ကျုပ် က သိပ်သည်းခံတတ်တာ မဟုတ်ဘူး
Vol. 51 Ch. 709
မိုဝူကျိက ခန္ဓာကိုယ်နှင့် အသိစိတ်ပင်လယ်တို့မှ နာကျင်မှုကို တောင့်ခံရင်းဖြင့် နတ်ဘုရား ရုပ်ခန္ဓာ အဆင့် ၄ မှ အဆင့် ၅ သို့ ရောက်ရှိသွားတော့သည်။ သူက နတ်ဘုရား ရုပ်ခန္ဓာ အဆင့် ၅ ရောက်ရှိသွားသည့်အခါ မိုဝူကျိက သူ့ဒဏ်ရာများ ပြန်ကောင်းလာဖို့ရာ ကုသဆေးလုံး သောက်ဖို့ရာပင် မလိုတော့ချေ။
သူ့ဒဏ်ရာများက ဖြည်းဖြည်းချင်း ပျောက်ကင်းသွားကာ ကျင့်ကြံဆင့်မှာလည်း စတင်၍ အရှိန်အဟုန်ဖြင့် မြင့်တက်နေသည်။
တာအိုကို ကျင့်ကြံခြင်းမှာ ကြီးမြတ်သည့် ပြီးပြည့်စုံခြင်း တစ်ခု ဖြစ်ပြီး ပြစ်ချက်တို့၊ လစ်ဟာချက်တို့ မရှိနိုင်ပေ။ ဒဏ်ရာရ ခန္ဓာကိုယ်မှာ အပြစ် အနာအဆာရှိသည့် ခန္ဓာကိုယ်တစ်ခု ဖြစ်ကာ အင်မော်တယ် ဝိညာဉ်စွမ်းအားများကို မည်မျှ စုပ်ယူစေကာမူ အောင်မြင်မှုအပေါ်တွင် ကန့်သတ်ချက် ရှိနေပေဦးမည် ဖြစ်၏။
ဓားစွမ်းအင်မြစ်အတွင်းမှ အင်မော်တယ် ဝိညာဉ်စွမ်းအားများမှာ သိပ်သည်းလွန်းသည့်အတွက် ချဲ့ကားပြောသည်နှင့်ပင် တူနေသေး၏။ မိုဝူကျိ၏ ချီသွေးကြော ၁၀၈ ခုလုံးမှာ ဆက်တိုက် လှည့်ပတ်နေပြီး အဓိက ပတ်လမ်း တစ်ခုကို ဖြစ်ပေါ်စေထားသည်။ သူ့လက်ရှိ စုပ်ယူနှုန်းမှာ ကြောက်မက်ဖွယ် ကောင်းလှသည်။
ဤသို့ဆိုလျှင်ပင် သူ့တိုးတက်နှုန်းမှာ အင်မတန် နှေးကွေးနေဆဲ ဖြစ်၏။ ပြောရမည်ဆိုလျှင် တဝက်မျှသာ ရှိတော့သည်။ သူ့ခန္ဓာကိုယ်မှာ ဒဏ်ရာရထားသောကြောင့် ပြစ်ချက်ရှိသည့် ခန္ဓာကိုယ် တစ်ခု ဖြစ်နေကာ မိုဝူကျိ၏ ကျင့်စဉ်က အင်မော်တယ် မော်တယ် ကျင့်စဉ်ကို မွမ်းမံပြုပြင်ထားခြင်း ဖြစ်သော်လည်း မိုးမြေ တာအိုစည်းမျည်းအပေါ် အခြေခံထားရသေး၏။ အကယ်၍ သူက ထိုစည်းမျည်းများကို မကျော်ဖြတ်နိုင်လျှင် အနာအဆာ ရှိသည့် ခန္ဓာကိုယ်ဖြင့် တက်လှမ်းဖို့ရာ မဖြစ်နိုင်ပေ။
ထို့အပြင် သူက ကျင့်ကြံသူအများစုနှင့် ကွဲပြားပေ၏။ ကျင့်ကြံသူ အများစုကား သူတို့ ခန္ဓာကိုယ် ဒဏ်ရာ ရသွားလျှင်ပင် ကမ္ဘာဦး စိတ်ဝိညာဉ် ရှိကြသေး၏။ သို့သော်လည်း မိုဝူကျိက ကမ္ဘာဦး စိတ်ဝိညာဉ် မရှိသည့် တည်ရှိမှုမျိုး ဖြစ်နေသည်။
မိုဝူကျိ၏ ရုပ်ခန္ဓာအဆင့်က နတ်ဘုရား ရုပ်ခန္ဓာအဆင့် ၅ သို့ ရောက်ရှိသွားသည့်အခါ သူ့ခန္ဓာကိုယ်မှာ ပြန်လည် ကောင်းမွန်လာသောကြောင့် သူ့ကျင့်ကြံနှုန်းလည်း တိုးမြင့်လာသည်။ ထိုစဉ် သိပ်သည်းကြွယ်ဝလှသော အင်မော်တယ် ဝိညာဉ်စွမ်းအားများက သူ့ကိုယ်ပိုင် အင်မော်တယ် သဘာဝ စွမ်းအားအဖြစ် ပြောင်းလဲသွားတော့သည်။
နှစ်ဝက်တာ ကုန်ဆုံးသွားလေ၏။ မိုဝူကျိက နတ်ဘုရား ရုပ်ခန္ဓာ အဆင့် ၆ သို့ ရောက်ရှိနေပြီး သူ့ကျင့်ကြံဆင့်မှာလည်း မဟာလော့ရှန်း နောက်ပိုင်းအဆင့်သို့ ရောက်ရှိနေလေပြီ။
……………….
