ကျောက်တုံးခေါင်းဆောင်ကြီး
Vol. 58 Ch. 799
သူသည် ထွက်ပြေးရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ...
ဂြိုဟ်တစ်လုံးချင်းစီထဲမှ ထာဝရဝိညာဉ်အဆင့် အငွေ့အသက် ခုနစ်ခု၊ ရှစ်ခုစီ ရုတ်တရက်ဆိုသလို ထွက်ပေါ်လာကြသည်ဖြစ်ရာ သူသည် သွေးပျက်လုမတတ် ကြောက်ရွံ့တုန်လှုပ်သွားရ၏။ ထိုအငွေ့အသက်များ ထွက်ပေါ်လာပြီးနောက် ကျောက်ဘီလူးများမှာလည်း ဆက်လက် နိုးထလာကြသဖြင့် ဝိညာဉ်ကြားခံနယ်အဆင့် အငွေ့အသက်များနှင့် ယွမ်ယင်အဆင့် အငွေ့အသက်ပေါင်း မြောက်မြားစွာလည်း ဆက်တိုက်ဆိုသလို ထွက်ပေါ်လာတော့သည်။
အမြုတေအဆင့်နှင့် အခြေတည်အဆင့်တွင် ရှိနေကြသည့် အသေးစား ကျောက်ဘီလူးလေးများမှာလည်း အသံကုန်အော်ဟစ်မြည်တမ်းကာ အရပ်မျက်နှာအနှံ့မှ နိုးထလာကြပြီး ဝမ်ပေါင်လဲ့၏ ရုပ်သေးရုပ်များဆီသို့ ချဉ်းကပ်လာကြပြီဖြစ်သည်။
မျက်စိတစ်မှိတ် အတွင်းတွင် ဝမ်ပေါင်လဲ့၏ ရုပ်သေးရုပ်များမှာ ကျောက်ဘီလူးကြီးများ၏ နင်းခြေခြင်းကို ခံလိုက်ရ၏။ သူတို့မှာ ထွက်ပြေးလွတ်မြောက်ဖို့ပင် မဆိုထားနှင့် ပြန်လည်ခုခံတိုက်ခိုက်နိုင်စွမ်းပင် မရှိတော့ဘဲ ချက်ချင်းဆိုသလို စိစိညက်ညက် ကြေမွပျက်စီးသွားရတော့သည်။
အဖြစ်အပျက်အားလုံးမှာ မြန်ဆန်လွန်းနေ၏။ မကြာသေးမီတုန်းကမှ ဂြိုဟ်ကြီးများမှာ တိတ်ဆိတ်ငြိမ်သက်နေခဲ့ပါသော်လည်း ခဏအကြာတွင် အရာအားလုံးမှာ ဗြောင်းဆန်နေပြီ ဖြစ်သည်။ ဝမ်ပေါင်လဲ့မှာလည်း သွေးပျက်လုမတတ် ကြောက်ရွံ့တုန်လှုပ်နေရ၏။ သူသည် အန္တရာယ်ကြီးနှင့် ရင်ဆိုင်ရတော့မည့်အလား ခံစားလိုက်ရသဖြင့် သူ၏ ဓမ္မစစ်သင်္ဘောကြီးအား ထိန်းချုပ်ကာ ထိုကြယ်စင်စုထဲမှ ချက်ချင်း ထွက်ခွာသွားနိုင်ရန် ကြိုးစားလိုက်တော့သည်။
သူ၏ဘေးတွင်မူ ဝူလေးမှာ မျက်လုံးပြူးကြီးများနှင့် မလှုပ်မယှက် ရပ်နေပြီး အသားများ တဆတ်ဆတ် တုန်ရီနေ၏။ မြည်းလေးမှာလည်း ဆွံအမှင်တက်နေရပြီ ဖြစ်သည်။ ၎င်းမှာ ကျောက်ဘီလူးကြီးများအား စားစရာများ အဖြစ်သတ်မှတ်ထားသည့်တိုင်အောင် ၎င်းတို့၏ အရေအတွက်မှာ ကြောက်မက်ဖွယ်ရာကောင်းလောက်အောင် များပြားလွန်းနေသည် မဟုတ်ပါလော။
