← Chapters

ဓားဆန္ဒများ

Vol. 13 Ch. 179

ဓားဆန္ဒများ

Vol. 13 Ch. 179

“စီနီယာအစ်ကိုဟန်… ထန်ချီအကြောင်း ကျုပ်နည်းနည်းသိတယ်”

လျှိုဟုန်က တိုးတိုးလေး ပြောသည်။

“သူ့ကို အကြီးအကဲဝူကျစ်ယွမ်က ဂိုဏ်းချုပ်ဆီ ထောက်ခံပေးထားခဲ့တာ။ ဒါပေမဲ့ ဂိုဏ်းချုပ်က သူ့ကို တပည့်အဖြစ် လက်မခံခဲ့ဘူး။ သူ့ပါရမီဟာ ဂိုဏ်းရဲ့ အကောင်းဆုံးထဲမှာ ပါပြီးတော့ စီနီယာအစ်ကိုတင်း ကတောင်မှ သူ့ရဲ့ဓားပညာဟာ ပြိုင်စံရှားတယ်လို့ချီူးကျူးဖူးတယ်”

ဟန်မူယဲ့အား ကြည့်ကာ လျှိုဟုန်က အသံကို ထပ်နှိမ့်လျှက် ပြောသည်။

“ဒါက ကျင့်ကြံခြင်းပါရမီနဲ့ ဓားပညာသက်သက်ဆို ဘာမှ မဟုတ်သေးဘူး”

“သူဟာ ရက်စက်တယ်”

“သူဟာ သူ့ကိုယ်သူ ရက်စက်သလို တခြားလူတွေအပေါ်လည်း ရက်စက်တယ်”

“စီနီယာအစ်ကိုတင်းဟာ သူနဲ့ မယှဉ်ချင်လို့ တခြားကုန်းမြေကို ထွက်သွားတာလို့တောင် ပြောကြတယ်”

“အရင်တုန်းက ထန်ချီဟာ စီနီယာအစ်မလီကို အနိုင်ရဖို့ ယုံကြည်ချက်မရှိတာကြောင့် နှစ်တချို့ တံခါးပိတ်ကျင့်ကြံနေခဲ့တယ်”

“သူဟာ အတ္တမာနကြီးတယ်”

ထန်ချီကဲ့သို့ ပါရမီရှင်က လျှိုဟုန်နှင့် တခြားလူများအား မနာလို ဖြစ်စေသည်။

သူသည် ဒုတိယမျိုးဆက်၏ အရင်းအမြစ်များအားလုံးကို လက်ဝါးကြီးအုပ်ထားရုံသာမက နောင်ပေါ်လာမည့် အခွင့်အလမ်းများကိုလည်း လုယူသွားမည့်ဟန်ရှိနေသည်။

လျှိုဟုန်က ထန်ချီအပေါ် ကောင်းသော အမြင်မရှိပါ။

ဟန်မူယဲ့က သူ့စကားများအားလုံးကို မယုံသော်လည်း ၈၀ ရာနှုန်းခန့်မှာ မှန်ကန်ကြောင်း ယူဆထားသည်။

“ဒါပေမဲ့ သူ့ကို အပြစ်သွားမလုပ်ဖို့ အဖိုးက မှာထားတယ်”

လျှိုဟုန်က ပဲစေ့တစ်စေ့ သူ၏ပါးစပ်ထဲ ပစ်ထည့်လိုက်ကာ ပြောသည်။

“သူက ဂိုဏ်းရဲ့ သခင်လေး ဖြစ်လာဖို့ များတယ်”

ဂိုဏ်းသခင်လေး။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ အနာဂတ် ဂိုဏ်းခေါင်းဆောင်။

လုကော၊ ယန်မင်ရွှမ်နှင့် တခြားလူများက မျက်နှာသိပ်မကောင်းကြတော့ချေ။

လက်ရှိအခြေအနေတွင် ထန်ချီကဲ့သို့သော လူဖြင့် သူတို့က မည်သို့ ပြဿနာကို ပြေလေအောင် ဖြေရှင်းနိုင်မည်နည်း။

