ဗိုလ်လုပွဲ (တတိယပိုင်း)
Vol. 67 Ch. 932
ပရိသတ်အမြင်၌
ဗာမီလီယမ် ငှက်မင်းသမီး၏ နောက်ဆုံးတိုက်ကွက် အနီရောင် ကြာပန်းကြီးမှာ အန်လင်းပေါ် ပြုတ်ကျလာသည်။
အန်လင်းမှာလည်း သွေးပွက်ပွက်အန်သွားရသည်။
အဆုံးတွင်မူ ကြာပန်းကြီးမှာ သတ်ကွင်းပေါ် ကျဆင်းကာ မြေပြင်အား ပျက်စီးသွားစေသည်။
အနီရောင် စွမ်းအင်များမှာ ပတ်ဝန်းကျင်အား လွှမ်းခြုံသွားလေသည်။
ဝုန်း..........
သတ်ကွင်းတစ်ခုလုံး ပြိုကျမတက် တုန်ခါသွားရသည်။
ပွဲကြည့်ပရိသတ်များ ထိတ်လန့်သွားကြရသည်။ အကာအကွယ် ဝင်္ကပါသာ မရှိပါက ၎င်းတို့မှာ ပြာကျနေလောက်ပြီပင်။
"ဘုရားရေ........ ဒါက စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း အဆင့်တွေရဲ့ တိုက်ပွဲရော ဟုတ်ရဲ့လား။"
"အရမ်းကြမ်းလွန်းတယ်။ ဒဏ္ဍာရီလာသားရဲ ဖန်တီးထားတဲ့ အကာအကွယ် ဝင်္ကပါတောင် ပျက်တော့မှာပဲ။"
"ဟင်းလင်းပြင်သို့အပြန် အဆင့်တွေတောင် မဟုတ်သေးတာကို.........."
"နှစ်ယောက်လုံးက မကောင်းဆိုးဝါးတွေလိုပဲ။ ဗာမီလီယမ် ငှက်မင်းသမီးမှာ တတိယအသွင် ရှိဦးမယ်လို့ မထင်ထားခဲ့ဘူး။"
"လက်သီးနတ်ဘုရား လင်းအန်ရော ကြွသွားပြီလား။"
အန်လင်း၏ တိုက်ပွဲစွမ်းရည်အား မြင်တွေ့ထားရသောကြောင့် ပွဲကြည့်ပရိသတ်များမှာ ကျိန်းသေပေါက် ခန့်မှန်းခြင်း မပြုလုပ်နိုင်ပေ။
အနီရောင် စွမ်းအင်များ ပျောက်ကွယ်သွားပြီးနောက် ဗာမီလီယမ် ငှက်မင်းသမီးမှာ ဖြူရော်စွာဖြင့် မြေပြင်ပေါ် ဆင်းသက်လာသည်။
မြေပြင်တစ်ခုလုံးမှာ စုတ်ပြတ်သတ်နေလေသည်။
အန်လင်းသည် သတ်ကွင်းအလယ်တွင် သွေးအန်နေလျက် ရှိသည်။
"မသေဘူးဟ........"
"လက်သီးနတ်ဘုရား လင်းအန် မသေသေးဘူး။"
ပွဲကြည့်ပရိသတ်များအားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။
ဗာမီလီယမ် ငှက်မင်းသမီးလည်း မျက်ခုံးပင့်လိုက်မိသည်။
"နင်က တကယ်ကိုင်တွယ်ရ ခက်တာပဲ။"
အန်လင်းမှာ မည်သည့်စကားမှ မဆိုပေ။
ဗာမီလီယမ် ငှက်မင်းသမီးသည် လှဲလျောင်းနေသော အန်လင်းအပေါ်တွင် မတ်တပ်ရပ်နေခြင်းပင်။
"ရေနစ်နေတဲ့ ကြောင်လေး.......... ငါမင်းရဲ့အတွင်းခံကို မြင်နေရတယ်။"
ပတ်ဝန်းကျင် တစ်ခုလုံး ငြိမ်သက်သွားသည်။
ဗာမီလီယမ် ငှက်မင်းသမီး : "..........."
ပွဲကြည့်ပရိသတ်များ : "............."
အနီရောင် အငွေ့များမှာ ဗာမီလီယမ် ငှက်မင်းသမီး၏ ခြေနှစ်ချောင်းကြား တိတ်တဆိတ် ဝင်လာကာ အန်လင်း၏ မြင်ကွင်းအား ပိတ်ဆို့ထားလိုက်သည်။
ဗာမီလီယမ် ငှက်မင်းသမီး အံကြိတ်လိုက်သည်။
"နင်တစ်ချိန်လုံး မြေပေါ်မှာ လှဲနေတာ အဲ့ဒါကြောင့်လား။"
"မဟုတ်ပါဘူး။ ဒီအတိုင်း သတိပေးရုံပါ။"
ထိုစကားနှင့်အတူ မြေပြင်မှ ထလာလိုက်သည်။
ဗာမီလီယမ် ငှက်မင်းသမီးမှာ ဒေါသထွက်သွားသောကြောင့် အန်လင်းအား တိုက်ခိုက်လာသည်။
နဖူးပေါ်မှ အမှတ်သား တောက်ပလာသည်နှင့်အတူ သူမလည်း ပျောက်ကွယ်သွားပြန်သည်။
အန်လင်းသည် မြေအောက်ကမ္ဘာ၏ မူလစွမ်းအင်အား အသက်သွင်းလိုက်သည်။
တစ်ချိန်တည်းမှာပင် မိစ္ဆာရှင်းဓားဖြင့် တစ်နေရာအား ခုတ်ချလိုက်သည်။
ဝါယောဓား...........
