← Chapters

ဓားအကျဉ်းထောင်၏ ထွက်ပေါက်

Vol. 51 Ch. 706

ဓားအကျဉ်းထောင်၏ ထွက်ပေါက်

Vol. 51 Ch. 706

မိုဝူကျိ၏ လက်က ရပ်တန့်သွားပြီး ပုဆိန်လှံရှည်ကို ချက်ချင်း ပြန်ရုတ်သိမ်းလိုက်သည်။ ဤသည်မှာ သူ့ပိုင်နက် ဖြစ်ပြီး ပိုင်ယဲ့ လွတ်မြောက်သွားမည်ကို စိုးရိမ်စရာ မလိုအပ်ပေ။

ပုဆိန်လှံရှည်အလင်း  ပျောက်သွားသည့်အခါ ပိုင်ယဲ့၏ ပိုင်းဖြတ်ခံထားရသော ခန္ဓာကိုယ်မှာ ချက်ချင်းဆိုသလို ပြန်ဆက်သွားလေ၏။  စာရွက်ဖြူကဲ့သို့ ဖြူဖျော့နေသော ပိုင်ယဲ့က  မိုဝူကျိရှေ့တွင် ရပ်လိုက်သည်။ သူက မိုဝူကျိသည် သူ့ကို သတ်ဖို့ရာ အစီအရင်ပင် မလိုကြောင်း သိလိုက်၏။

“ ပြောစမ်းပါဦး  ထွက်လမ်းက ဘယ်မှာလဲ …” မိုဝူကျိက အေးစက်စွာ မေးလိုက်သည်။ အကယ်၍ ပိုင်ယဲ့က အလိမ်အညာတစ်ခု ပြောရဲပါက  ပိုင်ယဲ့အား အမှုန့်အဖြစ် ပြောင်းပစ်ဖို့ရာ တွေဝေနေမည် မဟုတ်ပေ။

“ ငါ့ကို မသတ်ဘူးလို့ ကတိပေး …. အဲဆို ဓားအကျဉ်းထောင်ကနေ ဘယ်လို ထွက်သွားရမလဲဆိုတာ ပြောပြမယ် …” ပိုင်ယဲ့၏ အသံက အတော်လေး အားလျော့နေလေ၏။ အပေါ်ယံ၌ သူ့ခန္ဓာကိုယ်မှာ ပြန်ကောင်းလာသော်လည်း လက်တွေ့တွင်မူ သူက ပြန်ကောင်းဖို့ရာ အလှမ်းကွာသေးကြောင်း သိ၏။

မိုဝူကျိက မထူးမခြားနား ပြောလိုက်သည်  “ တကယ်လို့ ဓားအကျဉ်းထောင်ကနေ ဘယ်လို ထွက်သွားရမလဲဆိုတာ ပြောပြရင် ခင်ဗျားကို မသတ်ဘူး။ တကယ်လို့ ခင်ဗျားက မလိုချင်ရင် ဒါမှမဟုတ် ကျုပ်ကို မယုံရင်  နောက်ထပ် စကားထပ်ပြောစရာ မလိုတော့ဘူး ”

ပိုင်ယဲ့က မိုဝူကျိစကားများ ကြားလိုက်သည်နှင့် သူ့တွင် ရွေးချယ်စရာ မကျန်တော့မှန်း သိလိုက်သည်။ သူ စတင်ကျင့်ကြံကတည်းက အမျိုးမျိုးသော အန္တရာယ်များနှင့် ကြုံတွေ့ဖူးပေသည်။ သူက ဘယ်လိုလုပ် မသိဘဲ နေမည်နည်း။ မိုဝူကျိ၏ စရိုက်ပေါ် လောင်းကြေးထပ်ကာ  “ ဓားအကျဉ်းထောင်ရဲ့ ထွက်ပေါက်က ဓားစွမ်းအင်မြစ်ပဲ … ဓားစွမ်းအင်ဝဲကတော့လည်း  ဒီနေရာရဲ့ ထွက်ပေါက် ဖြစ်လိမ့်မယ်လို့ ထင်ပေမဲ့  ဓားစွမ်းအင် ဝဲကတော့ထဲ ဝင်ဖို့ အနည်းဆုံး နတ်ဘုရား ရုပ်ခန္ဓာ နောက်ဆုံးအဆင့် ဖြစ်ဖို့ လိုတယ်။ ပြီးတော့ အဲဒါကလည်း မင်းရဲ့ လုံခြုံမှုကို အာမခံပေးနိုင်မှာ မဟုတ်ဘူး။ အဲဒါကြောင့် ဓားအကျဉ်းထောင်ကနေ ထွက်သွားနိုင်တဲ့ တစ်ခုတည်းသော ရွေးချယ်မှုက ဓားစွမ်းအင်မြစ်ပဲ ….. ”

