← Chapters

တာအိုနှလုံးသားတိုက်ပွဲ

Vol. 67 Ch. 942

တာအိုနှလုံးသားတိုက်ပွဲ

Vol. 67 Ch. 942

ဟေးထျန်ကဲနှင့် ပိုင်ရှင်းကဲမှာ အံ့အားသင့်သွားရသည်။

မည်သို့ပင်ဆိုစေကာမူ ပိုင်ရှင်းကဲမှာ ဝမ်းသာသွားလေသည်။

"အခုပဲ နှလုံးသား စစ်ဆေးခြင်းကန်ကို သွားကြတာပေါ့။"

ပိုင်ရှင်းကဲမှာ အရှေ့ဆုံးမှ ဦးဆောင်လိုက်သည်။

အန်လင်းသည် တရားမျှတမှုရှိစွာ တိုက်ပွဲအတွင်း ဗာမီလီယမ် ငှက်မင်းသမီးအား အဆုံးသတ်လိုက်ပါသော်လည်း သူ၏စိတ်ထဲတွင် ထိုသည်ကို လက်မခံနိုင်ပေ။

ထို့ကြောင့် တာအိုနှလုံးသားချင်း ယှဥ်ပြိုင်ကာ ခံစားချက်များ ရှင်းလင်းပစ်လိုခြင်း ဖြစ်သည်။

အန်လင်းသည် ပိုင်ရှင်းကဲနှင့်အတူ ခုနစ်ထပ်မြောက်၏ အနောက်ဘက်ခြမ်းသို့ ရောက်လာသည်။

ပတ်ဝန်းကျင်မှာ အနည်းငယ် အေးစိမ့်လာသလိုပင်။

"ဒါက ယင်းစွမ်းအင်လား။"

အန်လင်း အံ့အားသင့်စွာ ရေရွတ်လိုက်သည်။

ယန်စွမ်းအင် အားကောင်းသော နေရာဖြစ်ပါသော်လည်း ယင်းစွမ်းအင်မှာ ကြွယ်ဝလွန်းလှသည်။

"ဟုတ်တယ်။ နေသစ်ပင်ရဲ့ ဒီနေရာမှာပဲ ယင်းစွမ်းအင်တွေ ရှိတာ။ ယင်းယန်စွမ်းအင်က အချင်းချင်း အထောက်အပံ့ ဖြစ်စေတယ်လေ။ အဲ့ဒါကြောင့် နေသစ်ပင်က ပြီးပြည့်စုံနေတာ။"

ဟေးထျန်ကဲ ရှင်းပြလိုက်သည်။

ပိုင်ရှင်းကဲမှာ မည်သည့်စကားမှ မပြောပေ။

၎င်းသည် အန်လင်းထက် အဆသုံးဆယ်၊ လေးဆယ်မျှ ရှိသောကြောင့် မြင့်မြတ်သော နေရာသို့ဝင်ရန် ကိုယ်ကိုကျုံ့လိုက်သည်။

ထိုအရွယ်သည် ဗာမီလီယမ် ငှက်မျိုးနွယ်စုတွင် သေးငယ်သည်ဟု ဆိုနိုင်သည်။

ပိုင်ရှင်းကဲသည် ဂူထဲမဝင်ခင် အန်လင်း အရွယ်ထိရောက်အောင် ကျုံ့ပစ်လိုက်လေသည်။

မကြာမီပင် ကြည်လင်သော ရေကန်တစ်ခုအား တွေ့လိုက်ရသည်။

ထိုကန်တွင် ယင်းစွမ်းအင်များ ကြွယ်ဝလွန်းပေသည်။

အဖြူရောင် မြူခိုးများ ဖုံးလွှမ်းထားသောကြောင့် တစ်ဖက်အဆုံးအား မမြင်ရပေ။

အန်လင်း၏ အံ့ဖွယ်အာရုံနှင့်ပင် ထိုမြူခိုးများအား ကျော်မကြည့်နိုင်ပေ။

"ဒါက နှလုံးသား စစ်ဆေးခြင်းကန်လား။"

