ဗိုလ်လုပွဲ (ပထမပိုင်း)
Vol. 67 Ch. 930
အန်လင်း၏ အမူအရာမှာ အေးစက်ခက်ထန်နေသည်။
သူသည် ဗာမီလီယမ် ငှက်မင်းသမီးအား သက်ညှာပေးစရာ မရှိပေ။ သတ်ကွင်းထဲမှ တစ်ယောက်သာ အသက်ရှင်လျက် ထွက်သွားနိုင်မည်ဖြစ်ပြီး နေသစ်ပင်၏ စောင့်ရှောက်သူအကြောင်း စုံစမ်းနိုင်ရန် ချန်ပီယံဖြစ်ရလိမ့်မည်။
အန်လင်းသည် ဗာမီလီယမ် ငှက်မင်းသမီး၏ ခြေထောက်အားကိုင်ကာ ထပ်ကိုင်ပေါက်ရန် လုပ်လိုက်သည်။
ထိုအချိန်တွင် ဗာမီလီယမ် ငှက်မင်းသမီး၏ မျက်ဝန်းများတွင် လိမ္မော်ရောင်များ ယှက်သန်းကာ အခြားခြေထောက်တစ်ဖက်မှာလည်း လှုပ်ရှားသွားလေသည်။
သူမ၏ ဒေါက်ဖိနပ်နားတွင် ထက်ရှလှသော လိမ္မော်ရောင် အလင်းများ ဖြစ်ပေါ်လာကာ လေထုကိုပင် အက်ကွဲသွားစေသည်။
ထိုအလင်းများ ပေါက်ကွဲကာ အန်လင်း၏ လက်မောင်းမှာလည်း ထုံကျင်သွားရသည်။
ဗာမီလီယမ် ငှက်မင်းသမီးသည် ထိုအခွင့်အရေးအား အမိအရယူကာ အန်လင်းထံမှ ရုန်းကန်ထွက်ပြေးလိုက်သည်။
"ကြောက်ဖို့ကောင်းလိုက်တာ။ ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူတွေတောင် ဘာခုခံမှုမှ မပါရင် ခုနက တိုက်ခိုက်မှုက လက်ပြတ်သွားစေနိုင်လောက်တယ်။ နင်ကြတော့လည်း ဘာမှမဖြစ်ပါလား။"
ဗာမီလီယမ် ငှက်မင်းသမီးမှာ အမူအရာ လေးနက်သွားပြီးနောက် မျက်ဝန်းများတွင် သက်တံ့ရောင်စဥ်များ ဖြာထွက်လာသည်။
ဝုန်း............
ကြောက်မက်ဖွယ် အရှိန်အဝါများ ပေါက်ကွဲသွားလေသည်။
သူမ၏ အရှိန်အဝါမှာ တဟုန်ထိုး မြင့်တက်လာပြီး သတ်ကွင်းပတ်ပတ်လည်တွင် အကာအရံ ဝင်္ကပါများသာ ရှိမနေပါက အားနည်းသော ပွဲကြည့်ပရိသတ်များပါ ပြာကျသွားလောက်သည်။
"ဗာမီလီယမ် ငှက်မင်းသမီးရဲ့ ဒုတိယအသွင်ပဲဟေ့......."
ပရိသတ်တစ်ဦး အော်ဟစ်လိုက်သည်။
"လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းက ဟင်းလင်းပြင်သို့အပြန် အထွဋ်အထိပ်အဆင့်ကိုသတ်ဖို့ ဒီအသွင် ပြောင်းဖူးသေးတယ်လေ။ အဲ့တည်းက ငါတို့ရင်ထဲမှာ နေသစ်ပင်ရဲ့ ဆယ့်တစ်ယောက်မြောက် စစ်နတ်ဘုရားအဖြစ် သတ်မှတ်လိုက်ကြတာပဲ။"
"လင်းအန်က ဗာမီလီယမ် ငှက်မင်းသမီးကို ဒီလောက်ထိ ဖိအားပေးနိုင်မယ်တောင် ထင်မထားဘူး။"
"နောင်တမရှိပဲ သေနိုင်တာပေါ့ကွာ။ တောင်ပိုင်းကောင်းကင်တောင်ပံနိုင်ငံတော် တစ်ခုလုံးမှာ လင်းအန်ဆိုတဲ့ နာမည် ကျန်ခဲ့မှာ သေချာပြီလေ။"
"လက်သီးနတ်ဘုရား လင်းအန်ကို ဒီလောက်နဲ့ နှုတ်ဆက်ရမှာတော့ နှမြောစရာပဲ။"
ပွဲကြည့်ပရိသတ်များမှာ အန်လင်းအတွက် စိတ်မကောင်း ဖြစ်နေကြသည်။
မည်သို့ပင်ဆိုစေကာမူ အန်လင်းမှာ တည်ငြိမ်နေလေသည်။
ဗာမီလီယမ် ငှက်မင်းသမီးသည် သူမ၏ စွမ်းအင်အကုန်အစင်အား ထုတ်ဖော်လာပြီ ဖြစ်သည်။
ယခုအချိန်သည် အစစ်အမှန် စစ်ပွဲဆင်နွှဲရမည့် အချိန်ပင်။
