← Chapters

လက်သီးနတ်ဘုရားလင်းအန်၏ဂုဏ်သရေ

Vol. 67 Ch. 935

လက်သီးနတ်ဘုရားလင်းအန်၏ဂုဏ်သရေ

Vol. 67 Ch. 935

ဗာမီလီယမ် ငှက်မင်းသမီး၏ သေဆုံးမှုမှာ သတ်ကွင်းတစ်ခုလုံးကို ဝမ်းနည်းသွားစေသည်။

၎င်းတို့သည် ဗာမီလီယမ် ငှက်မင်းသမီးအား အမှန်တကယ် ချစ်ခင်ကြသည်။ သူမသည် ထူးချွန်လွန်းရုံသာမက ချစ်စဖွယ်ကောင်းကာ ဆက်ဆံရေးလည်း ပြေပြစ်သည်။ သတ်ကွင်းထဲ ယှဥ်ပြိုင်သူများကြား တောက်ပနေသော ကြယ်ပွင့်လေးတစ်ပွင့်ပင်။

သူမ၏ ကျော်ကြားမှုသည် နေသစ်ပင်၏ စစ်နတ်ဘုရားများကိုပင် ကျော်လွန်နေလေပြီ။

သို့သော် သူမသည် အသက်သေဆုံးအထိ တိုက်ပွဲဝင်ကာ အားလုံးကို စွန့်ခွာသွားခဲ့သည်။

အစီအစဥ် ကြေညာသူသည်ပင် မျက်ရည်လည်ရွှဲ ဖြစ်နေရသည်။

သူသည် ဗာမီလီယမ် ငှက်မင်းသမီးအား အလွန်ဂုဏ်ယူသော ပရိသတ်တစ်ဦး ဖြစ်သည်။ သူမသည် အသက်ငယ်ငယ်လေးနှင့်ပင် ထိပ်ဆုံးသို့ တက်လှမ်းနေသည် မဟုတ်လော။

ယနေ့သည် ဗာမီလီယမ် ငှက်မင်းသမီး၏ နောက်ဆုံးတိုက်ပွဲ ဖြစ်လာမည်ဟု ထင်မှတ်မထားခဲ့ပေ။

အန်လင်းမှာလည်း စိတ်မကောင်း ဖြစ်နေမိသည်။

သူသည် ဗာမီလီယမ် ငှက်မင်းသမီးအား ကယ်တင်လိုခဲ့သည်။ စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း အဆင့်တွင် သူ့မျှဆရာကျသူအား ရှာတွေ့ရန် မလွယ်ကူပေ။

မည်သို့ပင်ဆိုစေကာမူ ဗာမီလီယမ် ငှက်မင်းသမီးသည် သေသည်အထိ တိုက်ခိုက်သွားခဲ့သည်။

သူသည်လည်း ဗာမီလီယမ် ငှက်မင်းသမီးအား မညှာတာနိုင်ခဲ့ပေ။

ဆုံးဖြတ်ချက် ပြတ်သားလွန်းလှသော သူမ မျက်ဝန်းများကြောင့် မသက်ညှာပေးခဲ့ခြင်းလည်း ဖြစ်သည်။

နှုတ်ဆက်ပါတယ် ဗာမီလီယမ် ငှက်မင်းသမီးလေး........

အန်လင်း သက်ပြင်းချကာ သတ်ကွင်းထဲမှ ထွက်သွားရန် ပြင်လိုက်သည်။

"ခဏနေပါဦး သခင်လေး လင်းအန်.........."

ကောင်းကင်မီးတောက် ဗာမီလီယမ်ငှက်မှ လှမ်းအော်လိုက်သည်။

အန်လင်းမှာ ခြေလှမ်းများ ရပ်တန့်သွားလေသည်။

"ဘာဖြစ်လို့လဲ။ ကျွန်တော့်ကို ဖမ်းမလို့လား။"

သတ်ကွင်း၏ စည်းမျဥ်းအရ ချန်ပီယံကသာ အသက်ရှင်လျက် ထွက်သွားနိုင်သည်။ အန်လင်းသည် ရှုံးနိမ့်ခဲ့သူ ဖြစ်သောကြောင့် အဖမ်းခံရနိုင်သည်။

မည်သို့ပင်ဆိုစေကာမူ အန်လင်းမှာ ကြောက်ရွံ့ခြင်း အလျဥ်းမရှိပေ။

"သခင်လေး လင်းအန် အထင်လွဲနေပြီ။"

ကောင်းကင်မီးတောက် ဗာမီလီယမ်ငှက်မှ ရှင်းပြလိုက်သည်။

"သခင်လေးက စည်းအပြင် ရောက်သွားပေမယ့် တစ်ဦးတည်းသော ရှင်သန်ကျန်ရစ်သူလေ။ အဲ့ဒါကြောင့် ဆွေးနွေးပြီးတဲ့ အချိန်မှာ ဗာမီလီယမ် ငှက်မင်းသမီးကိုရော၊ သခင်လေးကိုပါ ချန်ပီယံအဖြစ် သတ်မှတ်ဖို့ ဆုံးဖြတ်လိုက်တယ်။"

အန်လင်း အံ့အားသင့်သွားသည်။

အဲ့လိုလည်း ရတာပဲလား................

