သောက်ကြမ်းသားရောက်ရှိလာခြင်း
Vol. 68 Ch. 955
အန်မင်ချွန်၏ဓားအား ရဲ့သုန် မရှောင်ရှားနိုင်ခဲ့ပေ။
ရွှပ်....
သွေးများပန်းထွက်လာကာ ရဲ့သုန်လည်း မြေပြင်ပေါ် ပြုတ်ကျသွားသည်။
"မြောက်ဘက်မြူတောင်ရဲ့ သုံးဆယ့်ခြောက်ကြိမ်မြောက် စစ်ရေးပြပွဲမှာ ချန်ပီယံ ဖြစ်သွားတာကတော့ အန်မင်ချွန်ပဲ ဖြစ်ပါတယ်။"
ဒိုင်တစ်ဦးမှ ကြေညာလိုက်သည်။
အော်ဟစ်အားပေးသံများ ပဲ့တင်ထပ်သွားလေသည်။
အန်မင်ချွန်သည် စိတ်ဝိဥာဥ်ပျိုးထောင်ခြင်းအဆင့် ကျင့်ကြံသူများပင် အားကျမနာလို ဖြစ်ရသည်အထိ အဆင့်မြင့် စိတ်ဝိဥာဥ် ရတနာများကို ပိုင်ဆိုင်ထားသည်။
သူသည် အစစ်အမှန် သူဋ္ဌေးကြီးတစ်ဦးပင်။
ရဲ့သုန်မှာ မျက်ရည်များ အဆက်မပြတ် စီးကျနေသည်။
အန်မင်ချွန်သည် သားဖြစ်သူကြောင့် ချန်ပီယံ ဖြစ်သွားခြင်းပင်။
သားဖြစ်သူသည် တန်ဖိုးရှိသော ဆေးဝါးများ၊ ရတနာများစွာ ပေးခဲ့သောကြောင့် အန်မင်ချွန်သည် တိုတောင်းလှသော အချိန်အတွင်း ထိပ်တန်းပါရမီရှင်တစ်ဦး ဖြစ်လာခဲ့သည်။ ငွေကြေးသည် မည်မျှပင် ကြောက်မက်ဖွယ်ကောင်းကြောင်း ဥပမာ ပြနေသလိုပင်။
ထိုအချိန်တွင် တာအိုကွင်းပြင်၏ ကောင်းကင်၌ အက်ကြောင်းတစ်ခု ဖြစ်ပေါ်လာသည်။
"ဘာ...... ဘာဖြစ်တာလဲ။"
ကျင့်ကြံသူများ ထိတ်လန့်သွားကြရသည်။
"အနောက်ဆုတ်ကြ....... ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူပဲ ဖြစ်ရမယ်။"
စိတ်ဝိဥာဥ်ပျိုးထောင်ခြင်း ကျင့်ကြံသူ တစ်ဦးမှ အော်ဟစ်သတိပေးလိုက်သည်။
"ဟင်းလင်းပြင်သို့အပြန် အဆင့်လား။ စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း အဆင့်ထက်တောင် မြင့်တာလေ။"
"ဘုရားရေ...... ဘယ်လောက်တောင် အဆင့်မြင့်တာလဲ။"
"ပြေးကြဟေ့......."
ကျင့်ကြံသူ အချို့မှာ ကြောက်လန့်တကြား ထွက်ပြေးကြတော့သည်။
ကမ္ဘာမြေတွင် စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း အဆင့်သည် အမြင့်ဆုံးဖြစ်ကာ ဟင်းလင်းပြင်သို့အပြန် အဆင့်အား ဒဏ္ဍာရီများထဲတွင်သာ ကြားဖူးကြသည်။ ကောင်းကင်ဘုံခုံရုံးမှ ဟင်းလင်းပြင်သို့အပြန်အဆင့် စေလွှတ်သည်မှာလည်း ရှားပါးလွန်းလှသည်။
အားကောင်းလှသော အရှိန်အဝါများနှင့်အတူ ခွေးဖြူကြီးတစ်ကောင် ပေါ်ထွက်လာသည်။
"လင်းလေးလား။"
အန်မင်ချွန် စိတ်လှုပ်ရှားသွားသည်။
ကျင့်ကြံသူများလည်း မျက်လုံးအပြူးသား ဖြစ်သွားကြလေသည်။
"သခင်လေးအန်လင်း......"