အန်လင်း မေးမြန်းလိုက်သည်။

ပိုင်ရှင်းကဲ ခေါင်းညိတ်ပြလာသည်။

"ဟုတ်တယ်။ တာအိုနှလုံးသား သန်မာမှ ဒီကန်မှာ ရှေ့ဆက်လျှောက်နိုင်လိမ့်မယ်။ တာအိုနှလုံးသား တုန်လှုပ်သွားတာနဲ့ ကန်ထဲကျပြီး ကန်စပ်ပြန်ရောက်လာမှာပဲ။"

အန်လင်းသည် တာအိုဖလှယ်ခြင်းညီလာခံအား ပြန်လည်အမှတ်ရမိသည်။ ထိုညီလာခံတွင် တာအိုနှလုံးသား စစ်ဆေးမှု ပါဝင်ပြီး သူသည် တစ်မှတ်မှပင် မရနိုင်ခဲ့ပေ။

ထိုအတွေးကြောင့် အနည်းငယ် ကြောက်ရွံ့သွားရသည်။

ပိုင်ရှင်းကဲမှာ အန်လင်း အမူအရာအားကြည့်ကာ ဝမ်းသာသွားသည်။

"လင်းအန်....... မင်းကြောက်နေတာလား။"

"ဟုတ်တယ်။ မင်းရှုံးမဲ မဲမှာကို တွေးကြောက်နေတာ။"

အန်လင်း ပြုံးကာပြောလာသည်။

"မင်း........"

ပိုင်ရှင်းကဲ မျက်နှာပျက်သွားသည်။

"ရေထဲကျရင်လည်း အဲ့လိုပြောနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။"

စကားစစ်ပွဲ ဆင်နွှဲပြီးနောက် ပြိုင်ပွဲစတင်လေပြီ။

အန်လင်းသည် ပတ်ဝန်းကျင်အား ကြည့်ရှုလိုက်သောအခါ ယင်းစွမ်းအင်များမှာ အပေါ်မှ စီးဆင်းနေကြောင်း တွေ့လိုက်ရသည်။ ထိုစွမ်းအင်များသည် ရှစ်ထက်မြောက်နှင့် ကိုးထပ်မြောက်မှ ဖြစ်ပေလိမ့်မည်။

ဒီစွမ်းအင်တွေနောက်လိုက်ရင် ရှစ်ထပ်မြောက်ကို ရောက်နိုင်မှာလား...........

"လင်းအန်....... တိုက်ပွဲစလိုက်ရအောင်။ မင်းရဲ့ တာအိုနှလုံးသားက ဘယ်လောက်အားနည်းလဲ ပြပေးမယ်။"

ပိုင်ရှင်းကဲမှာ တိုက်ပွဲစိတ်ဆန္ဒ အပြည့်ဖြင့် အန်လင်းအား ကြည့်ရှုလာသည်။

အန်လင်းသည် တည်တည်ငြိမ်ငြိမ်ပင် ရေပြင်အား ကြည့်ရှုနေလိုက်သည်။

သူသည် ပိုင်ရှင်းကဲအား ရန်စနေခြင်း မဟုတ်ပဲ သူ့တာအိုနှလုံးသားသူပင် မသိနေခြင်း ဖြစ်သည်။

"ဟမ့်........ မောက်မာနေလိုက်တာများ....... ရေထဲကျသွားရင်ရော အဲ့လိုမောက်မာနိုင်ဦးမှာလား။"

ပိုင်ရှင်းကဲ ဒေါသထွက်သွားရသည်။

အန်လင်းသည် မည်သည့်စကားမှ မဆိုပဲ ရေထဲသို့ ခြေလှမ်းလိုက်သည်။

သူ၏ပုံရိပ်မှာ ရေပြင်တွင် ပေါ်ထွက်လာလေသည်။

သူပြုတ်ကျမသွားသောကြောင့် အန်လင်း ဝမ်းသာသွားမိသည်။

ငါလုပ်နိုင်ပါတယ်.........

