လက်သီးနတ်ဘုရားလင်းအန်
Vol. 66 Ch. 927
ပြိုင်ပွဲဝင် ခြောက်ဆယ့်လေးဦးတွင် သုံးဆယ့်နှစ်ဦးသာ ကျန်ရှိတော့သည်။
အန်လင်းသည် စပါးအုံးပျံတစ်ကောင်နှင့် တိုက်ခိုက်ရပြီး ၎င်းသည် လင်းနို့ထက်ပင် ပိုမိုညံ့ဖျင်းသေးသည်။ စပါးအုံးပျံသည် စိတ်ဝိဥာဥ်ပျိုးထောင်ခြင်း နောက်ဆုံးအဆင့်သာ ရှိသောကြောင့် အန်လင်း၏ လက်သီးချက်နှင့်အတူ ဘဝကူးသွားရသည်။
ဗာမီလီယမ် ငှက်မင်းသမီးသည် စိတ်ဝိဥာဥ်ဖွဲ့စည်းခြင် နောက်ဆုံးအဆင့် ဖြစ်ပါသော်လည်း စိတ်ဝိဥာဥ်ပျိုးထောင်ခြင်း နောက်ဆုံးအဆင့်ရှိသော ပြိုင်ဘက်အား တိုက်ခိုက်ရန် သူမကိုယ်သူမ စွမ်းအင်ကန့်သတ်လိုက်ပြီးနောက် ကျက်သရေရှိသော ကန်ချက်နှင့်အတူ တိုက်ပွဲအား အဆုံးသတ်လိုက်ပြန်သည်။
၎င်းတို့နှစ်ဦးအပြင် ခုနစ်ပွဲဆက်တိုက် အောင်မြင်ထားသော ဝက်ဝံကြီးမှာလည်း လွယ်လွယ်ကူကူ အနိုင်ရနေသည်။ သို့သော် ၎င်းသည် ပျော်ရွှင်မနေပဲ ဗာမီလီယမ် ငှက်မင်းသမီးအားကြည့်မိတိုင်း ထိတ်လန့်နေမိလေသည်။
ပြိုင်ပွဲဝင်ရန် စာရင်းသွင်းသောအခါ ကျင့်ကြံရေးအဆင့်အား ထုတ်ဖော်ပြောကြားရန် လိုအပ်သည်။ ပွဲစီစဥ်သူများသည် တမင်တကာပင် သန်မာသော ပြိုင်ပွဲဝင်များနှင့် အားနည်းသူများအား ဦးစွာပွဲတေ့ပေးတတ်သည်။
မကြာမီပင် ကျန်ရှိနေသော ပြိုင်ပွဲဝင်များမှာ ဆယ့်ခြောက်ဦးသာ ရှိတော့သည်။
အန်လင်းသည် လက်သီးတစ်ချက်ဖြင့် တိုက်ပွဲတစ်ပွဲ ပြီးသွားပြန်သည်။
ထို့နောက် ရေခဲငှက်ကြီးတစ်ကောင်နှင့် တိုက်ခိုက်ရသည်။
ထိုငှက်ကြီးသည် ပေတစ်ထောင်ခန့်ရှိကာ သတ်ကွင်းအား ၎င်း၏နှင်းနယ်ပယ်အဖြစ် ပြောင်းလဲပစ်လိုက်သည်။ ၎င်းသည် စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း အလယ်အလတ်အဆင့် သားရဲတစ်ကောင်ပင်။
ရေခဲငှက်ကြီးသည် မခေသူ ဖြစ်သောကြောင့် ပွဲကြည့်ပရိသတ်များမှာ စိတ်လှုပ်ရှားလာကြသည်။ ၎င်းသည် နာမည်ကြီး ပြိုင်ပွဲဝင် ဖြစ်ပုံရသည်။
တိုက်ပွဲကောင်းတစ်ခု ကြည့်ရတော့မည်ဟု ထင်မှတ်နေကြစဥ်မှာပင် အန်လင်းမှာ လက်သီးတစ်ချက်သာ ထိုးလိုက်သည်။
လက်သီးချက်သည် ရေခဲငှက်ကြီး၏ နယ်ပယ်အား တမုဟုတ်ချင်း ဖျက်စီးပစ်လိုက်သည်။
ဝုန်း.........
