ကြောက်မက်ဖွယ်ပေါက်ကွဲမှု
Vol. 68 Ch. 949
ယိလီမှာ အသိစိတ် ဝင်လာသည်။ သူမသာ အန်လင်းအား ဆက်ပွေ့ထားပါက သူသေသွားပေလိမ့်မည်။
သူမသည် အန်လင်းအား ဝှီးခနဲ လွှင့်ပစ်လိုက်သည်။
ဒုန်း..........
မီးသွေးတုံး ခန္ဓာကိုယ်မှာ မြေပြင်နှင့် ရိုက်မိသွားလေသည်။
"အာ......... နင်အဆင်ပြေရဲ့လား မဟာစာကလေး......"
ယိလီ ထိတ်လန့်သွားကာ မန္တာန်တစ်ခုဖြင့် အန်လင်း၏ အခြေအနေအား စစ်ဆေးလိုက်သည်။
အန်လင်း နှလုံးခုန်နေသေးသောကြောင့် သူမ စိတ်သက်သာရာ ရသွားမိသည်။
ယိလီသည် ကုသေရေးမန္တာန်တစ်ခုအား မဆိုင်းမတွ ရွတ်ဆိုလိုက်သည်။
"မဟာစာကလေးက ဘာတွေတွေးနေတာလဲ။ ငါ့ကို ရုတ်တရက်ကြီး လာနမ်းရတယ်လို့......."
"သူ့အနမ်းက အရမ်းကြမ်းတာပဲ။"
ယိလီမှာ ရင်ခုန်သံမြန်ကာ ပါးများနီရဲလာသည်။
"ရှက်ဖို့ကောင်းလိုက်တာ.........."
ဝုန်း...........
ယိလီ၏ မီးတောက်များ ပေါက်ကွဲကာ အန်လင်း လွင့်ထွက်သွားပြန်သည်။
"တောင်းပန်ပါတယ် မဟာစာကလေး............"
ယိလီမှာ အန်လင်းအား လှမ်းဖမ်းထားလိုက်သည်။
ထိုသို့ဖြင့် အန်လင်း၏ ခန္ဓာကိုယ်မှာ စတင်အရည်ပျော်လာသည်။
...................
အနက်ရောင်ကုန်းမြေ၌
ဗာမီလီယမ် ငှက်မင်းသမီးသည် သေတော့မလို ဖြစ်နေသော အန်လင်းအားကြည့်ကာ မျက်နှာပျက်သွားသည်။
သူမသည် ထိုမြင်ကွင်းအား မကြည့်ရဲတော့သဖြင့် မျက်လုံးပင် မှိတ်ထားမိသည်။
"ငါ့အပြစ် မဟုတ်ဘူးနော်။ နင်နေကို တကယ်နမ်းလိမ့်မယ်လို့မှ ထင်မထားတာ။"
ဗာမီလီယမ် ငှက်မင်းသမီး သက်ပြင်းချလိုက်သည်။
"ဒါပေမယ့် နေသစ်ပင်ရဲ့ စောင့်ရှောက်သူက နေမှန်းသိသွားတာတောင် နမ်းတယ်ဆိုတော့ ငါ့ကိုပြောသွားတာ အမှန်တွေပဲပေါ့။"
ထိုအတွေးကြောင့် သူမ ခပ်ဖွဖွ ပြုံးမိသည်။
..............
အမှောင်ထုထဲ၌......
အချိန်များစွာ ကုန်လွန်သွားပြီးနောက်........
အန်လင်းမှာ ခက်ခက်ခဲခဲဖြင့် မျက်လုံးများ ပွင့်လာသည်။
သူသည် ရွှေရောင်များအား မျက်စိတဆုံး မြင်လိုက်ရသည်။
ယိလီ၏ ခန္ဓာကိုယ်သည် တောက်ပလွန်းသောကြောင့် သူမျက်စိကန်းတော့မလိုပင်။
"အာ........ နင်နိုးလာပြီပဲ....... မဟာစာကလေး......."
