← Chapters

ချန်ပီယံ

Vol. 67 Ch. 934

ချန်ပီယံ

Vol. 67 Ch. 934

အန်လင်းသည် ထိုကဲ့သို့ ဓားထိုးခံရမည်ဟု ထင်မှတ်မထားခဲ့ပေ။

ဖော်ပြမရသော နာကျင်မှုတစ်ခုမှာ သူ၏ခန္ဓာကိုယ် တစ်ခုလုံးအား လွှမ်းမိုးသွားသည်။

ပွဲကြည့်ပရိသတ်များလည်း ပါးစပ်အဟောင်းသား ဖြစ်ကုန်လေသည်။

၎င်းတို့သည် အနိုင်ရမည့်သူကို ခန့်မှန်းနေခဲ့ပြီး နှစ်ဦးလုံး အတူတကွ အဆုံးသတ်သွားမည်ဟု မတွေးထားခဲ့ဖူးပေ။

ဗာမီလီယမ် ငှက်မင်းသမီးမှာ ကိုးရောင်ခြယ်ဓားအား ဆွဲထုတ်ကာ သွေးအန်လိုက်ရသည်။

"ဟေး........ ရေနစ်ထားတဲ့ ကြောင်လေး.......... မင်းသွေးအန်တာ ငါ့အဝတ်တွေ ညစ်ပတ်ကုန်တော့မယ်။"

မကျေနပ်သော စကားသံတစ်ခု ထွက်ပေါ်လာသည်။

ဗာမီလီယမ် ငှက်မင်းသမီးမှာ မယုံကြည်နိုင်စွာဖြင့် ကြည့်ရှုလိုက်မိသည်။

အန်လင်းသည် ရင်ဘတ်အားကိုင်ကာ ဆေးအချို့အား ပါးစပ်ထဲ ပစ်ထည့်နေသည်။

ပထမဆုံး အဆင့်ခုနစ် အင်မော်တယ်ဆေးလုံး ဝိဥာဥ်အားဖြည့်ဆေးအား သောက်လိုက်သည်။

ထို့နောက် အဆင့်ခုနစ် အင်မော်တယ်သစ်သီးဖြစ်သော သွေးနဂါးသစ်သီးနှစ်လုံးအား မြိုချလိုက်သည်။

ဒဏ်ရာကောင်းစေသော အင်မော်တယ်ဆေးနှင့် အင်မော်တယ်သစ်သီးမှန်သမျှ မြိုချကာ အမြဲစိမ်းနည်းစနစ်အား အသက်သွင်းလိုက်သည်။

ဗာမီလီယမ် ငှက်မင်းသမီးမှာ တုန်ယင်သွားရသည်။

"နင်........ နင်မသေသေးဘူးလား။ စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း အဆင့်ဖြစ်ပြီးတော့ ဘာလို့သတ်ရခက်တာလဲ။ အတု...... အတုပဲ ဖြစ်ရမယ်။"

အန်လင်း အေးစက်စွာ ရယ်မောလိုက်သည်။

"မင်းရော မသေသေးဘူးမလား။ စိတ်ဝိဥာဥ်ကျောက်တုံး ငါးသိန်းဖိုးလောက်နဲ့ ချတာတောင် မသေတဲ့ စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူကို ငါလည်းမမြင်ဖူးသေးဘူး။ မင်းလည်း တော်တော်အသက်ပြင်းတာပဲ။"

သူသည် အဆင့်မြင့် စိတ်ဝိဥာဥ်ဆေးလုံး အချို့ပါ ဝါးစားလိုက်သည်။

ဗာမီလီယမ် ငှက်မင်းသမီးမှာ အန်လင်းအား လက်ညှိုးထိုးလိုက်သည်။

"နင်...... နင် ဆေးတွေသောက်နေတယ်။ ဒါမတရားဘူး။"

"မင်းလည်း သောက်ချင်သောက်ပေါ့။"

အန်လင်း စကားဆိုလိုက်သည်။

အင်မော်တယ်ဆေးနှင့် သစ်သီးများအပြင် အမြဲစိမ်းနည်းစနစ်ကြောင့် အန်လင်းမှာ အလျင်အမြန် သက်သာလာသည်။

