မေးခွန်းဖြေနည်း
Vol. 67 Ch. 937
နေသစ်ပင်ရဲ့ စောင့်ရှောက်သူကို နမ်းမိရင် ငါနားကားတော့မှာလား..........
သောက်ပြဿနာပဲ.........
အန်လင်းမှာ ဖိအားများ ခံစားလာရသည်။
ဟေးထျန်ကဲမှာ ရုပ်ထုတစ်ခုအား ဆက်လက်ညွှန်ပြလိုက်သည်။
"ဒါက ကျုပ်တို့ မျိုးနွယ်စုရဲ့ ရှေးအကျဆုံး ဒဏ္ဍာရီလာသားရဲလေ။ မသေနိုင်သော စာကလေးတဲ့။ ဒါပေမယ့် ခရမ်းကြယ်စင် ပျက်သုန်းမှုကြီးမှာ ပါသွားတယ်။"
အန်လင်းမှာ ရယ်ချင်စိတ်အား ကြိတ်မှိတ်ထိန်းထားရသည်။
ယီးတဲ့မှ....... သေသွားမှတော့ မသေနိုင်သော စာကလေး ဖြစ်ပါဦးမလား.........
ဟေးထျန်ကဲမှာ နောက်ဆုံးရုပ်ထုအား မိတ်ဆက်ပေးလိုက်သည်။
"ဒါလည်း ဗာမီလီယမ် သွေးဆက်ကို ဆက်ခံဖူးတဲ့ ကျုပ်တို့ဘိုးဘေးပဲ။ နောက်တော့ သွေးဇာမဏီအဖြစ် သန္ဓေပြောင်းသွားခဲ့တယ်။ အခုတော့ မရှိတော့ပါဘူးလေ။"
အန်လင်းမှာ အသက်ရှူသံများ ပြင်းသွားရသည်။
ထိုဒဏ္ဍာရီလာသားရဲအား သူသိနေပေသည်။
ကံကြမ္မာမှာ အမှန်တကယ် ဆန်းကြယ်လွန်းလှသည်။
အန်လင်း သက်ပြင်းချလိုက်မိသည်။
ဟေးထျန်ကဲမှာ သက်ပြင်းချနေသော အန်လင်းအားကြည့်ကာ စိတ်ကျေနပ်သွားသည်။
"ဒဏ္ဍာရီလာသားရဲတွေတောင် အန္တရာယ်ကနေ မလွတ်မြောက်နိုင်ဘူး။ ကျုပ်တို့ ဘိုးဘေးက ဘယ်လိုလုပ် ကျရှုံးသွားတာလဲ သိချင်လိုက်တာ။ သေသေချာချာရော မြှုပ်နှံခံရရဲ့လား မသိဘူး။"
အန်လင်းမှာ ဟေးထျန်ကဲအား နှစ်သိမ့်ပေးလိုက်သည်။
"စိတ်မပူပါနဲ့။ စိတ်မပူပါနဲ့။ သန္ဓေပြောင်းသွေးဇာမဏီက အရမ်းသန်မာတော့ လောကကြီးမှာ သူ့အငွေ့အသက်တွေ ကျန်ရစ်နေမှာပါ။"
အန်လင်းသည် သန္ဓေပြောင်းသွေးဇာမဏီထံမှ အမွေဆက်ခံထားသည် မဟုတ်လော။
ထို့အပြင် ၎င်း၏အရိုးများမှာ အန်လင်း၏ သိုလှောင်လက်စွပ်ထဲ ရှိနေပြီး ကောင်းမွန်သော အရာများအတွက် အသုံးချမည် ဖြစ်သည်။
"လက်သီးနတ်ဘုရား လင်းအန်ပြောတာမှန်တယ်။ ဘိုးဘေးကြီး သန္ဓေပြောင်းသွေးဇာမဏီ မရှိတော့ပေမယ့် သူ့အငွေ့အသက်တွေ၊ စိတ်ဓာတ်တွေကို ကျုပ်တို့သယ်ဆောင်သွားရမယ်။"
ဟေးထျန်ကဲမှာ မျက်ဝန်းများ တောက်ပလာသည်။
အန်လင်း အမူအရာ ပြောင်းလဲသွားသည်။
ဟေးထျန်ကဲသာ အဖြစ်မှန် သိသွားရင် ပေါက်ကွဲသွားလောက်လား............