ပိုင်ယဲ့က တစ်ဆက်တည်း ပြောချလိုက်သည်။

မိုဝူကျိက အေးစက်စွာ တုံ့ပြန်လိုက်လေ၏  “ ကျုပ်ကို လာညာနေတာလား။ ဝေကျီတောက်တောင် ဓားစွမ်းအင်မြစ်ရေထဲ မဝင်နိုင်ဘူး။ ဒီလိုဆိုရင် ဘယ်သူက ဓားအကျဉ်းထောင်ကနေ ထွက်နိုင်တော့မှာလဲ။ ပြီးတော့ ခင်ဗျားက အဲဒါကို ဘယ်လိုလုပ် သိတာလဲ ….. ”

ပိုင်ယဲ့၏ လေသံမှာ  လေးနက်လာပြီး   “ ကျုပ်က ရှေ့ဖြစ်ဟောကိန်း တာအိုကို ကျွမ်းကျင်တယ်လေ။ အရင်နှစ်တွေတုန်းက  ဘေးကင်းနွယ်တောင်မှာ ကပ်ဘေးနဲ့ ကြုံမယ်ဆိုတာ သိလို့ ကျုပ် ထွက်သွားခဲ့တာပဲ ….  ပြီးတော့  ဓားစွမ်းအင်မြစ်က  ဓားအကျဉ်းထောင်ရဲ့ ထွက်ပေါက် ဖြစ်နေတယ်ဆိုတာလည်း  ဟောကိန်းထုတ်ထားတာ။ အဲဒါကြောင့် ရုပ်ခန္ဓာကိုယ်ကို အပြင်းအထန် လေ့ကျင့်နေတာပဲ။ ကျုပ်သာ နတ်ဘုရား ရုပ်ခန္ဓာ နောက်ဆုံးအဆင့် ရောက်သွားရင် ဓားစွမ်းအင်မြစ်ထဲ ဝင်လို့ ရပြီ ….. ”

“ ဓားစွမ်းအင်မြစ်ထဲ ဝင်ဖို့ နတ်ဘုရား ရုပ်ခန္ဓာအဆင့် နောက်ဆုံးအဆင့် လိုတာလား ” မိုဝူကျိက မျက်မှောင်ကျုတ်ကာ မေးလိုက်၏။

အစပိုင်းတွင် သူက ပိုင်ယဲ့၏ စကားများကို သံသယ ရှိခဲ့၏။ သူက ဓားစွမ်းအင်မြစ်ဆီ တစ်ခေါက် ရောက်ဖူးပြီး ရေပုံးဝက်သာ သယ်ဆောင်နိုင်ခဲ့ကာ  ဓားစွမ်းအင်ကြောင့် ရုပ်ပျက်ဆင်းပျက် ဖြစ်လုမတတ် ဖြစ်ခဲ့သည်။ အကယ်၍ သူတို့က ဓားစွမ်းအင်မြစ်ထဲ ဝင်သွားခဲ့လျှင် မေးခွန်းထုတ်စရာ မလိုဘဲ သေမည် မဟုတ်ပေဘူးလား။

ပိုင်ယဲ့က ဖြေလိုက်၏  “ ကျုပ်လည်း သေချာမသိဘူး။ ဒါပေမဲ့ ဓားစွမ်းအင်မြစ်ထဲ ဝင်ဖို့ နတ်ဘုရား ရုပ်ခန္ဓာ အဆင့် ၄ ပဲ လိုတယ်လို့ ကျုပ် ယုံတယ်။ နတ်ဘုရား ရုပ်ခန္ဓာ နောက်ဆုံးအဆင့်ကတော့ ပိုဘေးကင်းတာပေါ့ ”

