အတူတူသေကြမယ်
Vol. 67 Ch. 933
ဘီလုံးငှက်မှာ ရင်ဘတ်အား ဆင်နင်းသွားသလို ခံစားလိုက်ရသည်။
သူသည် ဉာဏ်အလင်းပွင့်ကာ အဆင့်တက်တော့မည် ဖြစ်ပါသော်လည်း စုပ်ယူစရာ စွမ်းအင်မရှိပေ။
သတ်ကွင်းထဲက နှစ်ယောက်က မကောင်းဆိုးဝါးတွေလား..............
ဒီလောက်အဝေးကြီးက သက်ရှိစွမ်းအင်ကိုတောင် ဘယ်လိုလုပ် စုပ်ယူနိုင်ရတာလဲ..........
ဘီလုံးငှက်မှာ မျက်ရည်အဝဲသားဖြင့် ထွက်ပြေးသွားတော့သည်။
သူ့အနေဖြင့် အလျင်လိုမှရမည်။ စွမ်းအင် မလုံလောက်သောကြောင့် အဆင့်မတက်နိုင်ခဲ့ပါက အားလုံး၏ လှောင်ပြောင်စရာတစ်ခု ဖြစ်လာပေလိမ့်မည်။
............
သတ်ကွင်းထဲ၌....
ဗာမီလီယမ် ငှက်မင်းသမီးသည် ဓားကိုးဆယ်ကျော်အား ကန်ထုတ်ပြီးနောက် ကျန်ရှိနေသော ဓားများအား အတောင်ဖြင့် ရိုက်ချလိုက်သည်။
ထိုအချိန်တွင် မိစ္ဆာရှင်းဓားမှာ အလက်တစ်ရာမြောက် ဓားအဖြစ်ပြောင်းကာ သူမထံ ပျံဝဲသွားသည်။
အဖြူရောင် ဓားပုံရိပ်နှင့်အတူ အကန့်အသတ်မဲ့သော ဓားစိတ်ဆန္ဒများပါ ဖြာထွက်လာသည်။
ပွဲကြည့်ပရိသတ်များမှာ အကာအရံ ဝင်္ကပါ ရှိနေပါသော်လည်း စူးရှလှသော နာကျင်မှုတစ်ခုကို ခံစားလိုက်မိကြသည်။
ဗာမီလီယမ် ငှက်မင်းသမီးထံမှ အံ့ဖွယ်အရှိန်အဝါများ ထွက်ပေါ်လာကာ ထိုဓားအား ကန်ထုတ်ရန် အစွမ်းကုန် ကြိုးစားလိုက်သည်။
ဝုန်း..........
အဖြူနှင့် အနီရောင် စွမ်းအင်များ ပေါက်ကွဲသွားလေသည်။
ဓားစိတ်ဆန္ဒသည် မတားဆီးနိုင်သော စွမ်းအင်တစ်ခုအလား သတ်ကွင်းတစ်ခုလုံးကို လွှမ်းခြုံထားသည်။
ဗာမီလီယမ် ငှက်မင်းသမီးမှာ မိစ္ဆာရှင်းဓားကြောင့် မြေပြင်ပေါ် ပြုတ်ကျသွားရသည်။
အဖြူရောင် ဓားပုံရိပ်သည် ကြီးမားလှသော သတ်ကွင်းတစ်ခုလုံးအား ထက်ပိုင်းပြတ်သွားစေသည်။
ဗာမီလီယမ် ငှက်မင်းသမီး လှမ်းကြည့်လိုက်သောအခါ အန်လင်း လက်ထဲမှ အဆင့်မြင့် စိတ်ဝိဥာဥ်လက်နက်ဓားသည် ချယ်ရီပွင့်ချပ်များသဖွယ် ပြောင်းလဲသွားသည်ကို တွေ့လိုက်ရသည်။
"စစ်နတ်ဘုရားရဲ့ ခုတ်ချက်ခြောက်ခုတ်........ ဓားမြှုပ်နှံခြင်း.........."