ဗာမီလီယမ် ငှက်မင်းသမီးမှာ မျက်ရည်များ စီးကျလာတော့သည်။

"ငါ့မှာ ဘာဆေးမှ ပါမလာဘူး။"

သူမသည် ဟင်းလင်းပြင်သို့အပြန်အဆင့် သားရဲများကိုပင် သတ်လာခဲ့သူ ဖြစ်သောကြောင့် အန်လင်းကဲ့သို့ သူမျိုးနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း ကြိုမသိခဲ့ပေ။

အန်လင်း ခပ်ဖွဖွ ပြုံးလာသည်။

"ငါ့ဆေးကို ပေးလို့ရပါတယ်။"

ဗာမီလီယမ် ငှက်မင်းသမီးမှာ မျက်ဝန်းများ တောက်ပလာသည်။

"တကယ်လား။ အစ်ကိုကြီး လင်းအန် နင်က တရားမျှတတဲ့သူပဲ။ တကယ့် ယောက်ျားကောင်းတစ်ယောက်ပဲ။"

"ဒါပေမယ့် အခြေအနေ တစ်ခုတော့ရှိတယ်။"

အန်လင်းမှာ ပျက်စီးနေသော ဝင်္ကပါအား ညွှန်ပြလိုက်သည်။

"အကာအကွယ်က မရှိတော့ဘူး။ အဲ့ဒါကြောင့် ဆေးသောက်ပြီးတာနဲ့ ဒီကလိမ့်လိုက်တော့။"

အကာအကွယ် ဝင်္ကပါကြောင့်သာ ၎င်းတို့မှာ အားပါးတရ ဆော်နေနိုင်ခြင်း ဖြစ်သည်။

ဗာမီလီယမ် ငှက်မင်းသမီးသာ ထွက်သွားချင်ပါက မည်သူကမှ တားဆီးနိုင်မည် မဟုတ်ပေ။ ထိုသို့ဆိုလျှင် သူမလည်း သေစရာ မလိုပဲ အန်လင်းလည်း အနိုင်ရပေလိမ့်မည်။

ဗာမီလီယမ် ငှက်မင်းသမီးမှာ အန်လင်းအား ကြည့်ရှုလိုက်သည်။

"နင်အဲ့လောက် ညှာတာတတ်မယ် ထင်မထားဘူး။"

"အငယ်တွေကို အနိုင်မကျင့်ချင်တာပါ။"

အန်လင်း ပြုံးကာပြောလိုက်သည်။

ထိုစကားကြောင့် ဗာမီလီယမ် ငှက်မင်းသမီးမှာ ဒေါသထွက်သွားလေသည်။

ထိုအချိန်တွင် အန်လင်းမှာ အလုံးစုံ ကောင်းမွန်သွားပြီပင်။

အန်လင်း မျက်မှောင်ကျုံ့လိုက်သည်။

"ဒေါသထွက်လို့ သေသွားဦးမယ်။"

ဗာမီလီယမ် ငှက်မင်းသမီး ခေါင်းခါပြလာသည်။

"မသေပါဘူး။ စိတ်ပူပေးတာ ကျေးဇူးပဲ။ ဒါပေမယ့် ငါ့ရဲ့ အပွဲတစ်ရာမြောက် တိုက်ပွဲကို အနိုင်ရသွားချင်တယ်။"

"မင်းငါကို မနိုင်နိုင်ဘူး။ ပြီးတော့ နေသစ်ပင်ရဲ့ စစ်နတ်ဘုရားဘွဲ့က မင်းအတွက် ဘာအရေးပါလို့လဲ။"

အန်လင်း မေးမြန်းလိုက်သည်။

ဗာမီလီယမ် ငှက်မင်းသမီးမှာ အန်လင်းအား မျက်စောင်းထိုးလိုက်သည်။

"နင့်ကို ဘာလို့မနိုင်ရမှာလဲ။"

မင်းက သေတော့မလို ဖြစ်နေတာတောင် စွာတေးလန်နေတာပဲ............

