များပြားသော အမွေအနှစ်
Vol. 68 Ch. 954
ကောင်းကင်ဘုံခုံရုံး၏ တောင်ဘက်ဂိတ်တံခါး၌.....
ဗိုလ်ချုပ်နှစ်ဦးမှာ အန်လင်းတို့အတွက် ထွက်ခွာမှတ်အား ရွေးချယ်ပေးနေကြသည်။
"ဘီလူးအန်လင်း..... ဒီနှစ်ရက်အတွင်း တရုတ်စကားကို ငါလေ့လာနေတာ။ အခု ဘယ်လိုအခြေအနေရှိလဲ။"
တီနာ တရုတ်လို မေးမြန်းလာသည်။
အန်လင်း အံ့အားသင့်သွားရသည်။
"အရမ်းတော်တာပဲ။ ဒီအနေအထားနဲ့ဆို အစီအစဥ် တင်ဆက်သူတောင် လုပ်လို့ရနေပြီ။"
တီနာ ပြုံးကာ အန်လင်း၏လက်အား ခေါင်းနှင့်ပွတ်လိုက်သည်။
ရွှမ်းယွမ်ချန်မှာ ပါးစပ်အဟောင်းသား ဖြစ်နေရသည်။
"နှစ်နဲ့ချီ သင်လာတာတောင်မှ အခုအချိန်ထိ ငါသေသေချာချာ မပြောတတ်သေးဘူး။ နတ်သမီးငယ်လေးက နှစ်ရက်တည်းနဲ့ ဒီလိုတော်သွားတာလား။"
"ဘာမှမဖြစ်ပါဘူး။ လူတိုင်းက ပါရမီ မပါဘူးလေ။"
အန်လင်း၏ စကားမှာ အနာအား ဆားပက်လိုက်သလိုပင်။
တီနာသည် ထိုက်ချူဘာသာစကားကိုလည်း ရက်အနည်းငယ်အတွင်း ကျွမ်းကျင်ခဲ့သူဖြစ်ကာ ဘာသာစကားနှင့် ပက်သတ်၍ သူမ၏ ပါရမီမှာ အံ့မခမ်းပင်။
ရွှမ်းယွမ်ချန်မှာ ပြောစရာ စကားပင် မရှိတော့ပေ။
သခင်အတိုင်း သားရဲများသည်လည်း သောက်ကြမ်းကြီးများ ဖြစ်သည်။
အရိုးရှင်းဆုံး တပိုင်သည်ပင် စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း အဆင့်သို့ ခြေလှမ်းတဝက်မျှ ရောက်နေလေပြီ။
တပိုင်သည် သူ့ကိုယ်သူ အသုံးမကျသော ခွေးတစ်ကောင်အဖြစ် ငြီးငြူတတ်သေးသည်။
အန်လင်းနှင့် သားရဲများမှာ ကျင့်ကြံရေးနှင့် ပက်သတ်၍ ဆရာ့ဆရာကြီးများလိုပင်။
တီ...... တီ...... တီ.....
အသံများ ထွက်ပေါ်လာသည်။
"အခု ဒီကနေသွားရင် ဟွားနိုင်ငံကို ရောက်လိမ့်မယ်။"
ဗိုလ်ချုပ်တစ်ဦး စကားဆိုလာသည်။
အန်လင်း ခေါင်းညိတ်ပြကာ ဂိတ်ထဲဝင်လိုက်သည်။
ဝုန်း.......
