ထင်မှတ်မထားသော တွေ့ဆုံမှု
Vol. 68 Ch. 947
နှလုံးသား စစ်ဆေးခြင်းကန်စပ်၌
ဟေးထျန်ကဲနှင့် ပိုင်ရှင်းကဲမှာ မြူခိုးများအား ငေးကြည့်နေကြသည်။
၎င်းတို့မှာ အန်လင်း ပြန်လာမည်ဟု ယုံကြည်ထားရုံမှလွဲ၍ ရွေးချယ်စရာ မရှိပေ။
"စီနီယာ ပိုင်ရှင်းကဲ......... နှစ်နာရီတောင် ရှိနေပြီနော်။"
ဟေးထျန်ကဲ စကားဆိုလာသည်။
ပိုင်ရှင်းကဲမှာ မျက်စိမျက်နှာ ပျက်နေလေပြီ။
"ငါမှားသွားပြီ။ သူ့ကို စိန်မခေါ်ခဲ့သင့်ဘူး။"
"စီနီယာ ပိုင်ရှင်းကဲ......... ခင်ဗျား ကျွန်တော်ကို တောင်းပန်သင့်တာ မဟုတ်ဘူး။"
ဟေးထျန်ကဲ သက်ပြင်းချလိုက်မိသည်။
"လင်းအန်က ကန်ရဲ့ ကန့်သတ်ဧရိယာကို ရောက်သွားပြီး အသတ်ခံလိုက်ရတာနေမှာ။ ကျွန်တော်တို့ အပြစ်ကို ဝန်ခံပြီး ပြစ်ဒဏ်ခံယူသင့်တယ်။"
ပိုင်ရှင်းကဲ သဘောတူလိုက်သည်။
"ဒါဆိုလည်း သွားကြရအောင်။"
ဟေးထျန်ကဲမှာ မြူခိုးများအားကြည့်ကာ အရိုအသေ ပေးလိုက်သည်။
"နှုတ်ဆက်ပါတယ် လင်းအန်......."
...............
အန်လင်းသည် ကိုးထပ်မြောက်သို့ ပျံသန်းသွားနေသည်။
သူသည် နေသစ်ပင်၏ စောင့်ရှောက်သူအား မည်သို့အနမ်းပေးသင့်သည်ကို စဥ်းစားနေမိသည်။
အနမ်းကို မရရအောင် ယူရမယ်.........
နေသစ်ပင်၏ စောင့်ရှောက်သူသည် တာအိုပေါင်းစည်းခြင်း အဆင့်သို့ မရောက်သေးသောကြောင့် ဖိအားပေးကာ နမ်းခဲ့လျှင်ပင် အသတ်မခံရလောက်ပေ။ မည်သို့ပင်ဆိုစေကာမူ သေချာပေါက် ခက်ခဲပေလိမ့်မည်။
နေသစ်ပင်၏ စောင့်ရှောက်သူနှင့် ဆက်ဆံရေး အဆင်ပြေပါက ပိုမိုကောင်းမွန်လောက်သည်။
မကြာမီပင် အန်လင်းသည် ရွှေရောင်နေခြည်များ ဖြာကျနေသော နေရာတစ်ခုသို့ ရောက်ရှိလာသည်။
ထိုနေရာသည် ကုန်းမြေငယ်တစ်ခုဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။
နေသစ်ပင် ခုနစ်ထပ်မြောက်၏ ဆယ်ရာခိုင်နှုန်းခန့်သာ ကျယ်ဝန်းပြီး သစ်နွယ်သစ်ကိုင်းများမှာ ကြည်လင်နေလျက် ရှိသည်။
အန်လင်းမှာ နေသစ်ပင်၏ ကိုးထပ်မြောက်သို့ ရောက်ရှိလာပြီပင်။
ခိုင်မာသော အရာတစ်ခုပေါ် နင်းနေရသောကြောင့်သာ မဟုတ်ပါက တိမ်စိုင်များကြား လျှောက်လှမ်းနေသလို ထင်မှတ်မိပေလိမ့်မည်။
ပတ်ဝန်းကျင်တွင် ထူးခြားဆန်းကြယ်မှုများ ရှိမနေပေ။
အနီးတွင် သစ်ပင်တစ်ပင်အား တွေ့လိုက်ရသည်။
ကြည်လင်နေသော သစ်ပင်၏ သစ်သီးများမှာ သက်တံ့ရောင် ဖြစ်ပေသည်။
"နေသစ်ပင်ရဲ့ စောင့်ရှောက်သူက ဘယ်မှာလဲဟ......."
