော ဂိုဏ်းတစ်ခု၏ အတွင်းစည်းတပည့်သည် ထိုကဲ့သို့ လုပ်ရပ်မျိုး လုပ်ဆောင်လိမ့်မည်ဟု မည်သူကမှ မယုံကြည်ကြသောကြောင့် သူမ၏ စကားအား အလေးထားသူ မရှိပေ။
ထိုသည်သာမက ဆရာသခင် ဖြစ်သူကပါ သူမအား ရွှမ်းချင်ဂိုဏ်းမှ သွမ့်ယန်ထံသွားကာ မိစ္ဆာဂိုဏ်းများနှင့် ဆက်နွယ်နေခြင်း မရှိကြောင်း သက်သေပြရန် ပြောခဲ့သည်။
ငါက ငါ့ရဲ့မိသားစုကိုသတ်ပြီး ညီမလေးကို မုဒိမ်းကျင့်တဲ့ မုဒိမ်းကောင်ကို အရိုအသေ သွားပေးရမှာလား........
ဟဟ..........
ထိုအချိန်တွင် ကျွေ့ရှန်ခုံး၏ မျှော်လင့်ချက်များအားလုံး သေဆုံးသွားခဲ့သည်။
မည်သူကမှ မယုံကြည်ကြသောကြောင့် သူမအား ကူညီပေးမည့်သူ မရှိပေ။ ဆိုးရွားလှသော ပြစ်မှုအား ကျူးလွန်ခဲ့သည့် သွမ်ယန်မှာမူ နေ့ရက်များအား သာသာယာယာ ဖြတ်သန်းနေဆဲပင်။
ကျွေ့ရှန်ခုံးမှာ ဆုံးဖြတ်ချက်ချကာ ဂိုဏ်းမှထွက်လာခဲ့သည်။
သူမသည် အသိစိတ် ပျောက်နေသူလို ရွှမ်းချင်ဂိုဏ်းသို့ ပြေးလွှားသွားခဲ့ခြင်းလည်း မရှိပေ။ ထိုအစား အလွန်ပင် တည်ငြိမ်နေလေသည်။ အရူးတစ်ယောက်လို တရားမျှတမှု တောင်းဆိုလျှင်ပင် ဘာမှထူးခြားလာမည် မဟုတ်ကြောင်း သူမ သိရှိနေသည်။
သူမသည် အမုန်းတရားများအား စိတ်ထဲတွင်ထားကာ တတ်နိုင်သမျှ ကြိုးစားကျင့်ကြံရန် ဆုံးဖြတ်လိုက်သည်။ သူမ သန်မာလာသည်နှင့် သွမ့်ယန်အား သတ်ဖြတ်ပစ်မည် ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် သူမသည် အတော်ပင် ပါရမီ ရှိသောကြောင့် ကျင့်ကြံရေးမှာ လျင်လျင်မြန်မြန် တိုးတက်လာခဲ့သည်။
သို့သော် လက်တွေ့ဘဝသည် ဝတ္ထုနှင့် မတူညီပေ။
ရန်သူများသည် အသတ်ခံရမည့် အချိန်အား ထိုင်စောင့်နေကြမည် မဟုတ်ပေ။
သွမ့်ယန်သည်လည်း ပါရမီရှင်တစ်ဦး ဖြစ်သောကြောင့် သူ၏ကျင့်ကြံရေးမှာ လျင်မြန်စွာ တိုးတက်လာခဲ့သည်။
ကျွေ့ရှန်ခုံးသည် စိတ်ဝိဥာဥ်ပျိုးထောင်ခြင်း စဦးအဆင့်သာ ရှိသေးပါသော်လည်း သွမ့်ယန်သည် စိတ်ဝိဥာဥ်ပျိုးထောင်ခြင်း အထွဋ်အထိပ်အဆင့်သို့ ရောက်ရှိနေလေပြီ။ သူမ စိတ်ဝိဥာဥ်ပျိုးထောင်ခြင်း အထွဋ်အထိပ်အဆင့်သို့ ရောက်လာသောအခါ သွမ့်ယန်သည် စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူဖြစ်ကာ ရွှမ်းချင်ဂိုဏ်း၏ အကြီးအကဲတစ်ဦးပင် ဖြစ်နေပြီ ဖြစ်သည်။