မိုဝူကျိ အာရုံစိုက်ကာ ထိုင်နေသည့် မနီးမဝေးနေရာတွင် ပိန်ပါးပါး အမျိုသား တစ်ယောက်က အမူအယာ ခါးသက်သက်ဖြင့် မိုဝူကျိအား စိုက်ကြည့်နေသည်။ ထိုအမျိုးသားမှာ မိုဝူကျိကြောင့် ဒဏ်ရာအပြင်းအထန် ရရှိသွားသည့် ပိုင်ယဲ့ ဖြစ်ပေ၏။
ဤတစ်ချိန်လုံး ပိုင်ယဲ့က သူ့အင်အား တစ်ဝက်မျှ ပြန်ကောင်းလာရုံမျှသာ ဖြစ်ပြီး ယခင် အခြေအနေသို့ ပြန်ရောက်ရန် အလှမ်းကွာနေသေး၏။ သို့သော်လည်း အကယ်၍ မိုဝူကျိကို ရှင်းထုတ်လိုလျှင် သူ့လက်ရှိ အနေအထားမှာ လုံလောက်ကြောင်း ယုံကြည်မိသည်။
သူက မိုဝူကျိ၏ ကန္တာရအထိ မသွားရဲပေ။ မိုဝူကျိ၏ သတ်ဖြတ်ရေး အစီအရင်မှာ သူ့အား အံ့အားသင့်လောက်စရာကို ပေးစွမ်းခဲ့ပေ၏။ သူ့အနေနှင့် မိုဝူကျိအား သတ်လိုလျှင် မိုဝူကျိ၏ ပိုင်နက်အတွင်း မလုပ်ရဲပေ။ သို့သော်လည်း ဓားအကျဉ်းထောင်ထဲအတွင်း တခြားနေရာဆိုပါက သူ့အနေနှင့် မိုဝူကျိအား အပြီးသတ်နိုင်လိမ့်မည် ဖြစ်ကြောင်း ယုံကြည်ချက် အပြည့် ရှိပေသည်။
သို့သော် ထိုစဉ် သူက ကြောင်အမ်းကာ ရပ်နေမိဆဲ ဖြစ်၏။ သူက မိုဝူကျိ၏ ခြေထောက်တို့မှာ ဓားစွမ်းအင်မြစ်ထဲ ဆင်းလိုက်ပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။
ပိုင်ယဲ့က ဓားစွမ်းအင်မြစ် မည်မျှ ကြောက်မက်ဖို့ ကောင်းကြောင်း ကောင်းကောင်း သိပေသည်။ ခြေနှစ်ဖက်လုံး မြစ်ရေထဲ ဆင်းဖို့ရာ မဆိုထားနှင့် သူ့လက်ရှိအနေအထားဖြင့် ရေနှင့် ထိတွေ့မိပြီး ပြန်ရုတ်လိုက်ခြင်းကပင် ဒဏ်ရာအပြင်းအထန် ရသွားနိုင်သည်။
ဖြစ်နိုင်တာက …..