ပိုင်ယဲ့ ပြောပြီးသည်နှင့် မိုဝူကျိအား ကြည့်လိုက်သည်။ သူ့စကား ပြောလိုက်ခြင်းက ဘာမှ မပြောလိုက်ခြင်းနှင့် ညီမျှပေသည်။ ဓားအကျဉ်းထောင်ထဲ၌ မည်သူကများ နတ်ဘုရား ရုပ်ခန္ဓာ အလယ်အလတ်အဆင့်ထိ ကျင့်ကြံနိုင်မည်နည်း။ သူက မိုဝူကျိအနေနှင့် အသက်ချမ်းသာပေးဖို့ရာ မျှော်လင့်နေမိ၏။

“ အဲဆို သွားတော့  …. ခင်ဗျားရဲ့ စကားကို ယုံလိုက်မယ် ” မိုဝူကျိက တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။

သူ့စကားအဆုံးတွင် မိုဝူကျိက မလှုပ်ရှားဘဲနဲ့ ဘေးပတ်လည်မှ အစီအရင်များမှာ အစအနမရှိ ပျောက်ကွယ်သွားလေ၏။  ပိုင်ယဲ့က မြေကွက်လပ်တွင် ပေါ်လာလေသည်။ နေရာရှိ လူဆယ်ယောက်ကျော်က သူတို့အား မသေချာမှုနှင့်အတူ တအံ့တဩ ကြည့်နေကြသည်။

ပိုင်ယဲ့၏ စိတ်ထဲ တုန်လှုပ်မိသွားသည်။

အစီအရင် ထိန်းချုပ်တာ ဘယ်လောက်တောင် ကျွမ်းကျင်နေတာလဲ ….

သူ မြင်ဖူးသည့် အားအကောင်းဆုံး အစီအရင်ပင်  အစီအရင်အား ထိန်းချုပ်နိုင်ရန် အစီအရင်အလံများ သို့မဟုတ် စိတ်စွမ်းအား လိုအပ်ပေ၏။ သို့သော်လည်း မိုဝူကျိက စိတ်စွမ်းအားပင် အသုံးမပြုလိုက်ကြောင်း သေချာသိလိုက်သော်ငြား  အစီအရင်က အသံတစ်စက်လေးမှ မထွက်ဘဲ ဖြေလျော့သွားလေ၏။

အကယ်၍ သူ ပိုင်ယဲ့သာ ဤနည်းလမ်းမျိုး သိခဲ့လျှင် …..

“ ဂိုဏ်းချုပ်မိုရဲ့ လျို့ဝှက်ပညာရပ်တွေက ကျယ်ပြောပြီးတော့ ကြီးကျယ်ပါတယ်။ ကျုပ် ပိုင်ယဲ့က ခင်ဗျားရဲ့ ကျောင်းတော်ဆီ ဝင်ပြီးတော့  ခင်ဗျားရဲ့ အမိန့်တွေကို နာခံဖို့ လိုလားပါတယ် ….”  ပိုင်ယဲ့က ထွက်မပြေးရုံသာမက  မိုဝူကျိအား လေးလေးစားစား ဦးညွှတ်၍ ပြောလိုက်သေး၏။

မိုဝူကျိတွင် အစီအရင်ထိန်းချုပ်နိုင်သည့် နည်းလမ်းများ ရှိပြီး  ထိုမိန်းကလေးကိုလည်း ဤနေရာ၌ အဆင့်တက်လှမ်းစေနိုင်သည့် နည်းလမ်းများလည်း ရှိနေသည်။ သူ ပိုင်ယဲ့က ဤအခွင့်အရေးက လက်လွှတ်မည် မဟုတ်ပေ။ ထို့အပြင် မိုဝူကျိက ထိန်းချုပ်ဖို့ရာ လွယ်ကူသည့်သူ ဖြစ်ကြောင်း ယုံကြည်ထား၏။ အကယ်၍ သူသာ မိုဝူကျိ နေရာ၌ ဖြစ်နေလျှင် သေချာပေါက် ညှာတာမည် မဟုတ်ပေ။ တစ်ဖက်လူက ထွက်ပေါက်အကြောင်း ပြောပြီးသည်နှင့် တုံ့ဆိုင်းခြင်းမရှိ သတ်ပစ်မိလိမ့်မည်။ သို့သော်လည်း ဤဂိုဏ်းချုပ်မိုက သူ့အား ဘာမှ မလုပ်ခဲ့ပေ။ ဆိုလိုသည်မှာ ဤဂိုဏ်းချုပ်မို၏ တာအိုနှလုံးသားက မပြတ်သားချေ။ သူသာ ဂိုဏ်းချုပ်မိုလို လူမျိုးနောက် လိုက်နိုင်သရွေ့ သူ့အား  အပြီးသတ်နိုင်မည့် နည်းလမ်း ရှာတွေ့လာလိမ့်မည်။

