← Chapters

ကျွေ့ရှန်ခုံး၏ဘဝ

Vol. 66 Ch. 917

ကျွေ့ရှန်ခုံး၏ဘဝ

Vol. 66 Ch. 917

ဆန့်ကျင်ဘက်ကမ်းခြေနယ်မြေရှိ ကြည်လင်သော သစ်ပင်တစ်ပင်ပေါ်၌..........

အမျိုးသမီးတစ်ဦးသည် သစ်ကိုင်းပေါ်တွင် ထိုင်နေပြီး နက်မှောင်သော ဆံကေသာမှာ သေးသွယ်သော ခါးထိတိုင် ရှည်ကျနေသည်။

သူမ၏ မျက်နှာသွင်ပြင်မှာ သော်တာလမင်းသဖွယ် နူးညံ့ပျော့ပြောင်းနေပြီး လက်တစ်ဖက်မှ သတင်းပေလွှာအားကိုင်ကာ တစ်ဖက်မှ မေးထောက်ထားလေသည်။ သူမသည် သတင်းအားဖတ်ကာ မျက်မှောင်ကျုံ့လိုက်မိသည်။

သတင်းပေလွှာတွင် ထင်ထင်ရှားရှား စာလုံးကြီးများဖြင့် သတင်းထူးကို ရေးသားထားသည်။

(သတင်းထူး : ဆေးလုံးသန့်စင်ခြင်းပြိုင်ပွဲမှာ လူတစ်ယောက်က ဆေးပဏ္ဍိတ သမီးကို ဒီလိုလုပ်သွားတယ်။)

ထိုသည်မှာ ဆေးမြို့တော်တွင် ရရှိခဲ့သော အန်လင်း၏ အောင်မြင်မှုများအား ညွှန်းဆိုထားခြင်း ဖြစ်သည်။ သူသည် ပထမဆု ရခဲ့ရုံသာမက အလောင်းအစားကိုသုံးကာ တပည့်ဖြစ်သူနှင့် ဆေးပဏ္ဍိတ သမီးတို့အား အောင်သွယ်ပေးခဲ့ပြီး အောင်လည်းအောင်မြင်ခဲ့သည်။

ထိုအမျိုးသမီးသည် အခြားသော သတင်းပေလွှာတစ်ခုအား ထုတ်ယူလိုက်သည်။

(သတင်းထူး( : ရွှမ်းချင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်သစ်တက်ပွဲ အခမ်းအနားမှာ ဒီလူက ဂိုဏ်းချုပ်ငယ်ပါကို ဒီလိုလုပ်သွားပါသတဲ့။)

ထိုသတင်းသည် ဇာတ်လိုက်မှာလည်း အန်လင်းပင် ဖြစ်ပေသည်။ သတင်းထဲတွင် ရွှမ်းချင်ဂိုဏ်းအား အန်လင်းမှ တကိုယ်တော် ဖျက်စီးသွားပုံကို အသေးစိတ် ရေးသားထားသည်။ ထိုသတင်းသည် အမှန်တကယ် သတင်းထူးတစ်ခု ဖြစ်သောကြောင့် ကိုးပြည်ထောင်တခွင် ရုတ်ရုတ်သဲသဲ ဖြစ်ကုန်သည်။

"ညစန္ဒာအကြီးအကဲ........ နင်က တကယ်အရူးပဲ။"

"အန်လင်းကို လျှို့ဝှက်နည်းလမ်းသုံးခိုင်းဖို့ မပြောနဲ့။ သူ့ကို ဘာမှတောင် လုပ်လိုက်နိုင်မှာ မဟုတ်ဘူး။"

ထိုအမျိုးသမီး၏ စကားသံတွင် ခါးသီးသော ခံစားချက်များ ပါဝင်နေသည်။

.............

ပိုင်ဟွားပြည်နယ်ရှိ ရွှမ်းချင်ဂိုဏ်း၏အကြောင်းမှာ ကိုးပြည်ထောင်အား အထိတ်တလန့် ဖြစ်သွားစေသည်။

အများစုသည် အန်လင်း၏ ရက်စက်သော သတ်ဖြတ်ခြင်းအား ဆန့်ကျင်ကြသည်။ မည်သို့ပင်ဆိုစေကာမူ ၎င်းတို့၏ စကားဝိုင်းမှာ သေဆုံးသွားသော ဂိုဏ်းချုပ်နှစ်ဦးအကြောင်းသာ ဖြစ်သည်။ ကိုးပြည်ထောင်တခွင် အမည်ကောင်းနှင့် ကျော်ကြားသော တရားမျှတမှုဂိုဏ်းတွင် ထိုကဲ့သို့ ဂိုဏ်းချုပ်များ ရှိနေလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားကြပေ။

