← Chapters

ကမ္ဘာမြေ၏ ဝိဥာဥ်စွမ်းအင် ပြန်လည်ထွက်ပေါ်လာခြင်း

Vol. 68 Ch. 956

ကမ္ဘာမြေ၏ ဝိဥာဥ်စွမ်းအင် ပြန်လည်ထွက်ပေါ်လာခြင်း

Vol. 68 Ch. 956

လသာဆောင်၌.....

အန်လင်းသည် လွန်ခဲ့သော နှစ်နှစ်မှ အဖြစ်အပျက်များအား အင်မင်ချွန်ထံ ပြောပြနေသည်။

ထျန်းလင်းလင်းမှာလည်း ထိုက်ချူကုန်းမြေအကြောင်း စိတ်ဝင်စားသောကြောင့် ငြိမ်ငြိမ်သက်သက် နားထောင်နေသည်။

အန်လင်း၏ အတွေ့အကြုံများမှာ စိတ်ဝင်စားစရာ ကောင်းလွန်းသောကြောင့် ၎င်းတို့မှာ စိတ်ဝင်တစား ရှိကြသည်။

လေးနာရီ ကြာပြီးမှသာ ရှင်းပြခြင်းများ ပြီးဆုံးသွားသည်။

အန်မင်ချွန်မှာ အန်လင်း ယူဆောင်လာသော မြေခွေးပျံ အင်မော်တယ် လက်ဖက်ရည်ကြမ်းအား သောက်လိုက်သည်။

"ဒီက ကျင့်ကြံရေးက ဘာမှမဟုတ်သေးပါလား။ ထိုက်ချူကုန်းမြေကမှ တကယ့်ကျင့်ကြံရေး သမုဒ္ဒရာပဲ။"

ထျန်းလင်းလင်းမှာ အန်လင်းအား လက်ဆွဲလိုက်သည်။

"အတုအယောင် တာအိုသခင် ဘုန်းတော်ကြီး...... ငါတကယ် ကိုးပြည်ထောင်ကို စိတ်ဝင်စားတယ်။ ခေါ်သွားပေးပါလား။"

အန်လင်း ပြုံးကာပြောလိုက်သည်။

"အရင်တုန်းကတော့ ယုံကြည်ချက် မရှိပေမယ့် အခုတော့ မင်းတို့နှစ်ယောက်လုံးကို ခေါ်သွားနိုင်လောက်တယ်။"

ယခင်အချိန်က သူသည် သာမန်ကျင့်ကြံသူ တစ်ဦးသာ ဖြစ်သည်။

ယခုတွင်မူ စုကျိုးအင်မော်တယ်ဂိုဏ်းချုပ် ဖြစ်နေသည့်အပြင် ကောင်းကင်ဘုံခုံရုံးနှင့်ပင် သဘောတူညီချက်များ ပြုလုပ်နေနိုင်လေပြီ။

"ကောင်းလိုက်တာ။ နင်က အရမ်းတော်တာပဲ။"

ထျန်းလင်းလင်း စိတ်လှုပ်ရှားသွားသည်။

သူမသည် ညီမငယ်လေးအလား အန်လင်း လက်မောင်းကို ဆွဲထားသည်။

"ဂိုဏ်းချုပ်ကြီး...... စုကျိုးအင်မော်တယ်ဂိုဏ်းထဲ ငါရောဝင်လို့ရမလားဟင်။"

အန်လင်း ရယ်မောလိုက်သည်။

"ဒါပေါ့။ အနောက်တံခါးတော့ မရဘူးနော်။ စုကျိုးအင်မော်တယ်ဂိုဏ်းက ကိုးပြည်ထောင်က ထိပ်တန်းအဆင့် ဂိုဏ်းကြီးတစ်ခုဆိုတော့ ငါလည်း တရားမျှတမှု ရှိမှရမယ်။ မင်းဝင်ချင်ရင် စမ်းသပ်မှုတွေ အရင်ကျော်ဖြတ်ရမယ်။"

ထျန်းလင်းလင်း နှုတ်ခမ်းစူကာ ခေါင်းညိတ်ပြလာသည်။

"လင်းလေး...... ငါလည်း မင်းဂိုဏ်းထဲ ဝင်ချင်တယ်။"

အန်မင်ချွန် ဂုဏ်ယူစွာ ပြောလိုက်သည်။

အန်လင်း ခေါင်းညိတ်ပြလိုက်သည်။

"ရတယ်လေ။ အဖေ့ကို တစ်ခါတည်း အကြီးအကဲရာထူးပေးမယ်။"

ထျန်းလင်းလင်း ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။

ပြောတော့ တရားမျှတမှု ရှိမှရမယ်ဆို.......

တကယ်ကို ဆယ့်နှစ်မျိုးဂျင်းသုပ်ပါလား......