"နင်ငါ့ကို နားမလည်ပါဘူး။ ငါက ဂုဏ်သိက္ခာအတွက် တိုက်ခိုက်တာ။ သေရမယ်ဆိုရင်တောင် နောင်တမရဘူး။"

"ဒါက ဗိုလ်လုပွဲနော်။ အခု မတိုက်ရင် ငါသေတော့မှာပဲ။ မြန်မြန်တိုက်ကြရအောင်။"

ဗာမီလီယမ် ငှက်မင်းသမီးထံမှ တောက်ပသော အရှိန်အဝါများ ဖြာထွက်လာသည်။

အန်လင်းမှာ ပါးစပ်အဟောင်းသား ဖြစ်နေလေသည်။

ဒင်းကရူးနေတာလား...............

ဗာမီလီယမ် ငှက်မင်းသမီး၏ ကိုးရောင်ခြယ်ဓားထံမှလည်း အလင်းများ ထွက်ပေါ်လာသည်။

အလင်းများကြောင့် ကောင်းကင်တခွင်လုံးပင် လင်းထိန်သွားရသည်။

သူမအား ကြည့်ရသည်မှာ နတ်ဘုရားမ တစ်ပါးလိုပင်။

"လင်းအန်............ ဒါကငါ့ရဲ့ နောက်ဆုံးတိုက်ကွက်ပဲ။"

ဗာမီလီယမ် ငှက်မင်းသမီးမှာ သူမ၏ အသက်စွမ်းအင်ကိုပါ အသုံးချလိုက်သည်။

ပွဲကြည့်ပရိသတ်များအားလုံး ငြိမ်သက်သွားလေသည်။

၎င်းတို့သည် ယနေ့မြင်ကွင်းအား တသက်မေ့နိုင်မည် မဟုတ်တော့ပေ။

ရလဒ်မှာ မည်သို့ဖြစ်နေပါစေ ဗာမီလီယမ် ငှက်မင်းသမီးအား စစ်နတ်ဘုရားမ တစ်ပါးအဖြစ် သတ်မှတ်လိုက်ကြပြီ ဖြစ်သည်။

အန်လင်းလည်း လေးစားသွားကာ ဖရိုဖရဲ သတ္ထုအုတ်ခဲအား ထုတ်ယူလိုက်သည်။

"နေသစ်ပင်ရဲ့ စစ်နတ်ဘုရားက အရှုံးမရှိဘူး။"

ပြတ်သားသော စကားသံအား ကြားလိုက်ရသည်။

"ကောင်းကင်ဘုံခုံရုံးရဲ့ စစ်နတ်ဘုရားကလည်း ရှုံးမှာမဟုတ်ဘူး။"

အန်လင်း တိုးညင်းစွာ ပြောလိုက်သည်။

ဗာမီလီယမ် ငှက်မင်းသမီးမှာ သူမ၏ အသက်စွမ်းအင်များအား လောင်ကျွမ်းသွားစေကာ ကိုးရောင်ခြယ်ဓားနှင့် အန်လင်းအား တိုက်ခိုက်လိုက်သည်။

အန်လင်းမှာ အုတ်ခဲနက်ဖြင့် ခုခံလိုက်လေသည်။

သက်တံ့ရောင်စဥ်များမှာ ကောင်းကင်အား လင်းလက်သွားစေသည်။

ကိုးရောင်ခြယ်ဓားမှာ ကျန်ရှိနေသော အကာအကွယ် ဝင်္ကပါအပြင် ပတ်ဝန်းကျင် တစ်ခုလုံးကိုပါ ဖျက်စီးပစ်လိုက်သည်။

