နေသစ်ပင်၏ခုနစ်ထပ်မြောက်အားလေ့လာခြင်း
Vol. 67 Ch. 936
အန်လင်းသည် လေပြေအေးနှင့်အတူ ကျောက်စိမ်းဖြူအလား သစ်ရွက်များကို တွေ့လိုက်ရသည်။
အဖြူရောင် သစ်ကိုင်းများသည် ငှက်သိုက်သဖွယ် ရစ်ခွေကာ သဘာဝဆန်ဆန် မြင့်မြတ်သော အငွေ့အသက်အား ပေးစွမ်းနေသည်။
ခုနစ်ထပ်မြောက်တွင် ဗာမီလီယမ်ငှက်များ၏ နေအိမ်ဖြစ်သော ငှက်သိုက်အမျိုးမျိုး ရှိနေပြီး မြင်ကွင်းမှာ လှပလွန်းလှ၏။
အရောင်စုံသော နှင်းဆီများလည်း မြေပြင်တခွင် ပေါက်ရောက်နေလေသည်။
ဤအဆင့်တွင် အားနည်းသော ဗာမီလီယမ်ငှက်များ မရှိပဲ အရွယ်ရောက်ပြီးသူတိုင်း အနည်းဆုံး စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း အဆင့်မျှ ရှိကြသည်။ ကလေးငယ်များမှာလည်း အတော်ပင် တက်ကြွကြသည်။
သာယာငြိမ့်ညောင်းသော ငှက်အော်သံများကိုလည်း နားဆင်နိုင်ပေသည်။
ဤအထပ်သည် ဗာမီလီယမ်ငှက်များ၏ ကောင်းကင်သုခဘုံလိုပင်။
အမည်မသိ ငှက်အချို့ကိုလည်း တွေ့နိုင်သည်။ အန်လင်းသည် အတောင်လေးဖက်နှင့် ဆူးများခြံရံထားသော ငှက်ကြီးအား တွေ့ခဲ့ရပြီး လုံးဝန်းနေသော ငှက်တစ်ကောင်ကိုလည်း လမ်းတွင်မြင်ခဲ့ရသည်။ မည်သို့ပင်ဆိုစေကာမူ ၎င်းတို့မှာ ဆရာ့ဆရာကြီးများဖြစ်ကြောင်း သိသာနေသည်။
အန်လင်း၏ ဘောလုံးမှာ မြေပြင်ပေါ် ဖြည်းညင်းစွာ ဆင်းသက်လာသည်။
"နေသစ်ပင်ရဲ့ ခုနစ်ထပ်မြောက်ကနေ ကြိုဆိုပါတယ်..... သူရဲကောင်းကြီး......."
အနက်ရောင် ဗာမီလီယမ်ငှက်တစ်ကောင်မှ လာရောက်နှုတ်ဆက်လာသည်။
၎င်းထံမှ အလင်းများ ထွက်ပေါ်လာကာ လူသားအသွင် ပြောင်းလဲသွားလေသည်။
ဗလတောင့်တောင့်နှင့် ထိုလူမှာ အန်လင်းအား လက်ဆွဲနှုတ်ဆက်လိုက်သည်။
"လက်သီးနတ်ဘုရား လင်းအန်......... ကျုပ်က ဟေးထျန်ကဲပါ။ ဒီကိုရောက်လာတဲ့ သူတွေကို ကြိုဆိုဖို့ တာဝန်ယူထားတာပါ။"
"နေသစ်ပင်ရဲ့ ခုနစ်ထပ်မြောက်ကို လာရတာ ဝမ်းသာဂုဏ်ယူမိပါတယ်။"
အန်လင်း ယဥ်ကျေးစွာ ပြောလိုက်သည်။
ဟေးထျန်ကဲ ခပ်ဖွဖွ ပြုံးလိုက်သည်။
"ဘာမှလည်း မထူးခြားပါဘူး။ မြင်ကွင်းလှတယ်။ သက်ရှိစွမ်းအင် ကြွယ်ဝတယ်။ ပြီးတော့ နေသစ်ပင်ရဲ့ စွမ်းအင်ပိုရတယ်။ ဒီလောက်ပါပဲ။"
အန်လင်း မျက်နှာပျက်သွားသည်။
အဲ့ဒါက မထူးခြားတာလား.............
ဟေးထျန်ကဲ စကားဆက်လိုက်သည်။
"ဒီနေရာကို ကန့်သတ်ထားရတာက ကျုပ်တို့ ဗာမီလီယမ်ငှက်တွေက သီးသန့်နေထိုင်ရတာ ကြိုက်လို့ပါ။ အဲ့ဒါကြောင့် ဒီကကိစ္စတွေကို လျှို့ဝှက်ပေးထားဖို့ မျှော်လင့်ပါတယ်။"
အန်လင်း ခေါင်းညိတ်ပြလိုက်သည်။
"စိတ်မပူပါနဲ့။ ငါဘယ်လူတွေကိုမှ ပြောမှာမဟုတ်ဘူး။"
တပိုင်၊ တီနာ၊ ထျန်းလေးတို့က လူတွေမှ မဟုတ်တာ....... သူတို့ကို ပြောပြလိုက်ရင် ရပြီလေ.... သူတို့က ရှောင်လန့်ကို ပြန်ပြောပြကြလိမ့်မယ်...........