" ဆိုးလိုက်တဲ့ ထောင်ချောက်ကြီးပါလား " ဝမ်ပေါင်လဲ့မှာ ငိုမဲ့မဲ့ ဖြစ်နေရပြီဖြစ်သည်။ သူသည် သူ၏ ရုပ်သေးရုပ်များအား ဆုံးရှုံးလိုက်ရသည့်အတွက် ဝမ်းနည်းနေရန် အချိန်မရှိသလို ကျောက်တုံးဝါးပင်များကို လောဘတက်နေရန်လည်း အချိန်မရှိတော့ပေ။ သူသည် အာရုံအပြည့်စိုက်ကာ ကျိုင်းကောင်ကြီးကို ထိန်းချုပ်၍ အာကာသထဲသို့ ပျံသန်းသွားနေ၏။
ဝမ်ပေါင်လဲ့တစ်ယောက် အဝေးသို့ ပျံသန်းထွက်ခွာသွားစဉ် သူ၏နောက်၌ ထာဝရဝိညာဉ်အဆင့် အငွေ့အသက် အခုနှစ်ဆယ်ကျော် ဖြာထွက်လာပြီး ကြယ်ပျံများအဖြစ် ပြောင်းလဲသွားကြ၏။ ၎င်းတို့မှာ ၎င်းတို့၏ မိခင်ဂြိုဟ်များထဲမှ ထိုးထွက်လာကြပြီး ကြယ်ရောင်စုံများဖြင့် လင်းလက်တောက်ပနေသည့် အာကာသကြီးအား ကျော်ဖြတ်ကာ ဝမ်ပေါင်လဲ့ဆီသို့ တန်းတန်းမတ်မတ် ဦးတည်လာနေပြီ ဖြစ်သည်။
၎င်းတို့၏ စွမ်းအားများမှာ ကြောက်မက်ဖွယ်ရာ ကောင်းလွန်းနေသောကြောင့် ဝမ်ပေါင်လဲ့ပင် မဆိုထားနှင့် အခြား ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်ပင်လျှင် ကြက်သီးမွေးညင်းများ ထသွားရမည် ဖြစ်သည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မျက်လုံးများပြူးသွားရ၏။ ထို့နောက် သူသည် တွေဝေတုံ့ဆိုင်းနေခြင်းမရှိတော့ဘဲ နတ်ဆိုးတစ်သောင်းမျက်လုံး၏ တည်နေရာပြောင်းရွှေ့ခွင့်ကို ချက်ချင်းအသုံးပြုလိုက်ပြီး နတ်မျက်လုံးလူမှုအဖွဲ့အစည်းဆီသို့ ပြန်ရန် ကြိုးစားလိုက်တော့သည်။
တည်နေရာပြောင်းရွှေ့ခြင်းစွမ်းအားများ စတင်ပေါ်ပေါက်လာချိန်တွင် ကြယ်စင်စုကြီးတစ်ခုလုံးမှာ တုန်ရီသွား၏။ ထို့နောက် ထူးဆန်းသောစွမ်းအားတစ်မျိုးမှာ အရပ်မျက်နှာအနှံ့မှ ဆင်းသက်လာပြီး ထိုနေရာကြီးတစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။ ထိုစွမ်းအားမှာ ဝမ်ပေါင်လဲ့၏ တည်နေရာပြောင်းရွှေ့ခြင်း လုပ်ငန်းစဉ်အား လုံးဝရပ်တန့်သွားအောင် တားဆီးနိုင်ခဲ့ခြင်း မရှိပါသော်လည်း အချိန်ဆွဲနိုင်ခဲ့၏။ ထို့ကြောင့် စက္ကန့်ပိုင်းလေးအတွင်း ပြီးဆုံးသွားရမည့် လုပ်ငန်းစဉ်မှာ ယခုတွင် အလွန်အင်မတန်မှ ကြာမြင့်နေတော့သည်။ သို့ဖြစ်ရာ သူသည် တည်နေရာ ပြောင်းရွှေ့မသွားနိုင်ခင် အနည်းဆုံး ဆယ့်ငါးမိနစ်ဝန်းကျင်ခန့် စောင့်ဆိုင်းရတော့မည်ဖြစ်သည်။