စွမ်းအင်များ ပေါက်ကွဲကာ သတ်ကွင်းသည်ပင် တုန်လှုပ်သွားရလေသည်။
ရေခဲငှက်ကြီးမှာ ခန္ဓာကိုယ် တစ်ခုလုံး ပေါက်ကွဲထွက်ကာ အဖြူရောင်သွေးများ မိုးအဖြစ် ရွာကျသွားသည်။
"လက်သီးနတ်ဘုရား လင်းအန်ကတော့ ရပ်တန့်မရနိုင်ပါဘူးဗျာ။"
"တစ်ချက်တည်းနဲ့ သတ်ပစ်လိုက်တာ။ စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း အလယ်အလတ်အဆင့် သားရဲကိုတောင် တစ်ချက်တည်းနဲ့ သတ်နိုင်မယ် မထင်ထားဘူး။"
"လက်သီးနတ်ဘုရားဘွဲ့နဲ့ တကယ်ထိုက်တန်တာပဲ။"
"အား....... အရမ်းမိုက်တယ်။"
.............
ပွဲကြည့်ပရိသတ်များမှာ အော်ဟစ်အားပေးနေကြသည်။
ရွှယ်ကျန်ထျန်းမှာ မျက်နှာပျက်နေသော အဝါရောင်နွားအား ပိတ်ရိုက်လိုက်သည်။
"ဘာဖြစ်နေတာလဲ။ ငါ့သခင်က ဘယ်လောက်တော်လဲ မမြင်ဘူးလား။"
အဝါရောင်နွား သက်ပြင်းချလိုက်သည်။
"အစ်ကိုလေးအန်လင်းက အရမ်းတော်တာပဲ။ တခြားသတ်ကွင်းမှာသာဆိုရင် အနိုင်ရမှာ သေချာတယ်။ အခုက ဗာမီလီယမ် ငှက်မင်းသမီးနဲ့ ယှဥ်တိုက်ရမှာလေ။"
ရွှယ်ကျန်ထျန်း နှုတ်ခမ်းရွဲ့သွားသည်။
"ဗာမီလီယမ် ငှက်မင်းသမီး စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း အထွဋ်အထိပ်အဆင့်ပဲမလား။ ဟင်းလင်းပြင်သို့အပြန် အဆင့်တောင် မရောက်သေးပဲနဲ့ ဘာကိုကြောက်ရမှာလဲ။"
"ဗာမီလီယမ် ငှက်မင်းသမီးက ဟင်းလင်းပြင်သို့အပြန် အဆင့်မဟုတ်ဘူး။"
အဝါရောင်နွားမှာ အမူအရာ ပြောင်းလဲသွားသည်။
"ဒါပေမယ့် ဟင်းလင်းပြင်သို့အပြန် အဆင့်တွေကိုတောင် သတ်ပစ်ဖူးတယ်။"
ရွှယ်ကျန်ထျန်း : "............"
ထိုသို့ဖြင့် ပြိုင်ပွဲဝင်မှာ လေးယောက်မျှသာ ကျန်တော့သည်။
ဆည်းဆာရောင်ခြည်သည် သတ်ကွင်းပေါ် လှပစွာ ဖြာကျနေသည်။
နေဝင်ချိန် ဖြစ်ပါသော်လည်း သတ်ကွင်းမှာ တက်ကြွမေဆဲပင်။
လက်သီးနတ်ဘုရား လင်းအန်နှင့် ခုနစ်ပွဲဆက်တိုက် အနိုင်ရရှိထားသော လေနက်ဝက်ဝံတို့၏ တိုက်ပွဲသို့ ရောက်ရှိလာလေပြီ။
ထိုဝက်ဝံကြီးသည် ဗာမီလီယမ် ငှက်မင်းသမီးအားကြည့်ကာ ကြောက်ရွံ့နေသည်။
"ဝေါင်း........ လင်းအန် ဗာမီလီယမ် ငှက်မင်းသမီးနဲ့ မတိုက်ရသေးခင် တကယ့်စွမ်းအားဆိုတာဘာလဲ မင်းကိုပြပေးမယ်။"
ဝက်ဝံကြီးသည် ကျယ်လောင်စွာ ဟိန်းဟောက်ရင်း အန်လင်းထံ ပြေးဝင်လာသည်။
အန်လင်းသည် အမှိုက်ကောင်အား စကားမပြောလိုသောကြောင့် လက်သီးတစ်လုံးသာ ပစ်သွင်းလိုက်သည်။
"လက်သီးနတ်ဘုရား လင်းအန်ရဲ့ လက်သီးကတော့ ရောက်လာဟေ့........"
