← Chapters

နေသစ်ပင်၏စစ်နတ်ဘုရား၊ ဗာမီလီယမ် ငှက်မင်းသမီး

Vol. 66 Ch. 926

နေသစ်ပင်၏စစ်နတ်ဘုရား၊ ဗာမီလီယမ် ငှက်မင်းသမီး

Vol. 66 Ch. 926

ဗာမီလီယမ် ငှက်မင်းသမီးက နေသစ်ပင်ရဲ့ စစ်နတ်ဘုရားမလား.........

အန်လင်း ကြောင်တောင်တောင် ဖြစ်သွားမိသည်။

ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..........

နေသစ်ပင်၏ စစ်နတ်ဘုရားများသည် ရာနှင့်ချီသော အောင်မြင်မှုမှတ်တမ်းများရှိကာ နှစ်တစ်သောင်းအတွင်း လက်တစ်ဆုပ်စာမျှသာ ထွက်ပေါ်ခဲ့သည်။

နေသစ်ပင်၏ စစ်နတ်ဘုရား ရုပ်ထုများသည် အပြင်ဘက်ခန်းမတွင် ရှိနေပါသော်လည်း ဗာမီလီယမ် ငှက်မင်းသမီးအား မမြင်ခဲ့ရပေ။

မည်သို့ပင်ဆိုစေကာမူ အားလုံးမှာ ဗာမီလီယမ် ငှက်မင်းသမီးအား သိနေပုံရသည်။

တစ်ခုခု မှားနေတာလား...........

အန်လင်းမှာ အူကြောင်ကြောင်ဖြင့် အထဲသို့ ပြန်ဝင်သွားလိုက်သည်။

"တိုက်တာကောင်းသားပဲ လင်းအန်....."

ဗာမီလီယမ် ငှက်မင်းသမီးသည် သူငယ်ချင်းကောင်းများသဖွယ် သူ့အားပုခုံးပုတ်လိုက်သည်။

အန်လင်း သိလိုစိတ်ပြင်းစွာ မေးလိုက်သည်။

"မင်းက နေသစ်ပင်ရဲ့ စစ်နတ်ဘုရားမလား။"

"မဟုတ်ပါဘူး။"

ဗာမီလီယမ် ငှက်မင်းသမီး ခေါင်းခါပြလာသည်။

"အဲ့ဒါဆို ဘာလို့အဲ့လိုကြေညာသွားတာလဲ။"

အန်လင်း နားမလည်နိုင် ဖြစ်သွားမိသည်။

ဗာမီလီယမ် ငှက်မင်းသမီးမှာ အမူအရာ ပြောင်းလဲသွားလေသည်။

"နင်တကယ်ကြီး ငါ့ကိုမသိတာလား။ ဘာမှမသိပဲ သတ်ကွင်းထဲ ရောက်နေတာပေါ့လေ။"

"ချန်ပီယံဖြစ်မှာ သေချာနေတာပဲ။ ဘာလို့ မလိုတာတွေ လုပ်နေရမှာလဲ။"

အန်လင်း စကားဆိုလိုက်သည်။

"ခွီး........."

ဗာမီလီယမ် ငှက်မင်းသမီးမှာ ရယ်မောလိုက်မိသည်။

"လင်းအန်....... နင်က တော်တော်လေး စိတ်ဝင်စားစရာ ကောင်းတာပဲ။ နင်နဲ့တိုက်ဖို့ မျှော်လင့်နေပြီ။ အခုတော့ ငါသွားရတော့မယ်။"

သတ်ကွင်းထဲရှိ အရိုးစု သိမ်းငှက်မှာ ငိုကြွေးနေလေပြီ။

"ဘာမှမဖြစ်ပါဘူး။ အေးအေးဆေးဆေး စကားဆက်ပြောကြပါ။ အဆင်ပြေပါတယ်။"

အန်လင်းမှာ ဗာမီလီယမ် ငှက်မင်းသမီးအား လှမ်းတားလိုက်သည်။

"ငါမေးတာကို မဖြေရသေးဘူးနော်။"

"ဟိဟိ...... မပြောပြဘူး။ မှန်းကြည့်ပေါ့။"