"လင်းလေးက အရွယ်ရောက်လာပြီပဲ။"

အန်မင်ချွန်မှာ အနောက်တံခါးအား ဝမ်းပန်းတသာ လက်ခံလိုက်သည်။

သားကောင်းတစ်ဦး၏ သိတတ်မှုအား လက်မခံနိုင်စရာ မရှိပေ။

သားကောင်းတစ်ဦး မွေးဖွားရန်မှာလည်း အရည်အချင်းရှိရန် လိုအပ်ပေသည်။

အန်မင်ချွန်မှာ ဆရာ့ဆရာကြီး ဖြစ်သောကြောင့်သာ အန်လင်းအား သားအဖြစ် ရရှိထားခြင်း ဖြစ်သည်။

ထျန်းလင်းလင်းမှာ သားအဖနှစ်ယောက်အားကြည့်ကာ ဘာမှမပြောနိုင်တော့ပေ။

သူတို့က တကယ့်ကို သားအဖတွေပဲ......

အန်လင်းသည် အင်မော်တယ်သစ်သီး နှစ်လုံးအား ထုတ်ယူလိုက်သည်။

ထိုသည်မှာ အဆင့်ခြောက် အင်မော်တယ်သစ်သီးဖြစ်သော ရေခဲနက်သစ်သီးဖြစ်ကာ ရေခဲအမျိုးအစား ကျင့်ကြံသူများအတွက် သင့်တော်လွန်းလှသည်။

ထျန်းလင်းလင်းမှာ မျက်လုံးအပြူးသား ဖြစ်သွားရသည်။

အင်မော်တယ်သစ်သီးများသည် ဤကမ္ဘာတွင် ဒဏ္ဍာရီအဖြစ်သာ ကြားဖူးကြပါသော်လည်း အန်လင်းမှာ အေးအေးဆေးဆေးပင် ထုတ်ယူလာသည်။

အန်လင်းသည် ထျန်းလင်းလင်းကိုလည်း စိတ်ဝိဥာဥ်သစ်သီး နှစ်လုံး လက်ဆောင်ပေးလိုက်သည်။

"အတုအယောင် တာအိုသခင် ဘုန်းတော်ကြီး...... ချစ်တယ်နော်။"

ထျန်းလင်းလင်းမှာ အန်လင်းအား ဖက်ထားလိုက်သည်။

အန်လင်းမှာ သူမအား ရိုက်ထုတ်လိုက်လေသည်။

သူသည် လိုလီများအား စိတ်မဝင်စားပေ။

ထျန်းလင်းလင်းသည် သူ၏အဖေအား ဂရုစိုက်ပေးနေသူ ဖြစ်သောကြောင့် လက်ဆောင်ပေးခြင်း ဖြစ်သည်။

"ဒီကိုလာတာက တောင်ပံနက်မျိုးနွယ်စုကို စစ်ဆေးဖို့ပဲ။"

"ကမ္ဘာကြီး ပူနွေးလာတာကို ဘယ်လိုထင်လဲ။"

အန်လင်း မေးခွန်းထုတ်လိုက်သည်။

အန်မင်ချွန် တုံ့ပြန်လာသည်။

"ဖန်လုံအိမ်ဓာတ်ငွေ့တွေကြောင့် မဟုတ်ဘူးလား။"

ထျန်းလင်းလင်း စကားဆိုလာသည်။

"ဝိဥာဥ်စွမ်းအင်တွေ ပြန်ပြီးထွက်ပေါ်လာလို့ သက်ရှိစွမ်းအင် အားကောင်းလာတာမလား။"

အန်လင်း : "......."

ငါမမေးခဲ့သင့်ဘူး.....

"ဝိဥာဥ်စွမ်းအင်တွေ ပြန်ပြီးထွက်ပေါ်လာတယ်ဆိုတာဘာလဲ။"

အန်လင်း မေးမြန်းလိုက်သည်။

ထျန်းလင်းလင်း သက်ပြင်းချလိုက်သည်။

"သေမျိုးကမ္ဘာမှာ ပြောနေကြတာလေ။ သက်ရှိစွမ်းအင်တွေ အားကောင်းလာတော့ အရင်တုန်းက မကျင့်ကြံနိုင်တဲ့ လူတွေပါ ကျင့်ကြံရေးလောကထဲ ရောက်လာတယ်။ ဝိဥာဥ်စွမ်းအင်တွေ ပြန်ပြီးထွက်ပေါ်လာတဲ့ခေတ် ရောက်နေပြီလို့ သူတို့က ပြောကြတယ်။"

အန်လင်း မျက်ခုံးနှိပ်လိုက်မိသည်။

"သေမျိုးလူသားတွေက တကယ်ကို နာမည်အမျိုးမျိုး ပေးနိုင်တာပဲ။"

တီနာ စကားဆိုလိုက်သည်။

"ဘီလူးအန်လင်း..... ငါတွေးမိတာရှိတယ်။"