ထိုဂိုဏ်းချုပ်နှစ်ဦးလုံးသည် အော်စကာ ရလောက်အောင် သရုပ်ဆောင် ကောင်းကြသည်။

ဂိုဏ်းချုပ်သစ်သည် ကြောင်သူတော်ဇာတ်ရုပ်အား ပြီးပြည့်စုံစွာ သရုပ်ဆောင်ခဲ့ပြီး ဂိုဏ်းချုပ်ဟောင်းသည်လည်း တူညီသော ဇာတ်ရုပ်တွင် အံ့အားသင့်ရလောက်အောင် လုပ်ပြနိုင်ခဲ့သည်။

အန်လင်းသာ ဖိအားပေးကာ မထုတ်ဖော်ခဲ့ပါက ယခုထိတိုင် မည်သူမှ သိကြဦးမည် မဟုတ်ပေ။

ထိုအဖြစ်အပျက်၏ နောက်ဆက်တွဲ အကျိုးသက်ရောက်မှုများမှာလည်း ဆက်တိုက်ဆိုသလို ဖြစ်ပေါ်လာသည်။

ဥပမာအားဖြင့် သွမ့်ယန်သည် လှပသော အမျိုးသမီးပေါင်းများစွာအား အဓမ္မကျင့်ခဲ့ပြီး အကြီးအကဲများမှာလည်း ဂိုဏ်းငယ်လေးများထံမှ ရင်းမြစ်များ ဓားပြတိုက်ခဲ့သည်။

ရွှမ်းချင်ဂိုဏ်းသည် အင်အားကြီးမားလွန်းသောကြောင့် ခံခဲ့ရသူများမှာ ထုတ်ပင်မပြောနိုင်ကြပေ။ ယခုတွင်မူ စုကျိုးအင်မော်တယ်ဂိုဏ်းအားကိုးဖြင့် ရွှမ်းချင်ဂိုဏ်းအကြောင်း အပုပ်အပွများစွာ ထွက်ပေါ်လာသည်။

ရွှမ်းချင်ဂိုဏ်း၏ အကြီးအကဲတစ်ဦးသည် အခြားဂိုဏ်းများသို့သွားကာ ထိုဂိုဏ်းများ၏ စိတ်ဝိဥာဥ်သားရဲများအား မဖွယ်မရာများ ပြုလုပ်တတ်သည်။ သူသည် ထိုသို့လုပ်ဆောင်ရသည်ကို စွဲလမ်းနှစ်သက်နေပြီး အသုံးပြုသော နည်းလမ်းများမှာလည်း မယုံကြည်နိုင်စရာ ကောင်းလောက်အောင် ကြောက်မက်ဖွယ်ကောင်းသည်။

ထိုအကြောင်းအရာများ ပေါ်လာပြီးနောက် စိတ်ဝိဥာဥ်သားရဲအရေး တက်ကြွလှုပ်ရှားသူများသည် ရွှမ်းချင်ဂိုဏ်းအား အမြစ်ဖြတ် သုတ်သင်ရန် ထကြွလာတော့သည်။

ရွှမ်းချင်ဂိုဏ်း၏ အပုပ်အပွများမှာ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာနေသည်။

အကြီးအကဲများနှင့် ဂိုဏ်းသားအများစုမှာ အပြစ်ကင်းကြပါသော်လည်း ရွှမ်းချင်ဂိုဏ်းသည် အားလုံး၏ မျက်မုန်းကျိုးစရာ ဖြစ်လာပြီး မိစ္ဆာဂိုဏ်းအဖြစ် သတ်မှတ်ခံလိုက်ရသောကြောင့် ဂိုဏ်းပြိုကွဲတော့မလို ဖြစ်လာသည်။

ထိုသည်သာမက နောက်ဆက်တွဲ အကျိုးသက်ရောက်မှုများအနေဖြင့် အခြားသော တရားမျှတမှုဂိုဏ်းများ၏ မတရားမှုများလည်း ပေါ်ထွက်လာခဲ့သည်။ သတ္တိရှိလာကြသော ကျင့်ကြံသူအချို့သည် ခံစားခဲ့ရသည်များ ထုတ်ဖော်ပြောကြားကာ ဂိုဏ်းကြီးများထံမှ အကူအညီ တောင်းခံလာကြသည်။

အန်လင်းသည် တော်လှန်ရေးမီးတောက်အား အစပျိုးလိုက်သလို ဖြစ်သွားသောကြောင့် အခြားသူများမှာလည်း မတရားမှုကို ငြိမ်ခံမနေတော့ပေ။

