← Chapters

ဘဝနှင့်မရဏ၏ ဉာဏ်အလင်းပွင့်ခြင်း သလင်းကျောက်

Vol. 66 Ch. 918

ဘဝနှင့်မရဏ၏ ဉာဏ်အလင်းပွင့်ခြင်း သလင်းကျောက်

Vol. 66 Ch. 918

အန်လင်းသည် စီးပွားရေးလုပ်ရန် ကျောင်းတော်သို့ ပြန်လာခဲ့သည်။

သူသည် ဆေးလုံးသန့်စင်ခြင်း၊ မန္တာန်နှင့် တာအိုပညာအတန်းတို့ကိုသာ သွားတော့သည်။ ဆေးလုံးသန့်စင်ခြင်းသည် သူ၏အချက်အပြုတ်လက်ရာအား တိုးတက်စေနိုင်သောကြောင့် အလွန်အရေးကြီးသည်။ မန္တာန်ပညာရပ်သည် အသုံးဝင်သော မန္တာန်များစွာ သင်ကြားနိုင်သည့်အပြင် သူ၏ကိုယ်ပိုင်မန္တာန်များကိုလည်း တိုးတက်လာစေနိုင်သည်။

တာအိုပညာရပ်ကမူ ကောင်းကင်အင်မော်တယ် မင်ယွမ်၏ သင်ကြားပို့သမှုအား ကြိုက်နှစ်သက်သောကြောင့် တက်ရောက်ဖြစ်နေခြင်း ဖြစ်သည်။ ကောင်းကင်အင်မော်တယ် မင်ယွမ်သည် ဒဿနပိုင်းဆိုင်ရာ အကြောင်းအရာများအား စိတ်အားထက်သန်စွာ ပြောလေ့ရှိသည်။

အန်လင်းသည် ထိုအတန်းသုံးခုသာတက်ပြီး အခြားအတန်းများအား တတ်နိုင်သမျှ မသွားပေ။ သူသည် အနေအထားတစ်ခုထိ ရောက်ရှိနေပြီ ဖြစ်သောကြောင့် မဖြစ်မနေ အတန်းတက်ရန်လည်း မလိုပေ။

သူ၏နေ့စဥ်ဘဝသည် အလုပ်များ ပြည့်နှက်နေပါသော်လည်း ထူးထူးခြားခြား အဖြစ်အပျက်မျိုး မရှိချေ။

ထိုသို့ဖြင့် မသိလိုက်ခင်မှာပင် တစ်လတာကာလ ကုန်လွန်သွားခဲ့သည်။

ထိုတစ်လအတွင်း စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း အထွဋ်အထိပ်အဆင့် ကျင့်ကြံသူနှစ်ဦး သူ့ထံရောက်လာခဲ့ပြီး တစ်ဦးသည် မိုးကြိုးကပ်ဘေး အောင်မြင်ကာ ကျန်တစ်ဦးမှာ ကျရှုံးခဲ့သည်။

အရေးကြီးသည်မှာ အန်လင်းသည် မိုးကြိုးကပ်ဘေး ခံယူသော ကွင်းပြင်၌ တစ်ခါမှ မမြင်ဖူးခဲ့သော အရာဝတ္ထုအား တွေ့လိုက်ရခြင်းပင်။

နေဝင်ဆည်းဆာသည် တိမ်တိုက်များကြားမှ ဖြာကျနေလျက် ရှိသည်။

တိမ်တိုက်များ၏ အနားသပ်သည် ရွှေရောင်တောက်ပနေပြီး လှပသော မြင်ကွင်းအား ပေးစွမ်းနေလေသည်။

ကောင်းကင်ဘုံခုံရုံးသည်လည်း နေဝင်ဆည်းဆာအောက်တွင် လှပနေပါသော်လည်း ကောင်းကင်ဘုံအား ဆန့်ကျင်သော တာအိုကွင်းပြင်တွင်မူ မြေပြင်ပေါ်မှ အရာတစ်ခုကြောင့် ပိုမိုလင်းလက်နေသည်။

ထိုသည်မှာ ရွှေရောင်နှင့် အပြာရောင် အလင်းများ ဖြာထွက်နေသော ထောင့်ခြောက်ထောင့်ပါသည့် သလင်းကျောက်တစ်ခုပင်။

ထိုသလင်းကျောက်သည် လက်တစ်ဝါးစာ အရွယ်ရှိပြီး ကြာပန်းသဏ္ဍာန်ရှိကာ အန်လင်းသည်ပင် မပြောပြတတ်သော စွမ်းအင်မျိုး ပါဝင်နေသည်။ ဖန်ဆင်းခြင်းနှင့် ဖျက်စီးခြင်းကဲ့သို့သော စွမ်းအင်မျိုး ဖြစ်သည်။

အန်လင်း အနည်းငယ်တွေးကာ သူ၏မျက်ဝန်းများ အဖြူရောင် ပြောင်းလဲသွားသည်။

နတ်ဘုရားစစ်ဆေးမှုနည်းစနစ်.........

