နွားသိုးခြောက်ကောင်နှင့် ကျားဖြူနှစ်ကောင်
Vol. 13 Ch. 177
ဒါကို တကယ် ယူမှာလား။
အကျိုးဆောင်မှတ်တစ်ထောင်နဲ့ ဒါကို တစ်ကယ်ဝယ်မှာလား။
ချိုးရှန် မယုံနိုင်ပါ။ သူက ဟန်မူယဲ့၏လက်ထဲမှ သံမဏိလုံးအား ကြည့်သည်။
“လျှိုဟုန်… ဒီကို လာခဲ့…”
ချိုးရှန်က အော်ဟစ်လိုက်လျှင် အဖြူရောင်ဝတ် လျှိုဟုန် ပြေးလာခဲ့သည်။
“ဆရာဘိုးဘိုး… ကျုပ်ကို ခေါ်တာလား”
လျှိုဟုန်က ပြုံးလိုက်ကာ ချိုးရှန်၏အနီးသို့ ကပ်လျှက် တီးတိုးပြောသည်။
“ကျွန်တော့ကို အမြတ်ဝေစု ခွဲပေးမှာမလား”
ချိုးရှန်က သူ့အား ဒေါသတကြီး ကြည့်ကာ ပြောသည်။
“ကောင်လေး… သူက ဓားစံအိမ်ကို တာဝန်ယူရတဲ့ စီနီယာအစ်ကိုဟန်ပဲ။ သူဟာ မင်းဆရာဘိုးဘိုးထက် ဂိုဏ်းမှာ ရာထူးကြီးတယ်။ မင်းရဲ့ ဉာဏ်နီဉာဏ်နက်တွေ သူ့ကို သုံးလို့ မရဘူး”
လျှိုဟုန်၏မျက်နှာက တောင့်တင်းသွားကာ ထိတ်လန့်တကြား ပြောသည်။
“စီနီယာအစ်ကိုဟန်… စီနီယာအစ်ကိုဟန်…”
သူက ဟန်မူယဲ့အား ပြာနှမ်းသော မျက်နှာဖြင့် ကြည့်သည်။
“စီနီယာအစ်ကိုဟန်… ရတနာအစုတ်အပြတ်တွေက ဒီကောင်လေးရဲ့ ပါးစပ်ထဲမှာ တန်ဖိုးကြီးသွားရော”
“သူ့ကို မယုံနဲ့…”
ချိုးရှန်က ဟန်မူယဲ့အား ကြည့်ကာ ခေါင်းယမ်းသည်။
“ဒါက တကယ်ပဲ ရတနာတစ်ခုပါ”
လျှိုဟုန်က ခေါင်းငုံ့ကာ ပြောသည်။
ဟန်မူယဲ့ ပြုံးလျက် ခေါင်းယမ်းသည်။ သူက လက်မြှောက်ကာ အရည်အသွေးမြင့် ဝိညာဉ်ကျောက်တုံးတချို့အား စားပွဲပေါ်သို့ ပစ်ပေးလိုက်သည်။
“သူ မှန်တယ်။ ဒါက တကယ်ပဲ ရတနာဖြစ်နိုင်ပါတယ်”
ဟန်မူယဲ့က သံမဏိစက်လုံးနှင့် ကျားအရိုးများအား သူ၏သိုလှောင်လက်စွပ်ထဲသို့ ထည့်လိုက်ကာ ထွက်လာခဲ့သည်။
ဟန်မူယဲ့ ထွက်သွားလျှင် ချိုးရှန်က စားပွဲပေါ်မှ ဝိညာဉ်ကျောက်တုံးများအား ကြည့်သည်။
“ကျွတ်ကျွတ်… ဓားစံအိမ်က စီနီယာအစ်ကိုဟန်ဟာ အင်မော်တယ်အဆင့်ဆေးလုံးကို ဖော်စပ်နိုင်တယ် ကြားတယ်။ သူ ဘယ်လောက်တောင် ချမ်းသာလဲ မသိဘူး”
ချိုးရှန်က ခေါင်းယမ်းကာ တီးတိုးပြောသည်။ ထို့နောက် သူက စာအုပ်အား ထုတ်ကာ စာရင်းမှတ်သည်။
