တောင်ပိုင်းကောင်းကင်တောင်ပံနိုင်ငံတော်
Vol. 66 Ch. 919
တောင်ပိုင်းကောင်းကင်တောင်ပံနိုင်ငံတော်သည် ထိုက်ချူကုန်းမြေ၏ တောင်ဘက်စွန်းတွင် တည်ရှိသည်။
သစ်ပင်များသည် အလွန်အမင်း ကြီးမားကာ မျက်စိတဆုံး တောအုပ်များ ပြည့်နှက်နေသည်။
အကန့်အသတ်မဲ့သော တောအုပ်ထဲတွင် သားရဲမျိုးနွယ်စုပေါင်း သောင်းနှင့်ချီ နေထိုင်ကျက်စားကြသည်။ ထိုထဲတွင် ဗာမီလီယမ်ငှက် မျိုးနွယ်စုသည် အင်အားအကြီးဆုံးဖြစ်ကာ စောင့်ရှောက်သူမျိုးနွယ်စုအဖြစ်လည်း လူသိများကြသည်။ ဗာမီလီယမ်ငှက် မျိုးနွယ်စု အနီးတွင် အခြားသော ငှက်မျိုးနွယ်စုများလည်း နေထိုင်ကျက်စားကြလေသည်။
တောင်ပိုင်းကောင်းကင်တောင်ပံနိုင်ငံတော်သည် လူသားမျိုးနွယ်စုနှင့် ဆက်ဆံရေး အဆင်ပြေသည်။ ရန်ငြှိုးမရှိသလို မိတ်ဆွေများဟူ၍လည်း မဆိုနိုင်ပေ။
အများအားဖြင့် ငှက်မျိုးနွယ်စုများသည် တောင်ပိုင်းကောင်းကင်တောင်ပံနိုင်ငံတော်သို့ ရောက်ရှိလာသော လူသားများအား မောက်မာစွာ လျစ်လျူရှုထားလေ့ ရှိကြသည်။
အန်လင်းနှင့် ရွှယ်ကျန်ထျန်းတို့မှာ ကောင်းကင်ဘုံခုံရုံး၏ နေရာရွှေ့ပြောင်းသော အစီအရင်ဖြင့် ဝိဉာဉ်ရေကန်သို့ ထွက်လာကြသည်။
ထိုမှတဆင့် တောင်ဘက်ပိုင်းသို့ ဆက်လက်ထွက်ခွာလာပါက တောင်ပိုင်းကောင်းကင်တောင်ပံနိုင်ငံတာ်ထံ ရောက်ရှိမည် ဖြစ်သည်။
အန်လင်းသည် ငွေရေးကြေးရေး ခြေသလုံးမွှေးလို ချမ်းသာသောကြောင့် နေရာရွှေ့ပြောင်းရေး အစီအရင်များဖြင့် ဆက်တိုက်ဆိုသလို ထွက်ခွာလာသည်။
"ဒီသစ်ပင်တွေက ဒဏ္ဍာရီထဲကအတိုင်း အံ့သြစရာ ကောင်းတာပဲ။"
အန်လင်းသည် မီတာရာထောင်ချီသော သစ်ပင်များအားကြည့်ကာ ရေရွတ်လိုက်သည်။
"ဝိုး....... သစ်ပင်ကြီးတွေက အရမ်းမိုက်တာပဲ။ ကောင်းကင်ကို ထိုးဖောက်ဖို့ အဲ့လိုမြင့်နေတာဖြစ်မယ်။ လုံးဝကျွတ်ဆင်ကြီး....."