“အစ်ကိုလု… ကျုပ် ဓားစံအိမ်ကို ပထမဆုံး ရောက်လာတုန်းက အချိန်ကို မှတ်မိသေးလား”

ထိုအခိုက်တွင် ဟန်မူယဲ့က မေးသည်။

လုကော ခေါင်းညိတ်သည်။

ထိုစဉ်က ဟန်မူယဲ့သည် ဂိုဏ်းသို့ ဝင်ရောက်ရန်ပင် အဆင့်မမီပါ။ ထိုစဉ်က လုကောက ဟန်မူယဲ့အား ဓားစံအိမ်သို့‌ ခေါ်လာခြင်း ဖြစ်သည်။

“အဲဒီတုန်းက ကျုပ်ဟာ ဓားချီ ခန္ဓာကိုယ်ထဲ ဝင်သွားတာကြောင့် ရက်နည်းနည်းပဲ အသက်ရှင်ဖို့ သက်တမ်းကျန်တော့တယ်”

ဟန်မူယဲ့က တည်ငြိမ်စွာ ပြောသည်။

“အစ်ကိုဟွမ်က ကျုပ်ကို ဝိညာဉ်ကျောက်တုံး ၁၀၀ ပေးပြီးတော့ သရုပ်ပြခန်းဆောင်မှာ ခန္ဓာကိုယ်ကျင့်ကြံခြင်းနည်းစနစ်တစ်ခု သွားသင်ဖို့ ခိုင်းခဲ့တယ်”

လုကော ခေါင်းညိတ်သည်။

ရက်နည်းနည်းသာ အသက်ရှင်တော့မည့်လူအား ဝိညာဉ်ကျောက်တုံး ၁၀၀ ထုတ်ပေးခြင်းသည် ဖြုန်းတီးခြင်းသာ ဖြစ်သည်။

ထိုဝိညာဉ်ကျောက်တုံး ၁၀၀ သည် ဟွမ်လောင်လျှို သူ့တစ်ဘဝစာလုံး စုဆောင်းထားခြင်း ဖြစ်သည်။

“အစ်ကိုဟွမ်ဟာ စိတ်ကောင်းရှိတယ်လို့ပဲ သိထားတာ။ သူဟာ မိတ်ဆွေအတွက် ဒီလောက် စတေးရဲမယ်လို့ မထင်ထားဘူး။ သူဟာ ဂိုဏ်းအတွက်လည်း သူ့ကျင့်ကြံခြင်းကို စွန့်လွှတ်ခဲ့တယ်။ ကျွန်တော် တကယ်ပဲ အစ်ကိုဟွမ်ကို လေးစားမိတယ်”

လျှိုဟုန်က သေရည်ခွက်ကို မြှောက်ကာ မော့ချလိုက်သည်။

“စီနီယာအစ်ကိုဟန်… ကျုပ် အစ်ကိုဟွမ်ကို သွားပြီး ကာကွယ်မယ်”

လုကောက ထရပ်သည်။

ယန်မင်ရွှမ်နှင့် ကျန်းမင်တို့ကလည်း အချင်းချင်း ကြည့်ကာ ထရပ်ကြသည်။

“မင်းတို့ သွားစရာ မလိုဘူး”

ဟန်မူယဲ့ ထရပ်ကာ အပေါ်ထပ်သို့ တက်သွားသည်။

“အကြီးအကဲ ထွက်သွားတုန်းက ဓားစံအိမ်ကို ငါ့ဆီ အပ်ထားခဲ့တယ်။ အချိန်ကျလာရင် ငါတိုက်ခိုက်မယ်”

ဓားစံအိမ်ရှေ့တွင် လုကောတို့အားလုံး ရှုပ်ထွေးသော ခံစားချက်များဖြင့် အချင်းချင်း ကြည့်ကြသည်။