"ဘာလဲ။"

အန်လင်း မေးငေါ့ပြလာသည်။

"ကမ္ဘာကြီး ပူနွေးလာတာက စွမ်းအင်တွေ တိုးလာလို့ပဲ။ အရင်တုန်းက ကမ္ဘာမြေမှာ စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း အဆင့်က အမြင့်ဆုံးမလား။"

"ကမ္ဘာရဲ့အဆင့်က အဲ့မှာနေထိုင်တဲ့ သူတွေနဲ့ တိုက်ရိုက်သက်ဆိုင်နေတယ်။ အခု ကမ္ဘာကြီး ဒီလိုဖြစ်လာတာက ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူ ရှိလာလို့များလား။"

တီနာ သုံးသပ်လိုက်သည်။

အန်လင်း၏ မျက်ဝန်းများ တောက်ပသွားသည်။

"အခု ဒါတွေဖြစ်လာတာက ကမ္ဘာကြီး အဆင့်တက်လာတာလို့ ပြောချင်တာလား။"

တီနာ ခေါင်းညိတ်ပြလိုက်သည်။

"ဖြစ်နိုင်ခြေ ရှိတယ်လေ။"

"နေပါဦး။"

ထျန်းလင်းလင်း လက်ကာပြလိုက်သည်။

"ကမ္ဘာကြီး အဆင့်တက်လာတာဆိုတာဘာလဲ။ ငါဘာမှ နားမလည်နေဘူး။ နင့်မှာ သက်သေရှိလို့လား။"

အန်မင်ချွန်လည်း အန်လင်းအား ကြည့်ရှုလာသည်။

တီနာ ရှင်းပြလိုက်သည်။

"ငါ့ကမ္ဘာလည်း အဆင့်တက်လာရင် အဲ့လိုပဲလေ။"

အန်လင်း ထောက်ခံလာသည်။

"နာလေးက အံ့ဖွယ်ကြေးမုံပြင်ကမ္ဘာရဲ့ ဖန်ဆင်းရှင် နတ်ဘုရားမပဲ။"

"ဖန်.... ဖန်ဆင်းရှင် နတ်ဘုရားမလား။"

ထျန်းလင်းလင်း ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။

"လင်းလေး.... မင်းသားရဲက ဖန်ဆင်းရှင် နတ်ဘုရားမလား။"

အန်မင်ချွန်လည်း မယုံကြည်နိုင် ဖြစ်သွားသည်။

"ဒီနှစ်နှစ်အတွင်း ဘာတွေဖြစ်ခဲ့တာလဲ။ ဖန်ဆင်းရှင် နတ်ဘုရားမတောင် မင်းရဲ့သားရဲ ဖြစ်နေတာလား။ ကြောက်ဖို့ကောင်းလိုက်တာ။"

ဖန်ဆင်းရှင် နတ်ဘုရားမဟူသည် ကမ္ဘာတစ်ခုအား ဖန်ဆင်းထားသူ ဖြစ်သည်။ ထိုသည်မှာ စိတ်ကူးကြည့်၍ပင် မရသော အဆင့်တစ်ခုပင်။

တီနာ ရှက်ရွံ့သွားသည်။

"ဘာမှလည်း မဟုတ်ပါဘူး။ ဘီလူးအန်လင်းကြောင့် အဲ့လိုဖြစ်လာတာပါ။ ငါ့ပစ္စည်းတွေကိုလည်း အရွယ်မရောက်မချင်း ဘီလူးအန်လင်းက သိမ်းပေးထားတာလေ။"

ထျန်းလင်းလင်း : "......"

အန်မင်ချွန် : "......."

၎င်းတို့မှာ အန်လင်းအား ကြည့်ရှုလိုက်ကြသည်။

မကောင်းဆိုးဝါးကောင်...... ချစ်စရာ နတ်သမီးလေးကို နှပ်ချရဲတယ်ပေါ့.....

အန်လင်းမှာ တီနာအား ခေါင်းပွတ်ပေးလိုက်သည်။

"နာလေးက လိမ္မာတယ်။"

တီနာ၏ ခန့်မှန်းချက်မှာ မှန်ကန်နိုင်သည်။

ထိုသို့သာဆိုပါက ကမ္ဘာကြီးတွင် အခြားထူးခြားမှုများ ဖြစ်လာနိုင်သေးသည်။

အန်လင်း အနည်းငယ်တွေးကာ ဖုန်းအားထုတ်လိုက်သည်။

"ကမ္ဘာပေါ်ရှိ ကျင့်ကြံသူများအားလုံး စုပေါင်းကာ ကမ္ဘာမြေကို ကာကွယ်ကြမယ်။" အဖွဲ့ထဲ၌....

အတုအယောင် တာအိုသခင် ဘုန်းတော်ကြီး : အားလုံးပဲ မင်္ဂလာပါ.....

All Chapters