“ ထွက်သွားစမ်း ….  အသက်သုံးရှိုက်စာအတွင်း ထွက်မသွားရင် ခင်ဗျား ထွက်သွားဖို့ မလိုတော့ဘူး ” မိုဝူကျိက အေးစက်စွာ ပြောလိုက်သည်။

ပိုင်ယဲ့က တောင့်တင်းသွားလေ၏။ သူက မှားယွင်းစွာ ကောက်ချက်ချမိခဲ၏။ မိုဝူကျိအား  အာကျယ်သည့်သူ တစ်ယောက်အဖြစ်သာ ယူဆခဲ့ပြီး  မိုဝူကျိအနေနှင့် သူ့အား တစ်ခုခု လုပ်လိမ့်မည်ဟု မယုံပေ။

မကြာခင် သူက တကယ်သာ ထွက်မသွားပါက လုံးဝ မထွက်သွားနိုင်တော့မည် မဟုတ်ကြောင်း သိလိုက်သည်။ ဤသို့မျိုး အခြေအနေမျိုး၌ ပိုင်ယဲ့က မည်သို့များ  ဟောကိန်းတွက်ချက်နေရမည်နည်း။ သူက မြန်မြန် နောက်ဆုတ်ကာ ဓားအကျဉ်းထောင် အနက်ပိုင်းအတွင်း ဝင်ရောက်သွားတော့သည်။

ဝေကျီတောက်သည်  ဂိုဏ်းချုပ်မိုက ပိုင်ယဲ့အား အလွယ်တကူ အနိုင်ယူလိုက်သည်ကို မြင်သောအခါ စိတ်ထဲ လေးလံသွားတော့သည်။ နဂိုက သူလည်း ဖင်းဖန်ထဲ ဝင်ချင်မိသော်လည်း မိုဝူကျိက ပိုင်ယဲ့ကိုပင် လက်မခံသည်ကို မြင်သောအခါ မိုဝူကျိက သူ့အား မည်သို့လက်ခံမည်နည်း။ ထို့အပြင် သူက မိုဝူကျိအပေါ် ရိုင်းရိုင်းစိုင်းစိုင်း ပြုမူထားသေး၏။

သူက ဒဏ်ရာတချို့ ပျောက်ကင်းပြီးသည်နှင့် ချက်ချင်း ထွက်သွားရန် ဆုံးဖြတ်လိုက်သည်။ အကယ်၍ သူသာ ပိုင်ယဲ့လို ဖြစ်နေပြီး  ‘ထွက်သွားစမ်း’ ဟုသာ ကြားလိုက်ရလျှင် သူ့မာန်မာနတွေအားလုံး ဆုံးရှုံးသွားလိမ့်မည်။

“ စုကျီအန်းက ဂိုဏ်းချုပ်မိုကို ဂါရဝပြုပါတယ် ”

“ ချာလွေ့က ဂိုဏ်းချုပ်မိုကို ဂါရဝပြုပါတယ် ”

ချာလွေ့ အလှည့်အပြီးတွင် အခြားသော ကျင့်ကြံသူများကလည်း မိုဝူကျိအား လာရောက်ဂါရဝ ပြုကြသည်။

“ ခင်ဗျားတို့က ကျုပ်ဖင်းဖန်ကို ဝင်ဖို့ ရောက်နေကြတာလား  ” မိုဝူကျိက လူအုပ်ကြီးကို ကြည့်ကာ မေးလိုက်၏။

“ ဟုတ်ပါတယ် … ဂိုဏ်းချုပ်မိုက ကျုပ်တို့ကို စောင့်ရှောက်ပေးဖို့ တောင်းဆိုပါတယ် ” စုကျီအန်းက လေးလေးစားစား ပြောလိုက်သည်။