ပိုင်ယဲ့က လေအေးများ မှုတ်ထုတ်လိုက်လေ၏။ သူက တစ်ခုကို ချက်ချင်း နားလည်လိုက်သည်။ သူက အဆင့် အတိအကျကို မပြောတတ်သော်လည်း မိုဝူကျိက နတ်ဘုရား ရုပ်ခန္ဓာအဆင့်သို့ သေချာပေါက် ရောက်ရှိနေလေပြီ။
ထို့နောက် ပိုင်ယဲ့က ချက်ချင်း ပျော်ရွင်သွားလေ၏။ မိုဝူကျိ၏ ရုပ်ခန္ဓာအဆင့်မှာ သူ့ထက် များစွာ အားကောင်းပေ၏။ ရှေးမှတ်တမ်းတွေအရ အားအကောင်းဆုံး ရုပ်ခန္ဓာ ကျင့်စဉ်မှာ စုန်းမျိုးနွယ် ပိုင်ဆိုင်ခဲ့ခြင်း ဖြစ်သည်။ မိုဝူကျိ၏ ကျင့်ကြံဆင့်မှာ သိပ်မမြင့်သော်လည်း အချိန်တိုလေးအတွင်း နတ်ဘုရား ရုပ်ခန္ဓာအဆင့်သို့ ရောက်ရှိနေလေပြီ ဖြစ်၏။ သူက စုန်းမျိုးနွယ်၏ ရုပ်ခန္ဓာကျင့်စဉ်ကို လေ့ကျင့်နေခြင်းသာ ဖြစ်ရမည်။
အကယ်၍ သူက မိုဝူကျိဆီမှ ထိုကျင့်စဉ်ကို အရယူနိုင်လျှင် ဘယ်လောက်တောင် ကောင်းလိုက်မည်နည်း။ အချိန်တိုလေးအတွင်း သူလည်း နတ်ဘုရား ရုပ်ခန္ဓာအဆင့်သို့ ရောက်ရှိလာလိမ့်မည်။
သူကို နတ်ဘုရား ရုပ်ခန္ဓာအဆင့် အထိ တက်လှမ်းနိုင်သည့် ရတနာ ရှိနေမည် ဆိုလျှင် မိုဝူကျိထက် သာသွားပေလိမ့်မည်။ နတ်ဘုရား ရုပ်ခန္ဓာကား ကောင်းကင်ဘုံမှ ကောင်းချီး တစ်မျိုးသာ ဖြစ်၏။
သူက နတ်ဘုရား ရုပ်ခန္ဓာအဆင့်သို့ တက်လှမ်းသွားလိုက်သည်နှင့် ဓားစွမ်းအင်မြစ် ဖြစ်စေ၊ ဓားစွမ်းအင် ဝဲကတော့ဖြစ်စေ သွားရောက် စစ်ဆေးကြည့်နိုင်မည် ဖြစ်၏။ မိုဝူကျိ၏ ကျင့်ကြံဆင့်မှာ အားနည်းနေသေးသော်လည်း သူကား အင်မော်တယ် ဧကရာဇ် အလယ်အလတ်အဆင့် ထိပ်ဆုံးသို့ ရောက်နေလေပြီ။
အကယ်၍ သူသာ ထွက်လမ်းကို ရှာနိုင်လျှင် အင်မော်တယ်လောက၌ ပိုင်ယဲ့ ကြောက်ရမည့်သူ ကျန်ဦးမည်လား။
ပိုင်ယဲ့က ထိုအတွေးဖြင့် ခွက်ထိုးခွက်လန် ရယ်မောလိုက်သည်။ မိုဝူကျိက ကျင့်ကြံခြင်းတွင် နှစ်မျှောနေသောကြောင့် တည်တည်ငြိမ်ငြိမ်ဖြင့် မိုဝူကျိအား သတ်ပစ်ဖို့သာ လိုအပ်တော့သည်။
ပိုင်ယဲ့က သူ့စိတ်ခံစားချက်များကို ချိုးနှိမ်ကာ မှော်ရတနာကို ဖြည်းဖြည်းချင်း ထုတ်ယူလိုက်၏။ သူက တစ်ဖက်လူကို တစ်ချက်တည်းဖြင့် အပြီးသတ်ပစ်ဖို့ရာ လိုအပ်ရာ မိုဝူကျိအား ပြန်လည် ခုခံခွင့် မပေးနိုင်ပေ။