လျှိုဟုန်က လုကောကို ကြည့်ကာ မေးသည်။

“အစ်ကိုလု… ဓားစံအိမ်က တပည့်လက်ခံသေးလား”

လုကောက သူ့ကို ကြည့်ကာ ခေါင်းယမ်းသည်။

“ဒီမှာ စီနီယာအစ်ကိုဟန်ရဲ့စကားက အားလုံးကို ဆုံးဖြတ်တယ်”

…

ဓားစံအိမ် တတိယထပ်သို့ တက်လာပြီးနောက် ဟန်မူယဲ့ စားပွဲရှည်နောက်တွင် ထိုင်သည်။

လောကရှိ အရာအားလုံးမှာ ရှုပ်ထွေးနေသည့်တိုင် သူ၏လက်မှ ဓားသာ လုံလောက်အောင် ထက်ရှပါက အားလုံးကို ဖြေရှင်းနိုင်သည်။

သူ၏လက်မှ ဓားက လုံလောက်အောင် ထက်ရှမနေပါက သူ့တွင် ငြိမ်ချမ်းမှုကို မည်သည့်အခါမှ ရှာတွေ့နိုင်မည် မဟုတ်ပါ။

လက်လှမ်းလိုက်လျှင် ကျောက်စိမ်းပုလင်းငယ်များ သူ့ရှေ့၌ ပေါ်လာသည်။

ဆဌမတန်းစားဆေးလုံးများ။

အင်မော်တယ်အဆင့်။

စုစုပေါင်း ဆေးလုံး ဆယ့်ရှစ်လုံး။

ကျောက်စိမ်းပုလင်းများကို ဖွင့်ကာ သူက ဆေးလုံးကို လက်ဖဝါးတွင် ဆုပ်ပြီး ဓားချီများဖြင့် ရစ်ပတ်ကာ စတင်၍ သန့်စင်သည်။

တစ်လုံး။

နှစ်လုံး။

သုံးလုံး။

…

အင်မော်တယ်ဆေးလုံး ဆယ့်ရှစ်လုံးသည် သူ၏ဒန်ထျန်သို့ ကျဆင်းလာခဲ့ကာ ဓားဆေးလုံး ၂လုံးဘေး၌ ကြယ်တာရာများအလား လှည့်ပတ်ကြသည်။

အင်မော်တယ်ဆေးလုံးများအား နှစ်မျိုး အသုံးပြုနိုင်သည်။

ပထမနည်းကား သဘာဝစွမ်းအင်များဖြင့် စုစည်းကာ ကျင့်ကြံဆင့်ကို တဖြေးဖြေးချင်း မြှင့်တက်ခြင်း ဖြစ်သည်။

ဒုတိယနည်းလမ်းကား ချက်ချင်း ပေါက်ကွဲစေကာ ဧရာမများပြားသော သဘာဝစွမ်းအင်များအား ထုတ်လွှတ်စေခြင်း ဖြစ်သည်။

သည်တစ်ကြိမ် ဟန်မူယဲ့သည် အင်မော်တယ်ဆေးလုံး ၁၈လုံးအား တစ်ခါတည်း သန့်စင်သည်။

သူ၏စိတ်နယ်ပယ်တွင် အင်မော်တယ်အဆင့် ခရမ်းကျောက်စိမ်းဆေးလုံးလည်း ရှိနေ၏။

ဆေးလုံး ဆယ့်ရှစ်လုံးအား သူက သုံးရက်ကြာ သန့်စင်ခဲ့ရသည်။

သုံးရက်အတွင်း သူသည် အောက်ထပ်ကို ဆင်းကာ သတင်းတချို့ကိုလည်း ရယူသည်။

လုကောနှင့် လျှိုဟုန်တို့က သူ့အတွက် သတင်းများ စုဆောင်းပေးကြ၏။

လွန်ခဲ့သော နှစ်ရက်က ချန်မင်းတောင်ကုန်းစခန်းက ဟွမ်လောင်လျှိုအား သူ့နှင့်ပါသွားသော ကျင့်ကြံသူများကို ဦးဆောင်ကာ ချန်မင်းတောင်ကုန်းသို့ လာရောက်စုဝေးရန် အမိန့်ထုတ်ပြန်ခဲ့သည်။