သူပိုင်ရှင်းကဲအားကြည့်ကာ ပြုံးလိုက်သည်။

"စကြတော့မလား။"

ပိုင်ရှင်းကဲမှာ ယုံကြည်ချက် ရှိလာသော အန်လင်းကြောင့် အမူအရာ ပြောင်းလဲသွားသည်။

"လာစမ်းပါ။"

သူသည်လည်း ရေပြင်ပေါ် လျှောက်လှမ်းလိုက်သည်။

အန်လင်းသည် မြန်မြန်မလျှောက်ရဲသောကြောင့် တစ်လှမ်းချင်းသာ သွားနေသည်။

ပိုင်ရှင်းကဲမှာ အရှေ့မှ ဦးဆောင်ဖြစ်သွားသည်။

အန်လင်း တစ်ချက်မျှ လှမ်းကြည့်လိုက်သေးသည်။

နှလုံးသား စစ်ဆေးခြင်းကန်သည် ထင်မှတ်ထားသလို မခက်ခဲပဲ မြေပြင်ပေါ် လျှောက်ရသလိုပင်။

ထို့အပြင် မည်သည့်ပုံရိပ်ယောင်ကမှ လာရောက်နှောင့်ယှက်ခြင်း မရှိပေ။

၎င်းတို့နှစ်ဦးမှာ မီတာရာဂဏန်းသို့ ရောက်ရှိလာကြသည်။

ဟေးထျန်ကဲသည်ပင် ၎င်းတို့အား မမြင်ရတော့ပေ။

အန်လင်း မျက်မှောင်ကျုံ့လိုက်မိသည်။

တစ်ခုခု မှားနေသလိုပဲ.......

ဒီလောက်လျှောက်လာတာတောင် ဘာမှမဖြစ်သေးဘူး......... တာအိုနှလုံးသား စစ်ဆေးတာက အဲ့လောက်တောင်လွယ်လား........

သူပိုင်ရှင်းကဲအား လှမ်းကြည့်ကာ ထိတ်လန့်သွားရသည်။

"သောက်ကျိုးနည်း....... ညီအစ်ကိုပိုင်....... မင်းဘာလုပ်နေတာလဲ။"

ပိုင်ရှင်းကဲသည် လမ်းဆက်လျှောက်နေပါသော်လည်း အကြောဆွဲသလို ဖြစ်နေသည်။

"ဘယ်သူက မင်းညီအစ်ကိုလဲ။ ငါ့ဘဝမှာ ဘယ်သူ့ကိုမှ မရှုံးဖူးဘူး။ မင်းကိုလည်း မရှုံးစေရဘူး။"

ပိုင်ရှင်းကဲ အော်ဟစ်လိုက်သည်။

အန်လင်း : "........."

ပိုင်ရှင်းကဲမှာ အန်လင်းအားကြည့်ကာ မျက်လုံးပြူးသွားသည်။

"မင်းဘာလို့ ဘာမှမဖြစ်တာလဲ။"

"ဘာလို့ဖြစ်ရမှာလဲ။"

အန်လင်း လျှာထုတ်ပြကာ မျက်ဆံလှန်လိုက်သည်။

"ဒီလိုဖြစ်စေချင်တာလား။"

"ဖူး........."

ပိုင်ရှင်းကဲ သွေးအန်သွားရသည်။

ယီးလား......... ငါက အသည်းအသန် ကြိုးစားနေရတာကို ဒင်းကဘာမှမဖြစ်ပါလား............

သူသည် မချိမဆန့် ကြိုးစားနေရခြင်း ဖြစ်သည်။

"မင်းတမင် ဟန်ဆောင်နေတာပဲ ဖြစ်ရမယ်။"

ပိုင်ရှင်းကဲ ခနဲ့လိုက်သည်။

"ဟားဟား.......... မင်းရဲ့ တာအိုနှလုံးသားက ဒီထက်ပိုပြီး မခံနိုင်တော့ဘူးမလား။ နောက်ဆုံး ငါပဲနိုင်မှာပါ။"

အန်လင်း: ".........."

ဒီငှက်ရူးသွားပြီလား........

All Chapters