“ချမ်းသာတယ်လား…”
လျှိုဟုန်က မျက်တောင်ပင့်လိုက်သည်။ သူက လက်လှမ်းကာ စားပွဲပေါ်မှ ဝိညာဉ်ကျောက်တုံးတချို့အား လှမ်းယူကာ ပြေးထွက်သွားသည်။
“ကောင်လေး… မင်း ဘာလုပ်တာလဲ…”
ချိုးရှန်က ဒေါသတကြီး လှမ်းအော်သည်။
“ဒါက ကျုပ်ရဲ့ အမြတ်ဝေစုပဲ…”
လျှိုဟုန်၏အသံကို ရတနာခန်းဆောင်အပြင်ဘက်မှ ကြားရသည်။
“မင်း တောင်ခြေက ဝိညာဉ်ကျောက်တုံး ၁တုံး သုံးညနေလို့ရတဲ့ နေရာကို သွားရင်တော့ မင်းအဖိုး မင်းခြေထောက်တွေကို ရိုက်ချိုးလိမ့်မယ်”
ချိုးရှန်က စားပွဲကို ရိုက်ကာ အော်ဟစ်လိုက်သည်။
ရတနာခန်းဆောင်အပြင်ကို ထွက်လာသော ချိုးရှန်သည် ဟန်မူယဲ့အား မတွေ့တော့ပါ။ သူက အနီးဝန်းကျင်ကို ကြည့်ကာ စိတ်ပျက်လက်ပျက် ဖြစ်သွားသည်။
“ဓားစံအိမ်… စီနီယာအစ်ကိုဟန်…”
သူက တီးတိုးရေရွက်ကာ တောင်အောက်သို့ ဆင်းလာခဲ့သည်။
…
ဟန်မူယဲ့ ဓားစံအိမ်သို့ ပြန်ရောက်လာပြီးသည်နှင့် တတိယထပ်သို့ တက်လှမ်းကာ ဓားစံအိမ်၏ကာကွယ်ရေးအစီအရင်အား အသက်သွင်းလိုက်သည်။
ထို့နောက် သူက ကျားဖြူအရိုးနှစ်စုံအား ထုတ်လိုက်၏။
ဟူး…
နွားသိုးပုံရိပ်နှစ်ခု ဖြစ်ပေါ်လာကာ ကျားအရိုးများထံသို့ တိုးဝင်သွား၏။
ကျားအရိုးများသည် ချက်ချင်း ပြိုပျက်သွားကာ နွားသိုးပုံရိပ်များသည် အစိမ်းရောင်မြူခိုးများဖြင့် ရစ်ပတ်သွားသည်။
ပြိုပျက်သွားသော ကျားအရိုးများသည် တိမ်များအဖြစ်ဖြင့် နွားသိုးပုံရိပ်များထံသို့ အဆက်မပြတ် သွားရောက်ပေါင်းစပ်ကြ၏။
ဟန်မူယဲ့က လက်ဝှေ့ယမ်းလိုက်လျှင် တိမ်မြူပုံရိပ်နှစ်ခုသူ့ထံသို့ ပြန်ဆင့်ခေါ်လိုက်၏။
ကျားဖြူနည်းစနစ်…
တိမ်မြူပုံရိပ်နှစ်ခုသည် အငွေ့အသက်များအဖြစ် ပြောင်းလဲကာ သူ၏ခန္ဓာကိုယ်နှင့် ထိတွေ့ကြ၏။
ဂါး…
ကျားမာန်ဖီသံသဲ့သဲ့ ထွက်ပေါ်လာခဲ့ကာ ဟန်မူယဲ့၏စိတ်နယ်ပယ်ထဲသို့ ကျားပုံရိပ်နှစ်ခု ကျဆင်းလာခဲ့သည်။
ကျားဖြူသည် မာန်ဖီကာ ဟိုဟိုဒီဒီ ပြေးလွှားသည်။
၎င်းသည် ကျားဖြူမိစ္ဆာ၏ဝိညာဉ်အပိုင်းအစ ဖြစ်သည်။