"နေသစ်ပင်ရဲ့ ဒဏ္ဍာရီလာသားရဲ ငါးကောင်ကတော့ သူတို့တွေပဲ။ အဲ့အမွေအနှစ်တွေကို ဆက်ခံဖို့ ခင်ဗျားမှာ အခွင့်အရေး ရှိတယ်။ ချန်ပီယံ မို့လို့လေ။ ဘယ်သူကနေ စချင်လဲ။"
ဟေးထျန်ကဲ ပြုံးကာပြောလာသည်။
အန်လင်း အနည်းငယ်တွေးကာ အစဥ်အတိုင်းသွားရန် ဆုံးဖြတ်လိုက်သည်။
၎င်းတို့သည် ဗာမီလီယမ်ငှက်သုံးကောင် ရှိနေသော အမတနေနတ်ဘုရား ရုပ်ထုထံ သွားလိုက်ကြသည်။
"ဟမ့်....... မင်းလိုကောင်ကများ အမတနေနတ်ဘုရား အသိအမှတ်ပြုတာ လိုချင်တာလား။ ဟာသပဲ။"
"အဆင့်နိမ့် သွေးဆက်တွေက ငါတို့ရဲ့ ဒဏ္ဍာရီလာသားရဲတွေဆီကနေ အမွေအနှစ် လိုချင်ကြသေးတယ်။ သူတို့ခဗျာ အသက်တောင်ရင်းပြီး ကြိုးစားကြရတာ။"
"နောက်ဆုံးတခေါက် အမွေအနှစ် ရသွားတာ လွန်ခဲ့တဲ့ နှစ်နှစ်တုန်းကမလား။"
"ဟုတ်တယ်။ ဒါတောင် မဖြစ်စလောက်လေးပါ။"
"လင်းအန်က တော်တော်ကြမ်းတယ် ကြားမိတယ်။ အခွင့်အရေး ရှိလောက်လား။"
"ကြမ်းတော့ရော ဘာလုပ်ရမှာလဲ။ အမွေအနှစ်ကို ရနိုင်မှာတဲ့လား။"
"ပြီးတော့ အမွေအနှစ်က သွေးဆက်နဲ့ပဲဆိုင်တာ။ ငါတို့တောင် ဘာရဖူးလို့လဲ။"
ဗာမီလီယမ်ငှက်များမှာ အန်လင်းအား ဂရုမစိုက်ပဲ ဝေဖန်နေကြသည်။
အန်လင်း ခပ်ဖွဖွ ပြုံးလိုက်သည်။
ဒင်းတို့က မောက်မာလှချည်လား............
ထိုငှက်များအား ကင်ပစ်လိုက်ချင်သည်။ ၎င်းတို့ထဲတွင် ဟင်းလင်းပြင်သို့အပြန်အဆင့် နှစ်ကောင်သာပါပြီး အခြားငှက်များမှာ စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်းအဆင့် ဖြစ်သောကြောင့် အေးအေးဆေးဆေး ဖျက်စီးပစ်နိုင်သည်။
ဟူး......... နေသစ်ပင်မှာ မို့ပေါ့ကွာ..........
"ဘာလုပ်ဖို့လိုလဲ။"
အန်လင်း မေးမြန်းလိုက်သည်။
"သွေးအဆီအနှစ် တစ်စက်ချပြီး မေးလာတဲ့ မေးခွန်းကို ဖြေပေးရုံပဲ။ တကယ်လို့ ကံကောင်းပြီး ဒဏ္ဍာရီလာသားရဲဆီက အသိအမှတ်ပြုတာ ခံရရင် အမွေအနှစ် ရလိမ့်မယ်။"
ဟေးထျန်ကဲ ရှင်းပြလိုက်သည်။
သူသည် အန်လင်းအား အမွေအနှစ်ရရန် အခွင့်အရေးရှိမည် မထင်မိပေ။
ဟေးထျန်ကဲသည် သွေးသန့်သော ဗာမီလီယမ်ငှက် မျိုးနွယ်စုဝင်ဖြစ်ပြီး စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း အထွဋ်အထိပ်အဆင့် ရောက်ရှိနေပါသော်လည်း မည်သည့်အမွေအနှစ်မှ မရခဲ့ပေ။
အန်လင်း ခေါင်းညိတ်ပြကာ သွေးအဆီအနှစ် တစ်စက်အား ရုပ်ထုပေါ် ချလိုက်သည်။
