ဟန်မူယဲ့၏ဒုတိယဓားဆေးလုံး
Vol. 13 Ch. 178
အဆုံးမရှိသော မိစ္ဆာချီများနှင့် ထောင်ပေါင်းများစွာသော ဓားအလင်းများ…
ဟန်မူယဲ့က လက်သီးတင်းတင်းဆုပ်ကာ ထိုမြင်ကွင်းအား ကြည့်နေသည်။
ဓားဘုရင်ယွမ်ထျန်း တိုက်ခိုက်သည်ကို သူက ပထမဆုံးအကြိမ် မြင်ဖူးခြင်းတော့ မဟုတ်ပါ။
သည်တစ်ကြိမ်တွင်ကား ဓားဘုရင်ယွမ်ထျန်းသည် စွမ်းအားကုန် တိုက်ခိုက်ခြင်း ဖြစ်သည်။
ဓားအလင်း ၄၈ ခု ကွန်ချာသဖွယ် သွယ်ဆက်ကာ လောကအား အစိတ်စိတ်အပိုင်းပိုင်း ဖြစ်စေသည်။
မိစ္ဆာချီများအားလုံးမှာ အပိုင်းအပိုင်းအပြတ်ပြတ် ဖြစ်သွားကြသည်။
ဓားဘုရင်၏ဓားကို မည်သည့်အရာကမှ ရပ်တန့်မရပ်နိုင်ပါ။
လောကတွင် မရေမတွက်နိုင်သော ပညာရှင်များ ရှိသော်လည်း ဓားသမားတစ်ဦး၏ရန်သူမှာ မိမိကိုယ်တိုင်သာ ဖြစ်သည်။
မိစ္ဆာအငွေ့အသက်သည် လောကတစ်ခုလုံးအား ဖုံးလွှမ်းနိုင်လျှင်ကော အဘယ်အရေးနည်း။
ထိုမိစ္ဆာလောကကို ဓားဖြင့် ပိုင်းဖြတ်လိုက်မည်။
ဓားတစ်လက်တည်းဖြင့် မဖြတ်တောက်နိုင်ပါက ဓားနှစ်လက်… သုံးလက်…
ဓားဆေးလုံးများသည် ကောင်းကင်တွင် ကြယ်တာရာများအသွင်သို့ ပြောင်းလဲသွားကာ အလင်းများ ဖြန့်ကျက်သည်။
တောင်နှင့်ပင်လယ်များ ပြိုကွဲသွားကာ အဆုံးမဲ့သော ဓားအလင်းများ ကောင်းကင်တခွင် ပြည့်နှက်နေခဲ့သည်။
ဟန်မူယဲ့က ဓားဘုရင်ယွမ်ထျန်းနှင့် တိုက်ခိုက်နေသူအား မြင်သည်။
မျက်လုံးသုံးလုံးရှိကာ တကိုယ်လုံး အကြေးခွံများဖြင့် ထူးဆန်းသော လူနှစ်ယောက်သည် လက်ထဲတွင် လှံရှည်များအား ကိုင်ဆောင်ထားကြသည်။ လှံများ၌ နဂါးနက်အရိပ်များ ထင်ဟပ်နေ၏။
မိစ္ဆာကျင့်ကြံသူ။
ထို့အတူ တာအိုအငွေ့အသက်များဖြင့် သတ်လတ်ပိုင်းလူကြီးတစ်ဦးလည်း ရပ်နေသည်။
တာအိုဆရာသည် မြင်းမြီးနှင်တံအား ကိုင်ကာ လက်ဝှေ့ယမ်းသည်။ တောင်နှင့် ပင်လယ်တို့ ရွေ့လျားကာ ဓားဘုရင်ယွမ်ထျန်း၏ ကောင်းကင်ဝင်္ကပါဓားကွန်ချာနှင့် ရင်ဆိုင်တွေ့၏။
ထိုသုံးယောက်ထဲတွင် တာအိုဆရာ၏ကျင့်ကြံဆင့်မှာ ပိုမြင့်ကြောင်း ထင်ရှား၏။
