သတ်ကွင်း
Vol. 66 Ch. 923
အန်လင်း၏ တုံ့ပြန်မှုကြောင့် အဝါရောင်နွားမှာ ကြောင်တောင်တောင် ဖြစ်သွားသည်။
ထို့နောက် သွေးအန်တော့မလို ဖြစ်သွားရလေသည်။
"အစ်ကိုလေးအန်လင်း....... ကျွန်တော်က တကယ်မိုက်တဲ့ နွားပါဗျ။"
အဝါရောင်နွား လေးနက်စွာ ပြောလိုက်သည်။
အန်လင်း ဂရုမစိုက်ပဲ ခေါင်းသာညိတ်ပြလိုက်သည်။
ထိုသည်မှာ တက်တူးထိုး၊ အရက်သောက်၊ ဆေးချ၊ ကလပ်တက်သော မိန်းကလေးမှ မိန်းမကောင်းဖြစ်ကြောင်း ပြောပြလာသလိုပင်။
အဝါရောင်နွားသည် နေသစ်ပင်၏ ပြည့်တန်ဆာရုံသို့ သွားရန်သာ အားပေးအားမြှောက် လုပ်နေခဲ့သောကြောင့် အန်လင်း ထိုသို့တုံ့ပြန်သည်မှာ မထူးဆန်းပေ။
မကြာမီပင် ၎င်းတို့မှာ နေသစ်ပင်၏ ဒုတိယထပ်သို့ ရောက်လာကြသည်။
လိမ္မော်ရောင် သစ်ရွက်များရှိသော ဒုတိယအဆင့်သည် ပထမအဆင့်ထက် အနည်းငယ် ကျဥ်းမြောင်းသည်။ မြေပြင်တစ်ခုလုံး တောက်ပနေကာ သစ်ရွက်များပေါ် နင်းလျှောက်ရသည်မှာ နူးညံ့လွန်းလှသည်။
အဝါရောင်နွားမှ စတင်မိတ်ဆက်ပေးလိုက်သည်။
"ဒုတိယအဆင့်က လက်နက်နဲ့ ဆေးလုံးတွေ သန့်စင်ဖို့ပဲ။ လက်နက်သန့်စင်တာနဲ့ ပက်သတ်တဲ့ ဆရာ့ဆရာကြီးတွေကို ကျွန်တော် လိုက်ပြပေးနိုင်တယ်။"
အဝါရောင်နွား စကားဆိုလာသည်။
အန်လင်း လက်ခါပြလိုက်သည်။
"စိတ်မဝင်စားဘူး။"
သူသည် ခရမ်းကြယ်စင် အမွေအနှစ်များ ရရှိထားသောကြောင့် လက်နက်များအား သန့်စင်နိုင်ပြီး အခြားသူများထံ အကူအညီတောင်းစရာ မလိုအပ်ပေ။ ထို့အပြင် သိုလှောင်လက်စွပ်ထဲတွင် ရတနာများစွာ ရှိနေသောကြောင့် ထပ်စုဆောင်းရန် မလိုတော့ပေ။
အဝါရောင်နွား အူကြောင်ကြောင်ပြုံးကာ ဒုတိယအဆင့်မှ အခြားအရာများကို ဆက်ရှင်းပြလိုက်သည်။
အန်လင်း စိတ်မရှည်စွာ မေးမြန်းလာသည်။
"ငါက နေသစ်ပင်ရဲ့ အပေါ်ဆုံး သုံးထပ်ကို သွားချင်တာ။ မင်းမှာ နည်းလမ်းရှိလား။"
အဝါရောင်နွား၏ အမူအရာမှာ လေးနက်သွားသည်။
"နေသစ်ပင်ရဲ့ အပေါ်ဆုံး သုံးထပ်က လုံခြုံရေး တင်းကြပ်ထားတယ်လေ။ အပြင်လူ မပြောနဲ့....... တောင်ပိုင်းကောင်းကင်တောင်ပံနိုင်ငံတော်က သူတွေတောင် ဝင်ခွင့်မရှိဘူး။"
"အဲ့ဒါက ပဟေဠိဆန်လို့ စိတ်ဝင်စားတာကွာ။ နည်းနည်းပါးပါး ပြောပြပါလား။"
"ခုနစ်ထပ်မြောက် အကြောင်းပဲသိတာ။ အဲ့မှာ ဗာမီလီယမ်ငှက် မျိုးနွယ်စုက တော်ဝင်မိသားစုဝင်တွေ နေတယ်တဲ့။ ရှစ်ထပ်မြောက်နဲ့ ကိုးထပ်မြောက်တော့ မပြောတတ်ဘူး၏"
