← Chapters

တရားမျှတတဲ့ဂိုဏ်းလား.........

Vol. 66 Ch. 915

တရားမျှတတဲ့ဂိုဏ်းလား.........

Vol. 66 Ch. 915

ပိုင်ဟွားပြည်နယ်၏ ရှီးလုံတောင်တန်း၌..........

လူပေါင်းများစွာမှာ ပွဲအခမ်းအနားတစ်ခုတွင် စုဝေးနေကြသည်။

ရွှမ်းချင်ဂိုဏ်း၏ ဂိုဏ်းချုပ်လွှဲပြောင်းပွဲ ကျင်းပတော့မည်ပင်။

ဂိုဏ်းချုပ်အသစ်သည် ထူးချွန်လွန်းသော ပါရမီရှင်ဖြစ်ကာ ပိုင်ဟွားပြည်နယ် တစ်ခုလုံးရှေ့မှောက်၌ ထိုရာထူးအား လက်ခံမည် ဖြစ်သည်။

ကိုးပြည်ထောင်၏ ကြယ်တစ်ပွင့် ဖြစ်လာမည်ဖြစ်သော ဂိုဏ်းချုပ်အသစ်အား ဂုဏ်ပြုပေးရန်အတွက် များပြားလှသော အမတ်မင်းများနှင့် ဂိုဏ်းအသီးသီး၏ ကိုယ်စားလှယ်များလည်း ရောက်ရှိလာကြသည်။

ဂိုဏ်းချုပ်သစ် သွမ့်ယန်သည် တောက်ပြောင်သော အဝတ်အစားများနှင့်အတူ စင်မြင့်ထက်တွင် ရှိနေသည်။ သူသည် အရှိန်အဝါများ ထုတ်ဖော်ထားပြီး အတော်ပင် စိတ်လှုပ်ရှားနေပုံ ရသည်။

ကိုးပြည်ထောင်မှ ဧည့်သည်တော်များကိုလည်း ရယ်ကာမောကာ ဧည့်ခံနေလေသည်။

ဂိုဏ်းချုပ်ဟောင်း ကုန်းစွန်းကျိသည်လည်း သွမ့်ယန်အားကြည့်ကာ တပြုံးပြုံး ဖြစ်နေသည်။

"ဂုဏ်ယူပါတယ် စီနီယာကုန်းစွန်း....... အခုတော့ ခင်ဗျား စိတ်အေးလက်အေး အနားယူနိုင်ပြီပေါ့။"

ဗလတောင့်တောင့်နှင့် အမျိုးသားတစ်ဦးမှာ ကုန်းစွန်းကျိထံလာကာ အားကျနေဟန်ဖြင့် ပြောလိုက်သည်။

အခြားသော အဖိုးအိုတစ်ဦးမှာလည်း မုတ်ဆိတ်ဖြူအားပွတ်ကာ ဝင်ရောက်ပြောဆိုလာသည်။

"ဒါပေါ့။ ဆရာကောင်းတပည့် ပန်းကောင်းပန်းရမှာပဲလေ။ ဒီလိုတပည့်မျိုး မွေးထုတ်ပေးနိုင်လို့ ခင်ဗျားကို တကယ်လေးစားမိတယ်။"

"ဟားဟား....... သခင်လေး လျန့်ချန်နဲ့ အကြီးအကဲဝူကတော့ မြှောက်နေပြန်ပါပြီ။ ကျုပ်က စိန်ကောင်းတစ်ပွင့်ကို တွေ့ခဲ့ရုံလေးပါ။"

ကုန်းစွန်းကျိ တုံ့ပြန်လာသည်။

သူ၏စကားမှာ ရိုးသားပုံ ရပါသော်လည်း သူ၏အမူအရာမှာ သွမ့်ယန်နှင့်ပက်သတ်၍ အတော်ပင် ဂုဏ်ယူနေပုံ ရသည်။

သွမ့်ယန်သည် သူ၏တပည့်ရင်း ဖြစ်သောကြောင့် ယခုလို အခြေအနေမျိုး ရောက်ရှိလာသည်ကို သူအမှန်တကယ် ဝမ်းသာမိသည်။

ရွှမ်းချင်ဂိုဏ်း၏ ဂိုဏ်းချုပ်သစ် သွမ့်ယန်မှာ ဧည့်သည်တော်များအား နှုတ်ဆက်နေပြီး ရောက်ရှိလာသူများ အားလုံးမှာ ချီးကျူးထောပနာပြုကြသည်။

