← Chapters

ခပ်ကင်းကင်းနေတာ အကောင်းဆုံးပဲ

Vol. 58 Ch. 800

ခပ်ကင်းကင်းနေတာ အကောင်းဆုံးပဲ

Vol. 58 Ch. 800

ဝမ်ပေါင်လဲ့မှာ အသံကုန်ထုတ်ကာ ထိုစကားလုံးများအား အော်ဟစ်လိုက်ခြင်းဖြစ်၏။ အကယ်၍ ထိုစကားလုံးများမှာ ကျောက်ဘီလူးကြီးအား‌ ခြောက်လှန့်နိုင်စွမ်းမရှိပါက သူသည် သေဆုံးသွားရတော့မည်ဖြစ်ကြောင်း ဝမ်ပေါင်လဲ့က ယုံကြည်နေသည်။

သူသည် သူ၏အော်သံကြီး တိုးနေမည်ကို စိုးရိမ်နေသောကြောင့် ထပ်၍ အော်ဟစ်လိုက်ပြန်သည်။

" ကျွန်တော့်ရဲ့ ဂိုဏ်းတူအစ်ကိုကြီး ချန်ရှင်းက အစွမ်းထက်ကျင့်ကြံသူတွေ အများကြီးကို သတ်ဖြတ်ခဲ့ဖူးတဲ့ ပြိုင်စံရှား ကျင့်ကြံသူတစ်ယောက်နော်။ သူက အဆုံးမဲ့မျိုးစု ကြယ်အဖွဲ့အစည်းထဲမှာ ဩဇာအာဏာ ကြီးမားတဲ့အပြင် စကြဝဠာကြီးထဲက နေရာတိုင်းမှာ ဘုရင်တစ်ပါးလို ဆက်ဆံခဲ့ရတဲ့ လူတစ်ယောက်ဆိုရင်လည်း မမှားဘူး "

" ကျွန်တော် ဒီနေ့ လူကြီးမင်းရဲ့ ပိုင်နက်ထဲ မှားဝင်လာမိခဲ့ပြီးတော့ လူကြီးမင်း အနားယူနေတာကို နှောင့်ယှက်မိခဲ့တာပါ။ ဒါပေမဲ့ ကျွန်တော် လူကြီးမင်းရဲ့ လက်အောက်ငယ်သားတွေထဲက ဘယ့်သူကိုမှ ထိခိုက်ဒဏ်ရာရအောင် မလုပ်ထားပါဘူး။ အဲတာကို ဘာလို့များ လူကြီးမင်းက အသေးအဖွဲကိစ္စလေး တစ်ခုအတွက်နဲ့ ကျွန်တော့်ကို အခက်တွေ့အောင် လုပ်နေရတာပါလဲ " ဝမ်ပေါင်လဲ့မှာ သူ၏ သူ၏ ပုံရိပ်ယောင်ပညာရပ်ထဲမှ စွမ်းအားများကို အတတ်နိုင်ဆုံး ထုတ်လွှတ်ရင်း ဆက်ပြောလိုက်၏။ ၎င်းမှာ သူ၏ ဂိုဏ်းတူအစ်ကိုကြီးကိုယ်တိုင် ဖန်တီးထားသည့် ပညာရပ်တစ်ခု မဟုတ်ပါလော။ သို့ဖြစ်ရာ ၎င်းမှာ ချန်ရှင်းနှင့် ဆက်နွယ်နေရမည် ဖြစ်သည်။

ထိုကဲ့သို့သော ဆက်နွယ်မှုမျိုးဖြင့် သူစကားများကို သက်သေပြနိုင်ပေသည်။ အကယ်၍ ကျောက်ဘီလူးကြီးသာ ဂြိုဟ်အဆင့်တွင်သာ ရှိနေမည်ဆိုပါက ဤနည်းလမ်းမှာ အလုပ်ဖြစ်လိမ့်မည်မဟုတ်ဟု ဝမ်ပေါင်လဲ့က တွေးနေမည်သာ ဖြစ်သည်။ ဂြိုဟ်အဆင့်တွင်သာ ရှိသေးသည့် လူတစ်ယောက်မှာ သူ၏ ဂိုဏ်းတူအစ်ကိုကြီးအား ကြုံဖူးမည် မဟုတ်ပေ။