မကြာမီပင် သတင်းအချက်အလက်တစ်ခု စိတ်ထဲဝင်ရောက်လာသည်။

(ဘဝနှင့်မရဏ၏ ဉာဏ်အလင်းပွင့်ခြင်း သလင်းကျောက် : စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း အထွဋ်အထိပ်အဆင့် ကျင့်ကြံသူများ၏ မိုးကြိုးကပ်ဘေး ခံယူရာမှ ဖြစ်ပေါ်လာသော တာအိုစိတ်ဆန္ဒ အကြွင်းအကျန်များမှတဆင့် ဖြစ်ပေါ်လာသည်။ ထိုရတနာသည် အံ့ဖွယ်အဆင့် ရှားပါးပစ္စည်း ဖြစ်သည်။)

(အသုံးပြုသူအား ယင်းယန်တာအို၊ ဘဝနှင့်မရဏတို့အား သိရှိနားလည်စေနိုင်သည်။)

(ဤရတနာ မွေးဖွားလာရန်အတွက် လိုအပ်သော အခြေအနေများရှိကာ ပုံပေါ်လာရန်လည်း လွန်စွာခက်ခဲသည်။ ထိုက်ချူကုန်းမြေတွင် ထိုရတနာ နောက်ဆုံးမွေးဖွားခဲ့သည်မှာ နှစ်ပေါင်းသုံးသောင်းကျော် ကြာမြင့်နေလေပြီ။)

အန်လင်းသည် ထိုကဲ့သို့သော ရတနာအား ရရှိလိမ့်မည်ဟု မထင်မှတ်ထားသောကြောင့် ဝမ်းသာသွားရသည်။

ကျင့်ကြံသူ အများစုသည် မိုးကြိုးကပ်ဘေး ခံယူမည့် နေရာအား ကိုယ်တိုင်ရွေးချယ်တတ်ကြပြီး နေရာတစ်ခုတည်းတွင် တစ်ဦးပြီးတစ်ဦး မိုးကြိုးကပ်ဘေး ခံယူလေ့ မရှိကြပေ။ ကောင်းကင်ဘုံခုံရုံးမှ မိုးကြိုးကပ်ဘေး ခံယူရန် အထူးတလည် ပြင်ဆင်ထားသော ကောင်းကင်ဘုံအား ဆန့်ကျင်သည့် တာအိုကွင်းပြင်တွင်ပင် မိုးကြိုးကပ်ဘေး ခံယူသူ တစ်ဦးနှင့်တစ်ဦးကြား နှစ်အနည်းငယ် ကွာခြားလေ့ရှိသည်။

ယခုတွင်မူ များပြားလှသော မိုးကြိုးကပ်ဘေး ခံယူသူများကြောင့် ဘဝနှင့်မရဏ၏ ဉာဏ်အလင်းပွင့်ခြင်း သလင်းကျောက်အား ရရှိနိုင်ခဲ့သည်။ အံ့ဖွယ်အဆင့် ရှားပါးရတနာ ဖြစ်နေသောကြောင့် အဖိုးမဖြတ်နိုင်အောင် တန်ဖိုးရှိပေသည်။

သူသည် ဘဝနှင့်မရဏ ဉာဏ်အလင်းပွင့်ခြင်း သလင်းကျောက်အား သန့်စင်ကာ ဝတ်ဆင်လိုက်သည်။

ချက်ချင်းဆိုသလို သူ၏ခန္ဓာကိုယ်နှင့် အသားကျလာလေသည်။

ကြွယ်ဝလှသော စွမ်းအင်များ ခန္ဓာကိုယ်ထဲ ဝင်ရောကိလာသည်။

သူသည် ဘဝတာအိုအား လေးလေးနက်နက် နားလည်လာရုံသာမက သက်ရှိစွမ်းအင်များပါ တိုးမြင့်လာသည်။

တင်းတောင်.........