ဗာမီလီယမ် ငှက်မင်းသမီးမှာ လျှာထုတ်ပြကာ ထွက်သွားတော့သည်။

အန်လင်း ဒေါသထွက်သွားရသည်။

ထိုအချိန်တွင် ကြေညာသံတစ်ခု ထွက်ပေါ်လာသည်။

"ပြိုင်ပွဲဝင် နံပါတ်သုံးဆယ့်လေး....... ဗာမီလီယမ် ငှက်မင်းသမီးက ပြိုင်ပွဲပေါင်း ကိုးဆယ့်ကိုးပွဲ ပြိုင်ထားပြီး ကိုးဆယ့်ကိုးပွဲလုံးကိုလည်း အနိုင်ရထားပါတယ်။"

"ဒီနေ့က ဗာမီလီယမ် ငှက်မင်းသမီးရဲ့ ပြိုင်ပွဲအကြိမ်ရေ တစ်ရာမြောက်ပါ။ သူမသာ နိုင်သွားရင် နေသစ်ပင်မှာ ဆယ့်တစ်ယောက်မြောက် စစ်နတ်ဘုရား ရှိလာတော့မှာပါ။ ကဲ....... ဗာမီလီယမ် ငှက်မင်းသမီးကို ကြိုဆိုအားပေးလိုက်ရအောင်........"

အားလုံး၏ လက်ခုပ်သံများ တပြိုင်နက် ပဲ့တင်ထပ်သွားသည်။

"ဗာမီလီယမ် ငှက်မင်းသမီး........"

"နေသစ်ပင်ရဲ့ စစ်နတ်ဘုရားမ......."

"ပြိုင်ဘက်ကင်းပဲ.........."

ဗာမီလီယမ် ငှက်မင်းသမီး : "............."

အန်လင်း : "............."

ဘာပဲဖြစ်ဖြစ် အဖြေကို သိလိုက်ရပြီပဲ.........

ဗာမီလီယမ် ငှက်မင်းသမီးက ကိုးဆယ့်ကိုးပွဲ နိုင်ထားတာဆိုတော့ စစ်နတ်ဘုရားမ ဖြစ်လာတော့မှာပဲ........ အဲ့ဒါကြောင့် နေသစ်ပင်ရဲ့ စစ်နတ်ဘုရားလို့ ရည်ညွှန်းနေတာကိုး......... ဒီလို နာမည်ကြီးနေတာ မထူးဆန်းတော့ပါဘူး..........

ဗာမီလီယမ် ငှက်မင်းသမီးမှာ ခပ်ဖွဖွ ပြုံးလိုက်သည်။ သူမ၏ အောင်မြင်မှုမှာ အဆုံးသတ်တော့မည်ပင်။

ဗာမီလီယမ် ငှက်မင်းသမီးသည် စိတ်အားတည်ငြိမ်စေကာ ပရိသတ်များအား နှုတ်ဆက်လိုက်သည်။

"မတွေ့ရတာ ကြာပြီနော်။ သတိရနေရဲ့လား။"

"ဒီတိုက်ပွဲကို မျှော်လင့်နေကြတယ်မလား။"

"အားလုံးကို ချစ်တယ်နော်........ မွ........"

သူမသည် တက်ကြွသော မိန်းမငယ်လေးသဖွယ် တောက်ပစွာ ပြုံးပြလိုက်သည်။

ပရိသတ်များ၏ အော်ဟစ်သံများမှာ မိုးသို့ညံသွားလေသည်။

အန်လင်းမှာ ထိုမြင်ကွင်းအား ငေးကြည့်နေမိသည်။

ဘာလဲဟ........ သူမက စစ်နတ်ဘုရားနဲ့ မတူပဲ စူပါစတားနဲ့ ပိုတူနေတာပါလား...........