သို့သော် ထာဝရကြယ်အဆင့် ကျင့်ကြံသူများမှာမူ လုံးဝမတူပေ။ အထူးသဖြင့် မျိုးနွယ်စုတစ်ခုလုံး၏ ခေါင်းဆောင်ကြီးကဲ့သို့သော လူများမှာဆိုလျှင် သူ၏ ဂိုဏ်းတူအစ်ကိုကြီးအကြောင်း သို့မဟုတ် သူ၏ ဂိုဏ်းတူအစ်ကိုကြီးနှင့် ပတ်သတ်သည့် ကောလာဟလများကို ကြားဖူးထားနိုင်ပေသည်။

ဝမ်ပေါင်လဲ့တစ်ယောက် ထိုသို့ အော်ဟစ်နေစဉ် မြည်းလေးမှာ သိုလှောင်လက်ကောက်ထဲ၌ သွေးပျက်လုမတတ် ထိတ်လန့်တုန်လှုပ်နေပြီ ဖြစ်သည်။ ဝူလေးမှာမူ စိတ်ထဲတွင်ကျိတ်၍ ငိုကြွေးနေ၏။ သူသည် ဝမ်ပေါင်လဲ့ ပြောနေသည့်စကားများကို လုံးဝမယုံပေ။ သို့သော်လည်း ထိုစကားများကြောင့် သူသည် မျှော်လင့်ချက် အနည်းငယ်ခန့် ပြန်လည်ရှင်သန်လာ၏။ ကျောက်ဘီလူးကြီး၏ စွမ်းအားများမှာ သူတို့ တောင့်ခံနိုင်စွမ်း မရှိလောက်အောင် အားကောင်းလွန်းနေသည် မဟုတ်ပါလော။

ဝမ်ပေါင်လဲ့နှင့် ဝူလေးတို့နှစ်ယောက်မှာ ကောင်းကင်ယံကြီးထဲရှိ ကျောက်ဘီလူးကြီး၏ လက်ဝါးကြီးအား မျက်တောင်မခတ်တန်း စိုက်ကြည့်နေကြ၏။ ၎င်းမှာ သူတို့ပေါ်သို့ ကျရောက်လာပြီး အရာအားလုံးအား ခြေမွှဖျက်ဆီးဖြစ်တော့မည် ဖြစ်သည်။ ထိုအချိန်တွင်... ထိုလက်ဝါးကြီးမှာ ရုတ်တရက်ဆိုသလို ရပ်တန့်သွား၏။

၎င်း၏ ရပ်တန့်သွားမှုကြောင့် လေပြင်းမုန်တိုင်းများ ပေါ်ပေါက်လာပြီး ဝမ်ပေါင်လဲ့ရှိနေသည့် ဓမ္မစစ်သင်္ဘောကြီးအား ဖြတ်တိုက်သွား၏။ ထို့ကြောင့် ၎င်းမှာ သိမ့်သိမ့်တုန်သွားပြီး အချိန်မရွေး ပေါက်ကွဲပျက်စီးသွားတော့မည့်ပုံ ပေါက်နေတော့သည်။ သို့သော် လက်ဝါးကြီးမှာ ၎င်းပေါ်သို့ ကျရောက်လာခြင်းမရှိပေ။ ထို့ကြောင့် ဓမ္မစစ်သင်္ဘောကြီးမှာလည်း အပြင်းအထန် တုန်ရီသွားရသည့်တိုင်အောင် ထိခိုက်ပျက်စီးသွားခြင်း မရှိပေ။

" အလုပ်ဖြစ်တယ်ဟ " ဝမ်ပေါင်လဲ့မှာ အသက်ရှူသံများ မြန်ဆန်လာပြီး စိတ်ဓာတ်များတက်ကြွသွား၏။ သူသည် ခေါင်းမော့ကြည့်လိုက်သောအခါ မျက်ဝန်းတစ်စုံအား အာရုံခံမိလိုက်၏။ ၎င်းမှာ ကျောက်ဘီလူးကြီး၏ မျက်ဝန်းများဖြစ်ပြီး သူတို့အား ငုံ့ကြည့်နေခြင်း ဖြစ်သည်။