ယိလီ ပျော်ရွှင်စွာ ပြုံးပြလာသည်။
အန်လင်း အလျင်အမြန် တောင်းပန်လိုက်ရသည်။
"ကျေးဇူးပြုပြီး စိတ်မလှုပ်ရှားပါနဲ့တော့နော်။"
ယိလီ : "............"
ပြင်းထန်လှသော ပေါက်ကွဲမှုဒဏ်ကြောင့် အန်လင်းမှာ စကားပြောနိုင်ရုံမှလွဲ၍ စွမ်းအင်ဝင်ပေါက်များ အပါအဝင် ခန္ဓာကိုယ် တစ်ခုလုံး စုတ်ပြတ်နေသည်။
ယခုအတိုင်းသာဆိုပါက အလုံးစုံ ပြန်လည်ကောင်းမွန်ရန် လဝက်ခန့် ကြာမြင့်လောက်သည်။
ယိလီအား နမ်းရသည်မှာ ဗာမီလီယမ် ငှက်မင်းသမီးအား နမ်းမိသည်ထက်ပင် တန်ကြေးကြီးပေသည်။
အန်လင်းသည် အနမ်းပေးခြင်းနှင့် ပက်သတ်၍ အတော်ပင် စိတ်ဒဏ်ရာ ရသွားသည်။
"ဘာ....... ဘာလို့ ငါ့ကိုနမ်းတာလဲဟင်။"
ယိလီမှာ ခန္ဓာကိုယ် အပေါ်ပိုင်း ဗလာဖြစ်နေသော အန်လင်းအားကြည့်ကာ ရှက်ရွံ့စွာ မေးလိုက်သည်။
အန်လင်းမှာ ထိုသည်ကို စိတ်အနှောင့်အယှက် မဖြစ်မိပေ။
နေအား ရှက်ရွံ့မိသူ မည်သူရှိမည်နည်း။
ထိုသည်မှာ ရေချိုးကန်တွင် ရေခွက်အား ပြန်ရှက်နေသလိုပင်။
မည်သို့ပင်ဆိုစေကာမူ ထိုနေသည် မိန်းမငယ်တစ်ဦး ဖြစ်နေသောကြောင့် အနည်းငယ် ကွဲပြားပေသည်။
သို့သော် အန်လင်းသည် ထိုမျှစိတ်ထဲမထားပေ။
သူမ၏ မေးခွန်းကိုလည်း ပြန်မဖြေလိုပေ။
အဘယ့်ကြောင့်ဆိုသော် အကြောင်းပြချက်ကောင်းကောင်း မတွေးရသေးသောကြောင့် ဖြစ်သည်။
အန်လင်း၏ တိတ်ဆိတ်မှုကြောင့် ယိလီမှာ အမူအရာ လေးနက်သွားသည်။
အန်လင်းမှာ ထိုသည်ကိုကြည့်ကာ ထိတ်လန့်လာမိသည်။
ယိလီသာ စိတ်အခန့်မသင့် ဖြစ်လာပါက မီးတောက်များ ထပ်မံပေါက်ကွဲလာနိုင်သည်။
"ကျေးဇူးပြုပြီး......... ကျေးဇူးပြုပြီး စိတ်ကိုငြိမ်ငြိမ်ထားပါဦး။"
အန်လင်း စကားဆိုလိုက်သည်။
ယိလီ ခေါင်းညိတ်ပြကာ ကိုးမီးလျှံယန်သစ်သီး နှစ်လုံးအား အန်လင်းထံ ပေးလာသည်။
"နင့်အတွက်ပါ။"
အန်လင်း ငြင်းပယ်လိုက်သည်။
"မင်းအနမ်းနဲ့တင် လုံလောက်နေပါပြီ။"
သူသည် အနမ်းအားရရန် ဒဏ္ဍာရီလာသားရဲအဖြစ် လိမ်လည်ခဲ့သည်။ ထိုသည်ကို အင်မော်တယ်သစ်သီးများပါ ယူရသည်အထိ အရေမထူသေးပေ။
ယိလီမှာ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
"ငါ့ကိုနမ်းရင် အခုလို ဖြစ်မယ်မှန်း သိသိကြီးနဲ့ ဘာလို့နမ်းရတာလဲ။"
သူမသည် ဖော်ပြမရနိုင်သော ခံစားချက်များကြောင့် စိတ်လှုပ်ရှားနေမိသည်။
"ငါက အရမ်းပူလွန်းတော့ ဒဏ္ဍာရီလာသားရဲတွေ အပါအဝင် ဘယ်သူကမှ အနားမကပ်ချင်ကြဘူး။ ဒါပေမယ့် နင်ကတော့..........."