၎င်းသည် ပုဂ္ဂိုလ်ရေးကိစ္စမဟုတ်တော့ပါ။

ထန်ချီက ဟွမ်လောင်လျိုအား စီမံခန့်ခွဲရေးမှူးရာထူးကိုပင် ပေးအပ်ခဲ့သည်။

သို့သော်လည်း လွန်ခဲ့သော တစ်ရက်က ဟွမ်လောင်လျှိုသည် သူနှင့်လိုက်ပါလာသော ကျင့်ကြံသူများအား ဟန်မူယဲ့ထံမှ ပေးလိုက်သော ဆေးလုံးများအား ခွဲဝေပေးသည်။ ထို့နောက် သူသည် ကောင်းရှောင်ရွှမ်နှင့်အတူ တိတ်တဆိတ်ထွက်သွား၏။

သူနှင့် လိုက်ပါသွားသော ကျင့်ကြံသူများအား ဟွမ်လောင်လျှို မခေါ်သွားချေ။

ဆေးလုံး ၁၈လုံးကို သန့်စင်ထားပြီးသော ဟန်မူယဲ့သည် သုံးရက်ကြာ ဓားစံအိမ်၌ ဓားများကို သန့်ရှင်းရေးလုပ်၏။

သည်တစ်ကြိမ် သူသည် ဓားဆန္ဒလေးခုကို စုဆောင်းရရှိခဲ့သည်။

ယခု သူ၏ချီပင်လယ်တွင် ဓားဆန္ဒ ၂၁ ခုရှိနေပြီ ဖြစ်သည်။

လျှိုဟုန်မှာ သည်ရက်ပိုင်းအတွင်း ဓားစံအိမ်သို့ မကြာမကြာ လာတတ်သည်။ သူ ယူလာသော သတင်းများမှာလည်း ထန်ချီက ကျင့်ကြံသူများအား စုဝေးသော သတင်းများ ဖြစ်သည်။

ထိုလူကား အတော်လေး ထူးချွန်သည်။ အချိန်တိုအတွင်း သူက ကျင့်ကြံသူ သုံးသိန်းခန့် စုဆောင်းခဲ့ကာ ဝိညာဉ်ကျောက်တုံး ငါးသန်းကို စိတ်ဓာတ်တိုးမြှင့်ရန်အတွက် သုံးစွဲခဲ့သည်။

ကျင့်ကြံသူ သုံးသိန်းခဲ့အား နှစ်ရက်ကြာ လေ့ကျင့်ပေးပြီးနောက် ထန်ချီသည် သူတို့အား တောင်ပိုင်းသို့ ခေါ်ယူသွားခဲ့သည်။

“စီနီယာအစ်ကိုဟန်… ထန်ချီဟာ ကျင့်ကြံသူတွေကို တောင်ပိုင်းသို့ မြန်မြန်ဆန်ဆန် ခေါ်သွားနေတယ်”

“အဖိုးဆီက ကြားတာတော့ သူဟာ ပညာရှင်တစ်ရာလောက်နဲ့ ရှုံးနိမ့်ပြီး ထွက်ပြေးသွားတဲ့ ဂိုဏ်းတွေကို ရှေ့ပြေးအနေနဲ့ သွားတားတယ်တဲ့”

ဓားစံအိမ်အပြင်ဘက်တွငက် လျှိုဟုန်က ဟန်မူယဲ့အား ကြည့်ကာ ပြောနေသည်။

“သူ့နှုန်းနဲ့ဆိုရင် သူ တကယ်ပဲ အဲဒီဂိုဏ်းတွေကို တားနိုင်လိမ့်မယ်”