မကြာမီပင် လူနှစ်ဦး၊ ခွေးတစ်ကောင်နှင့် နတ်သမီးငယ်လေးတို့မှာ မြို့တော်တစ်ခု၏ ကောင်းကင်ပေါ် ရောက်ရှိလာကြသည်။
"ဒါက ကမ္ဘာမြေလား။"
တီနာသည် မိုးမျှော်တိုက်များအားကြည့်ကာ မျက်ဝန်းများ တောက်ပလာသည်။
"ဟုတ်တယ်။ ဒါက ဟွားနိုင်ငံပဲ။ ငါ့အဖေလည်း ဒီမှာကျင့်ကြံနေတာ။"
အန်လင်း စကားဆိုလိုက်သည်။
"အံ့ဖွယ်ကြေးမုံပြင်ကမ္ဘာထက်တောင် စည်ကားသေးတယ်။"
တီနာ မှတ်ချက်ပြုလာသည်။
"အံ့ဖွယ်ကြေးမုံပြင်ကမ္ဘာကလည်း လှတဲ့နေရာ တစ်ခုပဲလေ။"
အန်လင်း ပြုံးကာပြောလိုက်သည်။
အံ့ဖွယ်ကြေးမုံပြင်ကမ္ဘာသည် ဒုတိယမြောက် စက်မှုတော်လှန်ရေးခေတ်သို့ ရောက်ရှိနေပြီး အပူစွမ်းအင်နှင့် သံလိုက်စွမ်းအင်တို့အား ကျင့်ကြံရေးနှင့် ပေါင်းစည်းရန် ကြိုးစားနေကြသည်။ ၎င်းသည် မကြာလှသော အနာဂတ်တွင် ကမ္ဘာမြေထက်ပို၍ တိုးတက်လာမည်မှာ သေချာပေသည်။
"အတန်းဖော်အန်လင်း.... ငါလုပ်စရာရှိတာ လုပ်ထားလိုက်မယ်။ မင်းအဖေနဲ့ သွားတွေ့လိုက်ဦးလေ။"
ရွှမ်းယွမ်ချန် အကြံပေးလိုက်သည်။
အန်လင်း မငြင်းပယ်ပေ။
"ကျေးဇူးတင်ပါတယ် အစ်ကိုကြီးချန်....."
ယခုတာဝန်သည် အချိန်အကန့်အသတ်မှလွဲ၍ အရာအားလုံး လွတ်လွတ်လပ်လပ် ရှိသောကြောင့် စိုးရိမ်ပူပန်စရာ မရှိပေ။ ၎င်းတို့သည် သတ်မှတ်ထားသော အချိန်အတွင်း တောင်ပံနက်မျိုးနွယ်စုနှင့် သေမျိုးကမ္ဘာကြားမှ လမ်းကြောင်းအား စုံစမ်းစစ်ဆေးရန်သာ လိုအပ်သည်။
သေမျိုးကမ္ဘာသည် အရှင်မ နွီဝါး၏ ကာကွယ်မှုအောက်တွင် ရှိသောကြောင့် ပြင်ပရန်သူများ ဝင်လာနိုင်စရာ မရှိပေ။ သို့သော် တောင်ပံနက်မျိုးနွယ်စုများသည် သေမျိုးကမ္ဘာထဲဝင်ကာ မိစ္ဆာရှင်းဓားကိုပင် ယူဆောင်သွားသောကြောင့် အရှင်မ နွီဝါးကိုပါ ထိတ်လန့်စေခဲ့သည်။
အရှင်မ နွီဝါးသည် သုံးနှစ်တိုင်တိုင် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ တာအိုပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူ တစ်ဦးကိုပါလွှတ်ကာ စစ်ဆေးခိုင်းခဲ့ပါသော်လည်း မည်သည်ကိုမှ မတွေ့ခဲ့ရပေ။
လက်ရှိအချိန်တွင် ကမ္ဘာမြေသည် အပူချိန် မြင့်တက်ကာ သက်ရှိစွမ်းအင်များ ကြွယ်ဝလာသောကြောင့် သက်ရှိတိုင်းမှာ လျင်မြန်စွာ တိုးတက်လာကြသည်။
ကြောက်မက်ဖွယ် သားရဲများပါ ထွက်ပေါ်လာသောကြောင့် ကောင်းကင်ဘုံခုံရုံးသည် အရှင်မ နွီဝါးအား တစ်ဖက်တစ်လမ်းမှ ကူညီရန် လူများစေလွှတ်ခဲ့ခြင်း ဖြစ်သည်။
