အစ်ကိုကြီးချန်ပြန်လာပြီ
Vol. 68 Ch. 953
အန်လင်းသည် စိတ်ဝိဥာဥ်ကျောက်တုံး ရှစ်သန်းအား သိုလှောင်လက်စွပ်ထဲ ထည့်သိမ်းလိုက်သည်။
သူ့ထံတွင် စိတ်ဝိဥာဥ်ကျောက်တုံး သန်းခြောက်ဆယ်ကျော် ရှိနေလေပြီ။ ထိုသည်မှာ တီနာ၊ ရှောင်လန်၊ ကောင်းကင်ဘုံခုံရုံး၏ အင်မော်တယ်များနှင့် တောင်ပိုင်းကောင်းကင်တောင်ပံနိုင်ငံတော်မှ ဓားပြများကြောင့် ဖြစ်သည်။
တစ်နှစ်အတွင်း စိတ်ဝိဥာဥ်ကျောက်တုံး သန်းတစ်ရာ ပြည့်ရန်မှာ မဖြစ်နိုင်သော အိပ်မက်တစ်ခု မဟုတ်တော့ပေ။
အန်လင်းမှာ ပျော်ရွှင်စွာဖြင့် အဆင့်ငါး အင်မော်တယ်သစ်သီးဖြစ်သော ထာဝရနေသစ်သီး နှစ်လုံးအား ရှောင်လန်ထံ ပေးလိုက်သည်။
ထိုသည်မှာ သူမအတွက် လက်ဆောင်ပင်။
ထိုသစ်သီးသည် ၎င်းတို့နှစ်ဦးလုံးအတွက် သင့်တော်နေသောကြောင့် လက်ဆောင်အဖြစ် ပေးပါက သူမ လက်ခံမည် မဟုတ်ပေ။ ထို့ကြောင့်ပင် အကြောင်းပြချက်ရှာကာ ပေးလိုက်ရခြင်း ဖြစ်သည်။
"ရွှမ်းယွမ်ချန်တောင် စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း အဆင့်ရောက်သွားလို့ ကျောင်းပြန်တက်နေပြီနော်။"
စုရှောင်လန် စကားဆိုလိုက်သည်။
"အစ်ကိုကြီးချန်က မလုပ်နိုင်တာ မရှိဘူးပဲ။ တကယ်တော်တယ်။"
အန်လင်း လက်မထောင်ပြလိုက်သည်။
"အစ်ကိုကြီးချန်ရော၊ အတန်းဖော် စုချန်းရန်ရော စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း အဆင့်ရောက်နေပြီဆိုတော့ အတန်းထဲမှာ စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်းအဆင့် လေးယောင်တောင် ဖြစ်သွားပြီ။ သမိုင်းတလျှောက် အကြမ်းဆုံး အတန်းပဲ။"
စုရှောင်လန် မျက်စောင်းထိုးလာသည်။
"နင့်ကြောင့် ဖိအားတွေဖြစ်ပြီး ကြိုးစားကုန်တာလေ။"
"မင်းကြောင့်ရော မဟုတ်လို့လား။"
အန်လင်း ပြုံးကာပြောလိုက်သည်။
စုရှောင်လန်မှာ ထိုသည်ကို မငြင်းပယ်ပေ။
အန်လင်းသည် ဆရာ့ဆရာကြီး ဖြစ်နေပါသော်လည်း စုရှောင်လန်မှာ ခေသူမဟုတ်ပေ။ သူမ၏ တိုးတက်မှုသည် အသေးစိတ် ကျလှပြီး အားလုံးမှာ သူမ၏ ခြေလှမ်းတိုင်းကို မြင်တွေ့နိုင်သည်။
ပထမနှစ်တွင် စုရှောင်လန်သည် တာအိုခန္ဓာ အဆင့်ကိုးသာရှိပြီး ရွှမ်းယွမ်ချန်နှင့် စုချန်းရန်သည် စိတ်ဝိဥာဥ်ပျိုးထောင်ခြင်းအဆင့် ကျင့်ကြံသူများ ဖြစ်ခဲ့သည်။
ယခု စတုတ္ထနှစ်တွင် စုရှောင်လန်သည် စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း အလယ်အလတ်အဆင့်ရှိကာ စုချန်းရန်နှင့် ရွှမ်းယွမ်ချန်မှာ စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း စဦးအဆင့်သာ ရှိသေးသည်။
ကောင်းကင်ဘုံခုံရုံး၏ စုစည်းညီညွတ်ကျင့်ကြံခြင်းကျောင်းတော်တွင် အန်လင်းသည် နှစ်ယောက်မရှိနိုင်သူဖြစ်ကာ စုရှောင်လန်သည် ပါရမီနှင့် ဇွဲ၊ လုံ့လ၊ ဝီရိယ ပေါင်းစပ်ထားသော လေးစားအားကျသူ ဖြစ်ပေသည်။
ရွှမ်းယွမ်ချန်နှင့် စုချန်းရန်သည်လည်း ထိပ်တန်းအဆင့် ပါရမီရှင်များ ဖြစ်သောကြောင့် မာနရှိကြပြီး ထိုအဖြစ်အပျက်အား လက်မခံနိုင်ကြပေ။
ထို့ကြောင့်ပင် အပတ်တကုပ် ကြိုးစားကျင့်ကြံခဲ့ကြသည်။
ထိုသို့ဖြင့် အားလုံးမှာ အတူတကွ တိုးတက်လာကြပေသည်။
အန်လင်းနှင့် စုရှောင်လန်သည် အစ်ကိုကြီးချန် အဆင့်တက်ခြင်းအတွက် အိုးပူလေးဖြင့် အောင်ပွဲခံရန် ဆုံးဖြတ်လိုက်ကြသည်။
...........