သွမ့်ယန် အင်အားကြီးလာသည်နှင့်အမျှ လက်အောက်ငယ်သားများလည်း ပိုမိုများပြားလာသည်။
မည်သို့ပင်ဆိုစေကာမူ ကျွေ့ရှန်ခုံးသည် သူ၏နောက်သို့ တစ်ဦးတည်း လိုက်နေရသည်။ အချိန်ကြာလာသည်နှင့်အမျှ ၎င်းတို့၏ ကွာခြားချက်မှာလည်း ပိုမိုကြီးမားလာသည်။
မှတ်စုစာအုပ်မှတဆင့် ကျွေ့ရှန်ခုံးသည် အစားအသောက် နှစ်သက်သူတစ်ဦးဖြစ်ကြောင်း အန်လင်း သိရှိလိုက်ရသည်။ ကျင့်ကြံရေးမှလွဲ၍ သူမ၏ တစ်ခုတည်းသော ဝါသနာမှာ အရသာရှိသော အစားအသောက်များ စားသုံးကာ ဝေဖန်ခြင်း ဖြစ်သည်။
သို့သော် သူမနှင့် သွမ့်ယန်တို့၏ ကွာခြားချက်အား သတိပြုမိသွားပြီးနောက် သူမသည် အရူးတစ်ယောက်လို ကျင့်ကြံလာသောကြောင့် ထိုဝါသနာသည်ပင် ပျောက်ကွယ်သွားခဲ့သည်။ ထိုသည်မှာ သူမနှင့် ကမ္ဘာကြီး အဆက်အသွယ် ပြတ်သွားသလိုပင်။
နောက်ဆုံးတွင် ကျွေ့ရှန်ခုံးသည်လည်း စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း အဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။ ထိုအချိန်တွင် သွမ့်ယန်သည် စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း အလယ်အလတ် အဆင့်သာ ရှိသေးသည်။
ထိုအခြေအနေသည် သူမအတွက် နောက်ဆုံးအခွင့်အရေးဖြစ်ကြောင်း ကောင်းစွာသိရှိနေခဲ့သည်။ သွမ့်ယန်သည်လည်း မခေသော ပါရမီရှင် ဖြစ်သောကြောင့် သူမအနေဖြင့် အသေအလဲ ကြိုးစားရပေလိမ့်မည်။ ထိုသို့မဟုတ်ပါက သွမ့်ယန်နောက် ခြေတစ်လှမ်း နောက်ကျနေမည် ဖြစ်သည်။
ထို့ကြောင့် သူမသည် ကျင့်ကြံရေး တိုးတက်စေရန် ဆေးလုံးများ၊ လျှို့ဝှက်နည်းလမ်းများ တစ်ခုမကျန် ပြုလုပ်ခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ ထိုအကျိုးသက်ရောက်မှုများကြောင့်သူမ၏ တာအိုအခြေခံ ထိခိုက်ကာ ကျင့်ကြံရေးသည်လည်း မတည်မငြိမ် ဖြစ်ခဲ့ရသည်။
ကျွေ့ရှန်ခုံးသည် ရူးသွပ်နေသည့်အလား ရသမျှ အခွင့်အရေးအား အမိအရ ဆုပ်ကိုင်ကာ သွမ့်ယန်အား သတ်ဖြတ်နိုင်ရန်သာ ကြိုးစားနေခဲ့သည်။