အန်မင်ချွန်၏ ဆရာသည်ပင် အံ့အားသင့်သွားရသည်။
"အဖေ..... မတွေ့ရတာ ကြာပြီနော်။"
အန်လင်းမှာ အန်မင်ချွန်အား တင်းကြပ်စွာ ဖက်ထားလိုက်သည်။
ကျင့်ကြံသူများမှာ ထိုအချိန်မှသာ နားလည်သွားကြသည်။ ရောက်ရှိလာသူသည် အန်မင်ချွန်၏ သားဖြစ်သော ကောင်းကင်ဘုံခုံရုံးမှ ထိပ်တန်းအဆင့် ပါရမီရှင်ပင်။
"အန်လင်းက လေဟာနယ် စွမ်းအင်ကို သုံးခဲ့တာလား။ ငါပဲ အမြင်မှားတာလား။"
"အရင်တစ်ခါတုန်းက စိတ်ဝိဥာဥ်ပျိုးထောင်ခြင်းအဆင့်မလား။ အခုကြတော့ ဘာလို့အာရုံခံလို့ မရတာလဲ။"
"ဟင်းလင်းပြင်သို့အပြန်အဆင့် ရောက်သွားတာများလား။"
"စိတ်ကူးယဥ်နေတာလား။ နှစ်နှစ်တည်းနဲ့ စိတ်ဝိဥာဥ်ပျိုးထောင်ခြင်း အဆင့်ကနေ ဟင်းလင်းပြင်သို့အပြန်အဆင့် ရောက်မလားကွ။ မင်းကြောက်လွန်းလို့ ရူးသွားပြီလား။"
"ကြည့်ဦး....... သူ့ပုခုံးပေါ်မှာ လူသေးသေးလေး ရှိနေတယ်။"
"အဲ့ဒါ ဘာလေးလဲ။"
ကျင့်ကြံသူများမှာ အန်လင်းအနား ရောက်ရှိလာကြသည်။
"ဦးလေးအန်က ကျွန်တော် ထင်ထားတာထက်တောင် ကြမ်းသေးတယ်။ အစ်ကိုကြီးအန်ရဲ့ အဖေပီသပါတယ်။"
တပိုင် ယဥ်ကျေးစွာ ပြုံးလိုက်သည်။
အန်မင်ချွန် ရယ်မောနေလေသည်။
ထို့နောက် အန်လင်း ပုခုံးထက်မှ လူသေးသေးလေးအားကြည့်ကာ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
ထိုလူသားလေးမှာ ပြီးပြည့်စုံလွန်းလှသည်။
"လင်းလေး...... ဒါက...."
အန်မင်ချွန် မေးမြန်းလိုက်သည်။
"မင်္ဂလာပါ ဦးလေးအန်...... ကျွန်မက တီနာပါ။ ဘီလူးအန်လင်းရဲ့ သားရဲလေးပါ။"
တီနာ ချိုမြိန်စွာ ပြုံးပြလာသည်။
အန်လင်း ခေါင်းညိတ်လိုက်သည်။
"နာလေးက နတ်သမီးငယ်လေးလေ။ အထင်တော့ မသေးနဲ့နော်။ သူမက ဟင်းလင်းပြင်သို့အပြန်အဆင့် ရောက်နေပြီ။"
"ကောင်းလိုက်တာ။"
အန်မင်ချွန် ဝမ်းသာသွားသည်။
"နာလေး...... ငါ့သားလေးနောက်လိုက်ရင် ကောင်းတာတွေ ကြုံရမှာ သေချာတယ်။"
ကျင့်ကြံသူများမှာ အသက်ရှူသံများပင် ပြင်းသွားရသည်။
အန်လင်းသည် ဟင်းလင်းပြင်သို့အပြန် အဆင့်သို့ မရောက်သေးပါသော်လည်း ဟင်းလင်းပြင်သို့အပြန်အဆင့် နတ်သမီးငယ်လေးအား သားရဲအဖြစ် ခေါ်ထားလေသည်။
ကြောက်ဖို့ကောင်းလိုက်တာ.........
အန်မင်ချွန်သားက အဲ့လောက်တောင် ကြောက်စရာကောင်းတာလား.......
ရဲ့သုန်မှာ သက်ပြင်းချလိုက်မိသည်။
ခင်ဗျားသားက အဲ့လောက်ကြမ်းနေမှတော့ လုပ်ချင်ရာ လုပ်နိုင်ပြီပေါ့........