အရိုးစု သိမ်းငှက်မှာ ဝမ်းနည်းနေသည်။ သူ့ဘဝ၏ နောက်ဆုံးတိုက်ပွဲတွင် မြက်တစ်ပင်လောက်မျှ အရေးမပါသော ပုံစံနှင့် အဆုံးသတ်ရတော့မည်ပင်။

ဒိုင်များမှ ပြိုင်ပွဲစတင်နိုင်ပြီဖြစ်ကြောင်း ကြေညာလာသည်။

"ဗာမီလီယမ် ငှက်မင်းသမီး........ ကျေးဇူးပြုပြီး ညင်သာပေးလို့ ရမလား။"

အရိုးစုသိမ်းငှက် တောင်းပန်လိုက်သည်။

ဗာမီလီယမ် ငှက်မင်းသမီးမှာ ပြုံးပြလာလေသည်။

"အဲ့ဒါကတော့ နင့်ပေါ်ပဲ မူတည်တယ်။"

ဗာမီလီယမ် ငှက်မင်းသမီးသည် မည်မျှပင် သန်မာကြောင်း အန်လင်း သိလိုမိသည်။

အရိုးစုသိမ်းငှက်သည် စိတ်ဝိဥာဥ်ပျိုးထောင်ခြင်း အထွဋ်အထိပ်အဆင့် ဖြစ်သောကြောင့် ဗာမီလီယမ် ငှက်မင်းသမီးမှ လွယ်လွယ်ကူကူ သတ်နိုင်ပေလိမ့်မည်။ သူမ တိုက်ခိုက်လာသည်နှင့် သူမ၏ အရည်အချင်းအား မှန်းဆနိုင်ပြီပင်။

"ဂီး........"

အရိုးစုသိမ်းငှက်မှာ ကျယ်လောင်စွာ အော်ဟစ်ကာ ထက်ရှလှသော လေဓားများ ဖန်တီးလိုက်သည်။

လေဓားတစ်လက်ချင်းစီမှာ သံမဏိကိုပင် ဖြတ်တောက်ပစ်န်ုင်သည်။

ဗာမီလီယမ် ငှက်မင်းသမီးသည် လေဓားများအား ရှောင်ရှားကာ ရှေ့သို့တိုးကပ်လာသည်။

အရိုးစုသိမ်းငှက် ထိတ်လန့်ကာ အတောင်များဖြန့်လျက် အရိုးလှံများ ပြုလုပ်တိုက်ခိုက်လိုက်သည်။

ဗာမီလီယမ် ငှက်မင်းသမီးသည် သေးငယ်သော ခန္ဓာကိုယ်လေးဖြင့် အရိုးလှံများအား ရှောင်ရှားလိုက်ပြန်သည်။

အရိုးစုသိမ်းငှက်သည် အတောင်များအား ပြန်လည်စုစည်းကာ လျင်မြန်လှသော အရှိန်ဖြင့် ဗာမီလီယမ် ငှက်မင်းသမီးထံ သွားလိုက်သည်။

ဗာမီလီယမ် ငှက်မင်းသမီးသည် မြွေတစ်ကောင်အလား တွန့်လိမ်ရှောင်ရှားလိုက်သည်။

ပန်းတစ်ပွင့်သဖွယ် ပြန့်ကားသွားသော ကိုးရောင်ခြယ် ဝတ်စုံနှင့်အတူ သူမ၏ ဒေါက်ဖိနပ်မှာ အရိုးစု သိမ်းငှက်ခေါင်းပေါ် ကျဆင်းလာသည်။

ဝုန်း.........

ကျယ်လောင်လှသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာလေသည်။

အနီရောင် စွမ်းအင်လှိုင်းများနှင့်အတူ အရိုးကျိုးသော အသံများကို ကြားလိုက်ရသည်။

အရိုးစုသိမ်းငှက်သည် ဘာမှပင် မပြောနိုင်လိုက်ပဲ အသက်စွမ်းအင်ပါ ပျက်စီးသွားတော့သည်။

"အနိုင်ရရှိသွားသူကတော့ ဗာမီလီယမ် ငှက်မင်းသမီးပဲ ဖြစ်ပါတယ်။"

ကြေညာသံမှာ ပဲ့တင်ထပ်သွားသည်။

ပွဲကြည့်ပရိသတ်များ အော်ဟစ်အောင်ပွဲခံလိုက်ကြသည်။

"အားလုံးကို ကျေးဇူးတင်ပါတယ်။"

"ဒီတိုက်ပွဲကို ကြိုက်ကြရဲ့လား။"

"ငါက ချစ်စရာကောင်းတဲ့ ကောင်မလေးလို့ရော ထင်ကြရဲ့လား။"

ဗာမီလီယမ် ငှက်မင်းသမီးမှ စကားဆိုလိုက်သည်။ သူမ၏ အောင်မြင်မှုမှာ အမှန်တကယ် ရူးလောက်စရာပင်။