ဟန်မူယဲ့က ခေါင်းညိတ်ကာ ဘာမှ မပြောပေ။

ထိုသတင်းက သတင်းကောင်းဟု ယူဆရသည်။

မည်သို့ဆိုစေ ထန်ချီသာ ထိုဂိုဏ်းများကို တားဆီးခဲ့ပါက လုချန်းဖျင်မှာလည်း တားဆီးခံရပေမည်။

ကြောက်စရာကောင်းသော အချက်မှာကား ထန်ချီက အမှန်တကယ် ထိုသို့ စိတ်ကောင်းရှိပါမည်လား။

တောင်ဘက်မိုးကုတ်စက်ဝန်းကို ကြည့်ကာ ဟန်မူယဲ့ သက်ပြင်းချသည်။

ထန်နှစ်က ဟွမ်လောင်လျှိုအား အမှန်တကယ် ကူညီလိုစိတ် ရှိမည်ကို သူ မျှော်လင့်သည်။

သူ၏ချီပင်လယ်တွင် ဓားဆန္ဒ ၂၁ခု စုစည်းနေခဲ့ကာ သူကား အကန့်အသတ်သို့ ရောက်နေပြီ ဖြစ်သည်။

“စီနီယာအစ်ကိုဟန်… တကိုယ်တော်ကျင့်ကြံတာနဲ့ ချစ်သူနဲ့အတူ အချိန်ကုန်ဆုံးတာ ဘာကွာသွားတာလဲ”

လျှိုဟုန်က ဟန်မူယဲ့အား စိတ်ဝင်စားစွာ မေးသည်။

သူက သည်ရက်ပိုင်း သတင်းများ စုဆောင်းပြီးနောက် ဟွမ်လောင်လျှို၏အကြောင်းကို ပိုမိုသိလာရသည်။

သူက အစ်ကိုဟွမ်အား ပိုမို၍ လေးစားလာ၏။

လောကတွင် ချစ်ခြင်းတရားက ထိုမျှ ကြီးမားသည်လား။

လျှိုဟုန်၏မေးခွန်းကို ကြားလျှင် ဟန်မူယဲ့က ခေါင်းယမ်းသည်။

“မင်း ဒါကို နားလည်သွားရင် တာအိုလမ်းစဉ်ထဲ ခြေတစ်လှမ်းဝင်သွားပြီလို့ ဆိုနိုင်တယ်”

လျှိုဟုန်က ထပ်မေးရန် ပြင်လိုက်စဉ်မှာပင် ဟန်မူယဲ့က လက်ဝှေ့ယမ်းကာ ပြောသည်။

“မင်း ဓားစံအိမ်ထဲ ဝင်ချင်ရင် မင်းအဖိုး သဘောတူညီချက်ရအောင် အရင်သွားလုပ်”

“ဓားစံအိမ်က ဓားချီဟာ လူကို ထိခိုက်စေတယ်။ မင်းဟာ အကြီးအကဲတစ်ယောက်ရဲ့ မြေးဖြစ်တာနဲ့ ဓားစံအိမ်ထဲ အလွယ်တကူ ဝင်လို့ မရဘူး”

အဖိုးက သဘောတူမှာလား။

လျှိုဟုန်က ခေါင်းညိတ်ကာ နောက်လှည့်ထွက်သွားသည်။

သူ့အဖိုး၏သဘောတူညီချက်ရရန် သိပ်မလွယ်ကူပေ။

ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက်တွင် သူက နောက်လှည့်၍ မေးသည်။

“စီနီယာအစ်ကိုဟန်… ဓားဆေးလုံးက တကယ်အစစ်လား”

“ကျွန်တော်က ရတနာတွေကို အမြဲသိမြင်ခံစားမိတယ်။ ဒါပေမဲ့ အဖိုးက မယုံဘူးလေ”