ပွဲကြည့်ပရိသတ်များ အော်ဟစ်လိုက်ကြသည်။
လက်သီး၏ ပြင်းထန်းလှသော စွမ်းအင်များမှာ ဝက်ဝံကြီးအား လွှမ်းမိုးသွားသည်။
ဝက်ဝံကြီးသည်လည်း စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း အထွဋ်အထိပ်အဆင့်၏ စွမ်းအင်များကို ထုတ်ဖော်လိုက်သည်။ အနက်ရောက်အလင်းများ ကောင်းကင်ပေါ် ဖြာထွက်ကာ ဘီလူးတစ်ကောင်၏ပုံရိပ် ဖြစ်ပေါ်လာပြီးနောက် အန်လင်း လက်သီးအား ရင်ဆိုင်လိုက်သည်။
ဝုန်း.............
စွမ်းအင်ပေါက်ကွဲမှုကြောင့် မြေပြင်သည်ပင် ဟက်တက်ကွဲသွားလေသည်။
ဝက်ဝံကြီး သွေးအန်ကာ နောက်သို့ဆုတ်သွားရသည်။
"လက်သီးနတ်ဘုရား လင်းအန်ရဲ့ လက်သီးကို တားနိုင်လိုက်ပြီဆိုတော့ တိုက်ပွဲကတော့ ကြမ်းတော့မှာပဲ။"
ပွဲကြည့်ပရိသတ်များ စိတ်အားထက်သန်စွာ အော်ဟစ်လိုက်ကြသည်။ အန်လင်းသည် ယခင်ပြိုင်ဘက်များအား လက်သီးတစ်ချက်တည်းဖြင့် အမှောက်သိပ်လာပြီး ဝက်ဝံကြီးမှာ ပထမဆုံး ခံနိုင်ရည်ရှိသူ ဖြစ်သည်။
"ခုနစ်ပွဲဆက်တိုက် နိုင်လာတဲ့သူလို့ မပြောရဘူး။ လက်သီးနတ်ဘုရား လင်းအန်ကတော့ ဒုက္ခရောက်ပြီပဲ။"
"အဲ့လောက် ကြောက်ဖို့ကောင်းတဲ့ လက်သီးထုတ်ထားပြီးမှတော့ အစွမ်းရော ကျန်သေးရဲ့လား မသိဘူး။ မကျန်တော့ရင် တကယ်ပြဿနာပဲ။"
"လေနက်ဝက်ဝံက ခုနစ်ပွဲတောင် နိုင်ထားတာ။ လွယ်လွယ်မရှုံးနိုင်ဘူး။ လေနက်ဝက်ဝံကိုပဲ အားပေးမှာငါတော့......"
ဝေဖန်လေကန်သံများ ဆူညံနေသည်။
လေနက်ဝက်ဝံမှာ အသက်ပြင်းပြင်း ရှူလိုက်သည်။
"မင်းက ပြိုင်ဘက်ကောင်းပဲ။ သေသေချာချာလေး အနိုင်ယူပြီး မင်းနှလုံးကို ထုတ်စားပစ်မယ်။"
အန်လင်း အမူအရာ ပြောင်းလဲသွားသည်။
ဒီကောင်က သောက်ရူးလား........