ထိုအချိန်တွင် စနစ်မှ ရုတ်တရက် လင်းလက်လာသည်။

အန်လင်း ကြည့်ရှုလိုက်သောအခါ အသိပေးချက်တစ်ခုကို တွေ့လိုက်ရသည်။

ဖွင့်ကြည့်လိုက်သောအခါ တာဝန်တစ်ခု ဖြစ်နေသည်။

"ဘဝနှင့်မရဏ၏ ဉာဏ်အလင်းပွင့်ခြင်း သလင်းကျောက်အား ရရှိထားသည်ကို ထောက်လှမ်းမိသည်။ ထိုသလင်းကျောက်သည် ယင်းယန်တာအို၊ ဘဝနှင့်မရဏအား နားလည်သိရှိစေရန် အထောက်အကူပေးသည်။"

"ယခု ယန်စွမ်းအင်နှင့် ပက်သတ်သော ကျင့်စဥ်အတွက် တာဝန်ပေးပါမည်။"

"တောင်ပိုင်းကောင်းကင်တောင်ပံနိုင်ငံကိုသွားပြီး ဝါးမြိုခြင်းမန္တာန်နဲ့ နေသစ်ပင်ကနေ ယန်စွမ်းအင်တွေ စုပ်ခဲ့ပါ။"

"ထိုနည်းလမ်းဖြင့်ဆိုလျှင် နေသစ်ပင်၏ စောင့်ရှောက်သူအား တွေ့ပါလိမ့်မည်။ ၎င်းအား နှုတ်ခမ်းချင်းထိကာ စွမ်းအင်များ စုပ်ယူခဲ့ပါလေ။"

"အောင်မြင်ပါက ယန်နတ်ဘုရားကျင့်စဥ် အဆင့်တစ်အား ရရှိမည်။"

"ကျရှုံးပါက ဉာဏ်ရည်သတ်မှတ်ချက် တစ်ရာကျော် နုတ်ခံရမည်။"

"အချိန်ကန့်သတ်ချက် : တစ်လ။"

"မှတ်ချက် : ယင်းနှင့်ယန် အမျိုးအစား ကျင့်စဥ်များသည် ရှားပါးလွန်းသောကြောင့် တာဝန်အား ငြင်းပယ်ခွင့်မရှိ။"

အန်လင်း မျက်လုံးပြူးကာ ထိုနေရာတွင် တောင့်တောင့်ကြီး ရပ်နေမိသည်။

ယင်းယန်အမျိုးအစား ကျင့်စဥ်ကြောင့် ပျော်နေသင့်ပါသော်လည်း နေသစ်ပင်၏ စောင့်ရှောက်သူအား အနမ်းပေးရမည့် တာဝန်မှာ လွန်လွန်းလှသည်။

ငါ့ရဲ့ ဂုဏ်သိက္ခာကရော.......

ယခင်ကလည်း ဇွန်ဘီနတ်ဘုရားမအား အနမ်းပေးရန် တာဝန်ပေးဖူးသည်။

ယခုတွင်မူ နေသစ်ပင်၏ စောင့်ရှောက်သူအား နမ်းရတော့မည်ပင်။

ဇွန်ဘီနတ်ဘုရားမအား အနမ်းပေးရန် တာဝန်ကျလာစဥ်က ငြင်းဆိုခွင့် ရှိခဲ့သေးသည်။

ယခုတွင်မူ ယင်းယန်အမျိုးအစား ကျင့်စဥ်များမှာ ရှားပါးလွန်းသောကြောင့် တာဝန်အား ငြင်းဆိုခွင့်မရှိဟု ဆိုထားသည်။

ယီးတဲ့မှ........

တာဝန်ကျရှုံးပါက ကျပ်မပြည့်တစ်ဦး ဖြစ်လာဦးမည်ပင်။

သူသည် ဉာဏ်ရည်သတ်မှတ်ချက် တစ်ရာ့ခြောက်ဆယ်ကျော်သော ဉာဏ်ကြီးရှင်တစ်ဦး ဖြစ်ပါသော်လည်း တာဝန်ကျရှုံးသွားပါက ပြားကိုးဆယ်ပင် ကျန်မည်မဟုတ်ပေ။

အန်လင်းမှာ ဖိအားများ ပုံကျလာသလို ခံစားလိုက်ရသည်။

သူသည် ခေတ္တမျှ စဥ်းစားကာ အဆောင်သို့ ပြန်သွားလိုက်သည်။ အချိန်ကန့်သတ်ချက်မှာ တစ်လသာ ရှိပေသည်။

...........

