နှုတ်ဆက်လမ်းခွဲခြင်း
Vol. 68 Ch. 950
အမှောင်ထုထဲတွင် ပုံရိပ်ယောင်နှင့် အစစ်အမှန်မှာ ရေထွေးဝေဝါးနေသည်။
အန်လင်းသည် ခန္ဓာကိုယ် တစ်ခုလုံး မီးမြှိုက်ခံထားရသောကြောင့် ဆိုးရွားလှသော နာကျင်မှုကို ခံစားနေရသည်။
ရေခဲရေများမှာ ရုတ်တရက် သူ၏ခေါင်းပေါ် ကျဆင်းလာလေသည်။
သတ္ထုများအား မီးအပူပေးကာ ရေထဲနှစ်လိုက်လျှင် မည်သို့ဖြစ်သွားမည်နည်း။
အန်လင်းမှာ အကြောများ တောင့်တင်းကာ သတိလစ်သွားတော့သည်။
................
အမှောင်ထုထဲ၌....
အန်လင်းမှာ အေးစိမ့်မှုနှင့်အတူ အသိစိတ်အား ဖြည်းညင်းစွာ ပြန်လည်ရရှိလာသည်။
နာကျင်မှုများ ပျောက်ကွယ်ကာ သက်တောင့်သက်သာ အနေအထားတစ်ခုတွင် ရှိနေသောကြောင့် ထပင်မထချင်မိပေ။
အန်လင်း မျက်လုံးဖွင့်လိုက်သောအခါ အလင်းလုံး တစ်ခုအား တွေ့လိုက်ရသည်။
"ဒါက........."
သူသည် ရေထဲတွင် ရှိနေခြင်းပင်။
ထိုနေရာသည် ဗာမီလီယမ် ငှက်မင်းသမီးနှင့် ပြန်လည်တွေ့ဆုံခဲ့သော နှလုံးသား စစ်ဆေးခြင်းကန် တစ်ဖက်ခြင်းပင် ဖြစ်သည်။
"အရှက်မဲ့ကောင်........ နင်နိုးလာပြီပဲ။"
စကားသံတစ်ခု ထွက်ပေါ်လာသည်။
အန်လင်း လှည့်ကြည့်လိုက်သောအခါ ဗာမီလီယမ် ငှက်မင်းသမီးအား တွေ့လိုက်ရသည်။
ထိုအချိန်မှသာ သူသည် အပေါ်ပိုင်းဗလာ ဖြစ်နေကြောင်း အမှတ်ရသွားမိသည်။
အန်လင်းမှာ သိုလှောင်လက်စွပ်ထဲမှ ဝတ်စုံတစ်စုံထုတ်ကာ လဲလှယ်လိုက်သည်။
"မင်းကမှ အရှက်မရှိတာ။ ငါ့ခန္ဓာကိုယ်ကို အဲ့လိုကြီး ကြည့်နေစရာလား။"
ဗာမီလီယမ် ငှက်မင်းသမီး မျက်နှာပျက်သွားသည်။
"ယိလီကမှ အရင်မြင်တာ မဟုတ်ဘူးလား။"
"ပြီးတော့ ယိလီက ကိုယ်တုံးလုံးကြီးလေ။ အဲ့ဒါကိုတောင် နင်မြင်ပြီးသွားပြီဆိုတော့ သူမကို တာဝန်ယူသင့်တယ်မလား။"
"ဟင်.........."
အန်လင်း မျက်လုံးပြူးသွားသည်။
"နေလုံးကြီးကို ငါက တာဝန်ယူရဦးမှာလား........ သောက်ကျိုးနည်း.........."