ကြီးမြတ်သောထျန်အင်ပါယာ မိသားစု၏ ကိုယ်စားလှယ်မှ ပြုံးကာပြောလိုက်သည်။

"ဂိုဏ်းချုပ်သွမ့်...... ခင်ဗျားအကြောင်းတွေ ကြားဖူးနေတာကြာပြီ။ အခုလိုမျိုး ဂိုဏ်းချုပ်ဖြစ်သွားတော့ လိုက်တောင်မမှီနိုင်တော့ပါဘူးဗျာ။ ဒီကမ္ဘာပေါ်မှာ ဘယ်သူက ခင်ဗျားလောက် တော်မှာတဲ့လဲ။"

"ဟုတ်တယ်။ ဂိုဏ်းချုပ်သွမ့်က ငယ်ငယ်ရွယ်ရွယ်နဲ့ကို အောင်မြင်နေတာပဲ။ ကျုပ်အမြင်မှာတော့ ကိုးပြည်ထောင် တစ်ခုလုံးမှာ စုကျိုးအင်မော်တယ်ဂိုဏ်းချုပ် အန်လင်းကပဲ ခင်ဗျားနဲ့ ယှဥ်နိုင်လိမ့်မယ်။"

ဂိုဏ်းကိုယ်စားလှယ်တစ်ဦးမှ စကားဆိုလာသည်။

သွမ့်ယန်၏ အမူအရာမှာ လေးနက်သွားလေသည်။

"ဂိုဏ်းချုပ်အန်လင်းက အခုခေတ် ကျင့်ကြံသူတိုင်း အရမ်းလေးစားရတဲ့သူပါ။ ကျွန်တော်က သခင်လေးအန်လင်းနဲ့ ဘယ်ယှဥ်နိုင်ပါ့မလဲ။ သူ့နောက်လိုက်မှီနိုင်အောင်ပဲ သေသေချာချာ ကြိုးစားရမှာပေါ့။"

"ဂိုဏ်းချုပ်သွမ့်က အရမ်းနှိမ့်ချတတ်တာပဲ။ ကျွန်တော်တို့နဲ့ ယှဥ်မရပါဘူးဗျာ။"

အခြားသော ကိုယ်စားလှယ်တစ်ဦး သက်ပြင်းချလိုက်သည်။

သွမ့်ယန်မှာ မည်သည့်စကားမှ မဆိုပဲ ယုံကြည်ချက်ရှိစွာ ပြုံးနေလေသည်။

ထို့နောက် အေးအေးဆေးဆေး စကားဆိုလာသည်။

"သခင်လေးအန်လင်းက ကောင်းကင်ဘုံခုံရုံးမှာ အလုပ်များနေတာ နှမြောစရာပဲ။ အခု အခမ်းအနားမှာသာ သူရှိနေရင် ကျွန်တော်တို့ မိတ်ဆွေကောင်းတွေ ဖြစ်လာမှာ သေချာတယ်။"

ကိုယ်စားလှယ်များအားလုံး သဘောတူလိုက်ကြသည်။

"မင်းကငါ့သူငယ်ချင်း ဖြစ်ချင်တာလား။ အဟက်....... တန်ရောတန်လို့လား။"

စကားသံတစ်ခုမှာ အခမ်းအနားအား လွှမ်းမိုးသွားသည်။

အားလုံးမှာ ခွေးဖြူကြီးတစ်ကောင်နှင့်အတူ ရောက်ရှိလာသူအား ကြည့်ရှုလိုက်မိကြသည်။

အစောင့်အကြပ်များမှာ သတိလစ် လဲကျနေကြလေပြီ။

သွမ့်ယန် ဘာမှမပြောနိုင်ခင် လူတစ်ဦးမှ ဒေါသထွက်စွာ အော်ဟစ်လိုက်သည်။

"ဒီလူက အစောင့်တွေကိုတောင် တိုက်ခိုက်ရဲတယ်ပေါ့။ သူ့ကိုချုပ်ထားလိုက်ကြစမ်း။"

ကျန်ရှိနေသော စစ်သည်တော်များမှာ ထိုလူထံ ပြေးဝင်လာကြသည်။

"လစ်စမ်း......."