အစီအစဥ် ကြေညာသူမှ ခပ်သွက်သွက် ကြေညာလာသည်။

"ဒီနေ့ ချန်ပီယံကတော့ ဗာမီလီယမ် ငှက်မင်းသမီးနဲ့ လက်သီးနတ်ဘုရား လင်းအန်ပဲ ဖြစ်ပါတယ်။"

ပွဲကြည့်ပရိသတ်များ တခဲနက် အားပေးလိုက်ကြသည်။

"လက်သီးနတ်ဘုရား လင်းအန်........"

"လက်သီးနတ်ဘုရား လင်းအန်.........."

အန်လင်း၏ အရည်အချင်းအရ ထိုချန်ပီယံဘွဲ့မှာ ထိုက်တန်လွန်းလှသည်။

အန်လင်းသည် စည်းအပြင်ဘက် ရောက်သွားသော အခါတွင်လည်း ပွင့်ပွင့်လင်းလင်း ဝန်ခံကာ အရှုံးအား လက်ခံခဲ့သည်။

သတ်ကွင်းအတွင်း နောက်ဆုံးကျန်ရစ်သူသည် ချန်ပီယံ ဖြစ်သောကြောင့် အန်လင်းမှာ ထိုစည်းမျဥ်းများအား ဂရုစိုက်နေရန်ပင် မလိုအပ်ပေ။ သို့သော် သူသည် တရားမျှတမှုအား လက်ကိုင်ထားခဲ့သည်။

ထူးချွန်ရုံသာမက တရားမျှတမှုရှိကာ ကိုယ်ကျင့်တရား ကောင်းမွန်သူ ဖြစ်သောကြောင့် ဂုဏ်သရေများနှင့် ထုံမွှန်းခံသင့်ပေသည်။

အန်လင်းသည် ချန်ပီယံဆုအား ရရှိပြီ ဖြစ်သောကြောင့် ပြုံးလိုက်မိသည်။

လက်သီးနတ်ဘုရား လင်းအန်ဟူသော အမည်နာမမှာ တောင်ပိုင်းကောင်းကင်တောင်ပံနိုင်ငံတော်တခွင် ကျော်ကြားတော့မည်ပင်။

ကောင်းကင်မီးတောက် ဗာမီလီယမ်ငှက်မှာ အဖြူရောင် တံဆိပ်တစ်ခုအား အန်လင်းထံ ပေးလိုက်သည်။

"ချန်ပီယံ လင်းအန် နေသစ်ပင်ရဲ့ ခုနစ်ထပ်မြောက်ကို တက်ခွင့်ရသွားပါပြီ။"

အန်လင်း မျက်ဝန်းများ တောက်ပသွားသည်။

"ကျေးဇူးတင်ပါတယ်။ ခုနစ်ထပ်မြောက်ကို မနက်ဖြန် သွားလိုက်ပါ့မယ်။"

သူတည်ငြိမ်စွာပင် တံဆိပ်အား လက်ခံလိုက်သည်။

ကောင်းကင်မီးတောက် ဗာမီလီယမ်ငှက်မှာ ပြုံးပြလာသည်။

ထိုသို့ဖြင့် နေသစ်ပင်၏ သတ်ကွင်းတစ်နေ့တာမှာ အဆုံးသတ်သွားလေသည်။

အဝါရောင်နွားသည် မယုံကြည်နိုင်ဖြစ်ကာ အန်လင်းရင်ဘတ်အား ခေါင်းဖြင့်တိုက်ကာ စမ်းသပ်ချင်နေမိသည်။

"သခင့်ရဲ့ တိုက်ပွဲက အရမ်းကြမ်းတာပဲ။ အခုထိတောင် ကျွန်တော် စိတ်လှုပ်ရှားနေတုန်းပဲ။"

ရွှယ်ကျန်ထျန်း စကားဆိုလိုက်သည်။

အန်လင်း သက်ပြင်းချလိုက်သည်။

"နှမြောဖို့တော့ကောင်းသား........ အခုမှ ငါနဲ့တိုက်ဖို့ ပြိုင်ဘက်တွေ့တာကို........."

ရွှယ်ကျန်ထျန်း တုံ့ပြန်လာသည်။

"အဲ့လိုလူမျိုးတွေက ရှာရခက်တာလေ။ တွေ့ဖို့ကံပါပေမယ့် တသက်လုံး အတူရှိဖို့ ကံမပါလာတာနေမှာ။ သခင်မ ရှောင်လန်ကို ဒီအကြောင်းတွေ ပြောပြပေးပါ့မယ်။ အဲ့ဒါမှ သူမက သခင့်ကို နှစ်သိမ့်ပေးနိုင်မှာ။"

အန်လင်းမှာ ရွှယ်ကျန်ထျန်းအား ဖျစ်ညှစ်ပစ်လိုက်သည်။

"မင်းသေချင်နေပြီလား။"