" ဒါ ဘယ်လိုနေရာကြီးလဲဟ " ဝမ်ပေါင်လဲ့မှာ အသံကုန် အော်ဟစ်ပစ်ချင်စိတ်များ ပေါက်လာတော့သည်။ သူသည် စဉ်းစားတွေးတောနေရန် အချိန်မရှိသောကြောင့် ကျိုင်းကောင်ကြီးအား ထိန်းချုပ်ကာ သွေးရူးသွေးတန်းနှင့် အဝေးသို့ ပျံသန်းသွားလိုက်ပြီး နောက်ထပ်တစ်ကြိမ်ထပ်၍ တည်နေရာပြောင်းရွှေ့နိုင်ရန် မကြိုးစားခင် ဤ ကြယ်စင်စုထဲမှ အရင်ဆုံး ထွက်ခွာနိုင်ရန် ကြိုးစားလိုက်တော့သည်။
ကံကောင်းစွာဖြင့် ဝမ်ပေါင်လဲ့မှာ အစကတည်းက သတိကြီးကြီးထားနေခဲ့သည် ဖြစ်ပြီး ကြယ်စင်စုကြီး၏ အတွင်းပိုင်းထဲအထိ သွားရောက်ခဲ့ခြင်းမရှိပေ။ သူသည် ကြယ်စင်စုကြီး၏ အစွန်းနားတွင် ရှိနေသည် မဟုတ်ပါလော။ ထို့ကြောင့် သူသည် ဓမ္မစစ်သင်္ဘောကြီးအား အရှိန်မြှင့်တင်လိုက်ပြီး ၎င်းဆီမှ ထွက်ပေါ်လာသည့် ထာဝရဝိညာဉ်တစ်ပိုင်း စွမ်းအားများကို အသုံးပြုလိုက်သောအခါ ထို ဓမ္မစစ်သင်္ဘောကြီးမှာ မယုံကြည်နိုင်လောက်အောင် မြန်ဆန်သွားတော့သည်။ ၎င်းမှာ မျက်စိတစ်မှိတ် အတွင်းတွင် ကြယ်စင်စုကြီး၏ နယ်စပ်ဆီသို့ ရောက်ရှိသွားပြီး တစ်အောင့်ခန့်အကြာတွင် ထို ကြယ်စင်စုကြီးထဲမှ အပြီးတိုင် ထွက်ခွာသွားနိုင်တော့မည်ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ စိတ်အေးအေးနှင့် သက်ပြင်းမချရဲသေးပါသော်လည်း ထိုကြယ်စင်စုကြီးထဲမှ ထွက်ခွာသွားနိုင်သရွေ့ ထွက်ပြေးလွတ်မြောက်နိုင်လိမ့်မည်ဟု ယုံကြည်နေ၏။ သူ၏ နောက်တွင် ထာဝရဝိညာဉ်အဆင့် အငွေ့အသက် အခုနှစ်ဆယ်ကျော် လိုက်ပါလာလျှင်တောင် ကိစ္စမရှိပေ။ သူသည် နတ်ဘုရား တရားမျှတမှုဒိုင်းကာကိုသာမက စစ်သင်္ဘောကြီးပေါင်း မြောက်မြားစွာကို ပိုင်ဆိုင်ထားသည်မဟုတ်ပါလော။ သို့ဖြစ်ရာ သူသည် ၎င်းတို့အား အသုံးပြုကာ ထိုအငွေ့အသက်များအား အချိန်ဆွဲပြီး နောက်ထပ်တစ်ကြိမ်ထပ်၍ တည်နေရာပြောင်းရွှေ့နိုင်ရန် ကြိုးစားကြည့်နိုင်ပေသည်။