ထိုအမျိုးသားထံမှ ပြိုင်ဘက်ကင်း အရှိန်အဝါများ ထွက်ပေါ်လာကာ ရွှေရောင်စွမ်းအင်များမှာ တစ်ကီလိုမီတာကျော် အကွာအဝေးထိ လွှမ်းခြုံသွားသည်။

အမိန့်ပေးလိုက်သော ဗိုလ်ချုပ် အပါအဝင် အစောင့်အကြပ်များမှာ မြေပြင်ပေါ် လဲကျကုန်ရသည်။ ၎င်းတို့သာမက သောင်းနှင့်ချီသော ကိုယ်စားလှယ်များနှင့် ရွှမ်းချင်ဂိုဏ်း၏ တပည့်များပါ သတိလစ်ကုန်လေသည်။ ထိုသူများအားလုံးမှာ အရှင်သခင်ကို စောင့်ကြိုနေသည့်အလား ဒူးထောက်ရက်သား ဖြစ်ကုန်သည်။

သွမ့်ယန်မှာ ခံစားချက်များ ထိန်းချုပ်ထားပါသော်လည်း အလွန်အမင်း အံ့သြမိနေဆဲ ဖြစ်သည်။

"သခင်လေးအန်လင်းလား။"

ထိုအမျိုးသားမှ အေးစက်စွာ ပြုံးလိုက်သည်။

"မင်းက သွမ့်ယန်လား။"

သွမ့်ယန် နွေးထွေးစွာပြုံးကာ အရိုအသေ ပေးလိုက်သည်။

"ဟုတ်ပါတယ်။ ကျွန်တော်က သွမ့်ယန်ပါ။ သေသေချာချာ မကြိုဆိုမိတာ ခွင့်လွှတ်ပါ...... သခင်လေးအန်လင်း......"

လူတိုင်း အမူအရာ ပြောင်းလဲသွားကြသည်။ ဒဏ္ဍာရီလာ သူရဲကောင်း အန်လင်းသည် ယခုကဲ့သို့ ပုံစံမျိုးနှင့် ရောက်ရှိလာမည်ဟု မည်သူကမှ ထင်မှတ်မထားကြပေ။

"ဟ........ မင်းလိုကောင်မျိုးက ငါ့နာမည်ခေါ်ဖို့ တန်လို့လား။"

အန်လင်းမှာ သွမ့်ယန်ရှေ့သို့ မျက်စိတမှိတ်အတွင်း ရောက်ရှိလာသည်။

သွမ့်ယန် ထိတ်လန့်သွားပါသော်လည်း ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်နေသောကြောင့် အကာအရံများအား လျင်မြန်စွာ ထုတ်ဖော်လိုက်နိုင်သည်။

အန်လင်း၏ လက်သီးမှ ရွှေရောင်အလင်းများ ဖြာထွက်လာကာ ကြောက်မက်ဖွယ် မြေကမ္ဘာ စွမ်းအင်များနှင့်အတူ သွေးနီရောင် အကာအရံ ပျက်စီးသွားပြီး သွမ့်ယန်လည်း အဝေးသို့ လွင့်ထွက်ကာ သွေးအန်သွားရသည်။

သွမ့်ယန်မှာ အန်လင်းနှင့် အနည်းမျှငယ်ပင် ယှဥ်မတိုက်နိုင်သောကြောင့် ပါးစပ်အဟောင်းသား ဖြစ်သွားမိသည်။

ထို့နောက် ဘာမှမသိလိုက်ခင်မှာပင် အန်လင်းသည် အေးစက်ခက်ထန်သော မျက်ဝန်းများဖြင့် သူ၏ရှေ့သို့ ရောက်လာကာ ထပ်ထိုးလိုက်ပြန်သည်။

ဝုန်း..........

ကျယ်လောင်လှသော ပေါက်ကွဲသံမှာ ပဲ့တင်ထပ်သွားလေသည်။

ကောင်းကင်နှင့်မြေပြင်သည် ပြင်းထန်စွာ တုန်လှုပ်သွားပြီး ရွှေရောင်စွမ်းအင်များမှာ မြေပြင်အား အက်ကွဲသွားစေသည်။

"အဟွတ်.......အဟွတ်......"