အဆောင်ခန်းထဲ၌....

ထိုသည်မှာ စုရှောင်လန်၏ အဆောင်ခန်း ဖြစ်သည်။

စုရှောင်လန်မှာ အန်လင်းအား ကြည့်ရှုလိုက်သည်။

"တောင်ပိုင်းကောင်းကင်တောင်ပံနိုင်ငံဆီ အရေးတကြီး သွားစရာ ရှိတယ်ပေါ့။"

အန်လင်း ခေါင်းညိတ်ပြလိုက်သည်။

"ဘာကိစ္စလဲ။"

စုရှောင်လန် စိတ်ပူနေမိသည်။

"နေသစ်ပင်ကနေ ယန်စွမ်းအင် သွားစုပ်မလို့ပါ။ ကိစ္စက နည်းနည်းရှုပ်လို့ အသေးစိတ်တော့ ရှင်းမပြတော့ဘူး။"

အန်လင်း တုံ့ပြန်လိုက်သည်။

ရှင်းသာရှင်းပြလိုက်ပါက စုရှောင်လန်၏ ပေါက်ကွဲသံစဥ်များကို ခံစားရပေလိမ့်မည်။

စုရှောင်လန်မှာ ဆံနွယ်များအား နားရွက်နောက်သို့ သပ်လိုက်သည်။

"နင်အကူအညီရော မလိုဘူးလား။"

အန်လင်း ခေါင်းခါပြလာသည်။

"မလိုပါဘူး။ ကိုယ့်မှာ ဂမ်ဒမ်တွေ ရှိတယ်လေ။ ထျန်းလေးကိုလည်း ခေါ်သွားလို့ရတယ်။"

စုရှောင်လန် သက်ပြင်းချလိုက်သည်။

"ဒါပေမယ့် အဆင်ပြေပါ့မလား။ ဟင်းတစ်ပွဲကို စိတ်ဝိဥာဥ်ကျောက်တုံး နှစ်သိန်းပေါ့လေ။ ငါအဲ့လောက်ကြီး စျေးမယူရဲဘူး။"

အန်လင်းသည် ခရီးသွားစရာ ရှိပါသော်လည်း စီးပွားရေးကို လျစ်လျူမရှုထားနိုင်ပေ။

ထို့ကြောင့် စားတော်ဆက်အား စုရှောင်လန်နှင့် အပ်ခဲ့မည်ပင်။

အန်လင်းမှာ စုရှောင်လန်၏လက်အား ဆုပ်ကိုက်လိုက်သည်။

"ကိုယ်မင်းကိုယုံတယ်။ ကိုယ်သိသမျှထဲမှာ မင်းရဲ့လက်ရာက အကောင်းဆုံးပဲ။ ကိုယ်တောင် အများကြီး ရောင်းနိုင်သေးတာ။ မင်းကဘာလို့ မလုပ်နိုင်ရမှာလဲ။ ပြီးတော့ အကြော်ဒယ်အိုးကိုလည်း ယုံကြည်ပေးပါဦး။"

အကြော်ဒယ်အိုးအား ကြားလိုက်ရသောကြောင့် စုရှောင်လန် အနည်းငယ် ယုံကြည်မှု ရှိလာသည်။

အန်လင်း စကားဆက်လိုက်သည်။

"မင်းရဲ့ လက်ရာက ကိုယ့်ကိုမှီတယ်ဆိုတာ အားလုံးကို ပြောပြီးသွားပြီ။ အဲ့ဒါကြောင့် စီးပွားရေးက ပုံမှန်အတိုင်း ဆက်သွားနေမှာပဲ။ ဟိုအချက်အပြုတ် နတ်ဘုရားအိုကြီးက စိန်ခေါ်လာရင်တောင် ဂရုမစိုက်နဲ့။ ကိုယ်ပြန်လာမှ ဆုံးမပေးမယ်။"

စုရှောင်လန် ခပ်ဖွဖွပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။

"ကောင်းပြီလေ။ နင်ပြန်လာတာ စောင့်နေမယ်။"

ထိုသို့ဖြင့် အန်လင်းစားတော်ဆက်တွင် စားတော်ကဲအသစ် ရှိလာသည်။

နောက်တစ်နေ့၌......

အန်လင်းသည် ရွှယ်ကျန်ထျန်းနှင့်အတူ ခရီးထွက်သွားတော့သည်။

All Chapters