ထို့နောက် တစ်စုံတစ်ခုအား အမှတ်ရကာ ထိတ်လန့်သွားရသည်။
"ပြီးတော့ ငါက ကိုးထပ်မြောက်မှာမလား။ ဘယ်လိုလုပ် ဒီကိုရောက်နေတာလဲ။"
ဗာမီလီယမ် ငှက်မင်းသမီး နှာခေါင်းရှုံ့လိုက်သည်။
"နင်က သေတော့မလို ဖြစ်နေတာလေ။ ဒီကန်ရဲ့ ယင်းစွမ်းအင်တွေက နင့်ကို ပြန်ကောင်းစေနိုင်မှန်းသိလို့ ဒီကိုခေါ်လာပေးတာ။"
အန်လင်း ခေါင်းညိတ်ပြလိုက်သည်။
သူသည် ထိုနာကျင်မှုအား တစ်ဘဝလုံး အမှတ်ရသွားမည်မှာ သေချာသည်။
"ကျေးဇူးတင်ပါတယ်။"
အန်လင်း ကျေးဇူးတင်စကားဆိုလိုက်သည်။
ဗာမီလီယမ် ငှက်မင်းသမီး လက်ခါပြလိုက်သည်။
"နင်ဒီမှာရှိနေတာ ခြောက်ရက်တောင် ရှိနေပြီ။ ပြန်ကောင်းသလောက်လည်း ဖြစ်နေပြီမလား။ နေသစ်ပင်ရဲ့ စောင့်ရှောက်သူနဲ့ သွားတွေ့တာ မီးသွေးဖြစ်လာရလား။"
အန်လင်း ခေတ္တမျှ တိတ်ဆိတ်သွားသည်။
"ငါနဲ့ သူမနဲ့ ဘာတွေဖြစ်ခဲ့လဲ မင်းမသိချင်ဘူးလား။"
ဗာမီလီယမ် ငှက်မင်းသမီးသည် ထိုကိစ္စနှင့်ပက်သတ်၍ အနည်းငယ်မျှ သိချင်နေပုံ မရသောကြောင့် တစ်စုံတစ်ခု မှားယွင်းနေသလို ခံစားရသည်။
"ဟီးဟီး......."
ဗာမီလီယမ် ငှက်မင်းသမီးမှာ ရူးချင်ယောင်ဆောင်လိုက်သည်။
"နင့်ကို ဂရုစိုက်နေတာနဲ့ မမေးမိလိုက်တာပါ။"
"အဲ့တော့ ဘာဖြစ်ခဲ့တာလဲ ပြောပါဦး။ နမ်းဖြစ်ခဲ့ရဲ့လား။ ဘယ်လိုခံစားရလဲ။"
"ငါက နေသစ်ပင်ရဲ့ စောင့်ရှောက်သူကို ခွင့်ပြုချက် မပါပဲ တွေ့လို့မရဘူးလေ။ သူမ နင့်ကိုဒီကိုပို့လိုက်တုန်းက ငါအံ့သြသွားတာ။ သူမ နင့်ကိုသမလိုက်တာလား။"
ဗာမီလီယမ် ငှက်မင်းသမီးမှာ ဘာမှမသိသော ကလေးငယ်လေးလို လုပ်ပြနေသည်။
အန်လင်းမှာ ယိလီ၏ မီးတောက်များအား ပြန်လည်မြင်ယောင်မိလာသည်။
ယိလီသည် သူ့အား မသမပါသော်လည်း အမှန်တရားမှာ ထိုထက်ပိုဆိုးနေသည်။
သူအားယူကာ ပြုံးလိုက်သည်။
"သူမကို နမ်းခဲ့တယ်လေ။ မတော်တဆ ပေါက်ကွဲမှုကလွဲရင် အကုန်အဆင်ပြေပါတယ်။"
သူအနည်းငယ် ရှင်းပြပြီးနောက် မတ်တပ်ထရပ်လိုက်သည်။
မစ်ရှင်အောင်မြင်သွားပြီ ဖြစ်သောကြောင့် ဆက်နေစရာ အကြောင်းမရှိတော့ပေ။
"ငါသွားတော့မယ်။ ကိုးပြည်ထောင် ရောက်ဖြစ်ရင် ဆက်သွယ်လိုက်နော်။"
အန်လင်း တာ့တာပြလိုက်သည်။
"ဒီမှာ နည်းနည်းလောက် မနေတော့ဘူးလား။"
ဗာမီလီယမ် ငှက်မင်းသမီး စကားဆိုလာသည်။
"ငါ့မှာ အလုပ်တွေ ရှိသေးတယ်။"
အန်လင်း ပြုံးကာပြောလိုက်သည်။
"အသံဆက်သွယ်တဲ့ ကျောက်စိမ်းပြားချင်း လဲထားရအောင်လေ။"
"ကောင်းပြီလေ။"
ဗာမီလီယမ် ငှက်မင်းသမီး သဘောတူလိုက်သည်။
ကျောက်စိမ်းပြားများ လဲလှယ်ပြီးသည့်နောက် အန်လင်း နှုတ်ဆက်လာသည်။
"နှုတ်ဆက်ပါတယ် ဗာမီလီယမ် ငှက်မင်းသမီးလေးရေ......."