အကယ်၍ သာမန်လူတစ်ယောက်၏ စိတ်နယ်ပယ်သာ ဆိုပါက တောင့်ခံနိုင်မည် မဟုတ်ပါ။
သို့သော်လည်း ဟန်မူယဲ့၏စိတ်နယ်ပယ်၌ကား အင်မော်တယ်အဆင့် ခရမ်းကျောက်စိမ်းဆေးလုံးသည် ခရမ်းရောင်အငွေ့အသက်များ ထုတ်လွှတ်ကာ ကျားဖြူနှစ်ကောင်အား ရစ်ပတ်စေသည်။
ကျားဖြူပုံရိပ်နှစ်ခုက မည်မျှ ရုန်းကန်ပါစေ သူတို့ မလွတ်မြောက်နိုင်ပါ။
ခရမ်းကျောက်စိမ်းဆေးလုံးဘေးတွင် ဝိညာဉ်လိပ်ပြာဓားပုံရိပ်တစ်ခု စုစည်းနေသည်။
ဓားအလင်းတစ်ချက် သူ၏စိတ်နယ်ပယ်၌ လင်းလက်သွား၏။
ကျားဖြူဝိညာည်များသည် ချက်ချင်းပင် ပြိုပျက်သွားကာ သွေးချီများအဖြစ် ပြောင်းလဲပြီး သူ၏ခန္ဓာကိုယ်ထဲကို စီးဆင်းသွားသည်။
ကျားဖြူအငွေ့အသက်များ သူ၏ခန္ဓာကိုယ်ထဲကို စီးဆင်းသွားလျှင် ဟန်မူယဲ့သည် သူ့တကိုယ်လုံး ပေါက်ကွက်ထွက်မတတ် ခံစားလာရ၏။
ခန္ဓာကိုယ်ကျင့်ကြံခြင်းကား အလွန်တရာ နာကျင်ခံရခက်သော လမ်းစဉ် ဖြစ်သည်။
အံကြိတ်ကာ ဟန်မူယဲ့က ထိုနာကျင်မှုများအား သည်းခံရသည်။
သူက လက်မြှောက်ကာ သူ့ရှေ့မှ မီးတောက်နီကျောက်တိုင်အား လက်သီးတစ်ချက် ထိုးလိုက်သည်။
ဘန်း…
သူ၏လက်သီးချက်သည် မူလထက် ၂၀ ရာနှုန်းခန့် ပိုမိုအားကောင်းလာသည်။
စိတ်ကြေနပ်စွာဖြင့်ပင် ဟန်မူယဲ့က နာကျင်မှုကို သည်းခံရင်း အဆက်မပြတ် လက်သီးဖြင့် ထိုးနှက်သည်။
သူ မသိလိုက်မီတွင်ပင် သူ့နောက်၌ တတိယမြောက် နွားသိုးပုံရိပ်တစ်ခု ထပ်မံ ဖြစ်ပေါ်လာသည်။
နွားသိုးပုံရိပ်များအပြင် ကျားဖြူပုံရိပ်နှစ်ခုလည်း ဟန်မူယဲ့နောက်တွင် ဖြစ်ပေါ်နေသည်။
ကျားဖြူနည်းစနစ်က ဟန်မူယဲ့၏လက်သီးချက်များအား ၂၀ ရာနှုန်းခန့် ပိုမိုအားကောင်းစေသည်။
လက်သီးချက်တိုင်းတွင် သူ၏ခန္ဓာကိုယ်၌ ခွန်အားများ တိုးလာသည်။
ကျားဖြူနည်းစနစ်နှင့် နွားသိုးနည်းစနစ်တို့က ဟန်မူယဲ့၏ခန္ဓာကိုယ်ခွန်အားကို အဆက်မပြတ် တိုးတက်စေသည်။
မီးတောက်နီကျောက်တိုင်ရှေ့တွင် ဟန်မူယဲ့ အဆက်မပြတ် လက်သီးများဖြင့် ထိုးနှက်လေ့ကျင့်သည်။
သူ၏သွေးများ ဆူပွက်နေသည်။ သူ၏ခန္ဓာကိုယ်မှ ချွေးများအဆက်မပြတ် ယိုစီးကျနေသည်။