" ဒီတစ်ခေါက် ငါ့ကံက တော်တော်လေးကို ဆိုးတာပဲကွ။ ဝူလေးကြောင့်ပဲ နေမှာ။ သူ ငါ့ဘေးမှာ ရှိမနေခဲ့တဲ့ နောက်ဆုံးအကြိမ်တုန်းကဆိုရင် ငါက ထီပေါက်သလိုမျိုး ကံကောင်းခဲ့တာလေ " ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ ဝူလေးအား စိုက်ကြည့်လိုက်သောအခါ ဝူလေးမှာလည်း သူ့အား နားမလည်နိုင်လောက်အောင် ဖြစ်နေသည့် မျက်ဝန်းများဖြင့် ပြန်ကြည့်လိုက်၏။ ဝမ်ပေါင်လဲ့၏ ကျိုင်းကောင်ကြီးမှာမူ အံ့ဩမှင်တက်ဖွယ်ရာ အမြန်နှုန်းဖြင့် ဆက်လက်ပျံသန်းနေဆဲဖြစ်ပြီး ထာဝရဝိညာဉ်အဆင့် ကြယ်ပျံများမှာလည်း ၎င်း၏ အနီးသို့ တဖြည်းဖြည်းနှင့် ချဉ်းကပ်လာနေကြပြီဖြစ်သည်။ သူတို့မှာ ကြယ်စင်စုကြီးထဲမှ အချိန်မရွေး ထွက်ပြေးလွတ်မြောက်သွားတော့မည်ပုံ ပေါက်နေ၏။
ထိုအချိန်တွင် မကြာသေးမီတုန်းက ပေါ်ပေါက်လာခဲ့သည့် ထူးဆန်းသော စွမ်းအားကြီးမှာ ကြယ်စင်စုကြီးထဲသို့ နောက်ထပ်တစ်ကြိမ်ထပ်၍ ဆင်းသက်လာပြန်သည်။ ယခုအကြိမ်တွင် ၎င်းမှာ ပို၍ပင် အစွမ်းထက်သည့်ပုံ ပေါက်နေပြီး စကြဝဠာကြီးတစ်ခုလုံးအား တုန်ရီသွားစေ၏။ ကြယ်စင်စုကြီး၏ အစွန်းပိုင်းမှာလည်း တံခါးတစ်ချပ် ဘိုင်းခနဲ ပိတ်သွားသကဲ့သို့ ပိတ်ဆို့ခံလိုက်ရသည်။ သို့ဖြစ်ရာ အပြင်သို့ထွက်ရန် မဖြစ်နိုင်တော့ပေ။
၎င်းမှာ အချုပ်အနှောင် တစ်ခုကဲ့သို့ပင်။
ဝမ်ပေါင်လဲ့မှာ တစ်ခေါင်းလုံး ထူပူသွားရပြီး တအံ့တဩနှင့် နောက်သို့ပြန်လှည့်လာ၏။ အာကာသကြီးထဲ၌ မျောလွင့်နေခဲ့သည့် အလောင်းများနှင့် အပျက်အစီးများမှာ ထာဝရကြယ်ကြီး၏ ပတ်ပတ်လည်တွင် လည်ပတ်နေကြပြီဖြစ်သည်။ ၎င်းတို့မှာ အစတိုင်းတွင် ဖြည်းညင်းစွာ လည်ပတ်နေခဲ့ပါသော်လည်း ရုတ်တရက်ဆိုသလို ယုံချင်စရာမကောင်းလောက်အောင် မြန်ဆန်လာ၏။
၎င်းတို့မှာ ထာဝရကြယ်ကြီး၏ ပတ်ပတ်လည်တွင် မြစ်တစ်ခုကဲ့သို့ စီးဆင်းနေသည့် ဧရာမဝဲကြီးတစ်ခုနှင့် တူပေသည်။ သို့သော် ဝမ်ပေါင်လဲ့မှာ ထိုဝဲကြီးကြောင့် မဟုတ်ဘဲ တစ်ဝက်တစ်ပျက် ကျောက်ဖြစ်ရုပ်ကြွင်းအဖြစ် ရှိနေခဲ့သည့် ထာဝရကြယ်ကြီးကြောင့် အံ့ဩတုန်လှုပ်သွားရခြင်း ဖြစ်ပေသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းမှာ စတင်တုန်ရီလာသောကြောင့်ပင်။