ယိလီ၏ မီးတောက်များမှာ တဖြည်းဖြည်း ပိုမိုတောက်ပလာသည်။
အန်လင်း ထိတ်လန့်သွားလေသည်။
ငါနေပြန်ကောင်းသွားမှ ပြောလို့မရဘူးလား..........
မည်သို့ပင်ဆိုစေကာမူ ယိလီသည် သူ့အားအတတ်နိုင်ဆုံး သေသေချာချာ ကုသပေးနေသည်။
သူသတိလစ်နေတုန်း ယိလီအား ဆော်ပလော်တီးခဲ့ပါက နေသစ်ပင်သည် သူ၏သင်္ချိုင်း ဖြစ်သွားပေလိမ့်မည်။
နေသစ်ပင်၏ စောင့်ရှောက်သူမှာ ထင်မှတ်မထားရလောက်အောင် နွေးထွေးကြင်နာပေသည်။
ယိလီကို နည်းနည်းလောက် အားပေးသင့်လား........
အန်လင်း ဆုံးဖြတ်ချက်ချကာ စကားဆိုလိုက်သည်။
"ပိုးဖလံမျိုး မီးကိုတိုးတယ်ဆိုတာ မီးတောက်ရဲ့ အလှတရားကြောင့်ပဲလေ။ ငါကလည်း တောက်ပမှုကို နှစ်သက်တဲ့သူမို့ မင်းအလှမှာ နစ်မြောပြီး အနမ်းတစ်ပွင့် ခြွေခဲ့မိတာပါ။"
သူသည် ယိလီ၏ မီးတောက်အလှတရားအား ချီးကျူးလိုက်ခြင်း ဖြစ်သည်။
ယိလီ၏ ခန္ဓာကိုယ်မှာ ပို၍ပင် တောက်ပလာတော့သည်။
"စိတ်....... စိတ်လျှော့ပါဦး။"
အန်လင်း အမြန်ပြောလိုက်သည်။
ဝုန်း..........
ပတ်ဝန်းကျင်မှာ တုန်ခါသွားရသည်။
မီးသွေးတုံး တစ်တုံးမှာလည်း အဝေးသို့ လွင့်ထွက်သွားလေသည်။
"အာ....... တောင်းပန်ပါတယ် မဟာစာကလေး......."
ယိလီမှာ အန်လင်းအား အပြေးဖမ်းလိုက်သည်။
အန်လင်းမှာ အပူချိန်များကြောင့် သတိလစ်သွားရပြန်သည်။
ထိုသည်မှာ ဆိုးရွားလွန်းလှသော အတွေ့အကြုံ တစ်ခုပင်။
ယိလီ အသိစိတ်ဝင်ကာ အန်လင်းအား လွှင့်ပစ်လိုက်သည်။
ဒုန်း..........
အန်လင်းမှာ ခွေးသေကောင်အလား မြေပြင်ပေါ် ပြုတ်ကျလာသည်။
"ဟူး........ အရှက်မဲ့ကောင်ရဲ့ ကံကလည်း တော်တော်ဆိုးတာပဲ။"
ဗာမီလီယမ် ငှက်မင်းသမီးမှာ သက်ပြင်းချလိုက်မိသည်။
ထို့နောက် အံကြိတ်ကာ ဆုံးဖြတ်ချက် ချလိုက်တော့သည်။