ဘန်း…
လက်သီးတစ်ချက်ဖြင့် သူ့နောက်မှ နွားသိုးပုံရိပ်ခြောက်ခုသည် တုန်ခါသွားကာ အငွေ့များအဖြစ်ပျက်ပြယ်သွားကြသည်။
သုံးရက်တိတိ ဟန်မူယဲ့ အဆက်မပြတ် ကျင့်ကြံနေခဲ့သည်။ သူ၏ခန္ဓာကိုယ်ကျင့်ကြံခြင်းသည် ချီစုစည်းခြင်း အဌမအဆင့်သို့အထိ ရောက်လာခဲ့ပြီ ဖြစ်သည်။
နွားသိုးခြောက်ကောင်နှင့် ကျားဖြူပုံရိပ်နှစ်ခုတို့သည် သူ၏ခန္ဓာကိုယ်ထဲကို ပြန်လည်ဝင်ရောက်ပျောက်ကွယ်သွားကြ၏။
လက်ရှိတွင် သူ၏ခန္ဓာကိုယ်ကျင့်ကြံခြင်းသည် သူ၏စွမ်းအင်ကျင့်ကြံခြင်းအား အခြေခံအုတ်မြစ်အဆင့်သို့အထိ ထောက်ပံ့ပေးနိုင်ပြီ ဖြစ်သည်။
မဟာတာအို၏ အခြေခံအုတ်မြစ်အား တည်ဆောက်ပြီးပါက သူ၏စွမ်းအင်နှင့် ဝိညာဉ်တို့ ပေါင်းစပ်မည် ဖြစ်သည်။
အခြေခံအုတ်မြစ်အဆင့်သည် မဟာတာအို၏ပထမခြေလှမ်းဖြစ်သည်။ ၎င်းသည် သေမျိုးလောကကို စွန့်ခွာခြင်း၏ မူလအစလည်း ဖြစ်သည်။
သူ၏သွေးချီများနှင့် ချီအားများ တည်ငြိမ်သွားသောအခါ ဟန်မူယဲ့က ရတနာခန်းမထံမှ ရခဲ့သော သံမဏိလုံးအား ထုတ်ယူလိုက်သည်။
သံမဏိလုံးဟု ဆိုသော်လည်း တကယ့်အစစ်အမှန် သွန်းလုပ်ထားသော သတ္တုအမျိုးအစားများမှာ ခန့်မှန်းရခက်ခဲ၏။
ဟန်မူယဲ့၏ခန္ဓာကိုယ်မှ ဓားချီများ ထိုသံမဏိလုံးထံသို့ စတင်စီးဝင်ကြသည်။
သံမဏိလုံးထံမှ မည်သည့်တုန့်ပြန်မှုမှ မရပါ။
ပုံမှန်အားဖြင့် ဓားချီများဖြင့် စီးဝင်စေပါက တုန့်ပြန်မှု တစ်ခုခုရသင့်ပေသည်။
သက်ပြင်းတစ်ချက်ရှိုက်လိုက်ပြီးနောက် ဟန်မူယဲ့၏ဒန်ထျန်တွင် အစိမ်းရောင်အလင်းများ တောက်ပလာသည်။
သူ့ရှေ့တွင် ကျောက်စိမ်းရောင်ဓားဆေးလုံးငယ်တစ်လုံး ပေါ်လာသည်။
ဟူး…
ထိုဓားဆေးလုံးပေါ်လာသည်နှင့် ဟန်မူယဲ့၏လက်ပေါ်မှ သံမဏိလုံးသည် အဆက်မပြတ် တုန်ခါလာသည်။
သံမဏိလုံး၏တုန့်ပြန်မှုအရ ဟန်မူယဲ့ကလည်း ဓားဆေးလုံးကို အသက်ဝင်စေကာ သံမဏိလုံး၏ဘေးပတ်လည်၌ လှည့်ပတ်စေသည်။
ဓားဆေးလုံးထံမှ အလင်းတန်းများ ဖြစ်ပေါ်လာကာ သံမဏိလုံးအား ခြုံလွှမ်းသွား၏။