ရွှယ်ကျန်ထျန်းမှာ စိတ်လှုပ်ရှားနေသည်။
အန်လင်းသည် ရွှယ်ကျန်ထျန်းအားချီကာ အုတ်ခဲနက်နှင့်အတူ ပျံဝဲလိုက်သည်။
"မင်းက လေဟာနယ် ခုန်ကူးတာ မလုပ်နိုင်ပေမယ့် စကားတော့ တော်တော်ပြောနိုင်တာပဲ။ မမောဘူးလား။"
ရွှယ်ကျန်ထျန်း ရယ်မောလိုက်သည်။
"ကျွန်တော်က အဲ့ဒါနဲ့ မရင်းနှီးသေးလို့ပါ။ နောက်ဆိုရင် ဆရာ့ဆရာကြီး ဖြစ်လာမှာ။"
အန်လင်း မျက်နှာမဲ့သွားသည်။ ထိုစကားအား ကြားရသည်မှာ အကြိမ်ရေ မနည်းတော့ပေ။
ရွှယ်ကျန်ထျန်းသည် ကြမ်းတမ်းလွန်းသော ယာဉ်မောင်းတစ်ဦးနှင့်တူကာ မဆင်မခြင် လုပ်တတ်လွန်းသောကြောင့် လေဟာနယ် ခုန်ကူးခြင်း၌ မကြာခဏဆိုသလို သေမလို ဖြစ်ရသည်။
အန်လင်းမှာ ဒေါသထွက်လွန်းသဖြင့် ရွှယ်ကျန်ထျန်းအား သမမိသည်အထိပင်။
အဆော်ခံလိုက်ရသော ရွှယ်ကျန်ထျန်းမှာ အနည်းငယ်ပင် မတက်ကြွတော့ပေ။
ထို့ကြောင့် အန်လင်းသည် ၎င်းအားချီကာ ခရီးဆက်ရတော့သည်။
စင်စစ်အားဖြင့် ပျံသန်းသွားရသည်မှာ မဆိုးလှပေ။ ၎င်းတို့အနေဖြင့် လှပသော ရှုခင်းကို ခံစားနိုင်ပေသည်။
အန်လင်းသည် ငြိမ်းချမ်းသော ပတ်ဝန်းကျင်အားကြည့်ကာ စိတ်အခြေအနေ တိုးတက်လာသည်။
အချို့သစ်ပင်များမှာ ကီလိုမီတာနှင့်ချီအောင် မြင့်မားကြလေသည်။
"သခင်........ အဲ့ငှက်က ဇာမဏီနဲ့တူတယ်။"
ရွှယ်ကျန်ထျန်းမှာ မီးလျှံငှက်တစ်ကောင်အား လက်ညှိုးထိုးပြလိုက်သည်။
အန်လင်း မျက်မှောင်ကျုံ့ကာ ကြည့်ရှုလိုက်ပြီးနောက် ခေါင်းခါပြလာသည်။
"ဒီငှက်က ဇာမဏီသွေးဆက် ပါရုံလေးပါတာ။ ဇာမဏီတွေက အရှားပါးဆုံး မျိုးစိတ်မို့လို့ ရှာတွေ့ဖို့ မလွယ်ပါဘူးကွာ။"
"ဗာမီလီယမ်ငှက်ကိုတွေ့ဖို့ ပိုလွယ်မယ်ထင်တယ်။"
ရွှယ်ကျန်ထျန်း ခေါင်းကုတ်လိုက်သည်။ ၎င်းတို့သည် တော်ဝင်ဆန်လွန်းလှသော ဗာမီလီယမ်ငှက် သုံးကောင်အား တွေ့ခဲ့ပြီးပြီပင်။