ထို မျက်ဝန်းများထဲတွင် အရာအားလုံးကို ထိုးဖောက်မြင်နိုင်စွမ်း ရှိသည့်ပုံ ပေါ်သော စွမ်းအားတစ်မျိုး ကိန်းအောင်းနေ၏။ ၎င်းမှာ ဓမ္မစစ်သင်္ဘောကြီးနှင့် ဝမ်ပေါင်လဲ့၏ နတ်ဘုရား တရားမျှတမှုဒိုင်းကာများကိုသာမက အကာအရံများကိုပါ ဂရုစိုက်နေခြင်းမရှိဘဲ ၎င်းတို့အား ထိုးဖောက်သွားပြီး ၎င်းတို့ အမြုတေများကို မြင်နိုင်စွမ်း ရှိနေသည်။ ထို့အပြင် ၎င်းမှာ ဝူလေးကိုလည်း အကဲခတ်ကြည့်ရှုလိုက်သေးသည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ စိုးထိတ်သွားရ၏။ သူသည် ညာလက်သီးပေါ် ဘယ်လက်ဝါးတင်၍ ရိုသေလေးစားမှု အပြည့်ရှိသည့် ပုံစံပေါက်အောင် အ‌တတ်နိုင်ဆုံး ကြိုးစားနေလိုက်သည်။

ဝူလေးမှာလည်း သူ့နည်းတူပင် လိုက်လုပ်ကာ ကြောက်ရွံ့တုန်လှုပ်နေသည့် အမူအရာဖြင့် ခေါင်းငုံ့ထား၏။

စွမ်းအားများ ကိန်းအောင်းနေသည့် ထိုမျက်ဝန်းကြီးများမှာ သူတို့အား အကြိမ်အနည်းငယ်ခန့် ထပ်၍ အကဲခတ် ကြည့်ရှုလိုက်ပြီးနောက် ပျောက်ကွယ်သွား၏။ ၎င်းနှင့်အတူ စောစောတုန်းက သူတို့ဆီသို့ ဦးတည်လာနေခဲ့သည့် လက်ဝါးကြီးမှာလည်း နောက်သို့ပြန်၍ ဆုတ်ခွာသွားသည်။

ထိုအခါ ဝမ်ပေါင်လဲ့မှာ ထိုဧရာမလက်ကြီး သူတို့၏ အဝေးသို့ ဆုတ်ခွာသွားသည်ကို ကြည့်ရင်း စိတ်ဓာတ်များတက်ကြွသွား၏။ သူသည် သေဘေးမှ သီသီကလေး လွတ်လာခဲ့ခြင်းဖြစ်ကြောင်း ခံစားနေရသည်။ ထို့အပြင် သူသည် သူ၏ ဂိုဏ်းတူအစ်ကိုကြီးမှာ မည်မျှအထိ အထင်ကြီးအံ့သြဖွယ်ရာ ကောင်းနေကြောင်းကိုလည်း သိရှိသွားတော့သည်။ သူ၏ ဂိုဏ်းတူအစ်ကိုကြီး၏ နာမည်ကြောင့် သူ မည်သည့်နေရာသို့ ရောက်နေရောက်နေ အခြားကျင့်ကြံသူမှာ သူ့အား အတိုင်းအတာတစ်ခုအထိ လေးစားသမှုဖြင့် ဆက်ဆံနေကြရမည်သာ ဖြစ်သည်။ သို့သော် သူသည် သူ၏ ဂိုဏ်းတူအစ်ကိုကြီးအား အမြဲတမ်း အားကိုးနေ၍ မဖြစ်ပေ။ အကယ်၍ သူ၏ဂိုဏ်းတူအစ်ကိုကြီး၏ ရန်သူများနှင့်သာ ကြုံတွေ့လိုက်ရမည်ဆိုပါက သူသည် သေချာပေါက် အသက်ပျောက်သွားရမည်သာ ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ အသက်ပြင်းပြင်းရှူ၍ ခေါင်းမော့ကြည့်လိုက်ပြီးနောက် ဆိုလိုက်တော့သည် " ကျေးဇူးအများကြီးတင်ပါတယ် လူကြီးမင်း "

" သွားတော့ " ဝမ်ပေါင်လဲ့၏ စကားသံ အာကာသထဲ၌ ပဲ့တင်ထပ်သွားစဉ် ဝမ်ပေါင်လဲ့နှင့် ဝူလေးတို့၏ အသိစိတ်များထဲ၌ စကားသံကြီးတစ်သံ ထွက်ပေါ်လာ၏။