အတန်ကြာလျှင် သံမဏိလုံးသည် ဓားအလင်းမျှင်များဖြင့် ရစ်ပတ်ကာ ရွှေရောင်အဖြစ် ပြောင်းလဲသွား၏။
သံမဏိလုံးထံမှ ရွှေရောင်အလင်းများ ပိုမိုစူးရှလာ၏။
ထို့နောက် အားကောင်းသော အက်ကွဲသံများ ဖြစ်ပေါ်လာသည်။
ဟန်မူယဲ့က သူ၏ချီအားများ မြန်ဆန်စွာ ကုန်ခမ်းလာသည်ကို ခံစားရသည်။ သူ၏ဒန်ထျန်မှ ချီအားများသည် ဝဲဂရက်ငယ်အလား လှည့်ပတ်ကာ ဓားဆေးလုံးထံသို့ အဆက်မပြတ် စီးဆင်းကြသည်။
အဆုံးသတ်၌ သူ၏ကျင့်ကြံဆင့်ကား မလုံလောက်ပေ။ ဓားဆေးလုံး၏ချီအား ကုန်ဆုံးခြင်းသည် ကြီးမားလွန်း၏။
ဝုန်း…
၂မိနစ်ခန့် ကြာသောအခါ ပေါက်ကွဲမှုတစ်ခု ဖြစ်သွားသည်။ သံမဏိလုံးသည် နှစ်ခြမ်းကွဲသွား၏။
သံမဏိလုံးအတွင်းမှ စူးရှသော အလင်းတစ်ခုသည် ချက်ချင်း ဟန်မူယဲ့ထံသို့ ပြေးဝင်လာသည်။
ကလင်…
ဟန်မူယဲ့၏ဓားဆေးလုံးသည် ကျောက်စိမ်းရောင်ဓားအလင်းပေးကာ တစ်ဘက်မှ အလင်းတန်းအား တားဆီး၏။
ဒင်… =
သံချင်း ထိတွေ့သောအသံတစ်ခု ဖြစ်ပေါ်လာသည်။
ဟန်မူယဲ့က ထိုအရာအား လှမ်းကြည့်ကာ မျက်တောင်ပင့်လိုက်သည်။
၎င်းကား အမှန်တကယ် ဓားဆေးလုံးတစ်လုံး ဖြစ်သည်။
ဝှစ်…
ဓားဆေးလုံးသည် နောက်ဆုတ်လိုဟန်မတူဘဲ ဘေးတွင် လှည့်ပတ်၏။
၎င်းသည် နောက်တစ်ကြိမ် ဟန်မူယဲ့ထံသို့ တိုးဝင်လာသောအခါ ကျောက်စိမ်းရောင်ဓားဆေးလုံးကလည်း ထိုဓားဆေးလုံးအား တားဆီး၏။
ဒင်… ဒင်… ဒင်…
ဓားဆေးလုံးနှစ်ခု အဆက်မပြတ် ထိတွေ့တိုက်ခိုက်နေသည်ကို ဟန်မူယဲ့က ကြည့်၏။
“မင်းက ဓားဘုရင်ယွမ်ထျန်းရဲ့ ကောင်းကင်ဝင်္ကပါဓားဆေးလုံးတွေထဲက တစ်ခုပဲ”
ဟန်မူယဲ့က ထူးဆန်းစွာ ကြည့်သည်။
ဓားဆေးလုံးများ၏ တိုက်ပွဲမှ တစ်ဆင့် ဟန်မူယဲ့သည် အဆက်မပြန် လေ့လာဆင်ခြင်နေခဲ့သည်။ ဓားဆေးလုံးသုံးသော ဟန်ပင်သည် ကောင်းကင်ဝင်္ကပါဓားသိုင်းမှ လွဲ၍ တခြားဖြစ်နိုင်ပါမည်လား။
ကောင်းကင်ဝင်္ကပါဓားသိုင်းတွင် ဓားဆေးလုံး ၄၈လုံး ရှိသည်။ ဓားဆေးလုံးတိုင်းတွင် ကိုယ်ပိုင်ဓားသိုင်းရှိကာ အချင်းချင်း ပေါင်းစပ်သောအခါ ကောင်းကင်ဝင်္ကပါ ၃၆၀ သော နည်းစနစ် ဖြစ်လာသည်။