ထိုအချိန်တွင် ဝမ်ပေါင်လဲ့၏ နောက်သို့ အရှိန်အဟုန်ဖြင့် လိုက်လာနေခဲ့ကြသည့် ကြယ်ပျံများမှာ ရပ်တန့်သွားပြီး ကျောက်ဘီလူးကြီးများအသွင် ပြောင်းလဲသွားသည်။ ၎င်းတို့မှာ ရိုသေလေးစားမှုအပြည့်ရှိသော မျက်နှာအမူအရာဖြင့် တဆတ်ဆတ်တုန်ရီနေသည့် ထာဝရကြယ်ကြီး ရှိရာဘက်သို့ လှည့်သွားလိုက်ပြီး ဒူးထောက်ချကာ အော်ဟစ်မြည်တမ်းလိုက်ကြတော့သည်။ ၎င်းတို့၏ အော်သံများမှာ အာကာသထဲ၌ ပဲ့တင်ထပ်သွား၏။
ဂြိုဟ်လေးလုံးပေါ်ရှိ ကျောက်ဘီလူးကြီးများမှာလည်း ထိုနည်းတူပင်။ ၎င်းတို့မှာ ခေါင်းများ မော့လာကြပြီး ထာဝရကြယ်ကြီးအား ရိုသေလေးစားမှုအပြည့်ရှိသော မျက်ဝန်းများဖြင့် လှမ်းကြည့်လိုက်၏။ ထို့နောက် ၎င်းတို့မှာလည်း ဒူးထောက်ကျသွားကြပြီး အသံကုန် အော်ဟစ်မြည်တမ်းနေကြတော့သည်။
ဝမ်ပေါင်လဲ့မှာ ထိုမြင်ကွင်းကြောင့် အသက်ရှူသံများ ရပ်တန့်သွားရ၏။ ကျောက်ဘီလူးကြီးများ၏ အော်ဟစ်မြည်တမ်းသံများမှာ သံပြိုင်ကြွေးကြော်သံများနှင့် ဆင်တူနေပြီး စကားလုံးများနှင့် မဖော်ပြနိုင်သော စွမ်းအားများ ကိန်းအောင်းနေသကဲ့သို့ပင်။ အလောင်းများနှင့် အပျက်အစီးများမှာ ထာဝရကြယ်ကြီးအား ဆက်လက် လည်ပတ်နေကြ၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ယဇ်ပူဇော်ပွဲတစ်ပွဲအား ကြည့်နေရသကဲ့သို့ပင်...
" သွားပြီ။ ကျွန်တော်တို့တွေ ကိစ္စတုံးပြီ။ ကျွန်တော်တို့ကို ယဇ်ပူဇော်တဲ့နေရာမှာ သုံးပစ်တော့မှာဗျ " ဝူလေးမှာ သူ၏ရှေ့တွင် မြင်နေရသည့် မြင်ကွင်းကြီးအား စိုက်ကြည့်ကာ ညည်းတွားလိုက်၏။ မြည်းလေးမှာလည်း အသားများ တဆတ်ဆတ် တုန်ရီနေပြီး ၎င်း၏မျက်ဝန်းများထဲတွင် ကြောက်စိတ်များဖြင့် ပြည့်နှက်နေပြီဖြစ်သည်။
" ယဇ်ပူဇော်ခံရတော့မှာ ဆိုပါလား... '' ဝမ်ပေါင်လဲ့မှာ ဝူလေး၏ စကားများကို လက်မခံချင်ဘဲ ဖြစ်နေရ၏။ သို့သော် မည်သည့်ရှုထောင့်မှကြည့်ကြည့် ထိုကဲ့သို့ ဖြစ်နေသည် မဟုတ်ပါလော။ သို့ရာတွင် သူသည် အသက်သေမည့်အချိန်ကို ထိုင်စောင့်နေမည့် လူစားမျိုးတော့ မဟုတ်ပေ။ ထို့ကြောင့် သူသည် မျက်ဝန်းများ အရောင်လက်သွားပြီး ကျိုင်းကောင်ကြီးအား ဖောက်ခွဲကာ ကြယ်စင်စုကြီးထဲ၌ အပေါက်တစ်ပေါက်ပေါ်ပေါက်လာအောင် လုပ်၍ ထိုအပေါက်ထဲမှ ထွက်ပြေးသွားရန် တွေးမိလိုက်တော့သည်။