“ ဂိုဏ်းချုပ်မို …. စောစောလေးက ပိုင်ယဲ့ ရောက်လာတုန်းက ဂျုနီယာညီမလေး ချင်းရုက ဖင်းဖန်ကို ဝင်တဲ့သူတွေ သူမဘက် လာဖို့ ပြောတော့  အဲဒီလူ သုံးယောက်က မလာဘူး။ သူတို့က ပိုင်ယဲ့ နိုင်မယ်လို့ ထင်နေတဲ့ပုံပဲ။  သူတို့အတွက် ကံမကောင်းတာက ဂိုဏ်းချုပ်မိုက နိုင်သွားတာပဲ  ” ဖေးလင်က အားလုံးမှာ ဖင်းဖန်သို့ ဝင်ရန် ဆိုင်းပြင်းပြနေသည်ကို မြင်သောအခါ ဝင်ပြောလိုက်၏။

မိုဝူကျိက ဟန်ချင်းရုကို ကယ်ဆယ်ရန် ဓားအကျဉ်းထောင်ထဲ ရောက်ရှိလာခြင်း ဖြစ်ပြီး သူ ဖေးလင်က  ဖင်းဖန်ထဲမှ ဟန်ချင်းရု၏ အနေအထားကို သေချာသိပေသည်။ သူ့ကျင့်ကြံဆင့်နှင့် သူ့အင်အားမှာ ဟန်ချင်းရုထက် များစွာသာလွန်နေသည့် အချက်ကြောင့်သာ မဟုတ်လျှင် ဟန်ချင်းရုအား စီနီယာအစ်မဟုပင် ခေါ်ဝေါ်ရလောက်၏။ သို့သော်  ထိုအရာမှာ အရမ်းကပ်ဖားလွန်းရာ ရောက်သွားပေလိမ့်မည်။

သူ ပြောလိုက်သည့် အကြောင်းအရင်းမှာ ဟန်ချင်းရုသည် ကြင်နာလွန်းပြီး ဤကိစ္စကို မပြောမည်ကို  စိတ်ပူမိ၍ ဖြစ်သည်။ သို့သော်လည်း ဟန်ချင်းရုက သူ မပြောလျှင်ပင် ပြောလိမ့်မည် ဖြစ်ကြောင်း မသိခဲ့ပေ။

ယုံရင်အစွန်းအဖျားမှာ ရှိစဉ်ကလို ဆိုပါက ဟန်ချင်းရုသည်  ဝင်ပြောမည် မဟုတ်ပေ။ သို့သော် များစွာ တွေ့ကြုံသွားပြီးနောက် ဟန်ချင်းရုသည်လည်း မည်သည့်အရာကို ပြောသင့်ကြောင်း၊ မပြောသင့်ကြောင်း သိနေလေပြီ။

“ ဟုတ်တယ် ဝူကျိ … သူတို့က စောစောလေးက ဖင်းဖန်ကို မဝင်ချင်ကြဘူး ” ဟန်ချင်းရုက လျှောက်လှမ်းလာလေ၏။

မိုဝူကျိက ထိုလူသုံးယောက်အား ကြည့်ကာ မထူးမခြားနား ပြောလိုက်သည်  “ ခင်ဗျားတို့သုံးယောက်က ကျုပ် ဖင်းဖန်ကို မဝင်ချင်ဘူးဆိုတော့ ကျေးဇူးပြုပြီး ထွက်သွားပေးပါ …. ခင်ဗျားတို့လိုမျိုး လူတွေ မလိုဘူး ”

ဒဏ်ရာများနှင့် ကျင့်ကြံသူ သုံးယောက်က ခေါင်းငိုက်စိုက်ချလျက်  ထွက်သွားကြတော့သည်။ သူတို့အနေနှင့် ဘာမှ ပြန်ပြောစရာ မရှိတော့ချေ။ မိုဝူကျိအား လက်နှစ်ဖက် ယှက်ကာ နှုတ်ဆက်ပြီးနောက် ထွက်သွာ၏။ သုံးယောက်သား ဘေးကင်းနွယ်တောင်မှ အခက်အခဲများစွာနှင့် လွတ်မြောက်လာသော်လည်း  ဓားအကျဉ်းထောင်ရှိ ဓားစွမ်းအင်များကြောင့် ပျောက်ကွယ်သွားတော့မည် ဖြစ်ကြောင်း သိလိုက်ကြသည်။

မိုဝူကျကိက သနားညှာတာမှုကို မပြသပေ။ ဂိုဏ်း ကောင်းစားချိန်တွင်သာ ရောက်လာပြီး ဂိုဏ်းအနေနှင့် သူတို့ကို လိုသည့်အခါ၌ မရှိပေးနိုင်လျှင် မိုဝူကျိအနေနှင့် ဘာကြောင့်များ လက်ခံပေးရမည်နည်း။

သူတိုက ဂိုဏ်းကို ကိုယ်ပိုင်အဖြစ် သတ်မှတ်ကြလို့လား …..

