← Chapters

ယာမီ

Vol. 6 Ch. Chapter 32

ယာမီ

Vol. 6 Ch. Chapter 32

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ

V3 Chapter 32 - ယာမီ

"အေမီ၊ နင်စာရွက်တွေဝေတာ ပြီးသွားပြီလား" မက်ဒါနာက ကျောင်းဝင်းထဲ ပြန်ဝင်လာတဲ့ အေမီကိုလှမ်းလက်ပြရင်း မေးလိုက်တယ်။ ပညာရေးပြပွဲနေ့ရောက်လာတော့မှာမလို့ သူတို့ပြင်ဆင်နေကြပြီဖြစ်ပြီး အမျိုးမျိုးသော ပရိုမိုးရှင်းနည်းလမ်းတွေအပြင် သမရိုးကျဖြစ်တဲ့ လက်ကမ်းစာစောင်ကမ်းပေးတာပါ လုပ်ခဲ့ကြသေးတယ်။ မြို့ထဲမှာ အဓိကစာစောင်လိုက်ဝေရတဲ့သူက အေမီပါ။

ပြီးတော့ မက်ဒါနာသူ့ကိုပေးထားတဲ့ ပူးတွဲတာဝန်တစ်ခုရှိသေးတယ်။ "ကြော်ငြာလည်းကြော်ငြ ကင်းလည်းလှည့်။"ဆိုတာပါ။

လင်ဒါကိုကတိပေးပြီးတဲ့နောက် ငွေရောင်စစ်သည်တော်အဖြစ် ကင်းလှည့်ရမယ့်တာဝန်က အေမီဆီမှာဖြစ်သွားပြီ။ အေမီက လက်ထဲမှာကိုင်ထားတဲ့ ငွေရောင်သေတ္တာကို မက်ဒါနာဆီ ပြန်ပေးလိုက်တယ်။

"ဆိုပါဦး၊ မြို့ထဲမှာ ဘာတွေဖြစ်ခဲ့သေးလဲ။" မက်ဒါနာက ဝတ်စုံကိုပြန်သိမ်းရင်း မေးတော့ အေမီက ပြန်စဥ်းစားတဲ့ပုံစံနဲ့ ခေါင်းကိုနည်းနည်းစောင်းလိုက်ပါတယ်။ သူ့ရဲ့အနက်ရောင်ဆံပင်တွေက ဘေးကိုခွဲဖြာကျသွားလေရဲ့။

"လမ်းပေါ်မှာသောင်းကျန်းနေတဲ့ ဘဏ်ဓားပြတွေကို တားခဲ့တယ်။ လူးဆီးယပ်နဲ့တခြားမြူတန့်တစ်ယောက်လည်း တိုက်ပွဲမှာဝင်ပါခဲ့သေးတယ်။"

နောက်တော့ အေမီက သူ့ဗီဒီယိုမှတ်တမ်းတွေကို မက်ဒါနာနဲ့မျှဝေလိုက်တယ်။ မက်ဒါနာက စကိတ်နဲ့ကောင်လေးရဲ့လှုပ်ရှားမှုတွေကို သေချာပြန်ရစ်ကြည့်တယ်။

"သူ့အစွမ်းက ဆိုးတော့မဆိုးပေမဲ့ စွမ်းအင်စားသုံးမှုများတဲ့ပုံပဲ။"

မက်ဒါနာဗီဒီယိုကြည့်ပြီး သုံးသပ်နေတုန်း အထုပ်အလေးကြီးတွေသယ်လာတဲ့ ဖရက်က အခန်းထဲဝင်လာတယ်။

"မင်းသမီးလေး၊ ဒီပစ္စည်းတွေ ဘယ်နားထားလိုက်ရမလဲ။"

"ကားပေါ်သာ တစ်ခါတည်းတင်ထားလိုက်။ ဒါမှမနက်ကျရင် ရှာရပြုရဖြစ်မနေတော့မှာ။"

"ဟုတ်ကဲ့။" ဖရက်က ပစ္စည်းအလေးကြီးတွေကိုပြန်သယ်သွားပြီး ကားရပ်ထားတဲ့နေရာကို ပြေးသွားပြန်တယ်။ ဒီတစ်ခါတော့ သူတို့က ကျောင်းကပိုင်တဲ့ ထရပ်ကားစုတ်လေးကို သုံးကြမှာ။

တီ... တီ... တီ...