ဗာမီလီယမ် ငှက်မင်းသမီးသည် မြင်ဖူးသမျှ စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများထဲတွင် အသန်မာဆုံးဖြစ်ကာ စွမ်းအင်ထိန်းချုပ်ခြင်း ကောင်းမွန်လွန်းလှသည်။ သူ့ထံတွင် ဝှက်ဖဲများစွာ ရှိမနေပါက သူမအား အနိုင်တိုက်နိုင်ရန်ပင် မသေချာပေ။
၎င်းတို့နှစ်ဦးမှာ မျက်နှာချင်းဆိုင် ရပ်လိုက်ကြသည်။
"မင်းသမီးလေးကို ကြည့်ရတာ ရေနစ်ထားတဲ့ ကြောင်လေးလိုပဲ။"
အန်လင်း ရယ်မောလိုက်သည်။
ဗာမီလီယမ် ငှက်မင်းသမီးမှာ အန်လင်းအား မျက်စောင်းထိုးလိုက်လေသည်။
"လင်းအန်....... နင်ကငါ့ကို စိတ်ဆွနိုင်တာပဲ။ ဟွန့်...... အရမ်းကောင်းတယ်။ ငါကိုယ်တိုင် နင့်ကိုဆွဲဖြဲပစ်မယ်။"
သူမသည် အန်လင်းထံ ပျံဝဲလာကာ ကန်ရန်ပြင်လိုက်သည်။
"ကြမ်းလိုက်တာ။"
အန်လင်းသည် နတ်ဘုရားစစ်ဆေးမှုနည်းစနစ်ဖြင့် လိမ္မော်ရောင် အလင်းများအား ရှောင်ရှားကာ လက်သီးတစ်လုံး ကျွေးလိုက်သည်။
ဗာမီလီယမ် ငှက်မင်းသမီးသည် လျင်မြန်စွာ ရှောင်ရှားလိုက်ပြီးနောက် အနီရောင် အငွေ့များဖြင့် အန်လင်းလက်အား ရစ်ပတ်လိုက်သည်။
"နင့်ကိုမိပြီ။"
သူမ၏ မျက်ဝန်းများမှာ သွေးနီရောင် ပြောင်းလဲသွားလေသည်။
"ဒီလက်ကနေ စဖြတ်ပစ်မယ်။"
အနီရောင် အငွေ့များထံမှ ဆိုးရွားလှသော အပူချိန်ကို အန်လင်း ခံစားလိုက်ရသည်။
ဝုန်း................
ထိုအပူချိန်ကြောင့် မီးတောက်များပင် ဖြစ်ပေါ်လာကာ သတ်ကွင်းမြေပြင်အား အရည်ပျော်ကျသွားစေသည်။
အရာအားလုံးမှာ မီးတောက်များ၏ ဝါးမြိုခြင်းကို ခံနေရလေပြီ။
ရွှယ်ကျန်ထျန်းမှာ ထိုသည်ကိုကြည့်ကာ ပါးစပ်အဟောင်းသား ဖြစ်နေသည်။
"ကြောက်ဖို့ကောင်းလိုက်တာ။ သူမ မီးတောက်က ကောင်းကင်နဲ့မြေပြင်ကိုတောင် ဝါးမြိုပစ်လို့ရတယ်။ ဟင်းလင်းပြင်သို့အပြန် အဆင့်တွေတောင် ပြာကျသွားလောက်မယ် ထင်တယ်။"
အဝါရောင်နွား စကားဆိုလိုက်သည်။
"ဟူး........ အစ်ကိုလေးအန်လင်းတော့ ဘဝဆုံးတော့မှာပဲ။"
ပွဲကြည့်ပရိသတ်များမှာလည်း မျက်တောင်ပင် မခတ်ပဲ တိုက်ပွဲအား ကြည့်ရှုနေကြသည်။
မီးတောက်များမှာ ဖြည်းညင်းစွာ ပျောက်ကွယ်သွားလေသည်။
ပုံရိပ်နှစ်ခုအား သတ်ကွင်းအတွင်း တွေ့လိုက်ရသည်။
"ဟာ....... လင်းအန် မသေဘူးဟ......."
"ဘုရားရေ......... ခြစ်ရာလေးတောင် မထင်ပါလား။"
အားလုံး အံ့အားသင့်ကုန်သည်။
ဗာမီလီယမ် ငှက်မင်းသမီးလည်း အံ့သြသွားလေသည်။
အန်လင်းသည် အံ့ဖွယ်မီးတောက် ချပ်ဝတ်အား ဆင်မြန်းကာ ဧကရာဇ်တစ်ပါးသဖွယ် ခမ်းနားနေသည်။
"ရေနစ်ထားတဲ့ ကြောင်မလေး........ မင်းက မီးနဲ့ကစားချင်တာလား။ ငယ်ပါသေးတယ်ကွာ။"
သူသည် ကောင်းကင်အား လက်ညှိုးထိုးလိုက်သည်နှင့် မီးတောက်တောင်ပံများမှတဆင့် မီးတောက်မြှားတစ်စင်း ဖြစ်ပေါ်လာသည်။
စစ်မှန်မီးတောက်တောင်ပံ ပထမအဆင့် : သွေးနီရောင်နတ်မြှား..........