ပိုင်ယဲ့က မိုဝူကျိနှင့် အကွာအဝေးကို သေချာ သတိထားကာ တစ်ချက်တည်းဖြင့် အပြီးသတ်ပစ်နိုင်မည့် အခွင့်အရေးကို တွက်ချက်နေသည်။
သူ့အမြင်၌ လျှောက်လှမ်းသွားမည့် သူ့ခြေလှမ်းတိုင်းမှာ အောင်မြင်နိုင်ခြေ တစ်ဆမက တိုးပွားလာလေ၏။
ပိုင်ယဲ့က ဘယ်နှလှမ်း ထပ်လှမ်းရမလဲ တွက်ချက်နေစဉ် ရုတ်တရက် ရပ်လိုက်သည်။ သူက ခြေထောက်ကို ပြန်ချဖို့ရာပင် မေ့လျော့သွားလေသည်။
သူက မိုဝူကျိအား ကြောင်အမ်းစွာ ကြည့်လိုက်ပြီး စိတ်ထဲ၌ အကြောက်တရာများ ကြီးစိုးသွားသည်။ ယခင် မြစ်ကမ်းပါးဘေး၌ ထိုင်နေသော မိုဝူကျိက ယခုအခါ မြစ်ထဲ လုံးဝ ဆင်းသွားလေပြီ။
မိုဝူကျိက သူ လုပ်ကြံမည့်အကြောင်း သတိထားမိ၍ ကြောက်လန့်တကြား နောက်ဆုတ်ကာ မြစ်ထဲ ဆင်းသွားခြင်း မဟုတ်ကြောင်း သေချာသိနေသည်။ မိုဝူကျိ၏ ရုပ်ခန္ဓာအဆင့်မှာ တိုးတက်သွားသောကြောင့် ဓားစွမ်းအင်မြစ်ရေထဲ ဝင်သွားရဲခြင်း ဖြစ်လိမ့်မည်။
“ ဟူး ” ခဏအကြာတွင် ပိုင်ယဲ့က သက်ပြင်းအရှည်ကြီး ချလိုက်ရင်း မြန်မြန် လှည့်ထွက်သွားလိုက်သည်။ သူ့အနေနှင့် မိုဝူကျိအား အပြတ်ရှင်းထုတ်ပစ်နိုင်ခြေ မရှိတော့မှန်း သိလိုက်သည်။ မိုဝူကျိက ဓားစွမ်းအင်မြစ်ရေမှ ထွက်လာလျှင်ပင် သူ့အနေနှင့် မိုဝူကျိအား သတ်ပစ်ဖို့ရာ အရည်အချင်း မပြည့်မှီတော့ပေ။
ကျင့်ကြံသူ တစ်ယောက်က ဓားစွမ်းအင်မြစ်ရေထဲ ဝင်သွားလေရာ မည်မျှပင် ထိတ်လန့်ဖို့ ကောင်းနေပြီလဲ …..
ပိုင်ယဲ့က ဓားအကျဉ်းထောင်ထဲ ပိတ်မိနေသည်မှာ မည်မျှ ကြာမြင့်သွားပြီနည်း။ သူက ဓားစွမ်းအင်မြစ်ရေကို ဘယ်နှကြိမ်လောက် ကြိုးစားပမ်းစား ခပ်ခဲ့ရသနည်း။
ယခု မိုဝူကျိက မည်မျှ ကြောက်ဖို့ ကောင်းနေကြောင်း တခြားသူအားလုံးထက် သူက ပိုသိပေ၏။ မိုဝူကျိက ဓားစွမ်းအင်မြစ်မှ ဓားစွမ်းအင်ကိုပင် မကြောက်တော့ပေ။
မိုဝူကျိက ရိုးရိုး တိုက်ခိုက်မှုလေး တစ်ခုကို ကြောက်နေမည်လား။
………..…
“ ရွပ် ” ဓားစွမ်းအင် တစ်ခုက မိုဝူကျိ၏ နှလုံးသားဆီ ဖြတ်ဝင်သွားတော့မတတ် ဖြစ်သွားလေ၏။ မိုဝူကျိက အသက်သွေးတစ်ပွက် အန်ထုတ်လိုက်ရပြီး တစ်ကိုယ်လုံးမှာ ရှေ့သို့ ငိုက်စိုက်ကျသွားတော့သည်။ ထိုအခါမှ ကျင့်ကြံခြင်းနှင့် ခန္ဓာကိုယ် လေ့ကျင့်ခြင်းအပေါ် စိတ်နှစ်မျှောနေသော မိုဝူကျိက အပြည့်အဝ နိုးကြားသွားတော့သည်။