ထို စကားသံကြီးအား ကျောက်ဘီလူးကြီး၏ နတ်ဘုရားအသိစိတ်မှတစ်ဆင့် ထုတ်လွှတ်လိုက်ခြင်းဖြစ်၏။ သူတို့ အသုံးပြုသည့် ဘာသာစကားများမှာ မတူကြသည့်တိုင်အောင် ထိုစကားလုံးများမှာ သူတို့၏ ဝိညာဉ်များပေါ်၌ စွဲကျန်ရစ်သွား၏။ ၎င်းတို့ကြောင့် ဝမ်ပေါင်လဲ့မှာ တစ်ခေါင်းလုံး နာကျင်ကိုက်ခဲသွားရသည်။ အကယ်၍ ကျောက်ဘီလူးကြီးသာ စကားဆက်ပြောနေမည်ဆိုပါက သူသည် ဆက်လက်တောင့်ခံနိုင်စွမ်း ရှိတော့မည်မဟုတ်ပေ။

သူတို့နှစ်ယောက်၏ ကြားမှ ကျင့်ကြံခြင်းအဆင့် ခြားနားချက်များကြောင့် ဝမ်ပေါင်လဲ့မှာ အစွမ်းထက်သူများနှင့် အားနည်းသူများ၏ ကြားမှ ခြားနားချက်အား နောက်ထပ်တစ်ကြိမ်ထပ်၍ နားလည်သွားတော့သည်။ သူ၏ နေရာတွင် ရှိနေသည့် မည်သူမဆို ကျောက်ဘီလူးကြီး သူတို့အား လွှတ်ပေးရန် ဆုံးဖြတ်ခဲ့သည့် အချက်အား ပြန်၍ နောင်တရသွားမည်ကို စိုးရိမ်သဖြင့် ဤ ကြယ်စင်စုကြီးထဲမှ ချက်ချင်း ထွက်ခွာသွားကြမည်သာဖြစ်သည်။

ဝူလေးမှာလည်း ထိုကဲ့သို့ တွေးနေ၏။ သူသည် သေဘေးမှ လွတ်မြောက်လာခဲ့သည်ဖြစ်ရာ လက်ရှိတွင် ဤနေရာကြီးမှ အမြန်ဆုံးထွက်ခွာသွားလိုသည့် အတွေးများသာ သူ၏ခေါင်းထဲ၌ ရှိနေသည်။

သို့သော် ဝမ်ပေါင်လဲ့မှာ သာမန်လူများနှင့် မတူပေ။ သူသည် တစ်ခေါင်းလုံးထူပူသွားအောင် စဉ်းစားတွေးတောကာ လက်ရှိအခြေအနေကြီးအား အကဲဖြတ်သုံးသပ်လိုက်၏။ ကျောက်တုံးခေါင်းဆောင်ကြီးမှာ သူ၏ ဂိုဏ်းတူအစ်ကိုကြီးအကြောင်း သိထားရမည်ဖြစ်ကြောင်း သူက ယုံကြည်နေသည်။ ကျောက်တုံးခေါင်းဆောင်ကြီးမှာ ဝမ်ပေါင်လဲ့အား ယဇ်ပူဇော်ရန် အဆင်သင့် ဖြစ်နေခဲ့သည့်တိုင်အောင် သူ၏ ဂိုဏ်းတူအစ်ကိုကြီး၏ နာမည်အား ကြားလိုက်ရပြီးနောက် သူ့အား လွှတ်ပေးရန် ဆုံးဖြတ်လိုက်သည် မဟုတ်ပါလော။

ထို့ကြောင့် ကျောက်တုံးခေါင်းဆောင်ကြီးမှာ သူ၏ ဂိုဏ်းတူအစ်ကိုကြီးအား လူချင်း မရင်းနှီးပါသော်လည်း သူ၏ ဂုဏ်သတင်းများကို ကြားဖူးထားရခြင်း ဖြစ်ရပေမည်။ သူသည် အသေးအဖွဲ ကိစ္စလေးတစ်ခုကြောင့် သူ၏ ဂိုဏ်းတူအစ်ကိုကြီး၏ ရန်သူအဖြစ်သို့ ရောက်ရှိသွားမည်ကို မလိုလားပေ။

" ငါ ချန်ရှင်းရဲ့ နာမည်ကို ထုတ်ပြောနိုင်လို့ အခုလို ဖြစ်သွားတာပဲ။ ကျောက်တုံးခေါင်းဆောင်ကြီးက စဉ်းစားဆင်ခြင်ဉာဏ်ရှိတဲ့ လူတစ်ယောက်ပဲကွ။ သူ ဆိုလိုချင်တဲ့ အဓိပ္ပါယ်ကို ငါ နားလည်တယ်။ သူက ငါ ပြောခဲ့တဲ့စကားတွေ တကယ်ဟုတ်မဟုတ်ကို လုံးဝ ဂရုမစိုက်ဘူး။ သူ့ကို အနှောင့်အယှက် မပေးဖို့ပဲ ပြောနေတာ " ဝမ်ပေါင်လဲ့မှာ အခြေအနေတစ်ခုလုံးအား သုံးသပ်လိုက်ပြီးနောက် ကောက်ချက်ချလိုက်၏။