"နေသစ်ပင်ရဲ့ စောင့်ရှောက်သူအကြောင်းရော ဘယ်လောက်သိလဲ။"
အန်လင်း မေးမြန်းလိုက်သည်။
အဝါရောင်နွား အနည်းငယ် ထိတ်လန့်သွားသည်။
"ဘာလုပ်မလို့လဲ။"
အန်လင်း သက်ပြင်းချလိုက်သည်။
"တကယ်တော့ နေသစ်ပင်ရဲ့ စောင့်ရှောက်သူကို အရမ်းသိချင်မိတယ်။ တွေ့ခွင့်သာ ရမယ်ဆိုရင် ဘယ်လောက်ပဲ ပေးဆပ်ရပါစေ အဆင်ပြေပါတယ်။"
အဝါရောင်နွားမှာ စိတ်သက်သာရာ ရသွားသည်။
"တောင်ပိုင်းကောင်းကင်တောင်ပံနိုင်ငံတော်မှာ နေသစ်ပင်ရဲ့ စောင့်ရှောက်သူကို မသိချင်တဲ့သူ မရှိဘူး။ ကျွန်တော် အပါအဝင်ပေါ့။"
"နေသစ်ပင်ရဲ့ စောင့်ရှောက်သူက တောင်ပိုင်းကောင်းကင်တောင်ပံနိုင်ငံတော်ကို အစစ်အမှန် ပုံစံနဲ့ ဆင်းသက်လာရင် အနီရောင် ငှက်မွှေးတွေ ကောင်းကင်လွှမ်းသွားလိမ့်မယ်လို့ပြောကြတယ်။ အပြာရောင်လေတွေတိုက်ပြီး ပုန်းကွယ်နေတဲ့ ငှက်မျိုးနွယ်စုတွေလည်း ပေါ်လာလိမ့်မယ်တဲ့။ အဲ့အချိန်ရောက်ရင် တောင်ပိုင်းကောင်းကင်တောင်ပံနိုင်ငံတော်မှာ တကယ့်ပြောင်းလဲမှုတွေ ဖြစ်လာမယ်ဆိုပြီး အဆိုရှိတယ်။"
အန်လင်းမှာ ပို၍ပင် စိတ်ဝင်စားလာသည်။
နေသစ်ပင်ရဲ့ စောင့်ရှောက်သူက အဲ့လောက်တောင် မိုက်တာလား.........
အဝါရောင်နွား စကားဆိုလိုက်သည်။
"အစ်ကိုလေးအန်လင်းက ခုနစ်ထပ်မြောက် သွားချင်ရင်တော့ ကျွန်တော့်မှာ နည်းတစ်ခု ရှိတယ်။"
အန်လင်း ဝမ်းသာသွားသည်။
"ဘာနည်းလမ်းလဲ။"
"တောင်ပိုင်းကောင်းကင်တောင်ပံနိုင်ငံတော်ရဲ့ တိုက်ပွဲကွင်းပြင်ထဲမှာ တိုက်ခိုက်ပြီး ချန်ပီယံဖြစ်လာရင် အဲ့ကိုသွားဖို့ အခွင့်အရေး ရလိမ့်မယ်။"
အဝါရောင်နွား ရှင်းပြလိုက်သည်။
"ကောင်းပြီလေ။ အဲ့ကိုသွားရအောင်။"
အန်လင်း ယုံကြည်ချက်ရှိစွာ ပြောလိုက်သည်။
"မလောပါနဲ့။ အစ်ကိုလေး သိထားရမှာ ရှိသေးတယ်။"
အဝါရောင်နွား လေးနက်စွာ တုံ့ပြန်လာသည်။
အန်လင်း ကြောင်တောင်တောင်ဖြင့် နွားအားကြည့်လိုက်သည်။
"အဲ့ဒါက အသေတိုက်ပွဲတွေနော်။ ပြီးတော့ ကျင့်ကြံရေးအဆင့် ကန့်သတ်ချက် မရှိဘူး။"
"ကံကောင်းရင်တော့ စိတ်ဝိဥာဥ်ပျိုးထောင်ခြင်း အဆင့်လည်း ချန်ပီယံ ဖြစ်ရင်ဖြစ်တယ်။ ကံမကောင်းရင်တော့ ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူနဲ့တောင် တွေ့ရနိုင်တယ်။"
အဝါရောင်နွားမှာ အန်လင်းအား ကြည့်ရှုလာသည်။
"အစ်ကိုလေးက သန်မာပေမယ့် ကံဆိုးပြီး ဟင်းလင်းပြင်သို့အပြန် အဆင့်နဲ့တွေ့ရင် ဘယ်လိုလုပ်မလဲ။ ပြိုင်ပွဲထဲ ဝင်ပြီးရင် နုတ်ထွက်လို့လည်း မရဘူး။"