"ဝေါင်း........."
လေနက်ဝက်ဝံ၏ လက်ဝါးတစ်ခုကြားတွင် အနက်ရောင်စွမ်းအင်များ ဖြစ်ပေါ်လာသည်။
"လေနက်ဝက်ဝံတိုက်ချက်........"
လေနက်ဝက်ဝံသည် မုန်တိုင်းတစ်ခုအလား ပြင်းထန်စွာဖြင့် အန်လင်းအား တိုက်ခိုက်လိုက်သည်။
အန်လင်းမှာ သက်ပြင်းချလိုက်ပြီးနောက် သူ၏နဖူးထက်တွင် ကြာပန်းအမှတ်အသားတစ်ခု ထွက်ပေါ်လာကာ လက်သီးမှာလည်း ရွှေရောင်တောက်ပလာသည်။
အကန့်အသတ်မဲ့သော မြေကမ္ဘာစွမ်းအင်များမှာ ဝက်ဝံကြီးပေါ် ရောက်ရှိသွားသည်။
ဝုန်း...........
သတ်ကွင်းတစ်ခုလုံး တုန်ခါသွားပြန်သည်။
ရွှေရောင်လက်သီးသည် ဝက်ဝံကြီး၏ ရင်ဘတ်ပေါ် ကျရောက်လာသည်။
"အား.........."
ဝက်ဝံကြီး၏ ခန္ဓာကိုယ်မှာ ခွက်ဝင်သွားကာ ရွှေရောင်များ ဖုံးလွှမ်းသွားသည်။
စောင့်ကြည့်နေသော ပွဲကြည့်ပရိသတ်များရှေ့တွင်ပင် ဝက်ဝံကြီးမှာ အစိပ်စိပ်အမြွှာမြွှာ ဖြစ်သွားလေသည်။
အားလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။
ပွဲကြည့်ပရိသတ်များမှာလည်း မျက်လုံးအပြူးသား ဖြစ်နေကြသည်။
ပြောတော့ ပွဲကြီးပွဲကောင်း ဖြစ်လာမှာဆို........
ယီးဖြစ်လို့ ဖွတ်ဆိုပြီးသွားတာလား..........
"လေနက်ဝက်ဝံက စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း အထွဋ်အထိပ်အဆင့်မလား။ ခုနစ်ပွဲဆက်တိုက်လည်း နိုင်ထားတာလေ။ လင်းအန်က တော်တော်ကြောက်စရာကောင်းတာပဲ။"
"လင်းအန်က လက်သီးနတ်ဘုရားဘွဲ့နဲ့ အထိုက်တန်ဆုံးပဲ။"
ထိုအချိန်တွင် ကြေညာချက် ထွက်ပေါ်လာသည်။
"လက်သီးနတ်ဘုရား လင်းအန်ရဲ့ လက်သီးချက်က တာအိုတရားတွေ ပါဝင်နေပြီးတော့ စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်းအဆင့်ထက်တောင် သာလွန်နေသေးတယ်ခင်ဗျ။"
အစီအစဥ် ကြေညာသူမှာ အန်လင်း၏ လက်သီးချက်အား မဟားတရား ချီးကျူးလိုက်သည်။
အန်လင်းမှာ ဘာမှတုံ့ပြန်လိုစိတ် မရှိပေ။
သူသည် ပွဲကြည့်ပရိသတ်အား အရိုအသေပေးကာ ယုံကြည်ချက်ရှိစွာ ပြောလိုက်သည်။
"လေနက်ဝက်ဝံလို အမှိုက်ကောင်က လက်သီးနတ်ဘုရားရှေ့မှာတော့ ဘာမှမဟုတ်ပါဘူး။"
အားလုံး ခဏတာ တိတ်ဆိတ်သွားကာ အားပေးလိုက်ကြပြန်သည်။
"လက်သီးနတ်ဘုရား “လင်းအန်” ဟူသော အော်ဟစ်သံများလည်း မိုးသို့ညံသွားလေသည်။