" ကျောက်တုံးခေါင်းဆောင်ကြီးက ငါ့ရဲ့ ဂိုဏ်းတူအစ်ကိုကြီးကို ကြောက်လို့ ပြဿနာအရှာမခံချင်တာပဲ ဖြစ်ရမယ်။ အဲတာဆိုရင်... " ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများ အရောင်လက်သွားပြီး ရင်ခုန်နှုန်းများ မြန်ဆန်လာတော့သည်။ သူသည် သူ၏ စိတ်ထဲတွင် ‌တွေးနေသည့်အတိုင်း လုပ်သင့် မလုပ်သင့် စဉ်းစားနေ၏။ အကယ်၍ သူသည် ထိုသို့ မလုပ်ခဲ့ပါက နောင်တရနေရမည်သာ ဖြစ်သည်။ သူသည် သူ၏ ဂိုဏ်းတူအစ်ကိုကြီး၏ နာမည်အား ထုတ်ပြောပြီးသွားပြီဖြစ်ရာ ထိုအချက်အား အကျိုးရှိရှိ အသုံးချသင့်ပေသည်။

ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးလိုက်ပြီးနောက် ခေါင်းမော့လာပြီး သူ၏ နတ်ဘုရားအာရုံအား အာကာသထဲသို့ ထုတ်လွှတ်လိုက်တော့သည်။

" လူကြီးမင်းခဗျား။ ကျွန်တော်တို့က အဝေးကြီးကနေ ဒီနေရာကို ရောက်အောင်လာခဲ့ရတာပါ။ အဲတာမလို့... ကျွန်တော်တို့တွေ အိမ်အပြန်လက်ဆောင်အနေနဲ့ ကျောက်တုံးဝါးပင်လေးတွေ နည်းနည်းလောက် ယူသွားလို့ရမလား "

ဝူလေးမှာ ဝမ်ပေါင်လဲ့၏ စကားများကိုကြားလိုက်ရသောအခါ မျက်လုံးများ ပြူးသွားရ၏။ ထို့နောက် သူသည် မယုံကြည်နိုင်လောက်အောင် ဖြစ်နေသည့် မျက်ဝန်းများဖြင့် ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေတိုက်တော့သည်။ မကြာသေးမီတုန်းကမှ ပျောက်ကွယ်သွားခဲ့သည့် စိုးရိမ်စိတ်များမှာ သူ၏ နှလုံးသားထဲ၌ ပြန်လည်ပေါ်ပေါက်လာ၏။ အကယ်၍ သူသည် ဝမ်ပေါင်လဲ့အား အပြစ်လုပ်မိသလို ဖြစ်သွားမည်ကို စိုးရိမ်နေခြင်းသာ မရှိပါက သူ့အား ပေါ်ပေါ်ထင်ထင် ကျိန်ဆဲနေလောက်ပြီ ဖြစ်သည်။

ဝူလေး၏ အမြင်တွင် ဝမ်ပေါင်လဲ့၏ တောင်းဆိုမှုမှာ လုံးဝ အဓိပ္ပါယ်မရှိပေ။ သူသည် ကံစမ်းနေခြင်းသာ ဖြစ်သည်ဟု သူက ခံစားနေရ၏။

" ဘုရား ဘုရား။ ဒီကောင် ကျောက်တုံးခေါင်းဆောင်ကြီး သူ့ကို လက်ဝါးတစ်ချက်ထဲနဲ့ ကိစ္စတုံးပစ်မှာကို မကြောက်ဘူးလား မသိပါဘူးကွာ " ဝူလေးမှာ ရင်ခုန်နှုန်းများ မြန်ဆန်လာရပြီဖြစ်သည်။ သူသည် ဝမ်ပေါင်လဲ့အား အသနားခံသည့် မျက်ဝန်းများဖြင့် စိုက်ကြည့်ကာ သူ့အား ယခုလို သွေးတိုးစမ်းမနေတော့ဘဲ ထွက်ပြေးရန် မျက်ရိပ်မျက်ခြည် ပြနေလိုက်တော့သည်...