အန်လင်းမှာ ထိုသစ်ပင်နား လျှောက်သွားလိုက်သည်။
သစ်ပင်နှင့် ပေတစ်ရာခန့် အကွာအဝေးသို့ ရောက်ရှိလာပြီးနောက် မြူခိုးများမှာ အလုံးစုံ ပျောက်ကွယ်သွားတော့သည်။
အန်လင်းမှာ ကျယ်ပြောလှသော မြင်ကွင်းအား တွေ့မြင်လိုက်ရလေသည်။
မြေပြင်သည် စိမ်းစိုကာ မိုးကုပ်စက်ဝိုင်းမှာ ပြာလွင်နေသည်။ အဝေးတွင် တောင်တန်းများ ရှိနေပြီး သူသာ အမြင်ကောင်းပါက တောင်ပိုင်းကောင်းကင်တောင်ပံနိုင်ငံတော် တစ်ခုလုံးကိုပင် ကြည့်၍ရနိုင်လောက်သည်။
သူအောက်သို့ငုံ့ကြည့်ကာ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
ကြည်လင်နေသော ကုန်းမြေအောက်တွင် အနက်ရောင် ကုန်းမြေဝိုင်းတစ်ခု ရှိနေသည်။
ထိုအောက်တွင်မူ ပိုမိုကြီးမားသော အဖြူရောင် ကုန်းမြေတစ်ခု ရှိနေသည်။ ထိုသည်မှာ နေသစ်ပင်၏ ရှစ်ထပ်မြောက်နှင့် ခုနစ်ထပ်မြောက်ပင်။ ခြောက်ထပ်မြောက်အား ခရမ်းရောင် စက်ဝိုင်းအဖြစ် မြင်နေရပြီး ထို့နောက်တွင် အပြာ၊ အနီ၊ အဝါ၊ လိမ္မော်၊ အစိမ်း စသဖြင့် အဆင့်ဆင့် ရှိသည်။
အထပ်တိုင်းသည် စက်ဝိုင်းတစ်ခုစီ ဖြစ်သည်။
အပေါ်သို့ ရောက်လာလေ သေးသွားလေပင်။
သက်တံ့ရောင် စုပ်ပြားတစ်ခုနှင့်ပင် ဆင်တူနေလေသည်။
"လှလိုက်တာ......."
အန်လင်း ရေရွတ်လိုက်သည်။
ထိုအချိန်တွင် စကားသံတစ်ခု ထွက်ပေါ်လာသည်။
"ဟုတ်တယ်မလား။ တကယ်လှတယ်နော်။"
အန်လင်း ထိတ်လန့်သွားရသည်။
နေသစ်ပင်ရဲ့ စောင့်ရှောက်သူများလား.........
သူပြုံးကာ လှည့်ကြည့်လိုက်သည်။
"မင်္ဂလာပါ...... နေသစ်ပင်ရဲ့ စောင့်ရှောက်...... ယီး......."
အန်လင်းမှာ အပြုံးများ အေးခဲကာ ရင်ဘတ်ဆင်နင်းသွားသလို ခံစားလိုက်ရသည်။
သူ၏အနားတွင် ရှိနေသည်မှာ ပူလောင်နေသော ရွှေရောင်မီးလျှံလုံးတစ်ခု ဖြစ်သည်။
ထိုနေငယ်လေးတွင် အဖြူရောင် မျက်ဝန်းတစ်စုံနှင့် ပန်းရောင်နှုတ်ခမ်းလွှာလေးပင် ပါနေသေးသည်။
မည်သို့ပင်ဆိုစေကာမူ ထိုသည်မှာ နေလုံးတစ်လုံးပင်။
ထိုနေသည် လူတဝက် အရွယ်မျှ ရှိသည်။
၎င်း၏စွမ်းအင်မှာလည်း သန့်စင်လွန်းလှ၏။
အန်လင်း ကြက်သီးထသွားသည်။
ခုနက စကားသံက ဒီနေဆီကလား........
"မင်း....... မင်းဘယ်သူလဲ။"
အန်လင်း မေးမြန်းလိုက်သည်။
"နင်ကရော ဘယ်သူလဲ။"
နေလုံးကလည်း ပြန်မေးလာသည်။
အန်လင်း ပြန်မဖြေလိုပေ။
"မင်းပဲ အရင်ပြောပါ။"
နေလုံးငယ်မှာလည်း လက်မလျှော့ပေ။
"ဘာလို့ ငါကပြောရမှာလဲ။"
"မင်းပြောတာနဲ့ ငါလည်းပြောပြမယ်။"
အန်လင်း ညှိနှိုင်းလိုက်သည်။
နေလုံးငယ် ခေါင်းညိတ်ပြလာသည်။
"ငါက နေသစ်ပင်ရဲ့ စောင့်ရှောက်သူ ယိလီပဲ။"
အန်လင်း မျက်လုံးပြူးသွားသည်။
ခန့်မှန်းမိနေပါသော်လည်း မျှော်လင့်ချက်များ ကွဲကြေသွားသလို ခံစားလိုက်ရသည်။
ငါက နေကြီးကို နမ်းရမှာလား...........