အန်လင်း ရယ်မောလိုက်သည်။ အစစ်အမှန် ဗာမီလီယမ်ငှက်များသည် အမြင့်မြတ်ဆုံးသော သားရဲများဖြစ်ပြီး ယခုတွေ့နေရသည်မှာ ဗာမီလီယမ်ငှက် သွေးဆက်ပါသော ငှက်များသာ ဖြစ်သည်။ ထို့ကြောင့် အစစ်အမှန် ဗာမီလီယမ်ငှက်ဟု ဆိုမရနိုင်ပေ။
မည်သို့ပင်ဆိုစေကာမူ ဗာမီလီယမ်ငှက် မျိုးနွယ်စုသည် အစစ်အမှန် ဗာမီလီယမ်ငှက် သွေးဆက်အား ပိုင်ဆိုင်ထားကာ ၎င်းတို့ကိုယ်၎င်းတို့ အစစ်အမှန် ဗာမီလီယမ်ငှက်များအဖြစ် ရည်ညွှန်းတတ်ကြသည်။
ဗာမီလီယမ်ငှက် မျိုးနွယ်စုသည် တောင်ပိုင်းကောင်းကင်တောင်ပံနိုင်ငံတော်အား အုပ်စိုးပါသော်လည်း ဘာမှမလုပ်ကြပေ။ နိုင်ငံပျက်မည့် အရေးမဟုတ်ပါက မည်သူမဆို လုပ်ချင်ရာ လုပ်နိုင်ပေသည်။
ထိုနိုင်ငံတော်သည် လွတ်လပ်လွန်းလှသည်ဟု ဆိုနိုင်သည်။
သို့သော် အရိုင်းဆန်လွန်းသော နေရာတစ်ခုလည်း ဖြစ်သည်။
အန်လင်းသည် ပျံသန်းလာနေရင်း ငှက်ကြီးနှစ်ကောင်အား တွေ့လိုက်ရသည်။
"ကူကူး......... ဒါဓားပြတိုက်နေတာပဲ။ ရှိတာအကုန်ထုတ်စမ်း။"
အဆိပ်မြှူများ ဖုံးလွှမ်းနေသော ငှက်ကြီးမှ ပြောလိုက်သည်။
"ပစ္စည်းတင်မကဘူး။ ခန္ဓာကိုယ်နဲ့ အသက်စွမ်းအင်ပါ လိုချင်တယ်။"
တောင်ပံလေးဘက်နှင့် သိမ်းငှက်ကြီးပါ ဝင်ရောက်ပြောဆိုလာသည်။
"ဘယ်နခါရှိပြီလဲ။"
အန်လင်း မေးလိုက်သည်။
"ငါးခါရှိနေပြီ သခင်ရေ...... အမြဲ ဒီပုံစံကြီးပဲ။ ပျင်းတောင်ပျင်းလာပြီ။"
ရွှယ်ကျန်ထျန်း စကားဆိုလိုက်သည်။
"ဒီနှစ်ကောင် ဘာတွေပြောနေတာလဲ။"
အဆိပ်ငွေ့ငှက် ကြောင်တောင်တောင် ဖြစ်သွားသည်။
"သူတို့ဘာပြောပြောပေါ့။ သေတော့မယ့်ဟာတွေကို စိတ်မဝင်စားဘူး။ မင်းလည်း စကားများမနေနဲ့။"
သိမ်းငှက်ကြီးမှာ အန်လင်းထံ ပျံဝဲသွားသည်။
ရွှယ်ကျန်ထျန်းမှာ အပြာရောင်အလင်းများ ထွက်ပေါ်စေလိုက်ပြီးနောက် သိမ်းငှက်ကြီးထံ ဦးတည်သွားလိုက်သည်။
ဝုန်း.........