သွေးနီရောင်နတ်မြှားတွင် မြင့်မြတ်သော ဗာမီလီယမ် မီးတောက်များ ပါဝင်နေပြီး ထိတ်လန့်ဖွယ် ကောင်းလောက်အောင် ပူလောင်လွန်းသည်။
ဗာမီလီယမ် ငှက်မင်းသမီးသည် အသည်းအသန် ရှောင်ရှားလိုက်စဥ်မှာပင် မြေပြင်တွင် ဆွဲငင်အားကောင်းလှသော တွင်းနက်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။
သူမမှာ ခန္ဓာကိုယ်ရှိ အရိုးများ ကျိုးကြေသွားတော့မလို ခံစားနေရသည်။
အန်လင်းသည် အမှောင်ထုအား လက်တစ်ဖက်ဖြင့် ထိန်းချုပ်ကာ ကျန်တစ်ဖက်ဖြင့် ဗာမီလီယမ် ငှက်မင်းသမီးအား လက်ညှိုးထိုးလိုက်သည်။
သွေးနီရောင်နတ်မြှားမှာ သူမ၏ နှလုံးသားတည့်တည့် ပျံသန်းလာလေသည်။
ဗာမီလီယမ် ငှက်မင်းသမီးမှာ ရွှေရောင်အကာအရံအား လျင်မြန်စွာ ဖြစ်ပေါ်စေလိုက်သည်။
အဆုံးတွင်မူ မြှားထဲမှ မြင့်မြတ်မီးတောက်များမှာ ရွှေရောင်အကာအရံအား အရည်ပျော်ကျသွားစေသည်။
အပြာရောင် အငွေ့များသည် ဗာမီလီယမ် ငှက်မင်းသမီး၏ ခြေကျင်းဝတ်အား ရစ်ပတ်ကာ ဆွဲအားထံမှ လွတ်မြောက်သွားစေခဲ့ပါသော်လည်း နတ်မြှားမှာ သူမရင်ဘတ်အား ထိုးဖောက်သွားသည်။
သူမ၏ ဝတ်စုံမှာ ပေါက်ပြဲသွားပြီးနောက် ပုခုံးတွင် မီးလောင်ဒဏ်ရာတစ်ခု ဖြစ်ပေါ်လာသည်။ သူမသည် အလျင်အမြန် ဆုတ်ခွာရန် ပြင်လိုက်ပါသော်လည်း အန်လင်းမှာ အလွတ်ပေးချင်ပုံ မရပေ။
ပွဲကြည့်ပရိသတ်များသည် ဒဏ်ရာရသွားသော ဗာမီလီယမ် ငှက်မင်းသမီးအားကြည့်ကာ လန့်ဖြန့်ကုန်သည်။
တိုက်ပွဲမှာ အမှန်တကယ် တင်းမာလွန်းလှသည်။
လက်သီးနတ်ဘုရား လင်းအန်သည် မီးတောက်များအား ကိုင်တွယ်ရာတွင်လည်း တဖတ်ကမ်းခတ် ကျွမ်းကျင်နေသည်။
ပရိသတ်များမှာ အသက်ရှူရန်ပင် မေ့လျော့နေသောကြောင့် စကားမပြောနိုင်ကြပေ။
ဗာမီလီယမ် ငှက်မင်းသမီးသည် လိုက်ပါလာသော အန်လင်းအားကြည့်ကာ ခရမ်းရောင် အငွေ့များအား ပေါက်ကွဲသွားစေသည်။
ပုံရိပ်ယောင်မြူခိုး...........
ဟင်းလင်းပြင်သို့အပြန် အဆင့်များသည်ပင် ထိုမြူခိုးဖြင့် လှည့်စားခံရသောကြောင့် သူမအနေဖြင့် အေးအေးဆေးဆေး ထွက်ပြေးနိုင်လောက်သည်။
ဗာမီလီယမ် ငှက်မင်းသမီး ရယ်မောလိုက်စဥ်မှာပင် စကားသံတစ်ခုအား ကြားလိုက်ရသည်။
"ပုံရိပ်ယောင်မြူခိုးက မဆိုးပါဘူး။ ဒါပေမယ့်........"
ဗာမီလီယမ် ငှက်မင်းသမီးမှာ စူးရှလှသော နာကျင်မှုနှင့်အတူ နှလုံးသားတည့်တည့် ဓားထိုးခံလိုက်ရသည်။
"ငါ့ရဲ့ သိစိတ်အာရုံက ဟင်းလင်းပြင်သို့အပြန် အဆင့်တွေထက်တောင် သာတယ်လေ။"
"ဒီလောက်ကတော့ ဘာမှမဟုတ်ဘူး။"
အန်လင်းမှာ အောင်နိုင်သူတစ်ဦးလို ပြုံးလိုက်သည်။
"တာ့တာနော်....... ရေနစ်ထားတဲ့ ကြောင်လေး......."