အန်လင်း၏ အဆောင်ခန်း၌.....
သူငယ်ချင်းများစွာ စုဝေးနေကြသည်။
အန်လင်းသည် အချိန်အတော်ကြာပြီးနောက် အစ်ကိုကြီးချန်အား ပြန်တွေ့ရပြီပင်။
အစ်ကိုကြီးချန်သည် ယခင်ကနှင့် မတူတော့ပဲ ကိုယ်ရောင်ကိုယ်ဝါများ ပိုမိုတောက်ပနေသလို ထင်မှတ်ရသည်။
"အစ်ကိုကြီးချန်ကို ကြည့်ရတာ တက်ကြွနေတာပဲ။"
အန်လင်း စကားဆိုလိုက်သည်။
"ပထမနှစ်တည်းက ထားခဲ့တဲ့ ရည်မှန်းချက် ပြည့်သွားလို့လေ။ စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်းအဆင့် ရောက်သွားပြီဆိုတော့ အေးအေးဆေးဆေး ဘွဲ့ယူလိုက်လို့တောင်ရပြီ။"
ရွှမ်းယွမ်ချန် တုံ့ပြန်လာသည်။
ထျန်းရှီမန် ငိုချင်သွားရသည်။
စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း အဆင့်ရောက်တော့ ဘွဲ့ယူနိုင်ပြီတဲ့လား......... ငါသာဆို ဒီတသက် ကျောင်းမပြီးနိုင်တော့ဘူးလား........
အင်မော်တယ်စိတ်ဝိဥာဥ်မျှော်စင် အခမ်းအနားမှာ ရောက်ရှိလာတော့မည်ဖြစ်ပြီး သူသည် စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း အဆင့်သို့ ခြေလှမ်းတဝက်မျှပင် မရောက်နိုင်သေးပါက ကျောင်းတော်၏ အောင်မြင်ကျော်ကြားသူများစာရင်းတွင် ပါဝင်နိုင်တော့မည် မဟုတ်ပေ။
ထျန်းရှီမန်မှာ စိတ်ဖိအားများ ခံစားလာရသည်။
"အတန်းဖော်အန်လင်း........ ငါ အစ်မတော် ချန်အယ်ဆီ သွားတုန်းက ဒီနှစ်ကုန်ရင် ဆေးရလောက်ပြီလို့ သူမက မှာလိုက်တယ်။"
စုချန်းရန် ပြုံးကာပြောလာသည်။
အန်လင်း လက်ဖြောက်တီးလိုက်သည်နှင့်
"လုပ်သာလုပ်ခိုင်းထားလိုက်ပါ။ ငါ့မှာ ပိုက်ဆံရှိတယ်။"
သူသည် ငွေရေးကြေးရေးအား ယုံကြည်ချက် ရှိနေပြီပင်။
ထျန်းရှီမန် အံ့အားသင့်သွားရသည်။
"အန်လင်း မင်းအံ့ဖွယ်ဆေးလုံး မှာထားတာလား။"
"ဟုတ်တယ်။ ဟင်းလင်းပြင်သို့အပြန် အဆင့်တက်ဖို့လေ။"
အန်လင်းမှာ ဖုံးကွယ်ထားခြင်း မရှိပေ။
"ဝါး........."