သူ ထိုသို့တွေးမိလိုက်စဉ်မှာပင် ထာဝရကြယ်ကြီးမှာ ပြောင်းလဲသွားသောကြောင့် ဝမ်ပေါင်လဲ့မှာ ချက်ချင်းဆိုသလိုပင် မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော် ဖြစ်သွားရ၏။
ဧရာမဝဲကြီး ထာဝရကြယ်ကြီးအား လည်ပတ်ကာ ကျောက်ဘီလူးများ သွေးရူးသွေးတန်း အော်ဟစ်မြည်တမ်းနေကြစဉ် တဆတ်ဆတ် တုန်ရီနေခဲ့သည့် ထာဝရကြယ်ကြီးမှာ အရွယ်အစားကြီးမားလာပြီး အပြင်ဘက်သို့ ဆန့်ထွက်လာခြင်း ဖြစ်သည်။
ပထမဦးဆုံးအနေနှင့် ဂြိုဟ်တစ်လုံးထက်ပို၍ အရွယ်အစားကြီးမားသည့် ဦးခေါင်းတစ်လုံး ပေါ်ပေါက်လာပြီးနောက် ခြေလက် လေးဘက် ဆန့်ထွက်လာ၏။ ထို့နောက် ၎င်းမှာ ဧရာမ ကျောက်ဘီလူးကြီးတစ်ကောင်အဖြစ် ပြောင်းခဲ့သွားတော့သည်။
ထို ကျောက်ဘီလူးကြီး၏ ဘေးတွင်မူ နဂိုမူလအရွယ်အစားထက် တစ်ဝက်ကျော် ပို၍သေးငယ်သွားပြီဖြစ်သော ထာဝရကြယ်ကြီး ရှိနေ၏။ သို့ဖြစ်ရာ ဝမ်ပေါင်လဲ့ ထာဝရကြယ်ကြီးဟု မှတ်ယူထားသည့် ဂြိုဟ်ကြီးမှာ ထို ကျောက်ဘီလူးကြီး၏ ခန္ဓာကိုယ်ကြီး ဖြစ်ရပေမည်။ ထို ကျောက်ဘီလူးကြီးမှာ ထာဝရကြယ်ကြီးအား ရင်ခွင်ထဲ၌ ပိုက်ကာ ၎င်း၏ ခန္ဓာကိုယ်အား လုံးထွေးနေခဲ့ခြင်း ဖြစ်၏။ ထို့ကြောင့် ထို ထာဝရကြယ်ကြီးမှာ အလွန်အင်မတန်မှ အရွယ်အစား ကြီးမားနေသည့်ပုံ ပေါက်နေရခြင်းပင်။
ယခုတွင် ထို ကျောက်ဘီလူးကြီးမှာ ၎င်း၏ ခြေလက်များကို ဆန့်တန်းလိုက်ပြီဖြစ်ရာ ထာဝရကြယ်ကြီး၏ ပုံသဏ္ဍာန်အစစ်အမှန်မှာ ပေါ်ပေါက်လာရပြီဖြစ်သည်။လ
ထို ကျောက်ဘီလူးမှာ ခြေလက်များကို ဆန့်တန်းလိုက်ပြီးနောက် မျက်လုံးများပွင့်လာ၏။ ထိုအခါ ၎င်း၏ မျက်လုံးနှစ်လုံးမှာ နေမင်းနှစ်စင်းကဲ့သို့ ဝင်းလက်တောက်ပသွားသဖြင့် ကြယ်စင်စုကြီးတစ်ခုလုံးမှာ ချက်ချင်းဆိုသလိုပင် လင်းထိန်သွားတော့သည်။