“ ဂိုဏ်းချုပ်မိုရဲ့ အကူအညီအတွက် ကျေးဇူးတင်ပါတယ် …” ဝေကျီတောက်က အင်အားတချို့ ပြန်ရလာလေပြီ။ သူက မတ်တတ်ရပ်ကာ လက်နှစ်ဖက် ယှက်လျက် ကာကွယ်ရေး အစီအရင်မှ  ထွက်သွားရန် ပြင်လိုက်သည်။

မိုဝူကျိက ရုတ်တရက် ထပြောလိုက်သည်  “ အစ်ကိုကျီတောက် တကယ်လို့ ဖင်းဖန်ကို ဝင်ချင်တယ်ဆိုရင် နေလို့ ရတယ်နော်။ တကယ်လို့ ဖင်းဖန်ကို ဝင်မယ်ဆိုရင်တော့ ဖင်းဖန်းအပေါ် မသမာတာ မလုပ်ပါဘူးလို့တော့ ကျိန်ဆိုရမယ် ”

လက်တွေ့၌ ဖန်းဟုန်၊ ဝေကျီတောက်နှင့် ရှန့်ဟဲကောင်းတို့ သုံးယောက်၌   မိုဝူကျိအနေနှင့် ဝေကျီတောက်နှင့် မိတ်ဆွေဖို့လိုသည်။

လူများက တစ်ကိုယ်ကောင်းဆန်တတ်ကြပြီး ဝေကျီတောက်၏ အမြင်မှ ကြည့်လျှင် သူ့အပြုအမူများမှာ မမှားယွင်းပေ။ ဝေကျီတောက်၏ ယုံကြည်ချက်အရ သူက နယ်မြေ ငါးကီလိုမီတာ ပြန်မယူလျှင် ဖန်းဟုန်နှင့် ရှန့်ဟဲကောင်းတို့က သူနှင့် မပူးပေါင်း၍သာ ဖြစ်၏။ တစ်ဖက်တွင် သူက နယ်မြေ ငါးကီလိုမီတာ ပြန်ယူသည်နှင့် ဓားစွမ်းအင်မြစ်ရေ များများ ရရှိနိုင်ပေသည်။ ထိုအရာမှာ ပြန်ကောင်းမွန်လာနှုန်းကို မြင့်တက်စေ၏။ ထို့ကြောင့် သူ ယခုလေးပင် သိကျွမ်းလာသည့် သူတစ်ယောက်အား  ကျောခိုင်းသည်မှာ ခက်ခဲသည့် ဆုံးဖြတ်ချက်တော့ မဟုတ်ချေ။

“ ဂိုဏ်းချုပ်မို ….” ဝေကျီတောက်က မိုဝူကျိအား တအံ့တဩ ကြည့်လိုက်သည်။

မိုဝူကျိက တစ်ခွန်းမှ မပြောဘဲ ဝေကျီတောက်၏ ဆုံးဖြတ်ချက်ကိုသာ စောင့်ဆိုင်းနေလေ၏။ သူက ဝေကျီတောက်ကို ခေါ်ချင်သည့် အကြောင်းအရင်းများစွာ ရှိပေသည်။ တစ်ချက်မှာ ဝေကျီတောက်၏ အကျင့်စရိုက်မှာ မဆိုးလှချေ။ ဒုတိယအနေနှင့် ဝေကျီတောက်သည်  အင်မော်တယ် ဧကရာဇ် နောက်ပိုင်းအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်ပြီး မဟာဧကရာဇ် ဖြစ်ဖို့ရာ ခြေတစ်လှမ်းမျှသာ လိုအပ်တော့၏။ အကယ်၍ သူတို့ ထွက်သွားနိုင်လျှင် သူ့ဖင်းဖန်တွင် မဟာဧကရာဇ်များ လိုအပ်ပေလိမ့်မည်။