အားလုံး အသက်ရှူသံများ ပြင်းသွားရသည်။
"ငါက စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း အဆင့်တောင် မရောက်သေးတာကို မင်းက ဟင်းလင်းပြင်သို့အပြန်အဆင့် တက်ဖို့လုပ်နေတာလား။"
ထျန်းရှီမန် မျက်လုံးပြူးသွားသည်။
"ကျင့်ကြံရေးလမ်းမှာ ဘယ်သူကမှ ဘယ်သူ့ကို စောင့်နေမှာ မဟုတ်ဘူးလေ။"
ရွှမ်းယွမ်ချန်မှာ ထျန်းရှီမန်အား ပုခုံးပုတ်ပေးလိုက်သည်။
ထျန်းရှီမန်မှာ စီနီယာ ဖြစ်နေပါသော်လည်း အငယ်များ၏ နှစ်သိမ့်ခြင်းကို ခံနေရသောကြောင့် စိတ်ဓာတ်ကျသွားရသည်။
"ဟုတ်သားပဲ။ ဒီနှစ် သေမျိုးကမ္ဘာကိုသွားဖို့ သုံးနေရာစာ ရထားတယ်။ တောင်ပံနက်မျိုးနွယ်စုနဲ့ သေမျိုးကမ္ဘာကြားကလမ်းကို စစ်ဆေးရမှာမို့လို့ အန္တရာယ်များတယ်။ စိတ်ဝိဥာဥ်ပျိုးထောင်ခြင်း အဆင့်ထက်မြင့်မှ လိုက်နိုင်လိမ့်မယ်။ ဘယ်သူသွားချင်လဲ။"
အတန်းခေါင်းဆောင် ရွှမ်းယွမ်ချန် စကားဆိုလိုက်သည်။
အတန်း၏ အတော်ဆုံး ကျောင်းသားကျောင်းသူများမှာ ဤနေရာတွင် စုဝေးနေသည် မဟုတ်ပါလော။
စုချန်းရန် ပြုံးကာပြောလာသည်။
"ငါ့ရဲ့ ကျင့်ကြံရေးက အခြေမခိုင်သေးလို့ လိုက်လို့မရဘူး။"
အန်လင်းမှာ တောင်ပံနက်မျိုးနွယ်စုအား စိတ်ဝင်စားသောကြောင့် စုရှောင်လန်အား လှည့်ကြည့်လိုက်သည်။
စုရှောင်လန်မှာ အန်လင်းကို နားလည်နေသည့်အလား ပြုံးပြလာသည်။
"နင်သွားရင်သွားလေ။ စားတော်ဆက်ကို ငါပဲဆက်ကြည့်ပေးထားမယ်။"
အန်လင်း လက်ထောင်ပြလိုက်သည်။
"အစ်ကိုကြီးချန်...... ကျွန်တော် သွားမယ်။"
"ကောင်းပြီလေ။ အဲ့ဒါဆို နှစ်နေရာစာ ကျန်သေးတာပေါ့။ ဘယ်သူသွားချင်သေးလဲ။"
ရွှမ်းယွမ်ချန် မေးမြန်းလာသည်။
အခြားသူများမှာ ခေါင်းခါပြလာကြသည်။
၎င်းတို့သည် တောင်ပံနက်မျိုးနွယ်စုအား စိတ်ဝင်စားခြင်း မရှိသောကြောင့် မစွန့်စားလိုကြပေ။
ရွှမ်းယွမ်ချန် သက်ပြင်းချလိုက်သည်။
"အဲ့ဒါဆိုရင်တော့ ငါပဲလိုက်ရမှာပေါ့။"
"ကျွန်တော်ရော လိုက်လို့ရလားဗျ....... ဝုတ်...."
တပိုင် လက်ထောင်ပြလာသည်။
သူသည် တောင်ပံနက်မျိုးနွယ်စုအား အရေးမစိုက်ပါသော်လည်း သေမျိုးကမ္ဘာမှ အလှလေးများကို စိတ်ဝင်တစား ရှိလှသည်။
"ဒါပေါ့။ မင်းက အန်လင်း သားရဲပဲဟာ။"
ရွှမ်းယွမ်ချန် ပြုံးကာပြောလိုက်သည်။
"ဘီလူးအန်လင်း ငါလည်းသွားချင်တယ်။"
တီနာမှာ အန်လင်း ပုခုံးပေါ် ရောက်ရှိလာသည်။
သေမျိုးကမ္ဘာသည် အန်လင်း၏ မွေးရပ်မြေ ဖြစ်သောကြောင့် သူမအနေဖြင့် တစ်ကြိမ်မျှ ရောက်ရှိဖူးလိုမိသည်။
ရွှမ်းယွမ်ချန်မှာ စိတ်သက်သာရာ ရသွားရသည်။
"ကဲ..... ဘယ်သူလိုက်ချင်သေးလဲ။"
မည်သူမှ မလိုက်ကြပါသော်လည်း ရွှမ်းယွမ်ချန်မှာ ဂရုမစိုက်တော့ပေ။
"ကောင်းပြီ။ နောက်နှစ်ရက်နေရင် ငါနဲ့ အတန်းဖော် အန်လင်း စထွက်ကြမယ်။"
နှစ်ရက်ဟူသော အချိန်ကာလမှာ လျင်မြန်စွာ ကုန်ဆုံးသွားတော့သည်။