ထို့နောက် ဂြိုဟ်အဆင့်ထက် အများကြီးပို၍ သာလွန်သည့် အငွေ့အသက်တစ်မျိုးမှာ ထိုကျောက်ဘီလူးကြီးဆီမှ အလိုလို ထွက်ပေါ်လာ၏။ ထို အငွေ့အသက်များမှာ ကြယ်စင်စုကြီးထဲ၌ အားကောင်းသော လေမုန်တိုင်းများအဖြစ် တိုက်ခတ်သွားကြပြီး လမ်းတစ်လျှောက်ရှိ အရာအားလုံးကို လွှမ်းခြုံသွားကြသည်သာ ဖြစ်သည်။ သို့ဖြစ်ရာ ၎င်း၏ လွှမ်းခြုံခြင်းကို ခံလိုက်ရသည့် အရာတိုင်းမှာ ၎င်းနှင့် တစ်သားတည်း ပေါင်းစည်းသွားသကဲ့သို့ ဖြစ်သွားရ၏။
၎င်းမှာ ဂြိုဟ်တစ်လုံးနီးပါး ကြီးမားသော ၎င်း၏ ညာဘက်လက်ကြီးအား အလျင်အမြန် မြှောက်လိုက်သဖြင့် အာကာသကြီးထဲ၌ လေပြင်းမုန်တိုင်းများ တိုက်ခတ်သွားရ၏။ ထို့နောက် ၎င်းမှာ ဝမ်ပေါင်လဲ့အား ခြင်တစ်ကောင်ကဲ့သို့ သဘောထားကာ လှမ်း၍ ဖမ်းဆုပ်လိုက်တော့သည်။
သို့သော် ဝမ်ပေါင်လဲ့အား ခြင်တစ်ကောင်ဟု ခေါ်ဆိုရန်ပင် မသင့်တော်ပေ။ ထိုလက်ကြီး၏ အရွယ်အစားနှင့် ယှဉ်လိုက်ပါက ဝမ်ပေါင်လဲ့မှာ ခြင်တစ်ကောင်စာပင် မရှိပေ။
ထိုသို့ဖြင့် မိုးကြိုးများပစ်ကာ လေပြင်းမုန်တိုင်းများ စတင်တိုက်ခတ်လာ၏။ ဧရာမလက်ကြီးမှာ ကောင်းကင်ယံကြီးတစ်ခုလုံးကို လွှမ်းခြုံသွားပြီး တားဆီး၍မရနိုင်သည့် စွမ်းအားမျိုးဖြင့် ဝမ်ပေါင်လဲ့အပေါ်သို့ ကျရောက်လာနေပြီ ဖြစ်သည်။ သို့ဖြစ်ရာ သူသည် ထွက်ပြေးစရာနေရာ မရှိတော့ပေ။
ထို ကျောက်ဘီလူးကြီး တိုက်ခိုက်လိုက်သောအခါ ဂြိုဟ်များပေါ်တွင် ရှိနေကြသည့် အရွယ်အစားမျိုးစုံရှိသော ကျောက်ဘီလူးကြီးများသာမက အာကာသထဲရှိ ထာဝရဝိညာဉ်အဆင့် ကျောက်ဘီလူးကြီးများပင်လျှင် စိတ်လှုပ်တရှား ဖြစ်သွားကြ၏။ ၎င်းတို့၏ အော်ဟစ်မြည်တမ်းသံများမှာ ပို၍ကျယ်လောင်လာကြပြီး ၎င်းတို့မှာ ၎င်းတို့၏ ဂိုဏ်ခေါင်းဆောင်ကြီးအား အရိုအသေ ပေးနေသကဲ့သို့ ရှိခိုးဦးချနေကြတော့သည်။
" ထာ... ထာဝရကြယ်အဆင့်ပဲ... " ဝမ်ပေါင်လဲ့မှာ မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော် ဖြစ်နေရပြီဖြစ်သည်။ သူသည် ကံမကောင်းရုံတင် မဟုတ်ဘဲ ကံဆိုးမိုးမှောင်ကျသွားခဲ့ရခြင်း ဖြစ်ပေသည်။ စကြဝဠာကြီးမှာ အလွန်အင်မတန်မှ အရွယ်အစားကြီးမားသည့် နေရာကြီးတစ်ခု ဖြစ်သည့်တိုင်အောင် ဝမ်ပေါင်လဲ့မှာ ယခုကဲ့သို့ ထာဝရကြယ်အဆင့် ရှိနေသည့် ကျင့်ကြံသူတစ်ယောက်နဲ့ ပက်ပင်းတိုးမိသွားခဲ့သည် မဟုတ်ပါလော...