ဟန်မူယဲ့က ခေါင်းညိတ်သည်။ သူက လက်ဝှေ့ယမ်းလိုက်လျှင် အေးခဲသန့်စင်ဓားဆေးလုံး သူ့လက်ဖဝါး၌ ပေါ်လာသည်။

“ဒါက တကယ်ပဲ…”

ဓားဆေးလုံး။

၎င်းကား အမှန်တကယ် ဓားဆေးလုံး ဖြစ်သည်။

လျှိုဟုန်၏မျက်လုံးများ ပြူးကျယ်သွားကာ ရယ်မောလျှက် ထွက်ခွာသွားသည်။

“ကျွန်တော် သေချာပေါက် ဓားစံအိမ်ထဲကို ဝင်မယ်”

သူ ထွက်သွားသည်ကို ကြည့်ကာ ဟန်မူယဲ့ ခေါင်းယမ်းသည်။

ဒင်…

အံ့ဖွယ်ကိုးပါးတောင်ကုန်းမှ ခေါင်းလောင်းသံတစ်ချက်ကို ကြားရသည်။

ရက်သတ္တပတ်မျှ ကြာပြီးနောက် ပထမဆုံး ကြားရသော ခေါင်းလောင်းသံလည်း ဖြစ်သည်။

ဒင်…

ဒင်…

ခေါင်းလောင်းသံသုံးချက်ကြားရရာ စီခံခန့်ခွဲရေးမှူးအဆင့် သေဆုံးသွားကြောင်း ပြောပြနေသည်။

ဖုန်းရှို့တောင်တွင် တစ်စုံတစ်ခု ဖြစ်ပျက်ခဲ့သည်များလား။

ဟန်မူယဲ့က မျက်မှောင်ကြုတ်လိုက်ကာ အံ့ဖွယ်ကိုးပါးတောင်ကုန်းသို့ ပျံသန်းလာသော ဓားအလင်းများအား ကြည့်သည်။

“အတွင်းစည်းစီမံခန့်ခွဲရေးမှူး လော့ရီရှန့် မိစ္ဆာရှင်းလင်းရေးတာဝန်မှာ မိစ္ဆာဟူထိုက်ရှန့်နဲ့တွေ့ပြီးတော့ သေဆုံးသွားတယ်”

“အတွင်းစည်းဂိုဏ်း စီမံခန့်ခွဲရေးမှူး စွန်းလင်း… မိစ္ဆာရှင်းလင်းရေးတာဝန်မှာ မိစ္ဆာဟူထိုက်ရှန့်နဲ့ တွေ့ဆုံပြီးတော့ သေဆုံးသွားတယ်”

စီမံခန့်ခွဲရေးမှူးနှစ်ဦး သေဆုံးသွားရာ ခေါင်းလောင်းသံသုံးချက် မြည်ဟီးရသည်။

ဟူထိုက်ရှန့်။

လော့ရီရှန့်။

ဟန်မူယဲ့ မျက်မှောင်ကြုတ်သည်။

လော့ရီရှန့်ကား တစ်ခါက မိစ္ဆာမျိုးနွယ်မှ ဓားတစ်လက်နှင့်ဆက်စပ်ဖူးသည်။

သူ၏သေဆုံးခြင်းက ထိုဓားနှင့် သက်ဆိုင်နေသည်များလား။

ဓားစံအိမ်ရှေ့တွင် ရပ်ကာ အနက်ရောင်ဝတ်လူတစ်စု လှမ်းလာသည်။

“အကြီးအကဲချင်လင်းက ဂျူနီယာညီလေး လော့ရီရှန့်ရဲ့ဓားကို ဓားစံအိမ်သို့ ပို့ဆောင်ပါတယ်”

ဟန်မူယဲ့ရှေ့မှ လူကား ပါးလျသော မျက်နှာ၊ မုတ်ဆိတ်တို၊ မီးခိုးရောင်ဆံပင်များနှင့် ဝမ်းနည်းသော အမူအရာများ ရှိနေသည်။