သို့သော် ခဏအကြာတွင် ဝူလေးမှာ ဘဝသင်ခန်းစာတစ်ခု ရရှိသွား၏။ ၎င်းမှာ " ကြောက်လျှင်လာဘ်လွဲ၊ ရဲလျှင်လာဘ်ရ" ဟူသည့် သင်ခန်းစာပင် ဖြစ်သည်။

ကျောက်တုံးခေါင်းဆောင်ကြီးမှာ ဝမ်ပေါင်လဲ့၏ တောင်းဆိုချက်အား ကြားလိုက်ရပြီးနောက် ငြိမ်ကျသွား၏။ ထို့နောက် သူသည် တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ရီနေသည့် ဝူလေးအား လှမ်းကြည့်လိုက်သည်။ ဝမ်ပေါင်လဲ့မှာမူ အလွန်အင်မတန်မှ စိုးရိမ်တုန်လှုပ်နေပါသော်လည်း ထူးဆန်းစွာဖြင့် ယုံကြည်မှုအပြည့် ရှိနေသည့်ပုံလည်း ပေါက်နေသည်။ အကယ်၍ ကျောက်တုံးခေါင်းဆောင်ကြီးမှာ သူ၏ တောင်းဆိုချက်အား ငြင်းဆန်လိုက်မည်ဆိုပါက ဝမ်ပေါင်လဲ့မှာ အဆိုးဆုံးအနေနှင့် ဤနေရာမှ ထွက်ခွာသွားရန် နောက်ထပ်တစ်ကြိမ် ထပ်၍ သတိပေးခံရမည်သာဖြစ်ကြောင်း ယုံကြည်နေ၏။

သို့သော် ကျောက်တုံးခေါင်းဆောင်ကြီးသာ သူ၏ တောင်းဆိုချက်အား လက်ခံလိုက်မည်ဆိုပါက သူသည် အောင်ဘာလေထီဆုကြီး ပေါက်သွားသကဲ့သို့ ဖြစ်သွားမည် မဟုတ်ပါလော။

နောက်ဆုံးတွင် ကျောက်တုံးခေါင်းဆောင်ကြီးမှာ သူတို့အား အကဲခတ်ကြည့်ရှုလိုက်ပြီးနောက် ဝမ်ပေါင်လဲ့၏ အသိစိတ်ထဲ၌ နှာမှုတ်သံတစ်သံ ထွက်ပေါ်လာ၏။ ထို့နောက် ဧရာမ ကျောက်ဘီလူးကြီးမှာ ၎င်း၏ ညာဘက်လက်ကို မြှောက်ကာ ဝှေ့ယမ်းလိုက်တော့သည်။ ထိုအခါ ‌ကျောက်တုံးဝါးပင် သုံးပင်မှာ အမြစ်မှ ပြုတ်ထွက်လာပြီး ဝမ်ပေါင်လဲ့ဆီသို့ ဦးတည်ပျံသန်းလာ၏။

ဝူလေးမှာ ထိုမြင်ကွင်းအား မြင်လိုက်ရသောအခါ မျက်လုံးများ ကျွတ်ထွက်လာလုမတတ် ဖြစ်သွားရ၏။ ထို့နောက် သူသည် အံ့ဩမှင်တက်ကာ မယုံကြည်နိုင်လောက်အောင်ဖြစ်နေသည့် မျက်ဝန်းများဖြင့် ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေမိတော့သည်။ ဝမ်ပေါင်လဲ့မှာမူ အလွန်အင်မတန်မှ စိတ်လှုပ်ရှားနေရပြီ ဖြစ်ပါသော်လည်း အပေါ်ယံတွင် ဣန္ဒြေအပြည့်ရှိသည့်ပုံစံ ဟန်ဆောင်နေ၏။ သူသည် သူ၏ ကျိုင်းကောင်ကြီးအား ထိန်းချုပ်ကာ ကျောက်တုံးဝါးပင်များအား လှမ်းဖမ်းလိုက်ပြီးနောက် ညာလက်သီးပေါ် ဘယ်လက်ဝါးတင်၍ ကျောက်တုံးခေါင်းဆောင်ကြီးအား ဦးညွှတ်အရိုအသေပေးလိုက်တော့သည်။

" ကျေးဇူးအများကြီးတင်ပါတယ်၊ လူကြီးမင်းခဗျား။ ကျွန်တော်မျိုး အခုပဲ ထွက်သွားပါ့မယ် " ဝမ်ပေါင်လဲ့မှာ ထပ်၍ ကံမစမ်းရန် ဆုံးဖြတ်လိုက်၏။ ထို့နောက် သူသည် ကျိုင်းကောင်ကြီးအား ထိန်းချုပ်ကာ နောက်သို့လှည့်သွားလိုက်ပြီး အရှိန်မြှင့်တင်၍ ကျောက်ဘီလူးကြီးများ၏ ကြယ်စင်စုထဲမှ ထွက်ခွာသွားလိုက်တော့သည်။