ရုတ်တရက် ဖုန်းဝင်လာတဲ့အတွက် မက်ဒါနာမျက်ခုံးပင့်လိုက်ပြီး ဖုန်းမျက်နှာပြင်ကို ကြည့်လိုက်ပါတယ်။ ဖလေရာဆက်တာပါ။ မက်ဒါနာလည်း ဖုန်းကိုင်လိုက်တယ်။

"ဟေး၊ နင်မနက်ဖြန်ဆို ပညာရေးပြပွဲသွားရမှာမလား။ ငါလည်းလိုက်ခဲ့ပေးရမလား။" ဖလေရာရဲ့စကားကြောင့် မက်ဒါနာခဏလောက်စဥ်းစားကြည့်တယ်။ အဲဲဒီနောက် ခေါင်းညိတ်လိုက်ပြီး ပြန်ဖြေပါတယ်။

"အင်း၊ နင်လိုက်ခဲ့ချင်ရင် လိုက်ခဲ့လေ။ ပြီးတော့ ငါအတည်ပြုချင်တာလေးတစ်ခုလည်းရှိနေသေးလို့ပါ။"

"ဘာကိုလဲ။"

"ငါ့ကျောင်းကို ဘယ်ဟီးရိုးကျောင်းတွေက သတ္တိတွေကောင်းပြီး သူလျှိုလွှတ်ဖို့ကြံရဲတာလဲ ကြည့်မလို့။" မက်ဒါနာက အေးစက်စက်အသံနဲ့ပြောလိုက်လေရဲ့။

ဖလေရာလည်း ခနလောက်ကြာတဲ့အထိ တိတ်ဆိတ်သွားပြီး ပြန်မေးကြည့်တယ်။

"ဒီတော့ နင့်ကျောင်းကို သူလျှိုလွှတ်ချင်နေတာ မေဆင်တွေချည်းပဲမဟုတ်ဘူးပေါ့။"

"အင်း၊ ငါသေချာတွေးကြည့်တော့ ငါ့ဆီကိုသူလျှိုလွှတ်တာက ကျောင်းတစ်ခုတည်းတောင်မဟုတ်လောက်ဘူး။ ရှိသမျှကျောင်းတွေအကုန်လုံးက သူလျှိုလွှတ်လိုက်တာတောင် ဖြစ်ချင်ဖြစ်နေမှာ။"

တကယ်တော့ မက်ဒါနာဒီကိစ္စကို စဥ်းစားနေတာကြာပြီ။ တရားခံဘယ်သူလည်းသိချင်ရင် တရားခံရနိုင်မယ့် အကျိုးအမြတ်ကို စဥ်းစားရတယ်ဆိုတဲ့ စကားအတိုင်းပဲ မက်ဒါနာစဥ်းစားကြည့်တော့ မေဆင်ပြီးရင် ပြိုင်ဖက်ဟီးရိုးကျောင်းတွေက ဒီလိုလုပ်ရာကနေ အကောင်းဆုံးအကျိုးအမြတ်ရနိုင်တယ်လို့ သူတွေးမိလာတယ်။

"အင်း၊ နင်တွေးတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဘာလို့ဆို အခုနောက်ပိုင်း ဟီးရိုးကျောင်းတွေက အပြိုင်အဆိုင်များလာတယ်လေ။ ဘယ်သူမှ ကိန်းရှင်တစ်ယောက် သူတို့သတ်ကွင်းထဲဝင်လာမှာကို မလိုလားကြဘူး။"

ဝဲလ်ဆင်က ဟီးရိုးကျောင်းတွေအများကြီး ပိတ်ချပစ်ပြီးတဲ့နောက် ကျောင်းအများစုက ရှင်သန်နိုင်ဖို့ရုန်းကန်နေကြရတယ်။ ကျန်နေသေးတဲ့ကျောင်းတွေက တခြားကျောင်းတွေအပေါ်တက်နင်းပြီး ဆက်ရပ်တည်နိုင်ဖို့ ကြိုးစားနေကြတာပါ။ မက်ဒါနာလည်းဖလေရာရဲ့အတွေးက သဘာဝကျတယ်လို့ ဆုံးဖြတ်လိုက်တယ်။

"ငါကတော့ ငါ့ကျောင်းကိုလာရှုပ်မယ့်သူတွေကို ညှာမယ့်စိတ်ကူးမရှိဘူး။ အကုန်လုံးကို မီးတင်ရှို့ပစ်မှာ။"