သွမ့်ယန်မှာ အတွင်းအင်္ဂါများ ပျက်စီးကာ သွေးအန်နေရသည်။

အန်လင်းသည် သွမ့်ယန်၏ ရင်ဘတ်အားနင်းကာ စစ်နတ်ဘုရား တစ်ပါးသဖွယ် ငုံ့ကြည့်လာသည်။

အားလုံး မျက်လုံးအပြူးသား ဖြစ်သွားလေသည်။

ပိုင်ဟွားပြည်နယ်ရဲ့ အတော်ဆုံး ပါရမီရှင်က အန်လင်း တစ်ချက်ကျွေလိုက်ရုံနဲ့ မှောက်သွားတာလား.......... သူကပဲ ညံ့လွန်းတာလား....... ဒါမှမဟုတ် အန်လင်းကပဲ ကြမ်းလွန်းနေတာလား.........

"တော်ပါတော့........ ဂိုဏ်းချုပ်အန်လင်း...... ကျုပ်တို့ ယဥ်ကျေးမှုရှိရှိ စကားပြောရအောင်။"

ဂိုဏ်းချုပ်ဟောင်း ကုန်းစွန်းကျိ အော်ဟစ်လိုက်သည်။

အခြားသော ကျင့်ကြံသူများမှာလည်း အန်လင်းအား ဝိုင်းဝန်းနှစ်သိမ့်လိုက်ကြသည်။

သွမ့်ယန်မှာ သွေးအန်နေရင်းပင် စကားဆိုလာသည်။

"သခင်လေးအန်လင်း......... ကျွန်တော်တို့ကြားမှာ တစ်ခုခု နားလည်မှု လွဲနေတာများလား။ ကျွန်တော်တို့ အခုမှ တွေ့ဖူးကြတာလေ။ ဘာရန်ငြှိုးမှ မရှိတာ သေချာပါတယ်။"

အန်လင်း အချက်ပြလိုက်သည်နှင့် တပိုင်မှာ မှတ်တမ်းတင်ရန်အတွက် မှတ်တမ်းတင်ကျောက်တုံးအား အသင့်ပြင်ထားလိုက်သည်။

"ထိုက်ချူခေတ်၊ ရှစ်ထောင့်ငါးရာ ခုနစ်ဆယ့်ရှစ်ခုနှစ်၊ ငါးလပိုင်း ဆယ့်တစ်ရက်နေ့တုန်းက မင်းဘာလုပ်ခဲ့လဲ။"

အန်လင်း အေးစက်စွာ မေးလိုက်သည်။

သွမ့်ယန်မှာ ချက်ချင်းဆိုသလို မျက်နှာပျက်သွားသည်။ ထိုနေ့တွင် သူလုပ်ခဲ့သော ကိစ္စများအား သူကိုယ်တိုင် ကောင်းစွာသိရှိနေပါသော်လည်း အဘယ့်ကြောင့် အန်လင်းမှ မေးမြန်းလာပါသနည်း။

မဟုတ်မှလွဲရော..........

သွမ့်ယန် မတုံ့ပြန်နိုင်ခင်မှာပင် ကုန်းစွန်းကျိမှ ဖြေကြားလိုက်သည်။

"ကျုပ်မှတ်မိတယ်။ အဲ့တုန်းက ကျုပ်တပည့်က ပိုင်ဟွားပြည်နယ်က မိစ္ဆာကျင့်ကြံသူတွေကို လိုက်ရှင်းပစ်နေတာ။"

"အဲ့ဒါဆို လူတစ်ယောက်က မိစ္ဆာဂိုဏ်းနဲ့ ဆက်နွယ်နေရုံနဲ့ အပြစ်မရှိတဲ့ မိသားစုဝင် နှစ်ဆယ့်ရှစ်ယောက်ကိုပါ သတ်ပစ်ခဲ့တာရော ခင်ဗျားသိလား။ ကျွေ့လီခုံးလို့ခေါ်တဲ့ ကောင်မလေးကိုလည်း မသေမချင်း မုဒိမ်းကျင့်ခဲ့တယ်ဆိုတာ ခင်ဗျားသိရဲ့လား။"

အန်လင်း မေးခွန်းထုတ်လိုက်သည်။

ပတ်ဝန်းကျင် တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားလေသည်။

သွမ့်ယန် တမုဟုတ်ချင်း ငြင်းဆိုလာသည်။

"အဓိပ္ပါယ်မရှိတဲ့ စကားတွေပဲ။ သက်သေရှိလို့လား။ သက်သေမရှိပဲ ပြောနေတာက ဂုဏ်သိက္ခာကို ထိပါးနေတာပဲနော်။ အဲ့နေ့က အဲ့ဒါတွေ မလုပ်ခဲ့ဘူးဆိုတာ ကျိန်ပြလို့တောင်ရတယ်။"