ဝမ်ပေါင်လဲ့မှာ အန္တရာယ်နှင့်ဝေးရာသို့ ရောက်သွားသောအခါ မြည်းလေးအား အပြင်သို့ ပြန်ထုတ်ပေးလိုက်၏။ ဝူ‌လေးမှာမူ ဝမ်ပေါင်လဲ့အား လေးစားကြည်ညိုသည့် မျက်ဝန်းများဖြင့် စိုက်ကြည့်နေပြီးဖြစ်သည်။ သူသည် ဝမ်ပေါင်လဲ့ သူ၏ ဂိုဏ်းတူအစ်ကိုကြီးအကြောင်း ပြောခဲ့သည့် စကားများကို လုံးဝ ယုံကြည်မှုမရှိပေ။ သို့သော်ငြားလည်း ဝမ်ပေါင်လဲ့မှာ သေရေးရှင်ရေး အခိုက်တန့်တွင် ထိုကဲ့သို့သော လုပ်ကြံဇာတ်လမ်းတစ်ခုကို ဖန်တီးနိုင်ခဲ့ရုံသာမက အဖိုးတန်ပစ္စည်းများကိုပါ အိမ်ပြန်လက်ဆောင်ပစ္စည်းအဖြစ် တောင်းဆိုနိုင်ခဲ့သည် မဟုတ်ပါလော။ သို့ဖြစ်ရာ သူသည် ဝမ်ပေါင်လဲ့၏ ရဲစွမ်းသတ္တိအား အသိအမှတ် ပြုရပေမည်။

ဝမ်ပေါင်လဲ့မှာ ခေါင်းမော့လာပြီးနောက် ဝူလေး၏ အကြည့်များကို လျစ်လျူရှုထားလိုက်၏။ သူသည် အပေါ်ယံတွင် တည်ကြည်မှုအပြည့် ရှိနေသည့်တိုင်အောင် စိတ်ထဲတွင်ကျိတ်၍ ကျေနပ်အားရနေပြီ ဖြစ်သည်။

" ဂိုဏ်းတူအစ်ကိုကြီးရဲ့ နာမည်က တော်တော်လေးကို အသုံးဝင်တာပဲကွ " ဝမ်ပေါင်လဲ့မှာ အူမြူးနေ၏။ ဝူလေးတစ်ယောက် သူ့အား လေးစားမှုအပြည့်ဖြင့် စိုက်ကြည့်နေစဉ်မှာပင် ဝမ်ပေါင်လဲ့မှာ သူ၏လက်အား ဝှေ့ယမ်းလိုက်ပြီး ကျိုင်းကောင်ကြီးအား အဝေးသို့ အရှိန်အဟုန်ပြင်းစွာ ပျံသန်းသွားစေလိုက်တော့သည်။

သူတို့ ကျောက်ဘီလူးကြီးများရှိရာ ကြယ်စင်စုကြီး၏ အဝေးသို့ ပျံသန်းထွက်ခွာသွားကြစဉ် ကျောက်တုံးခေါင်းဆောင်ကြီးမှာ ထာဝရကြယ်ကြီး၏ ဘေး၌ မလှုပ်မယှက်ရပ်ကာ အဝေးရှိ ကြယ်တာရာများအား လှမ်းကြည့်နေ၏။ သူသည် ဝမ်ပေါင်လဲ့၏ ကျိုင်းကောင်ကြီး ထွက်ခွာသွားသည့် လမ်းကြောင်းအား မှတ်သားနေသည့်ပုံပင်။ ထို့အပြင် သူသည် အတွေးများထဲ၌ နစ်မျောနေသည့်ပုံလည်း ပေါက်နေသည်။

သူ၏ ‌ဘေးတွင်မူ မကြာသေးမီတုန်းက ဝမ်ပေါင်လဲ့အား လိုက်လံဖမ်းဆီးနေခဲ့သည့် ထာဝရဝိညာဉ်အဆင့် ကျောက်ဘီလူးကြီး အကောင်နှစ်ဆယ်ကျော် ရှိနေကြသည်။ ၎င်းတို့၏ မျက်နှာများပေါ်တွင် မကျေမချမ်းဖြစ်နေသည့် အမူအရာများနှင့် ဒေါသစိတ်များကို ခပ်ရေးရေးခန့် မြင်နိုင်ပေသည်။ ဂြိုဟ်ကြီးလေးလုံးပေါ်ရှိ အခြားမျိုးနွယ်စုဝင်များမှာလည်း ထိုနည်းတူပင်။