မက်ဒါနာက အတည်တစ်ဝက် အနောက်တစ်ဝက်နဲ့ပြောလိုက်တော့ ဖလေရာဆီကနေ ဗိုက်နှိပ်ပြီးရယ်တဲ့အသံထွက်လာတယ်။ ဒါပေမဲ့ သူတို့နှစ်ယောက်မှာ ဆက်ပြောစရာစကားမကျန်တော့လို့ ခနလောက်ကြာတဲ့အထိ တိတ်ဆိတ်ငြိမ်သက်သွားပြန်တယ်။

"ဒါဆို မနက်ဖြန်မှတွေ့ကြမယ်လေ။" မက်ဒါနာပြောလိုက်တယ်။

"အင်း၊ မနက်ဖြန်မှ တွေ့ကြတာပေါ့။ ဒါမှမဟုတ်လည်း ဒီည နင်ငါ့အိမ်လာအိပ်လို့ရတာပဲ။"

"နေပါ၊ နင့်အိမ်ကို တစ်သက်လုံးထပ်လာလည်ဖို့ အစီအစဥ်မရှိတော့ဘူး။" မက်ဒါနာက ပြောပြောဆိုဆိုနဲ့ ဖုန်းချပစ်လိုက်တယ်။ ဖလေရာ့ခေါင်းထဲမှာ အကြံတွေနဲ့ပြည့်နေမှန်း မက်ဒါနာသိပြီးသား၊ ဘာဖြစ်လို့ ကျားခံတွင်းထဲ နောက်တစ်ခါ စိတ်လိုလက်ရနဲ့ဝင်ရမှာလဲ။

မက်ဒါနာက ဖုန်းကိုချပြီးနောက် လက်ကိုပိုက်ပြီး နေရာလွတ်တစ်နေရာကို မျက်စောင်းထိုးလိုက်မိတယ်။ တကယ်လို့ သူဘာလို့ဒီလိုလုပ်နေလဲဆိုတာ သူ့ဘာသာသူတောင်နားမလည်ဘူး။

'နေပါဦး၊ ငါဖလေရာကို စိတ်ကောက်နေမိတာလား။' တချို့ကောင်မလေးတွေ စိတ်အလိုမကျရင် သူတို့ချစ်သူတွေအပေါ် စိတ်ကောက်တတ်တယ်ဆိုတဲ့ကိစ္စကို ပြန်တွေးမိတော့ မက်ဒါနာရဲ့မျက်နှာလေးနီရဲတက်လာတယ်။ နောက်တော့ သူ့ပါးပြင်နှစ်ဖက်ကို လက်ဖဝါးနဲ့အုပ်ထားလိုက်မိတယ်။

"မဟုတ်တာ၊ ပေါက်ကရ။" မက်ဒါနာ စိတ်ရူးပေါက်နေတုန်း အေမီကတော့ သူ့သခင်မလေးရဲ့အမူအရာကို ဆက်တိုက်စူးစမ်းနေတယ်။ နောက်တော့ စိုးရိမ်လာပြီး မက်ဒါနာရဲ့နဖူးပေါ်ကို လက်ကလေးတင်ပြီး ကိုယ်ပူစမ်းလိုက်တယ်။ အဲဒီနောက် အေမီရဲ့မျက်လုံးလေးတွေက မှေးကျသွားပြီး နားမလည်နိုင်ဟန်နဲ့မေးလိုက်ပါတယ်။

"သခင်မလေး ရုတ်တရက်ဖျားနေပြီထင်လို့ အပူချိန်တိုင်းကြည့်ပေမဲ့ ပုံမှန်ပါပဲ။ ကျွန်မမသိတဲ့ ရောဂါတစ်ခုခုကြောင့် ဖြစ်နေနိုင်ပါတယ်။ ဆေးရုံသွားပြီး ဆေးစစ်ကြည့်ရအောင်။"

အနည်းငယ်တိုးတက်လာပြီဖြစ်ပေမဲ့ ပရိုဂရမ်သွင်းထားတဲ့အတိုင်းပဲ လှုပ်ရှားနိုင်တဲ့ အေမီက ရုပ်သေနဲ့ပြောလိုက်တယ်။ ဒါပေမဲ့ ဒေါသထွက်နေတဲ့မက်ဒါနာက အေမီကို အမျက်ထွက်နေတဲ့ မျက်လုံးတွေနဲ့စိုက်ကြည့်လိုက်ပြီး...