ကြီးနိုင်ငယ်ညှင်းဆိုသည်မှာ လောကကြီး၏ သဘာဝသာဖြစ်ပြီး ဖုံးကွယ်ထားသော မတရားမှုများလည်း မရေမတွက်နိုင်အောင် ရှိနေဦးမည်ပင်။ မည်သို့ပင်ဆိုစေကာမူ အန်လင်းသည် မတရားမှုတစ်ခုအား အစဆွဲထုတ်ကာ မည်သို့ကိုင်တွယ်သင့်ကြောင်း ပြသပေးခဲ့သည်။

ထို့နောက် ကျင့်ကြံသူများသည်လည်း ရဲရဲဝံ့ဝံ့ ရှေ့သို့ထွက်ကာ ခံစားခဲ့ရသည်များ ထုတ်ဖော်ပြောကြားလာကြသည်။

"အန်လင်း....... ကျင့်ကြံသူတွေက စုကျိုးအင်မော်တယ်ဂိုဏ်းဆီလာပြီး သူတို့အတွက် တရားမျှတမှု ယူပေးဖို့ လာတောင်းဆိုကြတယ်။"

လျှိုချင်းဟွမ်မှာ အသံဆက်သွယ်သော ကျောက်စိမ်းပြားဖြင့် အန်လင်းအား ဆက်သွယ်လာသည်။

"အဲ့ဒါဆို တပည့်တွေကိုလွှတ်ပြီး ဘာဘာညာညာ လိုက်ကြည့်ခိုင်းလိုက်။ သက်သေခိုင်လုံရင် ဘယ်ဂိုဏ်းဖြစ်ဖြစ် ဆော်သာဆော်ခဲ့တော့။"

အန်လင်း တဲ့တိုးဆန်စွာ ပြောလိုက်သည်။

စုကျိုးအင်မော်တယ်ဂိုဏ်းသည် တရားမျှတမှု ယူဆောင်ပေးသော ဂိုဏ်းတစ်ခု မဟုတ်ပေ။

မည်သို့ပင်ဆိုစေကာမူ အန်လင်းမှာ ယခုအလုပ်အား ဆက်လက်လုပ်ဆောင်လိုသည်။

သူသည် အမှောင်ထုထဲတွင် မျှော်လင့်ချက်မဲ့နေသူများ အားလုံးအတွက် အလင်းပေးသော ဂိုဏ်းတစ်ခုကို တည်ထောင်လိုသည်။ လောကကြီးအား လက်လျှော့လိုသည်အထိ စိတ်ဆင်းရဲရသော အချိန်တွင် အားကိုးစရာ နေရာတစ်ခု ဖြစ်ပေးလိုသည်။

ကမ္ဘာပေါ်တွင် တစ်ဦးတည်း ခိုကိုးရာမဲ့သော ခံစားချက်မျိုး မည်သူ့ကိုမှ မရှိစေလိုပေ။

................

သေးငယ်သော တောင်တန်းတစ်ခု၌......

နေရောင်ခြည်သည် ကမ္ဘာမြေပြင်ပေါ် ကျရောက်ကာ လှပသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်နေစေသည်။

လိပ်ပြာလေးတစ်ကောင်သည် မြက်ခင်းပြင်ပေါ် ပျံဝဲနေရင်း ပန်းရနံ့များကြောင့် တောင်၏အခြားတစ်ဖက်သို့ ရောက်ရှိသွားသည်။

ခြေသံများလည်း ခပ်စိတ်စိတ် ကြားနေရလေသည်။

လိပ်ပြာလေးသည် ထိတ်လန့်သွားခြင်း မရှိပဲ ထိုသူထံ ပျံဝဲလာကာ ကြိုဆိုနေတော့သည်။

.............

အန်လင်းမှာ အုတ်ဂူငယ်တစ်လုံးထံ လျှောက်လှမ်းလာသည်။

သူသည် အနီးမှ လှပသော ပန်းလေးများကိုကြည့်ကာ ခပ်ဖွဖွ ပြုံးလိုက်သည်။

ထိုအချိန်တွင် လိပ်ပြာလေးမှာ ကောင်းကင်ထက်သို့ ပျံဝဲသွားပြီးနောက် နေရောင်အောက်တွင် အရောင်စုံသော တောင်ပံများကို ဖြန့်ကားလိုက်သည်။

အန်လင်း လိပ်ပြာလေးအား ပြုံးကာနှုတ်ဆက်လိုက်ပြီးနောက် အုတ်ဂူအား ကြည့်လိုက်သည်။

"တောင်းပန်ပါတယ် ကျွေ့ရှန်ခုံး...... မင်းမှတ်စုစာအုပ်ကို ငါဖတ်ခဲ့မိတယ်။"

"ဒါပေမယ့် ငါကလူကောင်းဆိုတော့ နင်စိတ်ထဲမထားဘူးမလား။"