“ ဝေကျီတောက်က ဖင်းဖန်ကို ဝင်ဖို့ လိုလားပါတယ်။ ဒီနေ့က စပြီးတော့ ဝေကျီတောက်က ဖင်းဖန်ကို ထိခိုက်စေမဲ့ အရာ တစ်ခုမှ မလုပ်ဆောင်သလို ဂိုဏ်းချုပ်မိုကိုလည်း ရန်သူအဖြစ် မယူဆပါ။ အကယ်၍ ဖောက်ပြားမိပါက  ကျုပ် ခန္ဓာအတွင်း နတ်ဆိုးများ ဝင်ရောက်၍ မိုးကြိုးထိမှန်၍ သေပါစေသား ” ဝေကျီတောက်က ချက်ချင်းဆိုသလို ကျိန်ဆိုလိုက်သည်။

ဓားအကျဉ်းထောင်၌ နှစ်များစွာ အဖမ်းခံထားရပြီးနောက် မည်သည့်ဘက်  ရွေးရမည်ကို မသိဘဲ နေမည်နည်း။ အကယ်၍ သူတို့ မလွတ်မြောက်နိုင်လျှင် သူ ကျိန်ဆိုခြင်း ၊  မကျိန်ဆိုခြင်းက ဘာများ ကွာခြားဦးမည်နည်း။ သို့သော် ကျိန်ဆိုလိုက်ခြင်းက သူ့အား  ပြင်ပသို့ ခေါ်သွားနိုင်သည်ဆိုလျှင် ဆိုးဆိုးရွားရွား ကျိန်ဆိုရလျှင်လည်း ကိစ္စမရှိပေ။

ထို့အပြင် သူက ပြောထားသော စကားကို တလွဲ လုပ်တတ်သူ မဟုတ်သောကြောင့်  ဤသို့မျိုး သွေးသစ္စာမျိုးက သူ့အတွက် သက်ရောက်မှု လုံးဝ မရှိချေ။

မိုဝူကျိလည်း ပြန်ပြောလိုက်၏  “ ဒီနေ့ကစပြီးတော့ အစ်ကိုကျီတောက်က ကျုပ်တို့ ဖင်းဖန်ရဲ့ ကာကွယ်သူ ညာလက်ရုံးပဲ။ တကယ်လို့ ကျုပ်တို့တွေ ဒီကနေ ထွက်သွားနိုင်ရင် အစ်ကိုကျီတောက်ကို မဟာဧကရာဇ် ဖြစ်လာစေဖို့  နည်းလမ်း ရှာပေးမယ် …. ”

မိုဝူကျိအနေနှင့် ဝေကျီတောက် ဖင်းဖန်သို့ ဝင်လာသည့် အချက်ကို အရမ်းကျေနပ်နေမိသည်။ ဓားအကျဉ်းထောင်လို နေရာမျိုး၌ပင် ဝေကျီတောက်က  အရမ်းအားကောင်းနေပေရာ  ဓားအကျဉ်းထောင်မှ ထွက်သွားနိုင်သည်နှင့် သာမာန် အင်မော်တယ် ဧကရာဇ် နောက်ပိုင်းအဆင့်မှာ သူနှင့် ယှဉ်နိုင်မည် မဟုတ်ချေ။ ထို့အပြင် ဝေကျီတောက်က သွေးသစ္စာပေါ် အရမ်းအလေးနက်ထားပြီး မိုဝူကျိအား ရန်သူအဖြစ် ဆက်ဆံမည် မဟုတ်ကြောင်းပါ ထည့်၍ ကျိန်ဆိုခဲ့သည်။

“ ဟုတ်ကဲ့ပါ ဂိုဏ်းချုပ် ….” ဝေကျီတောက်က ဆုံးဖြတ်ချက် ချပြီသည်နှင့် အကျိုးမြတ်များ ရလာပြီ ဖြစ်၏။ ဖင်းဖန်ကို ဝင်လိုက်ပြီ ဖြစ်သောကြောင့် ဖင်းဖန်မှ လူ ဖြစ်ရမည်။ ဓားအကျဉ်းထောင်ထဲ မဝင်ခင် သူက နယ်လှည့်ကျင့်ကြံသူ တစ်ဦးသာ ဖြစ်၏။ သူက ဂိုဏ်းများဆီ မဝင်ခြင်းမှာ  ဂိုဏ်းများ၏  တားမြစ်ချက်များ၊ အချုပ်အနှောင်များကို သဘောမကျ၍ ဖြစ်ပေသည်။