အဆုံးတွင် သွမ့်ယန်ရော၊ ကျွေ့ရှန်ခုံးပါ စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း အထွဋ်အထိပ် အဆင့်သို့ ရောက်ရှိခဲ့သည်။
ပိုင်ဟွားပြည်နယ်၏ နယ်စပ်ဘက်တွင် ကျွေ့ရှန်ခုံးသည် တစ်ဦးတည်း ဖြစ်နေသော သွမ့်ယန်အား သတ်ဖြတ်ရန် အခွင့်အရေး ရခဲ့သည်။
သူမသည် အနည်းဆုံး သွမ့်ယန်နှင့် လက်ရည်ချင်း ယှဥ်နိုင်လိမ့်မည်ဟု ထင်မှတ်ထားပါသော်လည်း ၎င်းထံတွင် မရေမတွက်နိုင်သော ဝှက်ဖဲများစွာ ရှိနေခဲ့လေသည်။
ကျွေ့ရှန်ခုံး၏ ဇစ်မြစ်အား သိရှိလိုက်ရပြီးနောက် သွမ့်ယန်သည် မောက်မာစွာ ရယ်မောကာ သူ၏ပြစ်မှုများအား ဝန်ခံလာခဲ့သည်။
"ဟုတ်တယ်။ မင်းမိသားစု တစ်ခုလုံးကို ငါသတ်ပစ်ခဲ့တယ်။ မင်းညီမလေးက အရမ်းအရသာရှိတာပဲ။ ဒီနေ့ထိတောင် သူမကို ငါမမေ့နိုင်သေးဘူး။ သတ်ပစ်ခဲ့မိတာတောင် နောင်တရတယ်။"
"အဲ့တော့ မင်းဘာလုပ်မှာလဲ။ ငါက ရွှမ်းချင်ဂိုဏ်းရဲ့ အကြီးအကဲ၊ မင်းက ဘာသက်သေမှ မရှိတဲ့ လေလွင့်ကျင့်ကြံသူတစ်ယောက်ပဲ။ ဘယ်သူက မင်းကိုယုံမှာတဲ့လဲ။ ဟားဟားဟား........ နတ်ဘုရားတွေက ငါ့ဘက်မှာပဲရှိတယ်။ မင်းက မင်းညီမထက်တောင် လှသေးတယ်။ မင်းကိုယ်တိုင် ငါ့ရှေ့ရောက်မှတော့ ဟင်းဟင်းဟင်း......."
ကျွေ့ရှန်ခုံး ထိတ်လန့်သွားကာ အသက်နှင့်လဲ၍ တိုက်ခိုက်ပါသော်လည်း သွမ့်ယန်အား အနိုင်မရနိုင်ပေ။
သူမ စတင်ဆုတ်ခွာလိုက်သည်။ ၎င်းတို့နှစ်ဦး၏ အရည်အချင်းမှာ ပြောပရလောက်အောင် မကွာခြားသောကြောင့် သွမ့်ယန်မှာ သူမအား လိုက်မမှီခဲ့ပေ။
ထိုနေ့တွင် သွေးမျက်ရည်များနှင့်အတူ မှတ်စုစာအုပ်ထဲ မှတ်တမ်းတင်ခဲ့သည်။
သူမ၏ ဝါကျင့်ကျင့် မှတ်စုစာရွက်ပေါ်တွင် ခြောက်သွေ့နေသော သွေးစများ သက်သေကျန်ရဲ့လေသည်။
ကျွေ့ရှန်ခုံးသည် လက်စားမချေနိုင်မခြင်း လက်လျှော့မည် မဟုတ်ပေ။
သူမသည် လုပ်ကြံသတ်ဖြတ်ရန် စီစဥ်နေစဥ်အတွင်း သတင်းအသစ်တစ်ခုကို ကြားလိုက်ရသည်။