"နင့်အမေကြီးပဲဖျား...."

"....." အေမီတစ်ယောက် မက်ဒါနာပြောလိုက်တဲ့စကားကို နားမလည်တဲ့အတွက်ကြောင့် ကြောင်ပြီးကြည့်နေတယ်။ ရုပ်သေမျက်နှာနောက်မှာကွန်ပျူတာစနစ်က မက်ဒါနာရဲ့ဆိုလိုရင်းကို နားလည်နိုင်ဖို့ အစွမ်းကုန်တွက်ချက်နေတဲ့ပုံပဲ။ နောက်တော့ မက်ဒါနာကို အိမ်စေမလေးတစ်ယောက်လို ဦးညွှတ်လိုက်ပြီး

"စိုးရိမ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သခင်မလေး။ ကံကောင်းစွာနဲ့ ကျွန်မအမေမှာ ဘာရောဂါမှရှိမနေပါဘူး။ သဘာဝကျကျပြောရရင် ကျွန်မကစက်ရုပ်ဖြစ်တဲ့အတွက် ကျွန်မမှာအမေမရှိပါဘူး။ ဒါမှမဟုတ် ကျွန်မသိထားတာတွေက မှားနေတာလားရှင်။"

ဒီတစ်ခါတော့ မက်ဒါနာကိုယ်တိုင် ဆွံအသွားတယ်။ အေမီရဲ့ဉာဏ်ရည်တုက အပြည့်အဝအလုပ်မလုပ်သေးဘဲ မှတ်ဉာဏ်တွေပျောက်နေတာမှန်ပေမဲ့ ဘယ်တုန်းက အခုလိုကြောင်တောင်တောင်တွေဖြေဖို့ သင်ယူလိုက်တာလဲမသိဘူး။ ငါးစက္ကန့်လောက်ကြာပြီးတဲ့နောက် မက်ဒါနာရဲ့အူကြောင်ကြောင်အမူအရာက စိုးရိမ်မှုအဖြစ်ကိုပြောင်းသွားတယ်။

"အေမီကောင်မစုတ် နင်ငါမသိဘဲ ChatGPT ဒေတာတွေဒေါင်းပြီး နင့်ခေါင်းထဲထည့်နေတာမဟုတ်လား။ အဲဒါကြောင့် နင်ကြောင်တောင်တောင်တွေပြန်ဖြေနေတာ။ အဲဒီဒေတာတွေ အကုန်ပြန်ဖျက်လိုက်။"

မက်ဒါနာက ပြောပြောဆိုဆိုနဲ့ အေမီကိုဖမ်းဆွဲပြီး သူ့ကွန်ပျူတာနဲ့ချိတ်ဖို့လုပ်လိုက်တယ်။ မက်ဒါနာဆက်တိုက်ပြုပြင်ပေးနေတဲ့အတွက် တချို့ဖန်ရှင်တွေ ပြန်ကောင်းလာပြီးနောက် အေမီရဲ့သိစိတ်တစ်ဝက် ဉာဏ်ရည်တုက သူ့ဘာသာသူ ပြန်ပြင်ဖို့ကြိုးစားနေတယ်။ ဒါပေမဲ့ သိပ်ကိုနှေးလွန်းပြီး အူကြောင်ကြောင်နိုင်ပါတယ်။ တစ်ခါတလေမှာ သူ့ကိုယ်သူ ပြုပြင်တာက ထိခိုက်မှုကိုတောင် ပြန်ဖြစ်စေနိုင်သေးတယ်။

မက်ဒါနာက ဒေါသထွက်ထွက်နဲ့ ပြောဆိုနေတာဖြစ်ပေမဲ့ အေမီပြန်ကောင်းလာနိုင်တဲ့ မျှော်လင့်ချက်ကို မြင်နေရပြန်ဖြစ်တာကြောင့် ပျော်လည်းပျော်ဝမ်းလည်းနည်းဖြစ်နေရုံပါ။

....