ဟေးထျန်ကဲ ပြုံးကာပြောလိုက်သည်။
"ကျုပ်နောက်လိုက်ခဲ့လေ။ နေရာကောင်းလေးတွေ လိုက်ပြပေးမယ်။ ခင်ဗျားအတွက် အကျိုးရှိမှာ သေချာပါတယ်။"
အန်လင်း နောက်မှလိုက်သွားလိုက်သည်။
သက်ရှိစွမ်းအင် ကြွယ်ဝမှုမှာ ကောင်းကင်ဘုံခုံရုံးနှင့်ပင် ယှဥ်နိုင်လောက်သည်။
အရေးအကြီးဆုံးမှာ ယန်ဓာတ်စွမ်းအင် ထူးကဲလွန်းခြင်း ဖြစ်သည်။
အန်လင်းမှာ ဗာမီလီယမ်ငှက်များစွာကို တွေ့မြင်နေရသည်။ ၎င်းတို့သည် အလွန်ချောမောလှပကာ တော်ဝင်ဆန်ကြပေသည်။
ထိုငှက်များသည် အန်လင်းအား အထင်အမြင်သေးစွာ ကြည့်ရှုသွားကြသည်။
အန်လင်းမှာ ထိုသည်ကို အံ့အားသင့်နေမိသည်။
တစ်ချိန်တည်းမှာပင် သတ်ကွင်းအပြင်ဘက်တွင် တွေ့ခဲ့ရသော ရိုင်းစိုင်းလွန်းသည့် ငှက်ရွှေဝါအား မြင်ယောင်လာသည်။
မည်သို့ပင်ဆိုစေကာမူ ဟေးထျန်ကဲမှာ ဖော်ဖော်ရွေရွေ ရှိသောကြောင့် အဆင်ပြေနေသည်။
သူသည် ဤနေရာသို့ ရည်ရွယ်ချက် တစ်ခုတည်းဖြင့် ရောက်လာခဲ့ခြင်း ဖြစ်သည်။
မကြာမီပင် ၎င်းတို့မှာ တောင်ငယ်များစွာ ပတ်လည်ဝိုင်းနေသော နေရာတစ်ခုသို့ ရောက်ရှိလာသည်။
ဟေးထျန်ကဲမှာ စိတ်အားထက်သန်နေသည်။
"ဒီနေရာကို ဒဏ္ဍာရီလာသားရဲ တာအိုရှာဖွေတဲ့နေရာလို့ သိကြတယ်။ နေသစ်ပင်ရဲ့ ဒဏ္ဍာရီလာသားရဲ ငါးကောင်လုံးက ကံပါတဲ့သူ တစ်ယောက်အတွက် သူတို့စွမ်းအင် အငွေ့အသက်တွေ ထားထားကြတယ်။ လက်သီးနတ်ဘုရား လင်းအန်က ချန်ပီယံ ရထားတာဆိုတော့ အဲ့ဒါအတွက် အခွင့်အရေးရှိတယ်။"
သူသည် ရုပ်ထုငါးခုအား ညွှန်ပြကာ မိတ်ဆက်ပေးလိုက်သည်။
"ဒါက ဗာမီလီယမ်ငှက် မျိုးနွယ်စုခေါင်းဆောင် အမတနေနတ်ဘုရားပဲ။"
ထိုသည်မှာ အလွန်ချောမောခန့်ညားသော ဗာမီလီယမ်ငှက်ထီးတစ်ကောင်ပင်။
ဒဏ္ဍာရီလာသားရဲ တာအိုရှာဖွေသောနေရာတွင် ရှိနေသည့် ဗာမီလီယမ်ငှက် ဆယ့်နှစ်ကောင်မှာ အန်လင်းအား အလိုမကျသလို ကြည့်ရှုလာကြသည်။
၎င်းတို့သည် အန်လင်းအား သတ်ပစ်တော့မလို ထင်မှတ်ရသည်။
အန်လင်း ပြုံးကာပြောလာသည်။
"ဗာမီလီယမ်ငှက်တွေက ခင်ဖို့ကောင်းသားပဲ။ အခုတောင် အကြည့်နဲ့ နှုတ်ဆက်နေကြပြီ။"
ဟေးထျန်ကဲ အားနာသွားရသည်။
"သူတို့က ရိုးသားကြလို့ပါ။ ကျုပ်လိုမျိုး မဖုံးကွယ်တတ်ကြဘူးလေ။"
အန်လင်း ပါးစပ်အဟောင်းသား ဖြစ်သွားမိသည်။
ဒင်းကရော သူတို့တွေလိုပဲလား.............