သူမ၏ တိုက်ခိုက်မှုမှာ တိကျသပ်ရပ်လွန်းပါသော်လည်း အန်လင်းမှလွဲ၍ မည်သူကမှ အံ့သြနေပုံ မရပေ။

ပုံမှန်အခြေအနေသာဆိုပါက သူသည်လည်း အံ့အားသင့်မည် မဟုတ်ပေ။

သို့သော် သူမ၏ တိုက်ခိုက်ပုံမှာ ထူးခြားလွန်းလှသည်။

"သူမက ဆရာမကြီးပဲ။"

အန်လင်း ရေရွတ်လိုက်သည်။

အရိုးစုသိမ်းငှက်သည် စိတ်ဝိဥာဥ်ပျိုးထောင်ခြင်း အထွဋ်အထိပ်အဆင့် ဖြစ်သည်။ ဗာမီလီယမ် ငှက်မင်းသမီးသည်လည်း သူမ၏ အဆင့်၊ အရှိန်နှင့် စွမ်းအင်အား စိတ်ဝိဥာဥ်ပျိုးထောင်ခြင်း စဦးအဆင့်မျှထိ လျှော့ချထားခဲ့သည်။

ပွဲကြည့်ပရိသတ် အများစုသည် ထိုသည်ကို သတိမထားမိကြပါသော်လည်း အန်လင်း၏ အမြင်အောက်မှ မလွတ်နိုင်ပေ။

ဗာမီလီယမ် ငှက်မင်းသမီးသည် စိတ်ဝိဥာဥ်ပျိုးထောင်ခြင်း စဦးအဆင့်မျှဖြင့် စိတ်ဝိဥာဥ်ပျိုးထောင်ခြင်း အထွဋ်အထိပ်အဆင့်ရှိသော အရိုးစုသိမ်းငှက်ကို စမုံတုန်းလိုက်ခြင်းပင်။

သူမ၏ ပင်ကိုယ်တုံ့ပြန်မှုမှာ ထက်ရှလွန်းလှပြီး တိုက်ပွဲအတွေ့အကြုံလည်း ရင့်သန်ပုံရသည်။

မည်သို့ပင်ဆိုစေကာမူ သူမသည် ပြိုင်ဘက်ကောင်းတစ်ဦးပင်။

သူမ၏ စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း နောက်ဆုံးအဆင့်ဖြင့်ဆိုလျှင် မည်မျှပင် ကြောက်မက်ဖွယ် ကောင်းလိမ့်မည်ကို မခန့်မှန်းနိုင်ပေ။

အန်လင်း၏ အမူအရာ ပြောင်းလဲသွားသည်။

ဒီပြိုင်ဘက်ကို လေးလေးနက်နက် ကိုင်တွယ်မှရမယ်.......

မကြာမီပင် ဗာမီလီယမ် ငှက်မင်းသမီးမှာ အထဲသို့ ပြန်ဝင်လာသည်။

သူမသည် အန်လင်းအားကြည့်ကာ ပြုံးလိုက်သည်။

"ဘယ်လိုလဲ။ အခုတော့ နောင်တရပြီး ကြောက်နေပြီလား။"

"စိတ်ဝိဥာဥ်ပျိုးထောင်ခြင်း အဆင့်လောက်ကို အနိုင်ယူပြီး ဘာတွေကြွားနေတာလဲ။"

အန်လင်း ခနဲ့လိုက်သည်။

"ဘာဖြစ်သွားလဲ နင်တကယ် မသိတာလား။"

ဗာမီလီယမ် ငှက်မင်းသမီး မေးမြန်းလိုက်သည်။

"ဘာကိုသိရမှာလဲ။"

အန်လင်း ရူးချင်ယောင်ဆောင်လိုက်သည်။

ဗာမီလီယမ် ငှက်မင်းသမီးမှာ နှုတ်ခမ်းအားကိုက်ကာ ဘာမှမပြောတော့ပေ။

သူမ၏ မျက်နှာပေါ်တွင် အထီးကျန်နေသော အမူအရာ ပေါ်လာလေသည်။

အန်လင်း အေးစက်စွာ ပြုံးလိုက်သည်။

နောက်မှ ဒင်းကိုပညာပေးဦးမယ်.......

All Chapters