ရွှယ်ကျန်ထျန်း အော်ဟစ်လာသည်။

"အသက်ချမ်းသာပေးပါ။ ကျွန်တော် နောက်ဆိုရင် စကားပြော ဆင်ခြင်ပါ့မယ်။"

အဝါရောင်နွားမှာ ပါးစပ်အဟောင်းသား ဖြစ်နေမိသည်။

နောက်တစ်နေ့တွင် နေသစ်ပင် တစ်ခုလုံးသည် ဟင်းလင်းပြင်သို့အပြန် အဆင့်များထက်ပင် ကြမ်းတမ်းခဲ့သော စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူနှစ်ဦး၏ တိုက်ပွဲအကြောင်း သိရှိနေကြလေပြီ။

ဆယ့်တစ်ခုမြောက် နေသစ်ပင်၏ စစ်နတ်ဘုရား ရုပ်ထုလည်း ပေါ်ထွက်လာပြီ ဖြစ်သည်။

ဗာမီလီယမ် ငှက်မင်းသမီး၏ အမည်နာမအား စစ်နတ်ဘုရားမအဖြစ် သိရှိနေကြပြီပင်။

စစ်နတ်ဘုရားမနှင့် ပူးတွဲချန်ပီယံရခဲ့သော လက်သီးနတ်ဘုရား လင်းအန်ကိုလည်း အားလုံး စိတ်ဝင်စားနေကြသည်။

အန်လင်းသည် များများစားစား မတွေးပဲ အဖြူရောင်တံဆိပ်အားကိုင်ကာ အဝါရောင်နွားနှင့်အတူ အပြင်ထွက်လာခဲ့သည်။

ခုနစ်ထပ်မြောက်သို့သွားရန် ပျံသန်းနေသော ဘောလုံးများအား စီးနင်းရပေသည်။

ခုနစ်ထပ်မြောက်သည် မြူခိုးများ ဖုံးလွှမ်းနေသောကြောင့် လှမ်းကြည့်ပါက ဘာမှမမြင်ရပေ။

အန်လင်းအား တွေ့လိုက်ရသောအခါ စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်းအဆင့် ဗာမီလီယမ် ငှက်နှစ်ကောင်မှ နှုတ်ဆက်လာကြသည်။

"သူရဲကောင်းလင်းအန်....... ခုနစ်ထပ်မြောက်ကိုသွားဖို့ ကြိုဆိုပါတယ်။"

ရွှယ်ကျန်ထျန်းမှာ ထိုသည်ကိုကြည့်ကာ စိတ်ကျေနပ်နေသည်။

အန်လင်း ခေါင်းညိတ်ပြလိုက်သည်။

"တောင်းပန်ပါတယ်။ ချန်ပီယံ တစ်ယောက်ပဲ ဝင်ခွင့်ရှိမှာပါ။"

ဗာမီလီယမ်ငှက်မှာ အဝါရောင်နွားနှင့် ရွှယ်ကျန်ထျန်းတို့အား တားဆီးလိုက်သည်။

အဝါရောင်နွားမှာ ထိုသည်ကို သိရှိထားပါသော်လည်း အနည်းငယ် စိတ်ပျက်သွားသည်။

ရွှယ်ကျန်ထျန်းမှာ ဒေါသထွက်သွားပါသော်လည်း ထိုငှက်နှစ်ကောင်အား မျက်လုံးဝိုင်းကြီးများဖြင့် ကြည့်ရှုလာသည်။

"ကျွန်တော်က လက်သီးနတ်ဘုရားလင်းအန်ရဲ့ သားရဲလေးပါ။ ဘာပြဿနာမှလည်း မရှာတတ်ပါဘူးခင်ဗျ။"

၎င်း၏အမူအရာမှာ ချစ်စဖွယ် ကောင်းလွန်းလှသည်။

"သားရဲမပြောနဲ့။ ပိုးမွှားတောင် မရဘူး။"

ဗာမီလီယမ်ငှက်မှာ ခပ်တင်းတင်း တုံ့ပြန်လာသည်။

ထိုစကားနှင့်အတူ အန်လင်း၏ ခန္ဓာကိုယ်အား မီးမှုတ်ကာ ပိုးသတ်လိုက်သည်။

အန်လင်း အံ့အားသင့်သွားသည်။

အဲ့လောက်တောင် တင်းကြပ်တာလား..........

ရွှယ်ကျန်ထျန်း အံကြိတ်လိုက်သည်။

သခင့်ရဲ့ အနမ်းကို ဘယ်လိုလုပ် မှတ်တမ်းတင်ရတော့မှာလဲ..........

ရွှယ်ကျန်ထျန်းနှင့် အဝါရောင်နွားမှာ ကျန်ရစ်ခဲ့ရတော့မည်ပင်။

အန်လင်းမှာ ဘောလုံးထဲဝင်ကာ ခုနစ်ထပ်မြောက်သို့ တက်သွားသည်။

သူ၏စိတ်ထဲတွင် သိလိုစိတ်များ လွှမ်းမိုးနေလေပြီ။

ခုနစ်ထပ်မြောက်မှာ ဘာတွေရှိနေလဲ.......

All Chapters