သူ့ဘေးတွင် အသက်သုံးဆယ်အရွယ် လူငယ်တစ်ဦးလည်း ရှိနေ၏။

ကျူးကွမ်းရှန့်။

သို့မဟုတ် အပြင်စည်းဂိုဏ်းတပည့် ကျိယွမ်။

သူ့ရှေ့မှ ဓားများကို ကိုင်ထားသော လူနှစ်ဦးအား ကြည့်ကာ ဟန်မူယဲ့က နောက်မှ လူတစ်ယောက်အား မေးလိုက်သည်။

“အကြီးအကဲချင်… သူတို့ ဓားစံအိမ်က စည်းကမ်းတွေ သိလား”

ဟန်မူယဲ့က ရုတ်တရက် မေးသည်။

ချင်လင်းကား အံ့အားသင့်သွားကာ ဟန်မူယဲ့အား ကြည့်၏။

ဟန်မူယဲ့က ချင်လင်း၏ဘေးမှ ကျူးကွမ်းရှန့်ကို ကြည့်ကာ ထူးမခြားနားစွာ ပြောသည်။

“ဓားလာပို့တဲ့သူတွေဟာ ဓားပိုင်ရှင်နဲ့ ဆက်စပ်နေသူတွေပဲ။ ဒါကြောင့် မျက်ရည်နည်းနည်း မကျသင့်ဘူးလား”

ကျူးကွမ်းရှန့်၏မျက်နှာတွင် တွေဝေသော အမူအရာများ ဖြစ်လာသည်။

သူ့နောက်မှ ချင်လင်းက ဟားတိုက်ရယ်မောကာ ပြောသည်။

“မင်းမျက်လုံးတွေက တကယ်ပဲ စူးရှတာပဲ။ သေစမ်း…”

သူက ပြောပြီးသည်နှင့် ဓားလက်ကိုင်ကို ဖမ်းဆုပ်ကာ ဓားကို ဆွဲထုတ်လိုက်သည်။ ဓားအလင်းသည် ဟန်မူယဲ့၏ရင်ဘတ်ကို တင်းတင်းမတ်မတ် တိုးဝင်လာ၏။

ကျူးကွမ်းရှန့်ကလည်း မြန်ဆန်စွာ လှုပ်ရှားလိုက်၏။ သူကလည်း ဓားကို ပြောင်းပြန်လှန်ကာ ဓားကို ဆွဲထုတ်လျှက် ဓားစံအိမ်တံခါးဝထံသို့ ပြေးသွားသည်။

ဟန်မူယဲ့ကား သူ့နေရာတွင်ပင် မတုန်မလှုပ်ရပ်နေ၏။

ဝုန်း…

ဓားစံအိမ်ထံသို့ မြန်ဆန်စွာ ပြေးဝင်သွားသော ကျူးကွမ်းရှန့်သည် ပို၍ပင် မြန်ဆန်စွာ နောက်ဆုတ်လာခဲ့သည်။

သူ့ခန္ဓာကိုယ်သည် ကျောက်တုံးလှေကားထစ်ကိုးထစ်ထံမှ အလျားလိုက် ပြန်လည်လွင့်စင်လာခြင်း ဖြစ်ကာ အောက်တွင် ရပ်နေသော ချင်လင်းနှင့် တိုက်မိ၏။

ချင်လင်း၏အမူအရာလည်း ပြောင်းလဲသွားသည်။ သူက ကျူးကွမ်းရှန်အား ဖမ်းဆွဲကာ နောက်သို့ တစ်လှမ်းဆုတ်လိုက်သည်။

ဓားစံအိမ်အဝတွင် လုကောက တစ်လှမ်းချင်း လှမ်းလာကာ ဟန်မူယဲ့ရှေ့၌ ရပ်လိုက်သည်။

“ဟင်း… မင်းတို့က ဓားစံအိမ်ထဲ ဝင်ချင်တာလား။ ငါ့ကို အရင်ကျော်ဖြတ်သွားဦး”

All Chapters