သွမ့်ယန်သည် ဟင်းလင်းပြင်သို့အပြန် အဆင့်သို့ ရောက်ရှိသွားသောကြောင့် ရွှမ်းချင်ဂိုဏ်း၏ ဂိုဏ်းချုပ်နေရာအား ရရှိတော့မည်ပင်။ ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူ ရှိသွားသဖြင့် ရွှမ်းချင်ဂိုဏ်းသည်လည်း ပိုင်ဟွာပြည်နယ်၏ ပထမတန်းစား ဂိုဏ်းတစ်ခုအဖြစ် အဆင့်တက်သွားခဲ့သည်။
ကျွေ့ရှန်ခုံး အတော်ပင် စိတ်ဆင်းရဲသွားသည်။
(ဘာလို့လဲ။)
(ငါတစ်ဘဝလုံး ကြိုးစားလာတာတောင်မှ အဲ့မကောင်းဆိုးဝါးကို မသတ်နိုင်ဘူးလား။)
(နတ်ဘုရားတွေက ငါ့ကို အခွင့်အရေး တစ်ခုတောင် မပေးကြတော့ဘူးလား။)
၎င်းတို့နှစ်ဦးလုံး စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း အဆင့်သာ ရှိခဲ့စဥ်က သူမသည် သွမ့်ယန်အားသတ်ရန် အခွင့်အရေး ရခဲ့သည်။
သို့သော် ဟင်းလင်းပြင်သို့အပြန်အဆင့် ရောက်ရှိသွားသူအား စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း အဆင့်သာရှိသော သူမအနေဖြင့် မည်သို့တိုက်ခိုက်နိုင်ပါမည်နည်း။
သူမ ခန္ဓာကိုယ်၏ လက်ရှိအခြေအနေနှင့်ဆိုလျှင် မိုးကြိုးကပ်ဘေး ခံယူပါက တစ်ရာရာခိုင်နှုန်း သေဆုံးမည်မှာ သေချာသည်။
(နတ်ဘုရားတွေက အခုလို ဖြစ်စေချင်မှတော့ ဒင်းဂိုဏ်းချုပ်နေရာ ဆက်ခံမယ့်နေ့မှာ ရွှမ်းချင်ဂိုဏ်းကိုသွားပြီး ငါ့မိသားစုအကြောင်း ထုတ်ပြောပစ်မယ်။)
(ထိုက်ချူခေတ်၊ တစ်သောင်းငါးရာ့ ခုနစ်ဆယ့်ခြောက်ခုနှစ်၊ ငါးလပိုင်း ရှစ်ရက်နေ့........)
(ကောင်းကင်ဘုံခုံရုံးမှာ မိုးကြိုးကပ်ဘေး ခံယူမှု အောင်မြင်နိုင်ခြေကို မြှင့်ပေးနိုင်တဲ့ အန်လင်းဆိုတဲ့သူ ပေါ်လာတယ်။ တကယ်ကို ထူးခြားဆန်းကြယ်တာပဲ။ နတ်ဘုရားတွေက ငါ့ရဲ့ကြိုးစားမှုတွေကို မြင်သွားကြတာလား။)
(ဒါက ငါ့ရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်ပဲ။ သူငါ့ကို ကူညီနိုင်မယ် ထင်ပါတယ်။)
(ဒါပေမယ့် ငါ့မှာ စိတ်ဝိဥာဥ်ကျောက်တုံး အလုံအလောက် မရှိဘူး။ ချေးငှားဖို့အတွက် မိတ်ဆွေလည်း မရှိဘူး။)
(တောင်းပန်ပါတယ် ယစ်မူးအိပ်မက်ဓားလေးရေ........ နင်က ငါ့နဲ့အတူ နှစ်တွေအများကြီး ရှိနေပေးခဲ့တာပဲ။ မတတ်သာလို့ ခွဲခွာရတာပါ။)
(ထိုက်ချူခေတ်၊ တစ်သောင်းငါးရာ့ ခုနစ်ဆယ့်ခြောက်ခုနှစ်၊ ငါးလပိုင်း ဆယ့်နှစ်ရက်နေ့.......)