ဗာမီလီယမ် ငှက်မင်းသမီးမှာ အန်လင်းရှေ့တွင် ထွက်ပေါ်လာပါသော်လည်း ဓားပုံရိပ်ကြောင့် သူမ ဒေါက်ဖိနပ်မှာ ညပ်နေသည်။
ဝုန်း.........
ပြင်းထန်လှသော စွမ်းအင်များမှာ သတ်ကွင်းအား တုန်ခါသွားစေသည်။
အန်လင်း၏ဓားချက်မှာ ယခင်ကထက်ပင် ကြောက်မက်ဖွယ် ကောင်းနေသည်။
ဗာမီလီယမ် ငှက်မင်းသမီးသည် အကန့်အသတ်မဲ့သော ဓားစိတ်ဆန္ဒအား ခံစားလိုက်ရသောကြောင့် ခုခံရန် ပြင်လိုက်သည်။
"ဖျက်စီးစမ်း......."
အနက်ရောင်ဓားမှာ လေထုကိုပင် ဆုတ်ဖြဲလာသောကြောင့် ဗာမီလီယမ် ငှက်မင်းသမီးမှာ အတင်းအကြပ် ဆုတ်ခွာလိုက်ရသည်။
သူမ အံ့အားသင့်နေမိသည်။
ဒီလူက ငါ့ထက်သာသွားပြန်ပြီလား......... ဘယ်လိုဖြစ်တာလဲ..............
ကောင်းကင်နှင့်မြေပြင်မှာ ရုတ်တရက် အမှောင်ကျသွားလေသည်။
စစ်နတ်ဘုရား၏ ခုတ်ချက်ခြောက်ချက်......... အရိပ်ကျား............
ဗာမီလီယမ် ငှက်မင်းသမီးမှာ အမူအရာ ပြောင်းလဲသွားပါသော်လည်း တိုက်ပွဲစွမ်းရည် ပြည့်ဝသူ ဖြစ်သောကြောင့် သူမကိုယ်သူမ အတောင်ဖြင့် ရစ်ပတ်ထားလိုက်သည်။
ဝုန်း...........
အနက်ရောင်ဓားမှာ သူမ၏ အတောင်ပေါ် ကျဆင်းလာလေသည်။
ပတ်ဝန်းကျင် ပြန်လည်လင်းလက်လာသောအခါ သူမ၏ တောင်ပံနှင့် နောက်ကျောတွင် ဒဏ်ရာတစ်ခု ရှိနေလေပြီ။
ဗာမီလီယမ် ငှက်မင်းသမီး လှည့်ကြည့်လိုက်သောအခါ ဆုတ်ခွာသွားပြီဖြစ်သော အန်လင်းနှင့်အတူ များပြားလှသော ဓားများကို တွေ့လိုက်ရသည်။
ထိုအဖြူရောင် ဓားများမှာ ထက်ရှလွန်းလှ၏။
စစ်နတ်ဘုရားရဲ့ ခုတ်ချက်ခြောက်ချက်......... ဓားတစ်ရာ..........
ဝှစ်........
ဝှစ်..........
ဝှစ်............