ဟေးထျန်ကဲ ချောင်းဟန့်လိုက်သည်။
"အဟမ်း........... ခင်ဗျားကိုမှ မဟုတ်ပါဘူး။ တခြားမျိုးနွယ်စုတွေအပေါ် ကျုပ်တို့က ဒီလိုပါပဲ။ ကျုပ်တို့က တော်ဝင်ဆန်တယ်လေ။ မြင့်မြတ်တဲ့သွေးဆက်ရှိမှတော့ ဒီလိုဖြစ်တာ မဆန်းပါဘူး။"
အန်လင်း ရယ်မောလိုက်သည်
"ခွဲခြားဆက်ဆံတာလား။"
"အာ...... အဲ့လိုပြောလို့ ရပါတယ်။ ကျုပ်တို့က ကုန်းမြေတစ်ခုလုံးကို ခွဲခြားဆက်ဆံတာပါ။"
ဟေးထျန်ကဲ ရှင်းပြလိုက်သည်။
"ကျုပ်တို့လေးစားဖို့ဆိုရင် ဆရာ့ဆရာကြီး ဖြစ်နေမှရမယ်။"
အန်လင်း : "..............."
ဟေးထျန်ကဲ စကားဆိုလိုက်သည်။
"စိတ်မပူပါနဲ့။ ကျုပ်ဘယ်လောက်ပဲမုန်းမုန်း ခင်ဗျား သက်တောင့်သက်သာ ဖြစ်စေရပါမယ်။"
အန်လင်း စိတ်ညစ်သွားရသည်။
အခုတောင် သက်တောင့်သက်သာ မဖြစ်တော့ဘူးဟ.......
အန်လင်း၏ အမူအရာကြောင့် ဟေးထျန်ကဲ ကသိကအောက် ဖြစ်လာကာ နောက်ထပ်ရုပ်ထုတစ်ခုအား ညွှန်ပြလိုက်သည်။
"ဒါက ဒဏ္ဍာရီလာသားရဲ ခွမ်းဖန်လေ။ အခုတော့ လောကကြီးဆီ လှည့်လည်သွားလာနေပေမယ့် သူ့ရဲ့ အမည်နာမက ကျော်ကြားနေတုန်းပဲ။"
ခွမ်းဖန်တွင် ငှက်နှင့်ငါးဟူသော အသွင်နှစ်မျိုး ရှိသည်။
ဟေးထျန်းကဲမှာ တတိယမြောက် ရုပ်ထုအား မိတ်ဆက်ပေးလိုက်သည်။
"အခုလက်ရှိ နေသစ်ပင်မှာနေတဲ့ ကိုးရောင်ခြယ် အံ့ဖွယ်ဗာမီလီယမ်ငှက်လေ။ အဲ့ဒါကြောင့် ဘယ်သူကမှ တောင်ပိုင်းကောင်းကင်တောင်ပံနိုင်ငံတော်ကို လာမစော်ကားရဲဘူး။"
ဟေးထျန်ကဲမှာ အလွန်အမင်း ဂုဏ်ယူကျေနပ်နေပုံ ရသည်။
အန်လင်း အမူအရာ ပြောင်းလဲသွားရသည်။
နေသစ်ပင်တွင် ဒဏ္ဍာရီလာသားရဲ သုံးကောင်ရှိပြီး လက်ရှိအချိန်တွင် ကိုးရောင်ခြယ် အံ့ဖွယ်ဗာမီလီယမ်ငှက်သာ နေထိုင်လျက် ရှိသည်။
ထိုကိုးရောင်ခြယ် အံ့ဖွယ်ဗာမီလီယမ်ငှက်မှာ လှပတင့်တယ်လွန်းလှသည်။
အန်လင်း အနည်းငယ် စုံစမ်းရန် ဆုံးဖြတ်လိုက်သည်။
"သူ့ကိုကြည့်ရတာ အရမ်းသိမ်မွေ့တာပဲ။ အပြင်မှာရော နူးညံ့တဲ့ပုံစံလား။"
"ဟားဟားဟား......... တကယ်ရယ်ရတာပဲ။"
ဟေးထျန်ကဲ ရယ်မောလိုက်သည်။
"ကျုပ်တို့ ဗာမီလီယမ် ငှက်မျိုးနွယ်စုက ရက်စက်မှုမှာ သရဖူဆောင်းတာလေ။ ဘယ်သူက နူးညံ့မှာတဲ့လဲ။ ခင်ဗျားဘာသာ ဘာကြီးဖြစ်ဖြစ် ဗာမီလီယမ် ငှက်တစ်ကောင်ကို အမှားလုပ်မိရင်တော့ သွားပြီပဲ။"
အန်လင်းမှာ ချွေးစေးများပင် ထွက်လာရတော့သည်။