အန်လင်းသည် စိတ်တိုင်းကျ တိုက်ခိုက်နိင်ရန် သိုလှောင်လက်စွပ်ထဲမှ အဆင့်မြင့် စိတ်ဝိဥာဥ်ရတနာများအား စိတ်ဝိဥာဥ်လက်နက်ဓားများအဖြစ် ပြောင်းလဲထားခဲ့သည်။ ဗာမီလီယမ် ငှက်မင်းသမီးသည် ရင်ဆိုင်ခဲ့ရသမျှ ပြိုင်ဘက်များထဲတွင် အသန်မာဆုံး ဖြစ်သောကြောင့် ပေါ့ပျက်ပျက် တိုက်ခိုက်မရပေ။
ဗာမီလီယမ် ငှက်မင်းသမီးသည် ကျဆင်းလာသော ချယ်ရီပွင့်ချပ်များအားကြည့်ကာ မျက်လုံးပြူးသွားသည်။
"ဘာလို့ တိုက်နေသေးတာလဲ။"
အန်လင်း အေးစက်စက် ရယ်မောလာသည်။
"အချိန်မရှိဘူးလေ။ မင်းက ချစ်စရာကောင်းလွန်းလို့ စစ်နတ်ဘုရားရဲ့ ခုတ်ချက်ခြောက်ချက်ကို လက်ဆောင်ပေးနေတာ။ ဘယ်လိုလဲ.......... ရင်ထဲထိရဲ့လား။"
"ဟင့်အင်း......."
ဗာမီလီယမ် ငှက်မင်းသမီးမှာ နှုတ်ခမ်းစူလိုက်သည်။
"နင်ငါ့ကို မသနားဘူးလား။"
အန်လင်းမှာ ခေတ္တမျှ ငေးငေးကြောင်ကြောင် ဖြစ်သွားရသည်။
"ကျီးကန်းပြာကို လုပ်သလို လှည့်စားဦးမလို့လား။"
"မိစ္ဆာမ........ ဒါပဲရမယ်။"
အန်လင်းသည် ဗာမီလီယမ် ငှက်မင်းသမီးအား လက်ညှိုးထိုးလိုက်သည်နှင့် သူ၏နောက်တွင် အင်မော်တယ် သစ်ပင်တစ်ပင် ထွက်ပေါ်လာသည်။
ချယ်ရီပင်သည် ပန်းရောင်ဓားမော့များအဖြစ် ပြောင်းလဲသွားပြီးနောက် လသော်တာ၏ စွမ်းအင်များကိုပါ စုပ်ယူလိုက်သည်။
စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း အလယ်အလတ်အဆင့်တွင် ရှိစဥ်က ဓားမြှုပ်နှံခြင်းနှင့် ဟင်းလင်းပြင်သို့အပြန် အထွဋ်အထိပ်အဆင့်ရှိသော မိစ္ဆာကလေးငယ်အား ဒုက္ခပေးနိုင်ခဲ့သည်။ ယခုတွင်မူ စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီပင်။ ထို့ကြောင့် သူ၏ ဓားမြှုပ်နှံခြင်းသည် မည်မျှအထိ ကြောက်မက်ဖွယ် ကောင်းလာမည်နည်း။
ကောင်းကင်နှင့်မြေပြင်မှာ မှေးမှိန်သွားပြီးနောက် လေထုထဲရှိ ချယ်ရီပွင့်ချပ်များမှာ ပိုမိုတောက်ပလာသည်။
ဓားမော့များတွင် ပါဝင်နေသော စွမ်းအင်မှာ ထင်မှတ်ထားရလောက်အောင် အားမပြင်းပေ။
သို့သော် ဗာမီလီယမ် ငှက်မင်းသမီးသည် ဆိုးရွားလှသော အန္တရာယ် အငွေ့အသက်များကို ခံစားနေမိသည်။
အကာအကွယ် ဝင်္ကပါ ရှိနေပါသော်လည်း ပွဲကြည့်ပရိသတ်များကပါ ဓားဖြင့်ချိန်ခံထားရသလို ခံစားလိုက်ကြရသည်။
အားနည်းသော ငှက်များဆိုလျှင် သတိပင် လစ်ကုန်၏။
အခြားသူများသည်လည်း ပန်းရောင်ဓားမော့များအားကြည့်ကာ မလှုပ်ရဲကြပေ။
ဗာမီလီယမ် ငှက်မင်းသမီးမှာလည်း ခန္ဓာကိုယ် တစ်ခုလုံး တုန်ယင်လာသည်။
"လင်းအန်........ နင်က ဒီလောက်ထိ စိတ်လှုပ်ရှားစရာကောင်းမယ်လို့ မထင်ထားမိဘူး။"
ဗာမီလီယမ် ငှက်မင်းသမီးမှာ အန်လင်းအားကြည့်ရင်း မျက်ဝန်းများ တောက်ပလာသည်။
သူမ၏ တောင်ပံသည် ကိုးရောင်ခြယ် အငွေ့များအဖြစ် ပြန်လည်ပြောင်းလဲကာ လှပသော ဓားတစ်လက် ဖြစ်လာသည်။
"အိုး....... ဒီတစ်ခေါက် မကန်တော့ဘူးလား။"
အန်လင်း ဖြည်းညင်းစွာ မေးလိုက်သည်။
"ဟွန့်........ နင်ကအရေထူလွန်းတယ်။ ငါ့ခြေထောက်တောင်နာတယ်ဟာ။ အဲ့ဒါကြောင့် အပိုင်းပိုင်းအစစပဲ လုပ်လိုက်တော့မယ်။"
ထိုစကားနှင့်အတူ ဗာမီလီယမ် ငှက်မင်းသမီးမှာ ပျောက်ကွယ်သွားသည်။
အန်လင်းမှာ အမူအရာ ပြောင်းလဲသွားရသည်။
သူမက သေမှာမကြောက်ဘူးလားဟ..........