အန်လင်း ဗာမီလီယမ်ငှက်ကြေးမုံအား ထုတ်ယူလိုက်သည်။

"သွမ့်ယန်ပြောတာ အမှန်တွေလား။"

ဗာမီလီယမ်ငှက်ကြေးမုံမှာ ခပ်ပြတ်ပြတ် တုံ့ပြန်လိုက်သည်။

"အလိမ်တွေချည်းပဲ။"

အန်လင်း အားလုံးကိုကြည့်ကာ ကြေညာလိုက်သည်။

"ကြားကြတယ်မလား။ ငါက အပြစ်ကင်းစင်တဲ့ ဝိဥာဥ်နှစ်ဆယ့်ရှစ်ခုအတွက် တရားမျှတမှုကို ယူဆောင်ပေးမှာ။ ဒီကောင်က ဘယ်လောက်တောင် ရွံစရာကောင်းတဲ့ တိရစ္ဆာန်လည်းဆိုတာ အားလုံးသိစေရမယ်။"

ကျင့်ကြံသူများအားလုံးမှာ သွမ့်ယန်အား ကြည့်ရှုလိုက်ကြသည်။

သွမ့်ယန်မှာ ထိုစွပ်စွဲချက်အား ငြင်းဆိုနေဆဲပင်။

"သခင်လေးအန်လင်း....... ကျွန်တော် ခင်ဗျားအပေါ် ဘာအမှားမှ မလုပ်မိပဲနဲ့ ဘာလို့အခုလို လုပ်နေရတာလဲ။ အဲ့ကြေးမုံက ခင်ဗျား ပစ္စည်းလေ။ ခင်ဗျားပြောစေချင်သလို ပြောမှာပေါ့။"

"ဟုတ်တယ်။ ကျုပ်တို့ ရွှမ်းချင်ဂိုဏ်းက တရားမျှတမှု ရှိတဲ့ဂိုဏ်းပဲ။ ကျုပ်တပည့်က သူ့ဘဝတလျှောက်လုံး မိစ္ဆာတွေကို ရှင်းလင်းလာခဲ့တာ။ ဘာလို့ အဲ့လိုအပြစ်မျိုးကို လုပ်ရမှာလဲ။"

ကုန်းစွန်းကျိ အော်ဟစ်ပြောဆိုလာသည်။

အန်လင်း ဗာမီလီယမ်ငှက်ကြေးမုံအား ချထားလိုက်သည်။

"ဗာမီလီယမ်ငှက်ကြေးမုံက ဗာမီလီယမ်ငှက်ရဲ့ မူလရတနာ တစ်ပါးပဲ။ ကိုယ်ပိုင်အသိစိတ် ရှိပြီးတော့ ဘယ်တော့မှ လိမ်မပြောတတ်ဘူး။ မယုံရင် ဗာမီလီယမ်ငှက်ဂိုဏ်းကို သွားမေးကြည့်လို့ရတယ်။"

"ပြီးတော့......"

အန်လင်း မျက်မှောင်ကျုံ့ကာ အေးစက်စွာ ရယ်မောလိုက်သည်။

"မင်းတို့ရဲ့ တရားမျှတမှု ရှိတဲ့ဂိုဏ်းကိုလည်း ယီးပဲထင်တယ်။ မင်းလိုကောင်မျိုးက ဂိုဏ်းချုပ် ဖြစ်နေမှတော့ အဲ့လိုအခေါ်ခံရဖို့ တန်တယ်ထင်လို့လား။"

"ဒီကိုဆွေးနွေးဖို့လာတာ မဟုတ်ဘူး။ အမှန်တရားကိုပြောပြီး ခွေးလိုကောင်ကို ငရဲပို့ဖို့လာတာ။"

အနက်ရောင် ဓားပုံရိပ်နှင့်အတူ သွေးများပန်းထွက်လာသည်။

သွမ့်ယန်၏ ခြေလက်များလည်း ပြတ်တောက်သွားရတော့သည်။

"ငါ့ရည်ရွယ်ချက်ကဒါပဲ။”

All Chapters