(ဒီနေ့ အန်လင်းကို သွားတွေ့တော့မယ်။ ကြားရသလောက်တော့ သူကအရမ်းကို တော်တယ်တဲ့။ အသက်ငယ်ငယ်လေးနဲ့ ထူးချွန်လိုက်တာနော်။ ငါလည်း သူ့လိုမျိုး ပါရမီရှင် ဖြစ်ချင်လိုက်တာ။)
(သူ့လိုလူမျိုးကပဲ ငါ့ရဲ့မိုးကြိုးကပ်ဘေးကို ကူညီပေးနိုင်မှာပေါ့။ ဟုတ်တယ်မလား။)
(ငါလူတွေနဲ့ အဆက်အဆံ မလုပ်တာ တော်တော်ကြာနေပြီ။ သူနဲ့ ပြောဆိုရတာ အဆင်ပြေဖို့ မျှော်လင့်တယ်။)
(ကံကောင်းပါစေ။)
ထိုသည်မှာ မှတ်စုစာအုပ်၏ နောက်ဆုံးစာသား ဖြစ်သည်။
နောက်ပိုင်းတွင် ဗလာဖြစ်နေသော စာမျက်နှာများသာ ရှိတော့သည်။
အန်လင်းသည် မှတ်စုစာအုပ်အား ပိတ်လိုက်ပြီးနောက် လှပဖြူရော်နေသော သူမ၏ ပုံရိပ်ကို ပြန်လည်မြင်ယောင်မိလာသည်။ သူမသည် သူ၏လက်အား ခပ်တင်းတင်းဆွဲကာ မိုးကြိုးကပ်ဘေး ခံယူရန် ယုံကြည်ချက် မရှိပါသော်လည်း အန်လင်း ကူညီပေးရန် မျှော်လင့်ကြောင်း ပြောသွားခဲ့သည်။
သူမ၏ ရိုးသားသော အမူအရာအား သူရှင်းရှင်းလင်းလင်း မှတ်မိနေဆဲပင်။
သေဆုံးခါနီး သွေးစများနှင့်အတူ ပြောသွားခဲ့သော စကားကိုပါ ကြားယောင်လာမိသည်။
"အန်လင်း........ ဒီစိတ်ဝိဥာဥ်ကျောက်တုံးတွေကို ပေးစရာလူလည်း ကျွန်မမှာ မရှိဘူး။ အဲ့ဒါကြောင့် ရှင့်ကိုပဲ ပေးခဲ့တော့မယ်။ ကျွန်မကို အတတ်နိုင်ဆုံး ကူညီပေးတာ ကျေးဇူးတင်ပါတယ်။ ကျွန်မကိုက ညံ့ဖျင်းလွန်းတာပါ။"
ကျွေ့ရှန်ခုံး သေဆုံးသွားပါသော်လည်း သူမ၏ မျက်ဝန်းများအား သူမမေ့နိုင်သေးပေ။
"ဟူး........ ရူးလိုက်တဲ့ မိန်းကလေးပဲ။"
အန်လင်းမှာ ပင်ပန်းနေသည့်အလား မျက်ဝန်းများ မှိတ်ထားလိုက်သည်။
ညဥ့်ကောင်းကင်ယံတွင် ကြယ်စင်များ တွဲလဲခိုနေပြီး အရာအားလုံး ငြိမ်းချမ်းတိတ်ဆိတ်နေသည်။
ထိုအချိန်တွင် တိုးညင်းသော စကားသံတစ်ခု ထွက်ပေါ်လာသည်။
"ကျွေ့ရှန်ခုံး… ဘယ်သူမှ မင်းကိုမယုံဘူးလို့ ဘယ်သူကပြောလဲ။"
"မင်းရဲ့ မှတ်စုစာအုပ်က သက်သေပဲ။ ငါမင်းကိုယုံတယ်။”