မိုဝူကျိက စိတ်ဝိညာဉ်မျက်လုံး အသက်သွင်းခါနီးတွင် စိတ်စွမ်းအားကို ဖြန့်ကျက်နိုင်ကြောင်း သတိထားမိလိုက်၏။ သူက ဓားစွမ်းအင် မြစ်ကြမ်းပြင်ဆီ ရောက်ရှိနေခြင်း ဖြစ်ရာ မြစ်ရေများ ပတ်လည် ဝိုင်းနေပေ၏။
သူက ဓားစွမ်းအင်မြစ်ထဲ ဝင်လာသည့်အချက်ကို လုံးဝ သတိမပြုမိခြင်း မဟုတ်ပေ။ သူက ရုတ်ချည်း တိုးတက်လာမှုအတွင်း နှစ်မျှောနေမိခြင်း ဖြစ်၏။
“ ဖူး ” နောက်ထပ် အားကောင်းသည့် ဓားစွမ်းအင် တစ်ချက်က မိုဝူကျိ ရင်ဘတ်ဆီ ရောက်ရှိလာသောကြောင့် နောက်သို့ လွှင့်စင်သွားတော့သည်။
ဤတစ်ကြိမ်၌ မိုဝူကျိက သူ့ခန္ဓာကိုယ်ကို တည်ငြိမ်အောင် လုပ်လိုက်ပြီး အဖြစ်အပျက်ကို သေချာနားလည်လိုက်၏။ သူက မြစ်ကြမ်းပြင်တွင် စိုက်ဝင်နေသည့် ဓားရှည်နှင့် ခြေဆယ်လှမ်းမျှသာ ကွာဝေးပေတော့သည်။ ထိုဓားရှည်မှာ ဓားစွမ်းအင်မြစ်အတွင်းမှ ဓားစွမ်းအင် ပင်မအရင်းအမြစ် ဖြစ်ပေသည်။ သူက အရမ်းနီးကပ်သွားမိသောကြောင့် ဓားစွမ်းအင်၏ သက်ရောက်မှုကို ခံလိုက်ရခြင်း ဖြစ်၏။ သူက နတ်ဘုရား ရုပ်ခန္ဓာ အဆင့် ၆ သို့ ရောက်ရှိနေသော်လည်း ဤဓားရှည်ရှေ့မှောက်၌ ပါးမွှားမျှသာ ဖြစ်နေသည်။
မိုဝူကျိက စိတ်စွမ်းအားကို ဓားရှည်ဆီ ပို့လွှတ်လိုက်သော်လည်း စိတ်စွမ်းအား ရောက်ရှိသွားသည်နှင့် စိတ်စွမ်းအားမှာ ဓားစွမ်းအင်ကြောင့် ပိုင်းဖြတ်ခံလိုက်ရသည်။ သူ့စိတ်စွမ်းအားမှာ ပိုင်းဖြတ်ခံလိုက်ရသောကြောင့် မိုဝူကျိက နာကျင်မှုကို တောင့်ခံကာ နောက်ဆုတ်လိုက်ရ၏။
သူက ဓားရှည်နှင့် မီတာ သုံးဆယ်အကွာတွင် ကိုယ့်ဘာသာ ထိန်းနိုင်လိုက်လေသည်။
ထိုနေရာ၌ မိုဝူကျိက သူ့ဘာသာ ထိန်းညှိလိုက်သည်။ ဤဓားရှည်မှာ သေချာပေါက် သူ့လက်ရှိအစွမ်းအစနှင့် ရနိုင်သည့် အရာ မဟုတ်ပေ။ သူက ဓားသမား တစ်ယောက် မဟုတ်၍ ဤဓားကို ရရှိခြင်းက သူ့အတွက် ဘာမှမထူးခြားပေ။
မိုဝူကျိက နောက်ထပ် မီတာ သုံးဆယ်အထိ နောက်ဆုတ်ပြီးနောက် ထိုင်ချကာ စတင် ကျင့်ကြံလိုက်သည်။