ဟန်မူယဲ့က ထိုတာအိုဆရာ၏ ကျင့်ကြံဆင့် မည်မျှ မြင့်မားသည်ကို နားမလည်သော်လည်း ကောင်းကင်မှ အဆက်မပြတ် ကျဆင်းလာနေသော လျှပ်စီးတန်းကြီးများ၊ တာအိုဆရာ၏အနီးမှ အစိမ်းရောင်အလင်းများက ၎င်းတို့အား မည်သို့ တားဆီးသည်များအား မြင်ရသည်။
ကောင်းကင်နှင့်မြေပြင်မှ လျှပ်စီးတန်းကြီးများအား တားဆီးနိုင်သော ထိုတာအိုဆရာ၏ ကျင့်ကြံဆင့်မှာ သည်လောက၏ ထိပ်ဆုံး၌ ရှိပေလိမ့်မည်။
“အဆင့်နိမ့်ဘုံမှာ ရှိတဲ့ အားနည်းတဲ့သူတစ်ယောက်က ငါ ဆင်းသက်မှာကို တားရဲတာလား”
တာအိုဆရာက အော်ဟစ်ကာ စက်ကွင်းရှစ်မျိုး ဝိညာဉ်အလင်းတန်းကို ဓားဘုရင်ယွမ်ထျန်းထံသို့ ပစ်ထည့်လိုက်သည်။
စက်ကွင်းရှစ်မျိုး ဝိညာဉ်အလင်းတန်းသည် အလွန်အားကောင်းဟန်ရှိသည်။ များစွာသော ဓားဆေးလုံးများသည် ၎င်းတို့နှင့် ထိတွေ့ကာ မိုင်ပေါင်းများစွာ အဝေးသို့ လွင့်စင်သွားကြရ၏။
ထိုအထဲတွင် အေးခဲသန့်စင်ဓားဆေးလုံးလည်း ပါဝင်ပေသည်။
“ပေါက်ကွဲစမ်း…”
“ယွမ်ထျန်း… မင်း တကယ်ပဲ ငါးစာလုပ်ရဲ…”
အော်သံများ အဆုံးမသတ်ခင်တွင်ပင် မြင်ကွင်းများ ပျက်ပြယ်သွားခဲ့သည်။
ပုံရိပ်များ ကွယ်ပျောက်သွားခဲ့လျှင် ဟန်မူယဲ့က သူ့လက်ဖဝါးမှ ဓားဆေးလုံးကို ကြည့်သည်။
ရုတ်တရက် သူ့အမူအရာက ပြောင်းလဲသွားသည်။
ဟူး…
ဓားဆေးလုံးထံမှ အဆုံးမဲ့သော ဓားအလင်းများ သူ၏သွေးကြောများနှင့် ချီပင်လယ်သို့ စီးဆင်းသွား၏။
ကလင်…
သူ၏ချီပင်လယ်တွင် ဓားဆန္ဒများအားလုံး အသက်ဝင်လာခဲ့ကြကာ ထိုဓားအလင်းထံသို့ တိုးဝင်သွားကြသည်။
ကလင်…
ကလင်…
…
ဓားဆန္ဒတစ်ခုသည် ဓားချီ ၁၂၈၀၀၀ သော ဓားချီအစများအဖြစ် ပြိုကွဲ ပြောင်းလဲသွားကြ၏။
ဓားဆန္ဒတစ်ခု၊ နှစ်ခု၊ သုံးခု…
သူ၏ချီပင်လယ်တွင် ဓားဆန္ဒ ၁၅ ခုသည် ဓားချီအစများအဖြစ် ပြောင်းလဲသွားသည်။
ဓားမာန်ဟုန်အငွေ့အသက်ပါရှိသော ဓားဆန္ဒနှစ်ခုသည်လည်း ထိုဓားအလင်းများနှင့် ထိပ်တိုက်တွေ့သည်။
ဝုန်း…
ဝုန်း…
နောက်ထပ် ပေါက်ကွဲမှုနှစ်ခုနှင့်အတူ ဟန်မူယဲ့ ကြမ်းပြင်သို့ ပြိုလဲကျကာ သူ့ပါးစပ်မှ သွေးများ ယိုစီးကျလာခဲ့သည်။