သူက ကာကွယ်သူ ညာလက်ရုံး ဖြစ်နေသောကြောင့် သူ့အပေါ်တွင် ဂိုဏ်းချုပ်တစ်ယောက်သာ ရှိ၏။ သူက လွတ်လွတ်လပ်လပ် ရှိနေဆဲ ဖြစ်ပေသည်။ အကယ်၍ ကာကွယ်သူ  ဘယ်လက်ရုံး ရှိလာလျှင်ပင် ဘယ်လက်ရုံးမှာ သူနှင့်အဆင့်တူသာ ဖြစ်၏။

မိုဝူကျိက တခြားလူများကို လှည့်ကြည့်လိုက်ပြီး  “ ကျုပ်တို့ ဖင်းဖန်က မတည်ထောင်ရသေးပေမဲ့ ကျုပ်တို့တွေ ဓားအကျဉ်းထောင်ကနေ ထွက်သွားတာနဲ့ ဖင်းဖန်က အင်မော်တယ်လောကမှာ နံပါတ်တစ် ဖြစ်လာလိမ့်မယ်။ ဖင်းဖန်ကို  ဝင်ချင်တဲ့သူတွေ ခင်ဗျားတို့ရဲ့ ရည်ရွယ်ချက်တွေကို ပြောကြပါ၊ တကယ်လို့ အလိုမရှိရင်တော့ ဒီနေရာမှာ ဆက်နေနိုင်ပါတယ်။ ဘေးကင်းနွယ်တောင်နဲ့ ယှဉ်လို့တော့ မရပေမဲ့ ကျန်တဲ့ နေရာတွေထက်စာရင်တော့ အဆတစ်ထောင်လောက် ပိုကောင်းပါသေးတယ် …. ”

ဖင်းဖန်ကို ဝင်လိုက်ခြင်းက တစ်ခုတည်းသော ရွေးချယ်မှုတစ်ခု ဖြစ်ပေသည်။ စုကျီအန်းမှ လွဲ၍ လူခြောက်ယောက်လုံးက ဖင်းဖန်ကို ဘယ်တော့မှ သစ္စာမဖောက်မည့်အကြောင်း ကျိန်ဆိုကြသည်။

မိုဝူကျိက ခေါင်းညိတ်ပြလိုက်၏။ ထိုလူများမှာ ဓားအကျဉ်းထောင်ထဲ နေလာသည်မှာ ကြာမြင့်လှပြီ ဖြစ်ရာ ဓားအကျဉ်းထောင်မှာ မည်မျှ ကြောက်မက်ဖို့ ကောင်းကြောင်း သိနေပြီးသား ဖြစ်ကြသည်။ အကယ်၍ ဓားအကျဉ်းထောင်ထဲ နှစ်တစ်ထောင်လောက် ပိတ်မိနေပြီး နှိပ်စက်ခံနေရပါက အတွေးတူ တွေးမိပေလိမ့်မည်။

“ ဂိုဏ်းချုပ်မို …. ကျုပ်တို့ လေးယောက်က တျန်းဂျီဂိုဏ်းသားတွေပါ။ တျန်းဂျီဂိုဏ်းက အမြစ်ဖြတ် ရှင်းထုတ်ခံလိုက်ရပြီး  ကျုပ်တို့တွေ ဓားအကျဉ်းထောင်ထဲ အဖမ်းခံလိုက်ရတာပါ။ အဲဒါကြောင့် ကျုပ်တို့က ဇာစ်မြစ်ကို မပြောရဲတာပါ။ အခု ဂိုဏ်းချုပ်မိုက ကျုပ်တို့ ခေါင်းဆောင်ဆိုတော့ စုကျီအန်း ဆက်ပြီးတော့ ဖုံးကွယ်မထားတော့ပါဘူး ”  စုကျီအန်းက ဖင်းဖန်သို့ ဝင်ရန် လူသုံးယောက်ကို ခေါ်လာပြီးနောက် အမှန်တရားကို တည့်တိုးသာ ပြောလိုက်တော့သည်။

“ ခင်ဗျားတို့တွေက တျန်းဂျီဂိုဏ်းကလား  ” မိုဝူကျိက တအံ့တဩ မေးလိုက်၏။

All Chapters