ထိုစွမ်းအင်မှာ ပွဲကြည့်ပရိသတ်များအား ကြောက်ရွံ့သွားစေသည်။

နေသစ်ပင်၏ ငါးထပ်မြောက်တွင် ရှိနေသူများသည်ပင် ထိုသည်ကို ခံစားမိကြသည်။

ခြောက်ထပ်မြောက်တွင် ရှိနေသော ပွဲကြည့်ပရိသတ်များဆိုလျှင် အသံပင် မထွက်ရဲကြပေ။

ထိုတိုက်ခိုက်မှုနှင့်အတူ ဗာမီလီယမ် ငှက်မင်းသမီး၏ အရှိန်အဝါများမှာ လျင်မြန်စွာ မှေးမှိန်လာသည်။

"ငါနိုင်သွားပြီလား။"

သူမ တစ်နေရာအား လှမ်းကြည့်လိုက်သည်။

ငှက်အချို့မှာ ကြောက်လန့်တကြား ပျံသန်းနေကြပါသော်လည်း အများစုမှာ မျက်တောင်ပင် မခတ်ကြပေ။

မြေပြင်တွင် ခြစ်ရာကလေးပင် မရှိသော အုတ်ခဲနက်တစ်ခု ရှိနေသည်။

ထိုအုတ်ခဲနက်နောက်တွင် အမျိုးသားတစ်ဦး ရှိနေလေသည်။

"ဟူး....... အခုမှပဲ အသက်ရှူနိုင်တော့တယ်။"

အန်လင်းမှာ အသက်တဝ ရှူလိုက်သည်။

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။"

ဗာမီလီယမ် ငှက်မင်းသမီးမှာ ဖြူရော်သွားသည်။

"ငါရှုံးပြီ။"

အန်လင်း ခေါင်းခါပြလိုက်သည်။

"မင်းဘာလို့ အဲ့လောက်တောင် ရူးရတာလဲ။ စည်းအပြင်ဘက်ရောက်ရင် ရှုံးပြီလေ။ အဲ့ဒါကြောင့် ငါရှုံးသွားတာပါ။"

"မင်းနိုင်ပါတယ်။ ရေနစ်ထားတဲ့ ကြောင်လေး.........."

ဗာမီလီယမ် ငှက်မင်းသမီး တုန်ယင်သွားရသည်။

"ငါနိုင်သွားတာလား။"

"ဟုတ်တယ်။ ဂုဏ်ယူပါတယ်နော်။"

အန်လင်း လက်မထောင်ပြလိုက်သည်။

"နေသစ်ပင်ရဲ့ စစ်နတ်ဘုရားမလေး........"

"ငါနိုင်သွားပြီ။"

ဗာမီလီယမ် ငှက်မင်းသမီးမှာ ထိုစကားအား ရေရွတ်နေသည်။

"နေသစ်ပင်ရဲ့ စစ်နတ်ဘုရားမ ဖြစ်လာပြီလား။"

သူမ၏ အသက်စွမ်းအင်မှာ ပို၍မှေးမှိန်လာသည်။

ထိုအချိန်တွင် သတ်ကွင်းတစ်ခုလုံး သံပြိုင်အော်ဟစ်လိုက်ကြသည်။

"ဗာမီလီယမ် ငှက်မင်းသမီးက နေသစ်ပင်ရဲ့ စစ်နတ်ဘုရားမပဲ။"

"ဗာမီလီယမ် ငှက်မင်းသမီးက နေသစ်ပင်ရဲ့ စစ်နတ်ဘုရားမပဲ။"

အော်ဟစ်သံများ မိုးသို့ညံနေလေသည်။

၎င်းတို့မှာ နှလုံးသားထဲမှ လိုလိုလားလား အားပေးလိုက်ကြသည်။

ဗာမီလီယမ် ငှက်မင်းသမီးမှာ ထိုဘွဲ့နှင့် ထိုက်တန်ပေသည်။

ဗာမီလီယမ် ငှက်မင်းသမီးမှာ မျက်ရည်အဝဲသားဖြင့် အန်လင်းအား ပြုံးပြလာသည်။

ထိုအပြုံးမှာ လှပလွန်းလှ၏။

"ကျေးဇူးတင်ပါတယ် လင်းအန်......."

ထိုစကားနှင့်အတူ ဗာမီလီယမ် ငှက်မင်းသမီးမှာ ပျောက်ကွယ်သွားတော့သည်။

All Chapters