သူ၏ခန္ဓာကိုယ် ကျင့်ကြံခြင်းက အတော်လေး အားကောင်းခြင်းကြောင့်သာ မဟုတ်ပါက သူ၏ချီပင်လယ်မှ တိုက်ပွဲသည် သူ့အသက်အန္တရာယ်ကိုပင် ထိခိုက်စေနိုင်သည်။
ကလင်…
ကလင်…
ကလင်…
…
ခေါင်းဆောင်တောက်ရင်ထံမှ ရသော မီးဓာတ်ဓားဆန္ဒဖြစ်စေ၊ ဝိညာဉ်ကျိုးပျက်ဓားထံမှ ရသော ဓားဆန္ဒဖြစ်စေ ၎င်းတို့အားလုံး မကြာခင် ပေါက်ကွဲသွားကြသည်။
သူ၏ချီပင်လယ်တစ်ခုလုံး အဆုံးမရှိသော ဓားချီများဖြင့် ပြည့်နှက်နေခဲ့သည်။
သူ၏ဓားဆန္ဒနှစ်ခုသည် ဓားမာန်ဟုန်ဖွဲ့စည်းရန် လမ်းတစ်ဝက်ခန့် ရောက်နေပြီ ဖြစ်သော်လည်း ဓားမာန်ဟုန်အဆင့်သို့ မရောက်သေးပါ။
ဓားမာန်ဟုန်တစ်ဝက်သည် သူ့သွေးကြောထဲ စီးဆင်းလာသော ဓားအလင်းအား တားဆီးနိုင်ခြင်း မရှိပေ။
အေးစက်သော ဓားအလင်းသည် ဓားဆန္ဒများအားလုံးကို ဖြိုဖျက်ပြီးမှ နောက်ဆုံးတွင် သူ၏ချီပင်လယ်၌ ငြိမ်သက်စွာ သက်ဆင်းသွားခဲ့သည်။
ဓားအလင်းသည် အလယ်ဗဟိုချက်မတွင် နေရာယူကာ သူ့ဘေးပတ်လည်၌ ဓားချီများ လှည့်ပတ်စီးဆင်းနေကြသည်။
ဓားချီများ ဓားဆန္ဒအဖြစ် ပြန်လည်စုစည်းကြသောအခါ ထိုဓားဆန္ဒများသည် ယခင်ထက် ပိုမိုအားကောင်းလာကြဟန်ရသည်။
သို့သော်လည်း အသစ်ပြန်လည်ဖွဲ့စည်းလာသော ဓားဆန္ဒများသည် ချီပင်လယ်၏ဗဟိုချက်မတွင် ငြိမ်သက်စွာ ရှိနေသော ဓားဆန္ဒထံသို့ မကပ်ရဲကြပါ။
ထိုအေးစက်သော ဓားအလင်းသည် သူ၏ချီပင်လယ်ကို မောင်ပိုင်စီးထားသည်နှင့် တူ၏။
မောက်မာကာ အေးစက်ခြင်း။
၎င်းသည် ဓားဘုရင်ယွမ်ထျန်း၏စရိုက်လက္ခဏာနှင့် ဆင်တူလှသည်။
အရာအားလုံး တည်ငြိမ်သွားသောအခါတွင်မှ ဟန်မူယဲ့ သက်ပြင်းချနိုင်သည်။
ပုံမှန်အားဖြင့် ထိုကိစ္စသည် သူ့အတွက် ဝမ်းသာစရာ ဖြစ်သည်။
သည်တစ်ခေါက် သူသည် ဓားဆေးလုံး နောက်တစ်လုံးကို ရခဲ့ရုံသာမက အလွန်အားကောင်းသော ဓားဆန္ဒတစ်ခုကိုလည်း ရရှိခဲ့သည်။
ဓားဆန္ဒကို ဓားဆေးလုံးထံသို့ စုပ်ယူစေပြီးနောက်တွင် ဟန်မူယဲ့သည် နေ့တစ်ဝက်ခန့် အချိန်ကြာမြင့်အောင် ထိုအစိမ်းရောင်ဓားဆေးလုံးအား အရည်အသွေးမြင့် ဝိညာဉ်ကျောက်တုံး ၃၀ သုံးစွဲကာ သန့်စင်ခဲ့ရသည်။
သူ၏ဒန်ထျန်ထဲတွင် လှည့်ပတ်ပျံသန်းနေသော ဓားဆေးလုံးနှစ်လုံးအား ကြည့်ကာ ဟန်မူယဲ့ သက်ပြင်းချလျှက် အောက်ထပ်သို့ ဆင်းလာခဲ့သည်။