အန်လင်းမှာ တည်တည်ငြိမ်ငြိမ်ပင်။
"သတ်ကွင်းထဲ ရောက်လာတဲ့ ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူတွေက ဘယ်လောက်သန်မာကြလဲ။"
"ဟင်းလင်းပြင်သို့အပြန် အလယ်အလတ်အဆင့်ထိ ရှိဖူးတယ်။"
အဝါရောင်နွား ဖြေကြားလိုက်သည်။
"ပြောရရင် သားသတ်ရုံကြီးလိုပဲ။"
အန်လင်း ကူကယ်ရာမဲ့စွာ ရယ်မောလိုက်သည်။
"ခြောက်ထပ်မြောက်ကို သွားကြတာပေါ့။"
အဝါရောင်နွားမှာ အံ့အားသင့်သွားလေသည်။
"အစ်ကိုလေးအန်လင်း...... ပြန်မတွေးတော့ဘူးလား။ ခုနစ်ထပ်မြောက်ကိုသွားဖို့ အဲ့လောက်လုပ်စရာ လိုလို့လား။"
အန်လင်းမှာ အဝါရောင်နွားအား ကြည့်လိုက်သည်။ ထို့နောက် အရှိန်အဝါများ ထုတ်ပြလိုက်လေသည်။
"အဟက်....... တခြားကောင်တွေက ငါနဲ့တွေ့တာ ကံဆိုးတာပဲ။"
အဝါရောင်နွားမှာ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
"သဘာဝဆန်ဆန် ကြွားသွားတာပဲ။"
အန်လင်းသည် ဆုံးဖြတ်ချက် ချထားသောကြောင့် အဝါရောင်နွားမှာ ခေါ်သွားပေးရန်သာ ရှိတော့သည်။
ခရမ်းရောင်ကုန်းမြေသို့ရောက်ရန် ရွှေရောင်၊ အနီရောင်၊ အပြာရောင် အဆင့်များအား ဖြတ်ကျော်ခဲ့ရသည်။
"ဒါက ခြောက်ထပ်မြောက်လား။"
အန်လင်းမှာ ပတ်ဝန်းကျင်အား ကြည့်ကာမေးလိုက်သည်။
သတ်ကွင်းသည် ကြီးမားလွန်းလှပြီး ကုန်းမြေ၏ တဝက်ခန့်မျှ ရှိသည်။
"ဟုတ်တယ်။ နေသစ်ပင်ရဲ့ ရူးချင်စရာ အကောင်းဆုံး နေရာပေါ့။"
အဝါရောင်နွားမှာ မျက်ဝန်းများ တောက်ပလာသည်။
"တောင်ပိုင်းကောင်းကင်တောင်ပံနိုင်ငံတော်က အသန်မာဆုံးသူတိုင်း ဒီကိုလာကြတယ်။ အဲ့နေ့ရဲ့ ချန်ပီယံ ဖြစ်သွားရင် စိတ်ဝိဥာဥ်ပျိုးထောင်ခြင်း အဆင့်တောင်မှ လေးစားခံရလိမ့်မယ်။ အဓိကက သတ်ကွင်းထဲ ဝင်ရဲဖို့ပဲ။"
"ဒီနေရာကို သဘောကျတယ်။ ဘဝဆိုတာ တိုက်ပွဲပဲ။"
ရွှယ်ကျန်ထျန်း စကားဆိုလိုက်သည်။
ဝုန်း...... ဝုန်း....... ဝုန်း..........
သတ်ကွင်းထံမှ တိုက်ခိုက်သံများ ထွက်ပေါ်နေသည်။
အန်လင်းမှာ နေသစ်ပင်သတ်ကွင်းဟု ရေးထိုးထားသော ရွှေရောင်စာလုံးများအား ကြည့်ရှုလိုက်သည်။
"သွားရအောင်။"
အဝါရောင်နွားမှာ အန်လင်းနောက်မှ လိုက်ပါသွားသည်။
ရွှေအဆင့် လမ်းပြအနေဖြင့် ဧည့်သည်သည် သတ်သေချင်လျှင်ပင် အမှန်တကယ် သေဆုံးသည်အထိ ဘေးတွင်ရှိနေပေးရမည် ဖြစ်သည်။ ထိုသည်မှာ ပညာရှင် ပီသသော ဆုံးဖြတ်ချက်ပင်။