ညနက်ချိန်။

အမေရိကန် မိုးနည်းရပ်ဝန်းဒေသ တစ်နေရာမှာ ပေါ်တယ်တစ်ခုပွင့်လာပြီး ရင်းနှီးနေတဲ့ ပုံရိပ်နှစ်ခု ထွက်လာပါတယ်။ ယာမီနဲ့ဇွန်ဘီကလေးမလေးပါ။

"တော်တယ်၊ ငါတို့နောက်ဆုံးတော့ သူတို့ကို ရှာတွေ့ပြီပေါ့။"

အရင်ရက်တွေမှာ ယာမီက ရသမျှသဲလွန်စတွေကိုသုံးပြီး ကပ်ပါးကောင်တွေသွားနေတဲ့ နေရာကိုလိုက်ရှာခဲ့တယ်။ တဖြည်းဖြည်းနဲ့ မိုးနည်းရပ်ဝန်းဒေသကို ဦးတည်သွားမှန်းသိတော့ သူသိပ်မအံ့ဩတော့ဘူး။ ဒီနေရာက အမေရိကန်အစိုးရအစဥ်အဆက် နည်းပညာတွေ လျှို့ဝှက်စမ်းသပ်နေတဲ့နေရာပါ။

ခါတိုင်းလိုပဲ ယာမီက ဇွန်ဘီလေးကို ချီးကျူးလိုက်ပြီး စခန်းထဲကို အရိပ်တစ်ခုလိုမျိုး ပုန်းလျှိုးဝင်သွားတယ်။ မြူတန့်သိပ္ပံစခန်းတွေလိုပဲ မြေအောက်ထဲကို အနက်ကြီးတူးဝင်ပြီး တည်ဆောက်ထားတဲ့ စခန်းပါ။

အပေါ်ဖက်အခန်းတွေမှာ သာမန်နည်းပညာပစ္စည်းတွေနဲ့ အစောင့်တွေပြည့်နေပေမဲ့ ပုံမှန်မဟုတ်တာတွေမတွေ့ရသေးဘူး။

ယာမီက အရိပ်တွေနောက်မှာ ပုန်းကွယ်နေတာမလို့ အစောင့်တချို့က သူ့အနားကနေ ဖြတ်သွားကြပေမဲ့ သတိမထားမိကြဘူး။ ဒါပေမဲ့ သူတို့ကျောရိုးထဲစိမ့်တက်သွားသလို ခံစားလိုက်ရတဲ့အတွက် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြတယ်။

"ဒီနေ့ အေးပြီးချမ်းစိမ့်စိမ့်ကြီးဖြစ်နေသလိုပဲနော်။"

"ဟုတ်ပ၊ အသားတွေတောင် တဆတ်ဆတ်တုန်လာပြီ။"

သူတို့နှစ်ယောက် သတိလက်လွတ်စကားပြောနေတုန်း နှစ်ယောက်လုံးအပေါ် ပိန်းပိန်းပိတ်မှောင်နေတဲ့ အမှောင်ထုကြီးက ဖုံးလွှမ်းသွားတယ်။ အပြင်ကနေ ကြည့်မယ်ဆိုရင် အမှောင်ထုထဲမှာ ဘာဖြစ်နေလဲ သိနိုင်မှာမဟုတ်ဘူး။ နောက်တော့ ပုန်းနေတဲ့ယာမီထွက်လာပြီး နှစ်ယောက်လုံးရဲ့ခေါင်းတွေကို ဆုပ်ကိုင်လိုက်တယ်။ အဲဒီနှစ်နောက် ခေါင်းချင်းရိုက်ပြီးသတ်ပေးလိုက်တယ်။ ဦးနောက်နဲ့သွေးအစအနတွေ ပန်းထွက်လာပြီး သူတို့ခေါင်းထဲကနေ တီကောင်လို ပိုး​ကောင်သားလောင်းတွေထွက်လာပေမဲ့ ယာမီက သိပ်အံ့ဩပုံမပြဘူး။

"ထင်ထားတဲ့အတိုင်းပဲ ဒီနေရာက အသိုက်တစ်ခုပဲ။"

နောက်တော့ ပေါ်တယ်တစ်ခုပွင့်လာပြီး အလောင်းတွေကို ဆွဲယူသွားတယ်။ သွေးစသွေးနတွေတောင် တစ်စက်မှမကျန်ခဲ့ဘူး။ ယာမီအမှောင်ထဲမှာ ရပ်နေတုန်း ဇွန်ဘီမလေးပေါ်လာပြီး သူ့ကိုငွေရောင်စမတ်ကတ်နှစ်ခုပေးလိုက်တယ်။ လုံခြုံရေးတံခါးသော့တွေဖြစ်ပုံပဲ။

"ပိုပြီး နက်ရှိုင်းတဲ့အပိုင်းဆီ ဆင်းကြည့်ကြတာပေါ့။"

...