အကြောင်းအရင်းအချို့ကြောင့် ဗာမီလီယမ် ငှက်များမှာ ထိတ်လန့်မှုကို ခံစားလိုက်ရသည်။
"ဘာခံစားချက်ကြီးလဲ။"
"မပြောတတ်ဘူး။ သူက ခေတော့မခေဘူးထင်တယ်။"
"ဟမ့်....... နည်းနည်းပါးပါး ကြောက်ဖို့ကောင်းရုံပါ။"
"ဟုတ်တယ်။ သူကကြမ်းတော့ဘာဖြစ်လဲ။ ငါတို့က ဗာမီလီယမ်တွေလေ။ ငါတို့ကမှ တော်ဝင်ဆန်တာ။"
ဗာမီလီယမ်ငှက်များသည် နေ့စဥ်နှင့်အမျှ ထိုသို့တွေးကြသည်။
၎င်းတို့သည် တော်ဝင်ဆန်သောကြောင့် မည်သူ့ကိုမှ အထင်မကြီးကြပေ။
အန်လင်းမှာ ဗာမီလီယမ်ငှက်တောင်ပံကင် စားချင်လာသည်။
အမတနေနတ်ဘုရား ရုပ်ထုမှာ သွေးအဆီအနှစ်အား လျင်မြန်စွာ စုပ်ယူလိုက်သည်။
ဗာမီလီယမ်ငှက်များ မျက်နှာပျက်သွားလေသည်။
"စုပ်သွားတယ်ဟ........"
"အမတနေနတ်ဘုရားက လူသားသွေးကို မရွံဘူးလား။"
"မယုံနိုင်စရာပဲ။"
ထိုအချိန်တွင် စကားသံတစ်ခု ထွက်ပေါ်လာသည်။
"ဥနဲ့ငှက် ဘာကအရင်ဖြစ်တာလဲ။"
အန်လင်း ကြောင်တောင်တောင် ဖြစ်သွားသည်။
ဗာမီလီယမ်ငှက်များလည်း အမူအရာ ပြောင်းလဲသွားလေသည်။
"ဒါက ငါတို့မျိုးနွယ်စုရဲ့ ပြဿနာပဲ။"
"ငါတို့တောင် မသိတာ။ ဒီလူက သိမှာတဲ့လား။"
ဒဿနပိုင်းဆိုင်ရာ ပြဿနာအား တိုက်ရိုက်ဖြေရှင်းရန် မသင့်တော်ဟု အန်လင်း ခံစားလိုက်မိသည်။
"ဗာမီလီယမ်ငှက်က ကောင်းကင်ထက်တောင် အရင်ဖြစ်တည်လာတာလေ။ မြင့်မြတ်လွန်းတဲ့ ဗာမီလီယမ်ငှက်ကို ကျွန်တော်တို့အားလုံး လေးစားကြရတယ်။ ဗာမီလီယမ်ငှက်က အားလုံးရဲ့ အစပဲ။"
ပတ်ဝန်းကျင် တခွင်လုံး ငြိမ်သက်သွားသည်။
ဟေးထျန်ကဲရော အခြားငှက်များပါ ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။
ဒီလူက စကားပြောတာ ဆရာကြီးပဲဟ..........
ဝုန်း..............
ရုပ်ထုမှာ ပြင်းထန်စွာ တုန်ခါလာသည်။
"မှန်ကန်တယ်။"
သြဇာအာဏာ ပြည့်ဝသော စကားသံတစ်ခု ထွက်ပေါ်လာသည်။
ထို့နောက် ရွှေရောင်အလင်းတန်းမှာ အန်လင်း၏ မျက်ခုံးနှစ်ခုကြား ကျဆင်းလာသည်။
"အမွေအနှစ်ပဲ။"
ဗာမီလီယမ်ငှက်တစ်ကောင် အော်ဟစ်လိုက်သည်။
"ဘုရားရေ....... တောက်ပလိုက်တာ။"
အခြားသော ဗာမီလီယမ်ငှက်မှာ ဖြူရော်သွားရသည်။
ထိုမျှတောက်ပသော အမွေအနှစ် အလင်းတန်းအား မမြင်ဖူးခဲ့ပေ။
"အမတနေနတ်ဘုရားရဲ့ အဓိက အမွေအနှစ်ပဲ။"
ဟင်းလင်းပြင်သို့အပြန်အဆင့် ဗာမီလီယမ်ငှက်မှ ရေရွတ်လိုက်သည်။
အားလုံးမှာ အန်လင်းအားကြည့်ရင်း တိတ်ဆိတ်သွားတော့သည်။