ဓားစွမ်းအင်မြစ် ဘယ်နေရာမှ စတင် ဖြစ်ပေါ်လာခြင်းကို မသိသော်လည်း မိုဝူကျိက ဤနေရာရှိ အင်မော်တယ် ဝိညာဉ်စွမ်းအားများက အဆုံးအစွန်ပင်လယ်တွင် ရှိစဉ်ထက်ပင် ပို၍ ကြွယ်ဝနေကြောင်း ခံစားမိ၏။ အင်မော်တယ် ဝိညာဉ်စွမ်းအား အရည်အသွေးကပင် ပို၍ အဆင့်မြင့်နေသေး၏။
သူက ဤနေရာသို့ ရောက်လာပြီ ဖြစ်၍ မည်သို့ အသုံးမချဘဲ နေရမည်နည်း။ သူက မဟာလော့ရှန်း နောက်ပိုင်းအဆင့် ရောက်နေပြီ ဖြစ်ရာ တက်နိုင်သမျှ မဟာလော့ရှန်း ပြီးပြည့်စုံခြင်းအဆင့်အထိ ကျင့်ကြံပြီး အင်မော်တယ်ဘုရင်အဆင့်သို့ တက်လှမ်းလို၏။ ထိုအခါမှ ထွက်သွားနိုင်ပေလိမ့်မည်။
သူ့ကိုယ်သူ ဓားရှည်နှင့် အကွာအဝေး ခြားထားပြီးနောက် မိုဝူကျိ၏ ကျင့်ကြံခြင်းမှာ စတင်၍ မြန်မြန်ဆန်ဆန် တိုးပွားလာပြန်တော့သည်။ သိပ်သည်းလှသော အင်မော်တယ် ဝိညာဉ်စွမ်းအားက သူ ကျင့်ကြံဖို့ရာ လုံလောက်သော်လည်း မိုဝူကျိက အဆင့် ၆ ဆေးလုံးများ၏ အကူကို ယူထားသေး၏။
ဆေးလုံးဧကရာဇ် တစ်ယောက်အနေနှင့် ဆေးလုံးများများ သုံးစွဲခြင်းက ကျင့်ကြံခြင်းအပေါ် ဆိုးကျိုး ရှိစေနိုင်ကြောင်း သိထား၏။ သို့သော်လည်း ယခုအချိန် ဘာကိုမှ ဂရုမစိုက်နိုင်တော့ချေ။ လက်ရှိ သူ့ဦးစားပေးမှာ ကျင့်ကြံဆင့် မြင့်ဖို့ရာ ဖြစ်၏။
သူက နတ်ဘုရား ရုပ်ခန္ဓာ အဆင့် ၆ ရှိသည့် အဆင့်မြင့် ပညာရှင် တစ်ဦး ဖြစ်ပေသည်။ သူ့ကျင့်ကြံဆင့်မှာ မဟာလော့ရှန်း ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်သွားသရွေ့ ရုပ်ခန္ဓာကို လေ့ကျင့်ဖို့ရာ အချိန်ယူပြီး ဆေးဆိုးကျိုးများကို ရှင်းထုတ်ပစ်နိင်လိမ့်မည်။
နောက်ထပ် သုံးလတာ ကုန်ဆုံးသွားလေ၏။ မိုဝူကျိက မျက်လုံးကို ဖွင့်ကာ လက်သီးတစ်ချက် ပစ်ခွင်းလိုက်သည်။
လက်သီးတစ်ချက်တည်းဖြင့် မြစ်ရေမှာ ပေါက်ကွဲထွက်ကုန်သည်။ ဓားစွမ်းအင်ပင် ထိုလက်သီးချက်ကြောင့် အသုံးမဝင်သည့်အရာအဖြစ် ပြောင်းလဲသွားတော့သည်။
တစ်ချိန်တည်းဆိုသလို မိုဝူကျိ၏ မဟာလော့ရှန်း စွမ်းအားစက်ကွင်းမှာ ထွက်ပေါ်လာလေ၏။ သူ့ဝဲကတော့ စွမ်းအား စက်ကွင်းမှာ ဓားစွမ်းအင်မြစ်ရေ၏ ဓားစွမ်းအင်နှင့် ထိပ်တိုက် တွေ့ဆုံသွားသည်။
စွမ်းအားစက်ကွင်း ထွက်ပေါ်လာသည့်အခါ သူ့ဘေးပတ်လည် ဆယ်မီတာ ဝန်းကျင်၌ ဓားစွမ်းအင် မရှိတော့ချေ။