သွေးနီရောင် သိမ်းငှက်ကြီးမှာ အေးခဲသွားပြီးနောက် အပိုင်းပိုင်းအစစ ဖြစ်သွားရလေသည်။
အဆိပ်ငွေ့ငှက်မှာလည်း ထိတ်လန့်ကြောက်ရွံ့စွာ ထွက်ပြေးသွားတော့သည်။
ရွှယ်ကျန်ထျန်းသည် လက်လွှတ်ပေးရန် အစီအစဥ် မရှိပဲ အမြှောက်ဆံတစ်ခုအလား ပျံသန်းကာ ထိုငှက်ကို ပြာချပစ်လိုက်သည်။
အန်လင်း လက်ခုပ်တီးကာ အားပေးနေလေသည်။
"ထျန်းလေး........ မင်းက ပိုပိုတော်လာတာပဲ။"
"စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း စဦးအဆင့်တွေကများ ဓားပြတိုက်ချင်သေးတယ်ပေါ့။ ဟမ့်..... အမှိုက်ကောင်တွေ။"
ရွှယ်ကျန်ထျန်း အထင်သေးစွာ ပြောလိုက်သည်။
"တောင်ပိုင်းကောင်းကင်တောင်ပံနိုင်ငံတော်က အင်အားကြီးပေမယ့် လူဦးရေနည်းတယ်ဆိုတာ အကြောင်းပြချက် ရှိတယ်လေ။"
အန်လင်းမှာ ငှက်နှစ်ကောင်၏ သိုလှောင်လက်စွပ်အား သန့်စင်လိုက်သည်။
"ပစ္စည်းကောင်းတွေ ရှိနေတာပဲ။ ဒင်းတို့ ဓားပြတိုက်ထားတာပဲ ဖြစ်မယ်။"
"ဘာတွေရှိလဲ။"
ရွှယ်ကျန်ထျန်း စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
စိတ်ဝိဥာဥ်ကျောက်တုံး လေးသိန်းခွဲ၊ စိတ်ဝိဥာဥ်လက်နက် နှစ်ခု၊ စိတ်ဝိဥာဥ်သစ်သီး သုံးလုံးနှင့် အခြားပစ္စည်းများရှိကာ အန်လင်းသည် ထိုသည်ကို သိမ်းဆည်း၍ စိတ်ဝိဥာဥ်သစ်သီး သုံးလုံးအား ရွှယ်ကျန်ထျန်းထံ ပေးလိုက်သည်။
"သခင်ကြီး သက်တော်ရာကျော် ရှည်ပါစေ။"
ရွှယ်ကျန်ထျန်း ပျော်ရွှင်စွာ အသီးများကို စားလိုက်သည်။
အန်လင်း လေးလေးနက်နက် တွေးလိုက်သည်။
"ဒီကိုရောက်တာ တစ်ရက်ပဲ ရှိသေးပေမယ့် ဓားပြငါးဖွဲ့ကို တွေ့ပြီးပြီ။ စိတ်ဝိဥာဥ်ကျောက်တုံး တစ်သန်းကျော်လည်း ရထားပြီဆိုတော့....... ငါ့မှာ အတွေးတစ်ခု ရှိတယ်။"
ရွှယ်ကျန်ထျန်း ခေါင်းညိတ်ထောက်ခံလိုက်သည်။
"သခင် ဘာလုပ်လုပ် အကုန်မှန်တယ်။"
"အရင်ဆုံးတော့ လာရင်းကိစ္စကို လုပ်ကြတာပေါ့။ ပြီးမှပဲ ကျန်တာဆက်ကြမယ်လေ။"
အန်လင်း ရယ်မောကာ ပြောလိုက်သည်။
ဘဝတွင် စီးပွားရေး အခွင့်အလမ်းများစွာအား ကြုံတွေ့ရနိုင်သည်ပင်။
နှစ်နာရီခန့် ကြာပြီးနောက်.......
အန်လင်းတို့မှာ သစ်ပင်ကြီးတစ်ပင်ရှေ့ ရောက်ရှိလာသည်။
ထိုသစ်ပင်သည် တိမ်တိုက်များထဲ ထိုးထွက်နေသော ပေသောင်းသိန်းချီသည့် ဧရာမ အပင်ကြီးတစ်ခု ဖြစ်သည်။
သစ်ကိုင်းများသည် တစ်ခုနှင့်တစ်ခု လိမ်ယှက်နေကာ ကုန်းမြေတစ်ခုကို ကာရံပေးထားသည်။
"ရောက်လာခဲ့ပြီပဲ။ တောင်ပိုင်းကောင်းကင်တောင်ပံနိုင်ငံတော်ရဲ့ နာမည်အကြီးဆုံး ဟုန်းဖန်မြို့တော်ကို....."