ဓားပေါင်း ကိုးဆယ့်ကိုးလက်မှာ ဗာမီလီယမ် ငှက်မင်းသမီးထံ ပျံဝဲလာသည်။
ဓားတစ်လက်ချင်းစီသည် ဟင်းလင်းပြင်သို့အပြန် အဆင့်များအား ထက်ပိုင်းဖြတ်နိုင်လောက်သည်။
"ငါ့ကိုအထင်မသေးနဲ့။"
ဗာမီလီယမ် ငှက်မင်းသမီးမှာ ဓားများအား တစ်လက်ပြီးတစ်လက် ကန်ထုတ်လိုက်သည်။
ဓားပုံရိပ်များမှာ ညဥ့်ကောင်းကင်ယံအား တောက်ပနေစေသည်။
၎င်းတို့နှစ်ဦးမှာ အသေအကြေ တိုက်ခိုက်နေကြသောကြောင့် ပွဲကြည့်ပရိသတ်များသည်ပင် ဘာမှမပြောနိုင်တော့ပေ။
ကောင်းမွန်လှသော တိုက်ပွဲစွမ်းရည်များမှာ ၎င်းတို့၏ စိတ်နှလုံးအား သိမ်းပိုက်သွားသည်။
"ကြည့်ရတာ ရင်တွေတောင် ခုန်တယ်ကွာ။ သောက်ရမ်းမိုက်တယ်။"
"ဒီသတ်ကွင်းမှာ အကြမ်းဆုံး တိုက်ပွဲပဲ။"
"ဟုတ်တယ်။ နေသစ်ပင်ရဲ့ စစ်နတ်ဘုရား နှစ်ပါးကြားက ဗိုလ်လုပွဲ ကြည့်နေရသလိုပဲ။"
ပွဲကြည့်ပရိသတ်များ စိတ်လှုပ်ရှားနေကြသည်။
အဝါရောင်နွားမှာလည်း မျက်လုံးအပြူးသား ဖြစ်နေလေသည်။
သဘောကောင်းပုံရသော အစ်ကိုလေးအန်လင်းသည် ထိုမျှကြောက်မက်ဖွယ်ကောင်းလိမ့်မည်ဟု ထင်မထားမိပေ။
ဒိုင်ဖြစ်သူမှာလည်း အလွန်အမင်း စိတ်လှုပ်ရှားနေသည်။
ပြိုင်ပွဲဝင် နှစ်ဦးလုံးမှာ သန်မာလွန်းလှသည်။
၎င်းတို့သည် စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း အဆင့်သာ ရှိပါသော်လည်း ဟင်းလင်းပြင်သို့အပြန် စဦးအဆင့်ရှိသော ဒိုင်ဖြစ်သူထက် သာလွန်နေ၏။
ထိုက်ချူကုန်းမြေ တစ်ခုလုံးတွင်ပင် ထိုကဲ့သို့ ပါရမီရှင်မျိုး ရှာတွေ့ရန် မလွယ်ကူပေ။
"ငါ့စိတ်ထဲမှာတော့ သူတို့နှစ်ယောက်က နေသစ်ပင်ရဲ့ စစ်နတ်ဘုရား ဖြစ်နေပြီ။"
ဒိုင်ဖြစ်သူ မှတ်ချက်ပြုလာသည်။
ပရိသတ်များအားလုံး အံ့သြကုန်ပြန်သည်။ တောင်ပိုင်းကောင်းကင်တောင်ပံနိုင်ငံတော်တွင် နေသစ်ပင်၏ စစ်နတ်ဘုရားဘွဲ့မှာ အရေးပါလွန်းလှသည်။ ဒိုင်ဖြစ်သူ၏ မှတ်ချက်မှာ အန်လင်းတို့ နှစ်ဦးလုံး မည်မျှထူးချွန်ကြောင်း မီးမောင်းထိုးပြနေသလိုပင်။
ပွဲကြည့်ပရိသတ်များမှာ အကြိတ်အနယ် ဖြစ်နေသော တိုက်ပွဲအား အာရုံစိုက်နေကြသည်။
"အား....... ငါအဆင့်တက်တော့မယ်။"
ငှက်တစ်ကောင်သည် အန်လင်းတို့၏ တိုက်ပွဲအားကြည့်ကာ ဉာဏ်အလင်းပွင့်သွားသည်။
ထိုသည်မှာ စိတ်ဝိဥာဥ်ပျိုးထောင်ခြင်း စဦးအဆင့်ရှိသော ဘီလုံးငှက်တစ်ကောင်ပင်။
အားလုံးမှာ ထိုငှက်အား အားကျမနာလို ဖြစ်သွားကြသည်။
ပတ်ဝန်းကျင်မှ သက်ရှိစွမ်းအင်များ စုဝေးကာ ဘီလုံးငှက်ထံ ရောက်ရှိလာသည်။
သို့သော် သတ်ကွင်းမှ စုပ်ယူခြင်းကို ခံလိုက်ရလေသည်။
"ဘာ........."
ဘီလုံးငှက် ကြောင်တောင်တောင် ဖြစ်သွားသည်။
ကောင်းကင်နှင့်မြေပြင်ကြားမှ စွမ်းအင်များအားလုံးမှ သတ်ကွင်းထံသို့သာ ဦးတည်နေကြသည်။
ဟင်းလင်းပြင်သို့အပြန် အဆင့်များ တိုက်ခိုက်ပါက ပတ်ဝန်းကျင်မှ စွမ်းအင်များမှာ ထိုကဲ့သို့ ပံ့ပိုးပေးလေ့ရှိသည်။
ယခုတွင်မူ ငါးကီလိုမီတာ အကွာအဝေးမှ စွမ်းအင်များ စုပ်ယူခံနေရ၏။
အဆင့်တက်ရမည့် ဘီလုံးငှက်သည် သက်ရှိစွမ်းအင် လက်မခံရသည့်အပြင် ၎င်း၏ခန္ဓာကိုယ်မှ စွမ်းအင်အချို့ပါ စုပ်ယူခံနေရသည်ကို တွေ့လိုက်ရသည်။
ပွဲကြည့်ပရိသတ်များမှာ ၎င်းအားသနားသလို ကြည့်ရှုလာကြတော့သည်။
ဘီလုံးငှက် : "............"