ဗာမီလီယမ် ငှက်မင်းသမီးမှာ အကြည့်လွှဲသွားလေသည်။
"မိန်းကလေးတွေကို အတင်းနမ်းတာ အန္တရာယ် ဘယ်လောက်များလဲ သိပြီမလား။ နင်သင်ခန်းစာရဖို့ မျှော်လင့်တယ်။"
အန်လင်း မျက်နှာပျက်သွားသည်။
ထပ်ပြောစရာ လိုသေးလို့လား...........
"တာ့တာနော် လင်းအန်......"
သူမ တာ့တာပြလာသည်။
အန်လင်းမှာ နှလုံးသား စစ်ဆေးခြင်းကန်ထံ လျှောက်လှမ်းလိုက်သည်။
ထို့နောက် စိတ်ထဲမှ ရေရွတ်လိုက်သည်။
တာ့တာနော်......... ကိုးရောင်ခြယ် အံ့ဖွယ်ဗာမီလီယမ်ငှက်မလေး.........
သတ်ကွင်းတွင် ရှိစဥ်တည်းက သံသယဖြစ်ခဲ့သည့်အပြင် ကိုးရောင်ခြယ် အံ့ဖွယ်ဗာမီလီယမ်ငှက်၏ အမွေအနှစ် ပေးပုံမှာလည်း ထူးခြားနေသည်။ သူမသည် နှလုံးသား စစ်ဆေးခြင်းကန် တစ်ဖက်ခြမ်းတွင် သီးသန့်နေနိုင်သည့်အပြင် နေသစ်ပင်၏ ကိုးထပ်မြောက်သို့ပါ သူ့အားပို့ဆောင်ပေးနိုင်ခဲ့ပြီးနောက် သံသယများ သေချာသွားခဲ့သည်။
ဗာမီလီယမ် ငှက်မင်းသမီးမှာလည်း မြူခိုးများကြား ပျောက်ကွယ်သွားသော ပုံရိပ်အားကြည့်ကာ စိတ်ထဲမှ ရေရွတ်လိုက်သည်။
နှုတ်ဆက်ပါတယ် အန်လင်း...........
သတ်ကွင်းထဲတွင် တိုက်ခိုက်နေစဥ်က အန်လင်းအား သူမ ခန့်မှန်းနိုင်ခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ ၎င်းတို့နှစ်ဦးလုံးသည် တစ်ဦးကိုတစ်ဦး မဖော်ထုတ်ခဲ့ကြပေ။
.............
အန်လင်းမှာ နှလုံးသား စစ်ဆေးခြင်းကန် တစ်ဖက်ခြမ်းသို့ ပြန်လည်ရောက်ရှိလာသည်။
"အမ်...... ဟေးထျန်ကဲနဲ့ ပိုင်ရှင်းကဲ မရှိတော့ဘူးလား။"
၎င်းတို့နှစ်ဦးသည် အန်လင်း သတ်ဖြတ်ခံလိုက်ရပြီဟု ထင်မှတ်သွားခဲ့ကြောင်း သူမသိပါချေ။
"ဟူး......... ပိုင်ရှင်းကဲက ငါ့ကို အင်မော်တယ်သစ်သီး သုံးလုံး ပေးရမှာမလား။ အခုကြတော့ ဘယ်သူ့ဆီမှာ သွားတောင်းရမှာလဲ။"
အန်လင်း သက်ပြင်းချလိုက်မိသည်။
နေသစ်ပင်၏ အင်မော်တယ်သစ်သီးများသည် မီးကျင့်စဥ် ကျင့်ကြံသော ရှောင်လန်အတွက် အတော်ပင် အသုံးဝင်လှသည်။
ဂူထဲမှ ထွက်လာပြီးနောက် ကြီးမားလှသော ကြက်တူရွေးတစ်ကောင်အား တွေ့လိုက်ရသည်။
ထိုကြက်တူရွေးသည် ထိုက်ချူဘာသာစကားဖြင့် မေးမြန်းလာသည်။
"မင်းက သခင်လေး လင်းမဟာစာကလေးအန်လား။"
လင်းမဟာစာကလေးအန်တဲ့လား........
သောက်ကျိုးနည်း.........
အန်လင်း ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်တယ်။ ဘာဖြစ်လို့လဲ။"