သည်တစ်ခေါက် သူ၏ကျင့်ကြံခြင်းသည် ငါးရက်မျှ ကြာမြင့်ခဲ့၏။
သူ ဓားစံအိမ်၏ပထမထပ်သို့ ရောက်သောအခါ ဆူညံသော အသံများအား ကြားရသည်။
“စီနီယာလု… စိတ်မပူပါနဲ့… ကျုပ် ရှောင်လျှို ခင်ဗျားအတွက် သေချာပေါက် ကူညီပြီး စုံစမ်းပေးမယ်”
“အမြုတေဖွဲ့စည်းခြင်းအဆင့် အဖိုးတစ်ယောက် ရှိတဲ့ ကျုပ်က ဂိုဏ်းမှာ မသိနိုင်တဲ့ သတင်းမရှိဘူး”
“ဆရာကျန်း… တစ်ခွက်ငှဲ့ပေးမယ်”
“ဆရာကျန်း… ဆွေးနွေးရအောင်… နောက်ပိုင်း ကျုပ်ကို တစ်လကို ဆေး၂လုံးပဲ ပေး။ စိတ်မပူပါနဲ့… ကျုပ်က သေချာပေါက် အပြင်ပေါက်စျေးထက် ဝယ်ပေးမယ်”
ဟန်မူယဲ့ အောက်ထပ်သို့ ဆင်းလာသောအခါ ဓားစံအိမ်တံခါးဝနားတွင် စားပွဲငယ်တစ်ခု ချထားကာ သေရည်နှင့် အသားများ ပြင်ဆင်ထား၏။
ရတနာခန်းမ၌ ဟန်မူယဲ့အား ပစ္စည်းများ ရောင်းချရန် ကြိုးစားခဲ့သော လျှိုဟုန်သည် သူ့အား ပါးစပ်ဟကာ ကြည့်သည်။
“စီနီယာ… စီနီယာအစ်ကိုဟန်…”
ဟန်မူယဲ့ လက်ဝှေ့ယမ်းကာ စားပွဲထံသို့ လှမ်းသွားလိုက်ပြီး ယန်မင်ရွှမ်ဘေး၌ ထိုင်လိုက်သည်။
သူက အသားတစ်စအား ကောက်ဝါးလိုက်၏။ ထို့နောက် လက်ဝှေ့ယမ်းလိုက်လျှင် သေရည်အိုးငယ်တစ်လုံး ပေါ်လာသည်။
ဟန်မူယဲ့က သေရည်အိုးအဖုံးကို ဖွင့်ကာ တစ်ကျိုက်မော့လိုက်၏။
သေရည်ခွက်ကို ကိုင်ထားသော လျှိုဟုန်က နှာခေါင်းဖြင့် အနံ့ခံကာ ပြောသည်။
“ဒါက အစ်မလီရဲ့ အသဲကွဲသေရည်ပဲ”
ဟန်မူယဲ့အား ကြည့်ကာ လျှိုဟုန်က တီးတိုးပြောသည်။
“စီနီယာအစ်ကိုဟန်… သာမန်လူတွေက အစ်မလီရဲ့ အသဲကွဲသေရည်ကို မြည်းစမ်းဖို့ အခွင့်အရေးမရှိဘူး”
လီသုံးကား တိုက်ရိုက်တပည့်ဖြစ်သည်။ သူမ၏သေရည်အား သောက်သုံးခွင့်ရသူ သိပ်မရှိပါ။
ဟန်မူယဲ့က သူ့အား ပြုံးလျက် ကြည့်သည်။
“မင်း သောက်မလား”
လျှိုဟုန် ဆတ်ခနဲ တုန်ခါသွားကာ ပြောသည်။
“မသောက်… မသောက်ရဲဘူး… ဓားချီ စုစည်းတာ ကျွန်တော့အတွက် မလွယ်ကူဘူး”
အကယ်၍ သူ၏ဓားချီတစ်ဝက်ခန့်သာ စုစည်းသွားပါက သူ ပြန်သွားသောအခါ အဖိုးကြီးအား မည်သို့ ရှင်းပြရမည် မသိပါ။