မိုဝူကျီက မနီးမဝေးမှ ဓားရှည်ကို လှည့်ကြည့်လိုက်သည်။ အကယ်၍ သူသာ အချိန်နည်းနည်း ပိုရပြီး ငါးနှစ်၊ ခြောက်နှစ်လောက်သာ ရရှိခဲ့လျှင် သူ့အနေနှင့် နတ်ဘုရား ရုပ်ခန္ဓာအဆင့် ၇ သို့ ရောက်နိုင်ရန် ယုံကြည်ချက် ရှိ၏။ ကံဆိုးသည်က သူက ထိုမျှအထိ မစောင့်နိုင်ပေ။ သူက မြန်မြန် ထွက်သွားနိုင်မည့် နည်းလမ်းကို ရှာဖွေရန် လိုအပ်နေသည်။
ဓားစွမ်းအင်မြစ်ကြမ်းပြင်မျာ ရွံ့ထခြင်း မရှိသလို အနည်ကျနေခြင်းလည်း မရှိပေ။ မာမာကြောကြော ကျောက်ခဲများနှင့် ပြုလုပ်ထားသည့်အလား ထင်မှတ်ရသည်။ ထို့ကြောင့် မိုဝူကျိက မြစ်ကြမ်းပြင်ပေါ်၌ အမြန်ပြေးဖို့ရာ အခက်အခဲ မရှိပေ။
သူက မဟာလော့ရှန်း စွမ်းအား စက်ကွင်းကို ပြန်မရုတ်သိမ်းဘဲ ဆက်တိုက် ထုတ်လွှင့်လိုက်သည်။
သူက စွမ်းအားစက်ကွင်းကို ထုတ်လွှင့်ထားပြီး စိတ်စွမ်းအားကိုလည်း ဖြန့်ကျက်ထားသည်။ ဓားစွမ်းအင်မြစ်အောက်တွင် ဆက်တိုက် လေ့ကျင့်ခြင်းက မိုဝူကျိ၏ စိတ်စွမ်းအားမှာ မီတာ သုံးဆယ်အထိ ဖြန့်ကျက်နိုင်လေပြီ။ သူ့စွမ်းအားစက်ကွင်းမှာ ဆယ်မီတာအထိ ထုတ်လွှင့်ထားနိုင်ပြီး ထိုနေရာအတွင်းမှ ဓားစွမ်းအင်များကို ဖယ်ရှားပစ်နိုင်သည်။
အကယ်၍ သူသာ ဓားစွမ်းအင်မြစ်မှ ထွက်လမ်းကို ရှာနိုင်လျှင် ဖင်းဖန်မှ လူအားလုံးကို သေချာပေါက် ခေါ်ဆောင်သွားရမည်။ သူ့မှ လွဲ၍ တခြားလူများက ဓားစွမ်းအင်မြစ်ထဲ ဝင်ရန် သူ့စွမ်းအားစက်ကွင်း၏ အကာအကွယ်ကို လိုအပ်ကြပေသည်။
တစ်ရက်အကြာတွင် မိုဝူကျိက ပြေးလွှားနေခြင်း ရပ်တန့်လိုက်တော့သည်။ သူက ဦးတည်ချက်မရှိဘဲ လျှောက်ပြေးလွှားနေခြင်းက အကူအညီ မဖြစ်ကြောင်း ခံစားမိလာသည်။
ဓားစွမ်းအင်မြစ်မှာ အသက်မဲ့မြစ်နှင့် တူပြီး မြင်ကွင်းကား အဆုံးအစ မရှိပေ။ ထို့အပြင် သူ့စိတ်စွမ်းအားမှာ ကန့်သတ်ခံထားရသောကြောင့် ဆက်၍ ဦးတည်ချက်မရှိ ပြေးလွှားနေလျှင် နှစ်များစွာ ကြာသည့်အထိ ထွက်လမ်းကို ရှာနိုင်မည် မဟုတ်ပေ။
ထိုစဉ် မိုဝူကျိက ပိုင်ယဲ့အကြောင်း တွေးမိလိုက်သည်။ အကယ်၍ ဓားစွမ်းအင်မြစ်အတွင်းမှ ထွက်လမ်း ရှာလိုလျှင် သူ့အနေနှင့် ပိုင်ယဲ့၏ အကူအညီကို လိုအပ်လိမ့်မည်။