သူ၏နောက်မှ အင်မော်တယ် သစ်ပင်ပုံရိပ် ပျောက်ကွယ်သွားကာ ပန်းရောင်ဓားမော့မှာ လွန်စွာတောက်ပလာသည်။
ထိုအချိန်တွင် ဗာမီလီယမ် ငှက်မင်းသမီးမှာ အန်လင်းရှေ့သို့ ရောက်ရှိလာလေသည်။
အန်လင်းသည် သူမအား လက်ညှိုးထိုးလိုက်သည်နှင့် ပန်းရောင်ဓားမော့မှာ ဗာမီလီယမ် ငှက်မင်းသမီးထံ ပျံဝဲသွားသည်။
ဗာမီလီယမ် ငှက်မင်းသမီးသည် ဆုံးဖြတ်ချက် ချထားဟန်ဖြင့် ကိုးရောင်ခြယ်ဓားဖြင့် အန်လင်းအား ထိုးချလိုက်သည်။
အန်လင်း မျက်နှာပျက်သွားရသည်။
သူမက အတူတူသေဖို့ လုပ်နေတာလား...........
မည်သို့ပင်ဆိုစေကာမူ သူ့ထံတွင် စစ်နတ်ဘုရားခန္ဓာ ရှိနေသောကြောင့် သူမ၏ တိုက်ခိုက်မှုအား ကြောက်ရွံ့နေစရာ မရှိပေ။
ယခုတိုက်ခိုက်မှုတွင် နစ်နာမည့်သူမှာ ဗာမီလီယမ် ငှက်မင်းသမီးသာ ဖြစ်လိမ့်မည်။
ထိုသို့ဖြင့် ၎င်းတို့နှစ်ဦးလုံးမှာ တိုက်ခိုက်မှုအား မရှောင်ခဲ့ကြပေ။
ပန်းရောင်ဓားမော့ကြောင့် ဗာမီလီယမ် ငှက်မင်းသမီး၏ ရင်ဘတ်မှ သွေးများစီးကျလာသည်။
ထိုဓားမော့၏ အရှိန်အဝါသည် သတ်ကွင်း၏ အကာအကွယ် ဝင်္ကပါကိုပင် ပျက်စီးသွားစေ၏။
ဗာမီလီယမ် ငှက်မင်းသမီး၏ ကိုးရောင်ခြယ်ဓားမှာလည်း အန်လင်းနှင့် ထိတွေ့သွားလေသည်။
ထိုတိုက်ခိုက်မှုသည် ဟင်းလင်းပြင်သို့အပြန် နောက်ဆုံးအဆင့်မျှ ရှိပါသော်လည်း စစ်နတ်ဘုရားခန္ဓာအား အချိန်တိုအတွင်း ထိုးဖောက်ရန် မဖြစ်နိုင်ပေ။
အန်လင်း ကျေနပ်နေစဥ်မှာပင် ဗာမီလီယမ် ငှက်မင်းသမီး၏ သွေးများမှာ ကိုးရောင်ခြယ်ဓားနှင့် ပေါင်းစည်းသွားပြီးနောက် ကြောက်မက်ဖွယ် အရှိန်အဝါများ ဖြစ်ပေါ်လာသည်။
အန်လင်းမှာ ကျောရိုးများပင် အေးစိမ့်သွားရလေသည်။
သူမက သွေးနဲ့တိုက်ဖို့ အစတည်းက စီစဥ်ထားတာလား............
ဗာမီလီယမ် ငှက်မင်းသမီးမှာ ချစ်စဖွယ်ကောင်းအောင် ပြုံးပြလာသည်။
"အတူတူသေရအောင်လေ။"
ကိုးရောင်ခြယ်ဓားမှာ အန်လင်း ခန္ဓာကိုယ်ထဲ ဖောက်ဝင်သွားသည်။
အန်လင်းမှာ မျက်လုံးအပြူးသား ဖြစ်သွားရလေသည်။