လျှိုဟုန်က လက်ဝှေ့ယမ်းလျှင် ဟန်မူယဲ့က သေရည်အား လုကော၊ ကျန်းမင်နှင့် ယန်မင်ရွှမ်တို့သေရည်ခွက်များထဲသို့ ဖြည့်ပေးသည်။
“ကျုပ် ဒီသေရည်ကို မသောက်ဖူးတာ အတော်လေး ကြာပြီ”
လုကောက ပြုံးလိုက်ကာ သေရည်အား တစ်ကျိုက်တည်း မော့ချလိုက်သည်။
သေရည်သောက်ပြီးနောက် လုကော၏ခန္ဓာကိုယ်မှ ချီအလင်းများ တဖျတ်ဖျတ် လက်သွားသည်။
လျှိုဟုန်က လုကောအား အံ့အားသင့်စွာ ကြည့်သည်။
သည်လူကား သာမန်မဟုတ်ပေ။
သူ၏ဓားချီသည် အတော်လေး အားကောင်း၏။ အတွင်းစည်းတပည့်များပင် သူနှင့် နှိုင်းယှဉ်နိုင်ဟန် မတူပေ။
နောက်လှည့်ကာ လျှိုဟုန်က ကျန်းမင်နှင့် ယန်မင်ရွှမ်တို့အား ကြည့်သည်။
ကျန်းမင်ကလည်း တစ်ကျိုက်သောက်လိုက်လျှင် သူ့ထံမှ ဓားချီအငွေ့အသက်များ ထွက်ပေါ်လာ၏။
သူသည် ဓားစံအိမ်သို့ ရောက်လာခြင်းမှာ ဓားချီကို လေ့ကျင့်ရန် ဖြစ်သည်။ သူက ရရှိသော ဓားချီများအား ဆေးလုံးဖော်စပ်ရာ၌သုံး၏။
ဘေးတွင် ယန်မင်ရွှမ်ထံမှလည်း ဓားချီအငွေ့အသက်များ ဖြစ်ပေါ်လာသည်။
ယခုတွင် သူသည် ဝိညာဉ်ဓားတစ်လက်အား သူ၏ခန္ဓာကိုယ်ဖြင့် စတင်ပေါင်းစပ်နေပြီ ဖြစ်သည်။
သူ့ရှေ့မှ လူများအားကြည့်ကာ လျှိုဟုန် ဝေခွဲမရ ဖြစ်နေသည်။
ဓားစံအိမ်မှ ဓားထိန်းများမှာ သာမန်လူများ မဟုတ်ပေဘူးလား။
သူသည် ဓားစံအိမ်သို့ မရောက်ခင်ကတည်းက အတော်လေး စုံစမ်းခဲ့သည်။ သို့သော်လည်း လက်ရှိတွင်ကား သူ သိထားသော သတင်းနှင့် လက်တွေ့အခြေအနေက ကွာခြားလွန်းနေ၏။
လျှိုဟုန်က သူ၏သေရည်ခွက်အား ပါးစပ်တွင် တေ့ကာ မော့ချလိုက်သည်။ သူ အနည်းငယ် စိတ်ပျက်နေ၏။ သူ၏သေရည်က မည်သို့ အသဲကွဲသေရည်နှင့် နှိုင်းယှဉ်နိုင်မည်နည်း။
လျှိုဟုန် မည်သို့တွေးနေသည်ကို ဟန်မူယဲ့ ဂရုမစိုက်ပါ။ သူက လုကောအား ကြည့်သည်။
“အစ်ကိုလု… အစ်ကိုဟွမ်ဆီက သတင်းကြားသေးလား”
ဟန်မူယဲ့၏စကားကို ကြားလျှင် လုကောက ခေါင်းညိတ်သည်။
“အစ်ကိုဟွမ်နောက်ကို နဂိုက လိုက်နေကြတဲ့သူအများစုဟာ ဂိုဏ်းရဲ့ တာဝန်ကို လက်ခံရပြီးတော့ အခု ချန်မင်တောင်မှာ သွားစုဝေးနေကြပြီ”