ထိုလူက ကောင်းကင်ဘုံ ကံတရားကို ကောက်ချက်ချရာ၌ ကျွမ်းကျင်လှပေသည်။ မိုဝူကျိ အမြင်၌ ပိုင်ယဲ့မှာ တျန်းဂျီဂိုဏ်းသား ဖြစ်ဖို့ရာ ပို၍ သင့်တော်ပေနေသည်။
(တျန်းဂျီ - ကောင်းကင်ဘုံ ကံတရား )
မိုဝူကျိက လက်တွေ့လုပ်ဆောင်တတ်သူ ဖြစ်၍ တွေဝေမနေတော့ဘဲ ဓားစွမ်းအင်မြစ်မှ ချက်ချင်း ထွက်လာလိုက်သည်။ သူက ပိုင်ယဲ့ကို ဖမ်းပြီး ပိုင်ယဲ့အား ဓားစွမ်းအင်မြစ်မှ ထွက်ပေါက်အကြောင်း မေးမြန်းရမည်။
……….…
ဓားအကျဉ်းထောင်အတွင်း ကျောက်တုံးသစ်တောတစ်ခု၌ ပိုင်ယဲ့က ကျောက်တုံးတစ်တုံးအောက် ပုန်းအောင်းနေပေသည်။ သူ့မျက်ဝန်းမှ အမူအယာမှာ လေးနက်နေပြီး ဘာတွေးနေသည်ကို မသိနိုင်ပေ။ သူက ရုပ်ခန္ဓာကို လေ့ကျင့်နေခြင်း မဟုတ်သလို ကျင့်ကြံနေခြင်းလည်း မဟုတ်ပေ။ ဤလပိုင်းလေးအတွင်း မိုဝူကျီ တစ်ယောက် ဓားစွမ်းအင်မြစ်ထဲ ဝင်သွားသည့် မြင်ကွင်းကိုသာ ပြန်လည် မြင်ယောင်မိနေပြီး သူ့အား မနာလိုခြင်းနှင့်အတူ ကြောက်လန့်ခြင်းပါတွဲ၍ ခံစားနေရသည်။
“ ပိုင်ယဲ့ …. ခင်ဗျားက နေရာ ရှာ တော်သားပဲ။ ဒီလို နေရာကောင်းလေးတောင် တွေ့ထားတာပဲ ” အသံတစ်သံက ပိုင်ယဲ့၏ အတွေးများကို ပြတ်တောက်သွားစေသည်။ သူက ချက်ချင်း မတ်တတ်ရပ်ကာ မိုဝူကျိက သူ့ဆီ လျှောက်လှမ်းလာနေသည်ကို မြင်သောအခါ တုန်လှုပ်တကြီး ဖြစ်သွားသည်။
“ ဂိုဏ်းချုပ်မို ပြောတော့ ကျုပ်ကို လွှတ်ပေးမယ်ဆို … စကားကို ပြန်ရုတ်သိမ်းတော့မလို့လား ” အကယ်၍ သူသာ မိုဝူကျိကို ဓားစွမ်းအင်မြစ်ထဲ ဆင်းသွားသည့်အကြောင်း ကိုယ်တိုင် မမြင်လိုက်ရပါက ပိုင်ယဲ့က ယခုအခါ စိတ်အေးနေပေလိမ့်မည်။ သို့သော် ယခုအခါ အကြောက်တရားနှင့်သာ ပြည့်နှက်နေလေ၏။ သူက မိုဝူကျိသည် သူ့အား မည်သို့ ရှာနိုင်မှန်း နားမလည်ပေ။
မိုဝူကျိက တည်တည်ငြိမ်ငြိမ် ပြောလိုက်၏
“ ကျုပ်က ခင်ဗျားကို လွတ်ပေးမလို့ပါပဲ … ဒါပေမဲ့ လွန်ခဲ့တဲ့ လအနည်းငယ်တုန်းက ခင်ဗျားက ကျုပ်ကို ဓားစွမ်းအင်မြစ်အနီးမှာ လုပ်ကြံဖို့ ကြိုးစားခဲ့တယ်လေ။ ကျုပ်က သိပ်သည်းခံတတ်တာ မဟုတ်ဘူး ….. ”
ပိုင်ယဲ့ခေါင်းထဲ၌ အချက်ပေးသံများ ဆူညံ့လာလေ၏။ ထိုအချိန်အခါက မိုဝူကျိမှာ ကျင့်ကြံခြင်း၌ လုံးဝ နစ်မျှောနေလေရာ ဤအကြောင်းအား မည်သို့ သိသွားသနည်း။