သူသည် ရွှမ်းချင်ဂိုဏ်းသို့ သွားစဥ်က မှတ်တမ်းတင်ထားသော သလင်းကျောက်အား ထုတ်ယူလိုက်သည်။

သွမ့်ယန်၏ ဆိုးရွားလှသော အဆုံးသတ်မှာ ထိုသလင်းကျောက်ထဲတွင် မှတ်တမ်းတင်ထားလေသည်။

အန်လင်းမှာ ထိုမြင်ကွင်းများအား ဖွင့်ပြလိုက်သည်။

အရာအားလုံး ပြီးဆုံးသွားပြီးနောက် ပတ်ဝန်းကျင်မှာ တိတ်ဆိတ်သွားသည်။

အန်လင်းသည်လည်း အချိန်ကြာမြင့်စွာ ငြိမ်သက်နေပြီးနောက် သိုလှောင်လက်စွပ်ထဲမှ ပန်းကန်တစ်ခု ထုတ်လိုက်သည်။

အဖုံးဖွင့်လိုက်သောအခါ တောက်ပသော အလင်းများနှင့်အတူ ထူးခြားဖြစ်စဥ်များ ဖြစ်ပေါ်လာလေသည်။

ချစ်စဖွယ် မိန်းမငယ်လေးနှစ်ဦးသည် လောကကြီးတွင် လွတ်လပ်ပျော်ရွှင်စွာ ကြီးပြင်းလာပြီး ဥတုရာသီ အလီလီ ကူးပြောင်းလာသည်။

၎င်းတို့သည် ရယ်ရယ်မောမောနှင့်ပင် လှပသော မိန်းမပျိုလေးများ ဖြစ်လာပြီး အဆုံးတွင် အဖွားအို နှစ်ဦးအဖြစ် အတူတကွ လောကကြီးထဲမှ ထွက်ခွာသွားသည်။

အရာအားလုံးသည် ရိုးရှင်းပါသော်လည်း လှပလွန်းနေလေသည်။

ထိုသည်မှာ ကျွေ့ရှန်ခုံး လိုချင်ခဲ့သော ပျော်ရွှင်မှု ဖြစ်သည်။

အလင်းရောင်များ ပျောက်ကွယ်သွားပြီးနောက် သင်းပျံ့သော မွှေးရနံ့ ကျန်ရစ်ခဲ့လေသည်။

"ဒီဟင်းလျာကို ကျွေ့ရှန်ခုံးရဲ့ဘဝလို့ နာမည်ပေးထားတယ်။ မင်းက အစားအသောက်ကြိုက်တော့ အရသာရှိတာ စားရရင် ပျော်မှာပါ။ ဟုတ်တယ်မလား။"

အန်လင်း ပြုံးကာပြောလိုက်သည်။

"ဒီဟင်းလျာက မင်းအတွက်ပဲ။"

ထိုအချိန်တွင် လေပြေညှင်းများ တိုက်ခတ်သွားသည်။

အန်လင်းသည် ကျွေ့ရှန်ခုံး၏ မှတ်စုစာအုပ်အား အုတ်ဂူပေါ်တင်ကာ မီးရှို့ပေးလိုက်သည်။

ထိုသည်မှာ လောကကြီးတွင် သူမ ရှိခဲ့ဖူးကြောင်း သက်သေဖြစ်ပါသော်လည်း အခြားကမ္ဘာတွင် အသုံးလိုမည် ထင်မိသောကြောင့် မီးရှို့ပေးလိုက်ခြင်း ဖြစ်သည်။

မှတ်စုစာအုပ်မှာ မီးတောက်များနှင့်အတူ ဖြည်းညင်းစွာ လောင်ကျွမ်းနေသည်။

လေပြေများသည် စာရွက်များအား တစ်ရွက်ပြီးတစ်ရွက် လှန်လှောသွားစေသည်။

စာအုပ်အဆုံးတွင် မတူညီသော လက်ရေးဖြင့် ရေးသားထားသည့် စာအချို့ ရှိနေသည်။

(ထိုက်ချူခေတ်၊ တစ်သောင်းငါးရာ့ ခုနစ်ဆယ့်ခြောက်ခုနှစ်၊ ငါးလပိုင်း ဆယ့်ခြောက်ရက်နေ့)

(မင်းသူငယ်ချင်း အန်လင်းက မင်းအတွက် လက်စားချေခဲ့ပြီ။)

(တခြားတစ်ဖက်မှာ ပျော်ရွှင်နေဖို့ ဆုတောင်းပေးပါတယ်။)

(နှုတ်ဆက်ပါတယ် ကျွေ့ရှန်ခုံး........)

All Chapters