“ဒါပေမဲ့ အစ်ကိုဟွမ်နောက်ကို လိုက်နေသေးတဲ့သူတွေလည်း ရှိပါသေးတယ်”
“ဒါပေမဲ့…”
လုကောက တွန့်ဆုတ်နေပြီးမှ ပြောသည်။
“ဆုကြေးအများစုဟာ ချန်မင်းတောင်ကုန်းသို့ ရောက်သွားတော့… ဂိုဏ်းတွေနဲ့ မိသားစုတွေရဲ့ စစ်ကူတွေဟာလည်း အဲဒီကို အကုန်စုသွားတယ်”
အကျိုးဆောင်မှတ် တစ်သိန်းနှင့် ဝိညာဉ်လက်နက် ၁၀၀ မှာ သူတို့အတွက် ဧရာမဆုကြေးကြီး ဖြစ်သည်။
ဟန်မူယဲ့ အဝေးကို ကြည့်သည်။ လက်ရှိတွင် သူသည် အခြေအနေကို ပြောင်းလဲရန် မတတ်နိုင်ပါ။
ဟန်မူယဲ့က ခေါင်းညိတ်သည်။
“အစ်ကိုဟွမ်ဆီက သတင်းစကားပို့လာသေးလား”
လုကောက ခေါင်းညိတ်သည်။
“အစ်ကိုဟွမ်က ပြောတယ်။ သူက စီနီယာအစ်ကိုဟန်ကို ခက်ခဲအောင် မလုပ်ပါဘူးတဲ့”
“သူက ဂိုဏ်း အခက်တွေ့ရအောင်လည်း မလုပ်ဘူး ပြောတယ်”
သူ့ကို ခက်ခဲအောင် မလုပ်ဘူးလား။
သူက ဟွမ်လောင်လျှို၏သဘောကို ခန့်မှန်းမိပေသည်။
မရေမတွက်နိုင်သော ကျင့်ကြံသူများအား စုဝေးကာ မိန်းကလေးလုအား သွားကယ်တင်ခြင်းက စိတ်ကူးယှဉ်ဆန်လှသည်။
ဂိုဏ်းက ဟွမ်လောင်လျှိုအား ကျင့်ကြံသူအများအပြား ခေါ်ဆောင်သွားသည်အား သိပ်သဘောမကျပေ။ ထို့ကြောင့် ထန်ချီအား ဆုကြေးထုတ်ကာ တာဝန်အပ်နှင်းစေခဲ့သည်။
ဟွမ်လောင်လျှိုက ထန်ချီနှင့် ဂိုဏ်း၏သဘောကို လျစ်လျူရှုထားနိုင်သည်။
သူက ထိုသို့ လုပ်ပါက ဂိုဏ်းတွင် ရှိနေသော ဟန်မူယဲ့အား အခက်တွေ့စေလိမ့်မည်။
မည်သို့ဆိုစေ မီးဓာတ်မျိုးဆက်အား တိုက်တွန်းကာ အင်မော်တယ်ဆေးလုံးအား ဟန်မူယဲ့က ဆုကြေးအဖြစ် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ဟွမ်လောင်လျှိုက ဂိုဏ်း၏သဘောကို ဆန့်ကျင်ပါက ဟန်မူယဲ့အား ထိခိုက်စေပေလိမ့်မည်။
“ကံကောင်းတာက အင်မော်တယ်ဆေးလုံးကို လိုချင်တဲ့ စီနီယာတချို့ အစ်ကိုဟွမ်နဲ့အတူ ရှိနေကြတုန်းပဲ”
လုကောက စိုးရိမ်စွာ ပြောသည်။
၎င်းကား သတင်းကောင်း ဖြစ်သည်။
အနည်းဆုံး ဟွမ်လောင်လျှို၏ဘေးကင်းမှုကို သူ စိတ်ပူစရာ မလိုချေ။
သက်ပြင်းချကာ ဟန်မူယဲ့ တီးတိုးဆိုသည်။
“ထန်ချီ နည်းနည်း ဉာဏ်ကောင်းလိမ့်မယ်လို့ ငါ မျှော်လင့်တယ်”