"အတုအယောင် တာအိုသခင် ဘုန်းတော်ကြီး..... မတွေ့တာကြာပြီနော်။"
စူးရှရှ စကားသံ ထွက်ပေါ်လာသည်။
အန်လင်း ကြည့်ရှုလိုက်သောအခါ သူ့ထံပြေးဝင်လာသော မိန်းမငယ်လေးကို တွေ့လိုက်ရသည်။
"လိုလီမလေး...... မင်းက အခုထိ အရပ်မရှည်သေးဘူးပဲ။"
အန်လင်းမှာ ထျန်းလင်းလင်းအား ခေါင်းပုတ်ပေးလိုက်သည်။
"ဘာလို့ အဲ့လောက်တောင် ဝမ်းသာနေတာလဲ။ မင်းဘာတောင်းမလို့လဲ။"
ထျန်းလင်းလင်းမှာ အန်လင်းအား ဖက်ထားလိုက်သည်။
"ငါအခု စိတ်ဝိဥာဥ်ပျိုးထောင်ခြင်းအဆင့် ရောက်နေပြီလေ။ ဒါပေမယ့် သင့်တော်တဲ့ စိတ်ဝိဥာဥ်လက်နက် မရှိသေးဘူး။"
အန်လင်း ခပ်ဖွဖွ ပြုံးလိုက်သည်။
"လစ်စမ်းပါ။"
ထျန်းလင်းလင်း မကျေမနပ် ဖြစ်သွားသည်။
"နင်ငါ့ကို မချစ်တော့ဘူးပဲ။"
"ထျန်းလင်းလင်း နင့်ရဲ့ အရှက်တွေကို တပိုင်စားသွားပြီလား။"
အန်လင်း စကားဆိုလာသည်။
ယခင်တစ်ခါကလည်း သူမအား စိတ်ဝိဥာဥ်လက်နက်တစ်ခု ပေးခဲ့ပြီး ယခုတွင်လည်း ထပ်မံတောင်းဆိုလာသေးသည်။
ငါ့ကို လူသားဝက်စုဗူး မှတ်နေတာလား.......
အန်မင်ချွန် ဝင်ရောက်ဖြေရှင်းလိုက်သည်။
"ငါတို့က မိသားစုတွေပဲဟာ။ လက်ဖက်ရည်ကြမ်းသောက်ပြီး အေးအေးဆေးဆေး စကားပြောကြတာပေါ့။"
"မိသားစုတွေ....."
အန်လင်း မျက်လုံးပြူးသွားသည်။
"မိသားစုတွေ....."
ထျန်းလင်းလင်း ရှက်ရွံ့သွားရသည်။
အန်မင်ချွန် စကားလမ်းကြောင်း လွှဲလိုက်သည်။
"ဟိုကောင်းကင်နတ်မိမယ် လှလှလေးရော ဘာလို့လိုက်မလာတာလဲ။"
အန်လင်း စကားဆိုလိုက်သည်။
"သူမက ကျွန်တော့်အတွက် ငွေရှာပေးနေတာ။"
အန်မင်ချွန် အံ့အားသင့်သွားသည်။
"ဘာလို့ ရှောင်လန်ကို အဲ့လိုလုပ်ခိုင်းရတာလဲ။ အဲ့လိုဆို မင်းရည်းစား ရဦးမှာလား။ သူမ နှလုံးသားကို နွေးထွေးအောင် လုပ်ပေးသင့်တာလေ။"
အန်လင်း ရယ်မောလိုက်သည်။
"အဖေ ဘာတွေပြောနေတာလဲ။ ရှောင်လန်နဲ့ ကျွန်တော်က အနာဂတ် တာအိုလက်တွဲဖော်တွေဗျ။ နောက်ဆို အဖေ့ချွေးမ ဖြစ်လာတော့မှာ။"
ဝုန်း......
အန်မင်ချွန်မှာ မိုးကြိုးပစ်ချခံရသလို ခံစားလိုက်ရသည်။
အန်မင်ချွန် : "......."
ဒါက တကယ်ကြီးလား........
"ကောင်းကင်နတ်မိမယ် စုရှောင်လန်က မျက်စိမပါဘူးလား။ ဘာလို့ မင်းကိုရွေးရတာလဲ။"
အန်မင်ချွန် မယုံကြည်နိုင် ဖြစ်နေသည်။
ကောင်းကင်နတ်မိမယ် စုရှောင်လန်အား အန်လင်းမှ အနည်းဆုံး နှစ်ရာနှင့်ချီအောင် ပိုးပန်းရလိမ့်မည်ဟု ထင်မှတ်ထားခြင်း ဖြစ်သည်။
အန်လင်း မျက်နှာပျက်သွားသည်။
"ဘာလို့ ကိုယ့်သားကိုယ် အဲ့လိုပြောရတာလဲ။"
"လာလာ..... စုရှောင်လန်ကို ဘယ်လိုလိုက်ခဲ့တာလဲ ပြောပြပါဦး။"
အန်မင်ချွန်မှာ စိတ်လှုပ်ရှားစွာဖြင့် အန်လင်းအား ဆွဲခေါ်သွားတော့သည်။