"ဟိဟိ........."
အနက်ရောင်ကုန်းမြေတွင် ရယ်သံတစ်ခု ထွက်ပေါ်လာသည်။
ဗာမီလီယမ် ငှက်မင်းသမီးမှာ အန်လင်း၏ ပုံရိပ်အားကြည့်ကာ အားပါးတရ ရယ်မောနေသည်။
"နင့်အလှည့်ပဲ။ နင်ကဘယ်သူလဲ။"
ယိလီ မေးမြန်းလာသည်။
အန်လင်း အသက်ပြင်းပြင်း ရှူလိုက်သည်။
"နေသစ်ပင်ရဲ့ စောင့်ရှောက်သူလေး.......... မင်္ဂလာပါ။ ကျွန်တော်က နေသစ်ပင်ရဲ့ ဒဏ္ဍာရီလာသားရဲအသစ် မဟာစာကလေးပါ။ မင်းရဲ့ အလှတရားကို လာရှုစားတာပါ။"
"ဖူး......."
ဗာမီလီယမ် ငှက်မင်းသမီးမှာ သွေးအန်တော့မလို ဖြစ်သွားရသည်။
"အရှက်မဲ့ကောင်........ တကယ်ကို အရှက်မရှိတာပဲ။"
ဒဏ္ဍာရီလာသားရဲများသာ နေသစ်ပင်၏ ကိုးထပ်သို့ တက်ခွင့်ရှိသောကြောင့် အန်လင်း လိမ်ညာလိုက်ခြင်း ဖြစ်သည်။
ယိလီ အံ့အားသင့်သွားသည်။
"ငါတို့မှာ ဒဏ္ဍာရီလာသားရဲအသစ် ရှိနေပြီလား။ ကောင်းလိုက်တာ....... ငါဘာလို့ မသိလိုက်ပါလိမ့်....."
အန်လင်းမှာ အေးအေးဆေးဆေး လိမ်ညာလိုက်သည်။
"အခုမှ တာအိုပေါင်းစည်းခြင်း အဆင့်ကို ရောက်တာမို့လို့ပါ။"
"အော်........."
ယိလီ ခေါင်းညိတ်လိုက်သည်။
သူမသည် စစ်ဆေးသည့်အလား အန်လင်းအနား ပတ်ပျံလိုက်သည်။ သာမန် ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူသာဆိုပါက အရည်ပျော်သွားလောက်ပြီ ဖြစ်ပါသော်လည်း ကံကောင်းထောက်မစွာဖြင့် အန်လင်းမှာ အလွန်အရေထူပေသည်။
"ဒီကို ဘယ်လိုတက်လာတာလဲ။ ဒဏ္ဍာရီလာသားရဲတွေတောင် ငါ့ဆီကနေ ခွင့်ပြုချက် ယူရတယ်လေ။"
ယိလီ နားမလည်သေးပေ။
အန်လင်း ခပ်ဖွဖွပြုံးကာ ယိလီ၏ပါးအား ပွတ်သပ်လိုက်သည်။
"နှလုံးသားရဲ့ အလင်းရောင်နောက်လိုက်ဖို့ အတောင်တစ်စုံ ဖန်ဆင်းလိုက်တာ မင်းဆီရောက်လာတာပဲ။ ကြည့်ရတာ ကံကြမ္မာပဲ ထင်ပါရဲ့။"
ယိလီ၏ မီးတောက်များမှာ ပိုမိုတောက်ပလာသည်။
အန်လင်းမှာ လက်ပြန်ရုတ်လိုက်သည်။ စစ်နတ်ဘုရား ခန္ဓာသည်ပင် သူမ အပူဒဏ်အား မခံနိုင်ပေ။ သူ၏လက်မှာ မည်းတူးနေလေပြီ။
သူရင်နာစွာဖြင့် နေလုံးအား ကြည့်ရှုလိုက်သည်။
အနမ်းပေးရမည်ကို အမှန်တကယ် ကြောက်ရွံ့မိလာသည်။
ဒီနေကိုသာနမ်းရင် ငါသေသွားမလား မသိဘူး.........