သူတို့၏ အမြင်တွင် သူတို့၏ ကြယ်စင်စုထဲသို့ ကျူးကျော်ဝင်ရောက်လာပြီး သူတို့၏ ကျောက်တုံးဝါးပင်များကို ခိုးယူရန် ကြိုးစားသည့် လူတိုင်းမှာ သူတို့မျိုးနွယ်စု၏ ရန်သူများဖြစ်ပေသည်။ သူတို့မှာ ထိုကဲ့သို့သောရန်သူများကို ဖမ်းဆီးကာ ယဇ်ပူဇော်သည့် အလေ့အ‌ထ ရှိကြ၏။ ယခုတွင်မူ ကျောက်တုံးခေါင်းဆောင်ကြီးမှာ နှစ်ပေါင်းများစွာအတွင်းတွင် ပထမဆုံး အကြိမ်အဖြစ် လူတစ်ယောက်အား လွှတ်ပေးလိုက်ခြင်းဖြစ်၏။

ထိုမျှလောက်တင် မဟုတ်သေးပေ။ သူသည် သူတို့၏ မျိုးနွယ်စု ပင်ပန်းဆင်းရဲကြီးစွာ ကြိုးစားအားထုတ်၍ ပြုစုပျိုးထောင်ခဲ့ရသည့် ကျောက်တုံးဝါးပင် သုံးပင်ကိုပါ ပေးပစ်ခဲ့သေးသည် မဟုတ်ပါလော။ အကယ်၍ သူတို့၏ရန်သူ တူးထုတ်သွားခဲ့သည့် ဝါးပင်ကိုပါ ထည့်တွက်လိုက်မည်ဆိုပါက သူတို့မှာ ဝါးပင်လေးပင်တိတိ ဆုံးရှုံးသွားခဲ့ရခြင်း ဖြစ်ပေသည်။ ၎င်းမှာ သူတို့၏ မျိုးနွယ်စုအတွက် အလွန်အင်မတန်မှ ကြီးမားသော ထိခိုက်နစ်နာဆုံးရှုံးမှုကြီးတစ်ခု ဖြစ်၏။

ကျောက်တုံးခေါင်းဆောင်ကြီးမှာ သူ၏ လက်အောက်ငယ်သားများ အမျက်ချောင်းချောင်း ထွက်နေကြသည်ကို အာရုံခံမိနေ၏။ ထို့ကြောင့် သူ တစ်ခဏမျှ နှုတ်ဆိတ်သွားပြီးနောက် သူ၏ နတ်ဘုရားအာရုံမှာ ကျောက်ဘီလူးတိုင်း၏ အသိစိတ်ထဲ၌ ပဲ့တင်ထပ်သွားတော့သည်။

" အဲဒီကောင်လေးနဲ့ သူ့ရဲ့ကြွားလုံးတွေက ဘာမှ မဟုတ်ပါဘူး။ ဒဏ္ဍာရီလာ ချန်ရှင်းက သူ့ရဲ့ဂိုဏ်းတူအစ်ကိုကြီးပါဆိုတဲ့ စကားကို ငါက ယုံစရာ ဘာအကြောင်းရှိလို့လဲ။ ဒါပေမဲ့... သူ့ဘေးမှာ ရပ်နေတဲ့ကောင်လေးရဲ့ အငွေ့အသက်တွေအရဆိုရင် အဲဒီကောင်လေးက မြေနက်အင်ပါယာရဲ့ အမွေခံအစစ်အမှန် တစ်ယောက်ပဲ။ ငါ အရင်တုန်းက အဲလို ‌အငွေ့အသက်မျိုးနဲ့ ကြုံဖူးတယ်။ အဲတာမလို့ ငါ မှားစရာအကြောင်း လုံးဝ မရှိဘူး။ မြေနက်အင်ပါယာက အဆုံးမဲ့မျိုးနွယ်စုရဲ့ လက်အောက်ကနေ လွတ်မြောက်နိုင်အောင် ကြိုးစားနေတာ။ ဒီလို အရူးကောင်‌တွေနဲ့ ခပ်ကင်းကင်းနေတာ အကောင်းဆုံးပဲ "

All Chapters