အန်လင်းတို့၏ တာဝန်သည် ကမ္ဘာမြေ၏ ပြစ်ချက်အား ရှာဖွေရန် ဖြစ်သောကြောင့် အမြင့်ဆုံးပင်။ ထိုကဲ့သို့ တာဝန်မျိုးသည် တာအိုပေါင်းစည်းခြင်း အဆင့်သည်ပင် မလုပ်ဆောင်နိုင်သောကြောင့် အောင်မြင်ရန် မဖြစ်နိုင်ပေ။
ထို့ကြောင့် ၎င်းတို့အနေဖြင့် အလောတကြီး ဖြစ်နေစရာ မရှိပေ။
အန်လင်းသည် ရွှမ်းယွမ်ချန်အား နှုတ်ဆက်ပြီးနောက် တပိုင်အားစီးကာ ထွက်လာခဲ့သည်။
"ဘီလူးအန်လင်း...... ဒီကမ္ဘာက အရှင်မ နွီဝါး ဖန်ဆင်းထားတာဆိုတော့ ဘာတွေဖြစ်နေလဲဆိုတာ သူမဘာသာ လာမကြည့်ဘူးလား။"
တီနာ နားမလည်နိုင်ပဲ ဖြစ်နေမိသည်။
အန်လင်း သက်ပြင်းချလိုက်သည်။
"အဲ့ဒါက ပြဿနာပဲ။ အရှင်မ နွီဝါးက ဒီကမ္ဘာကို ဖန်ဆင်းထားပေမယ့် သူမ လွှမ်းမိုးမှု မပါပဲ တိုးတက်လာနိုင်ဖို့အတွက် ကောင်းကင်နဲ့မြေပြင်ရဲ့ မဟာတာအိုကိုပဲ လက်ဝါးကွပ်အပ်ထားတာ။ အဲ့ဒါအပြင် တခြားအဆင့်မြင့် ကျင့်ကြံသူတွေပါ လွှမ်းမိုးလို့ မရအောင် ကန့်သတ်ထားတာမို့လို့ သူမကိုယ်တိုင်တောင် လာလို့မရဘူး။"
တီနာ စကားဆိုလိုက်သည်။
"အခုက အရှင်မ နွီဝါးအတွက် တာဝန်ထမ်းဆောင်ပေးနေရတာလား။"
"အာ......."
အန်လင်း တွေးကာပြောလိုက်သည်။
"အရှင်မ နွီဝါးက သေသေချာချာ စဥ်းစားပြီးမှ ဒီကမ္ဘာကို ဖန်ဆင်းထားတာလေ။ မပြောင်းလဲတာ တစ်ခုရှိတယ်။ အဲ့ဒါက သူမလုပ်သမျှက လူသားမျိုးနွယ် ကောင်းကျိုးအတွက်ပဲ။ အဲ့ဒါကြောင့် သူမကို ကူညီပေးတာက ငါ့တို့ကိုငါတို့ ကူညီပေးသလိုပဲ။"
တီနာမှာ ထိုဖြေရှင်းချက်ကြောင့် စိတ်ကျေနပ်သွားသည်။
သူမသည်လည်း လူသားမျိုးနွယ်စုဝင်အဖြစ် ကိုယ့်ကိုယ်ကို သတ်မှတ်ထားသောကြောင့် လူသားမျိုးနွယ် ကောင်းကျိုးအတွက်ဆိုလျှင် ဝမ်းသာနေမိသည်။
...........
မြောက်ဘက်မြူတောင်၌....
ကြီးမားလှသော မန္တာန်ဝင်္ကပါကြီးတစ်ခု ရှိနေသည်။
တောင်ထိပ်တွင် တိုက်ပွဲကြည့်ရန် ရောက်ရှိနေသော ကျင့်ကြံသူများစွာ ရှိပေသည်။
တာအိုကွင်းပြင် အလယ်တွင်မူ ဓားစိတ်ဆန္ဒများ ခက်ထန်နေသည်။
အန်မင်ချွန်နှင့် ရဲ့သုန်မှာ ဟွားနိုင်ငံ၏ မြောက်ဘက်မြူတောင် စစ်ရေးပြပွဲတွင် ချန်ပီယံ နေရာအတွက် တိုက်ခိုက်နေကြခြင်း ဖြစ်သည်။
မြောက်ဘက်မြူတောင်သည် ဟွားနိုင်ငံ ကျင့်ကြံရေး အင်အားစုများ၏ အလယ်ဒေသတွင် ရှိသည်။
၎င်းတို့၏ စစ်ရေးပြပွဲမှာ အလွန်အမင်း ကျော်ကြားပေသည်။
စိတ်ဝိဥာဥ်ပျိုးထောင်ခြင်းအဆင့် ကျင့်ကြံသူများမှ ဒိုင်အဖြစ် ဆောင်ရွက်ကာ လာရောက်ကြည့်ရှုသူပေါင်း ရာနှင့်ချီ ရှိကြသည်။
"ဦးလေးအန် ကြိုးစားထား....."