ဟန်မူယဲ့က ဓားသိုင်း ၃၆၀ ကို တစ်ပြိုင်နက်တည်း ထိန်းချုပ်နိုင်သော ပညာရှင်အား စိတ်ကူး၍ပင် မရပါ။
ထိုသို့ လုပ်ဆောင်ရန် မည်မျှ အားကောင်းသော စိတ်ခွန်အား လိုသနည်း။
အေးခဲသန့်စင်ဓားဆေးလုံးသည် သူ၏သုံးပေအကွာသို့ ရောက်လာသောအခါ ဟန်မူယဲ့က ရုတ်တရက် လှမ်းဖမ်းလိုက်သည်။
ကျောက်စိမ်းရောင်ဓားဆေးလုံးသည် တုန်ခါသွားကာ ရုတ်တရက် ပျောက်ကွယ်သွား၏။
လေဟာနယ်ကိုယ်ပျောက်ဓားသိုင်း။
ဟန်မူယဲ့သည် သူ၏ဒန်ထျန်မှ ချီအား ၈၀ ရာနှုန်းခန့် အသုံးပြုထားပြီး ဖြစ်သည်။
ကလင်…
ကျောက်စိမ်းရောင်ဓားဆေးလုံးသည် အေးခဲသန့်စင်ဓားဆေးလုံးနှင့် ထိတွေ့ကာ သူ၏လက်ဖဝါးထဲသို့ ကျဆင်းလာ၏။
ဓားဆေးလုံး သူ၏လက်ထဲကို ရောက်လာသည်နှင့် ဟန်မူယဲ့၏ချီပင်လယ်၊ ဒန်ထျန်နှင့် စိတ်နယ်ပယ်တို့မှ ဓားချီများ လှုပ်ယမ်းလာသည်။
ဟူး…
ဓားဆေးလုံးသည် အဆက်မပြတ် လှုပ်ယမ်းကာ ပြေးထွက်ရန် ကြိုးစားသည်။
သို့သော်လည်း သူ့ထံမှ စီးဆင်းလာသော ဝိညာဉ်လိပ်ပြာဓားချီနှင့် ဓားချီများမှာ အလွန်အရသာရှိသော စားသုံးဖွယ်ရာများ ဖြစ်သည်။
ဟန်မူယဲ့ ပြုံးလိုက်သည်။
နှစ်ထောင်ချီအောင် သဘာဝစွမ်းအား ကင်းမဲ့နေသော ဓားဆေးလုံးသည် ထိုအခွင့်အရေးအား မည်သို့ လက်လွတ်ခံမည်နည်း။
သူ့လက်ဖဝါးတွင် ဓားဆေးလုံးသည် ငြိမ်သက်သွားကာ သူ့ခန္ဓာကိုယ်မှ ဓားချီများအား အဆက်မပြတ် စုပ်ယူသည်။
ဟန်မူယဲ့၏အာရုံတွင်လည်း ပုံရိပ်များ အဆက်မပြတ် ဖြစ်ပေါ်လာ၏။
ဝုန်း…
ဓားအလင်း ပေါက်ကွဲသွားကာ ထောင်ပေါင်းများစွာသော မီးတောက်များ ပြန့်ကျဲသွားကြသည်။
“ဓားဘုရင်ယွမ်ထျန်း… မင်းမှာနည်းလမ်း မရှိတော့ဘူး။ လက်လျှော့လိုက်တော့”
အသံကား မိုးခြိမ်းသံအလား ထင်မှတ်ရသည်။
“လက်လျှော့ရမယ်လား”
ဓားဘုရင်ယွမ်ထျန်း၏အသံကား ယခင်ကဲ့သို့ အေးစက်မောက်မာနေဆဲ ဖြစ်သည်။
“အလယ်ပိုင်းကုန်းမြေက အဲဒီလူတွေတောင်မှ ငါ အရှုံးပေးရလောက်အောင် အဆင့်မမီဘူး။ မင်းရဲ့ ဘယ်နေရာက ထွက်လာမှန်းမသိတဲ့ မိစ္ဆာလေးတွေကို အားကိုးပြီးတော့လား”