" သွားပြီ။ တစ်ခေါက်တော့ ငါ တကယ် ကိစ္စတုံးပြီထင်တယ် " ဝမ်ပေါင်လဲ့မှာ စဉ်းစားတွေးတောနိုင်စွမ်းပင် မရှိတော့ပေ။ သူ၏ အမြင်အာရုံထဲတွင် သူ၏အထက်ရှိ အံ့ဩမှင်တက်ဖွယ်ရာ စွမ်းအားများဖြင့် ပြည့်နှက်နေသည့် ဧရာမလက်ကြီးသာလျှင် နေရာယူထားသည်။ သူသည် မြည်းလေးအား သိုလှောင်လက်ကောက်ထဲသို့ အချိန်မီ ထည့်နိုင်လိုက်၏။ သို့သော် သူသည် ၎င်း အသက်ရှင်နိုင်ခြေ ရှိမရှိအား အသေအချာမသိပေ။
သို့ရာတွင် သူသည် ထိုမျှလောက်သာ တတ်နိုင်ပေသည်။ ဝမ်ပေါင်လဲ့မှာ ဝူလေးကိုမူ ကူညီပေးနိုင်စွမ်းမရှိပေ။ သူသည် မျက်နှာတစ်ခုလုံး ရှုံ့မဲ့နေပါသော်လည်း စိတ်ပျက်အားငယ်သွားခြင်း မရှိဘဲ သူ၏ ကျင့်ကြံခြင်းစွမ်းအားများနှင့် ကျိုင်းကောင်ကြီး၏ စွမ်းအားများကို ထုတ်လွှတ်လိုက်တော့သည်။ သူသည် သူ့ကိုယ်သူ ဖောက်ခွဲပစ်ရန် ပြင်ဆင်နေခြင်းဖြစ်၏။
၎င်းမှာ သူစဉ်းစားမိသမျှ နည်းလမ်းများထဲတွင် မြည်းလေးနှင့် ဝူလေးတို့၏ အသက်အား ကယ်တင်နိုင်ခြေရှိသည့် တစ်ခုတည်းသော နည်းလမ်း ဖြစ်ပေသည်။ အကယ်၍ သူသည် အရင်ဆုံး သူ့ကိုယ်သူ ဖောက်ခွဲပစ်လိုက်မည်ဆိုပါက သူတို့မှာ အသက်ရှင်နိုင်ခြေ အနည်းငယ်ခန့် ရှိပေသည်။ သို့သော် ကျောက်ဘီလူးကြီးမှာ သူတို့အား ဖမ်းမိသွားမည်ဆိုပါက သူတို့မှာ မည်သည့်နည်းနှင့်မှ အသက်ရှင်နိုင်တော့မည် မဟုတ်ပေ။
သို့သော် သူသည် အလွယ်တကူ လက်မလျှော့လိုသောကြောင့် သူ့ကိုယ်သူ မဖောက်ခွဲပစ်ခင် အရဲစွန့်ရန် ဆုံးဖြတ်လိုက်တော့သည်။ ထို့ကြောင့် သူသည် အသံကုန်အော်ဟစ်လိုက်၏။
" လူကြီးမင်းခဗျား။ ကျွန်တော့်ရဲ့ ဂိုဏ်းတူအစ်ကိုကြီးက အဆုံးမဲ့မျိုးနွယ်စုရဲ့ ပထမအဆင့် နတ်ဘုရင်ကြီး ချန်ရှင်းပါ။ ကျွန်တော်က သူ့ရဲ့ တစ်ဦးတည်းသော ဂိုဏ်းတူညီလေးပါ "