မိန်းမငယ်လေးတစ်ဦး အော်ဟစ်အားပေးနေသည်။
ထိုသည်မှာ လိုလီလေး ထျန်းလင်းလင်းပင်။
ထျန်းလင်းလင်းသည် လွန်ခဲ့သော တစ်နှစ်ကပင် စိတ်ဝိဥာဥ်ပျိုးထောင်ခြင်း အဆင့်သို့ ရောက်ရှိခဲ့သောကြောင့် လူငယ်များကြားတွင် ရှားမှရှား ပါရမီရှင်ဟု ဆိုနိုင်သည်။
တိုက်ပွဲမှာ ကြမ်းတမ်းခက်ထန်နေသည်။
အန်မင်ချွန်သည် တာအိုခန္ဓာ အဆင့်ရှစ်ဖြစ်ကာ ရဲ့သုန်သည် တာအိုခန္ဓာ အဆင့်တစ်ဆယ် ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ၎င်းတို့မှာ တစ်ဦးနှင့်တစ်ဦး အသာစီး မရနိုင်ကြပေ။ ၎င်းတို့သည် မြောက်ဘက်မြူတောင်မှ ဖြစ်သောကြောင့် ကျင့်စဥ်များလည်း တူညီနေကြသည်။
အန်မင်ချွန်သည် ထူးချွန်လွန်းခြင်း မဟုတ်ပဲ ချမ်းသာလွန်းနေခြင်း ဖြစ်သည်။
ရဲ့သုန်သည် အန်မင်ချွန်အား ဓားဖြင့်ခုတ်လိုက်ပါသော်လည်း ပြင်းထန်လှသော စွမ်းအင်အချို့ကြောင့် နောက်သို့ဆုတ်သွားရသည်။
ထိုသည်မှာ အန်မင်ချွန်၏ အဆင့်မြင့် ကာကွယ်ရေး ရတနာ ရွှေချပ်ဝတ်ကြောင့်ပင်။
အန်မင်ချွန်မှာ ရင်ဘတ်အားရိုက်ကာ ရယ်မောလိုက်သည်။
ရဲ့သုန် : "........."
ထိုအချိန်တွင် အေးစက်သော ရေခဲဓားတစ်လက်မှာ ၎င်းထံပျံဝဲလာသည်။
ရဲ့သုန်မှာ ဓားရှည်အားကိုင်ကာ အသည်းအသန် ခုခံလိုက်ရသည်။
သူ၏မှော်ရတနာမှာလည်း ထက်ပိုင်းပြတ်မတတ် ဖြစ်နေလေပြီ။
အန်မင်ချွန် ပြုံးကာပြောလာသည်။
"အရှုံးပေးလိုက်ပါတော့ကွာ။"
အပြာရောင် ရေခဲဓားသည် အလယ်အလတ်အဆင့် စိတ်ဝိဥာဥ် ရတနာဖြစ်ကာ ထက်ရှလွန်းလှသည်။
"အရှုံးပေးရမှာလား။ ဟာသပဲ။"
ရဲ့သုန်သည် ထိုသည်ကို လက်သင့်မခံနိုင်ပေ။
"သားတစ်ယောက် ရှိရုံနဲ့ ဆရာ့ဆရာကြီး ဖြစ်ပြီထင်နေလား။ ဆောင်းဟေမာန်ရဲ့ ဒေါသ........I
ရဲ့သုန် အော်ဟစ်ကာ အန်မင်ချွန်အား တိုက်ခိုက်လာသည်။
ထိုဓားသည် လျင်မြန်လွန်းလှသောကြောင့် စိတ်ဝိဥာဥ်ပျိုးထောင်ခြင်း စဦးအဆင့်များပင် ရှောင်ရှားနိုင်ရန် မလွယ်ကူပေ။
ပွဲကြည့်ပရိသတ်များလည်း ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
ထိုအချိန်တွင်......
အန်မင်ချွန်သည် ငွေရောင်လက်အိတ် စွပ်ထားသောလက်ဖြင့် ဓားအားလှမ်းကိုင်လိုက်သည်။
"စိတ်တော့မကောင်းပါဘူး။ ငါက တကယ့်ကို ဆရာ့ဆရာကြီးပဲ။"
ထိုသည်မှာ အဆင့်မြင့် စိတ်ဝိဥာဥ် ရတနာ မုန်တိုင်းလက်အိတ် ဖြစ်သည်။
ရဲ့သုန်မှာ မျက်ရည်များ ကျဆင်းလာသည်။
"ဒါမတရားဘူး။ ခင်ဗျားရဲ့ စွမ်းရည်မှ မဟုတ်တာ။"
အန်မင်ချွန် ခပ်ဖွဖွ ပြုံးလိုက်သည်။
"အရူးကောင်....... ငါ့စွမ်းရည်က ချမ်းသာတာပဲ။"