ရေဂင်က သူ့ရှေ့ကမြင်ကွင်းကို မျက်မှောင်ကြုတ်ပြီးကြည့်လိုက်တယ်။ သူထိုင်နေကျ စမ်းသပ်ခန်းထဲက ထိုင်ခုံမှာ သူမသိတဲ့ မိန်းကလေးတစ်ယောက်က ထိုင်နေတယ်။ သူ့ဘေးမှာတော့ နဖူးကနေ ဦးမျှင်ထွက်နေတဲ့ အဖိုးကြီးတစ်ယောက်က လက်ကိုနောက်ပစ်ပြီးရပ်နေတယ်။

"တွေ့ရတာဝမ်းသာပါတယ်၊ ဗိုလ်ချုပ်စပန်ဆာ။ ကျုပ်က ဘာရွန်ဆိုင်းယပ်ပါ။"

ရေဂင်က လက်ပိုက်လိုက်တယ်။ ဘာရွန်ဆိုင်းယပ် သူ့နယ်မြေထဲရောက်နေတာကို သိပ်သဘောကျပုံမပေါ်ဘူး။ သူက ဘာရွန်ဆိုင်းယပ်ကို အေးစက်စက်လေသံနဲ့ တစ်ခွန်းချင်းပြောလိုက်တယ်။

"ကျုပ်က ဗိုလ်ချုပ်တစ်ယောက်ဆိုတာသိရင် ဘာဖြစ်လို့ ဒီကိုလာခဲ့တာလဲဘာရွန်။ ငါတို့ပိုးကောင်တွေ ဒီကိုမလာခင် ချမှတ်ထားတဲ့ စည်းကမ်းရှိတယ်။ ဒီဂြိုဟ်ပေါ်မှာ မျိုးစိတ်မတူတဲ့ပိုးကောင်တွေအားလုံး သီးခြားလှုပ်ရှားရမယ်။"

ဘာရွန်ဆိုင်းယပ်က ရယ်မောလိုက်တယ်။ အဲဲဒီနောက် ခုံပေါ်မှာထိုင်နေတဲ့ အမျိုးသမီးကို ဦးညွှတ်လိုက်ပြီး ဆက်ပြောတယ်။

"ပုံမှန်ဆိုရင် အဲဒီအတိုင်းပဲပေါ့။ ဒါပေမဲ့ အခုအချိန်မှာ ဝမ်းသာစရာတစ်ခုရှိနေလို့ ကျုပ်က ဒီမြေပေါ်မှာရှိနေတဲ့ ဗိုလ်ချုပ်တိုင်းကို သတင်းစကားဖြန့်ချီဖို့လုပ်နေတာပါ။"

ရေဂင်က အန္တရာယ်ရှိစွာပြုံးလိုက်တယ်။ သူ့ရှေ့က ဘာရွန်ကို သူစိတ်ဝင်စားတာတစ်ခုခုမပြောနိုင်ရင် ချက်ချင်းမောင်းထုတ်တော့မယ့်အတိုင်းပဲ။ ဘာရွန်ကလည်း ပြုံးလိုက်ပါတယ်။ အဲဒီနောက် ဟန်ပါပါနဲ့ လက်ကိုဖြန့်လိုက်ပြီး ခုံပေါ်ကအမျိုးသမီးကို ညွန်ပြလိုက်တယ်။

"အခုမင်းရှေ့မှာထိုင်နေတဲ့ မြင့်​မြတ်တဲ့မိန်းကလေးက ဘုရင်မအလောင်းအလျာဖြစ်တဲ့ အိမ်ရှေ့မင်းသမီးပါပဲ။"

ဒါပေမဲ့ ရေဂင်က ဘာရွန်ဆိုင်းယပ်ကို သိပ်ယုံတဲ့ပုံမပေါ်ဘူး။ အဲဒီအစား သူက သံသယနဲ့ ဥစာကီကိုကြည့်လိုက်တယ်။ သူ့ရှေ့က မိန်းကလေးက သာမန်လူသားတစ်ယောက်နဲ့ ဘာမှခြားမနေဘူး။ ပုံမှန်ထက်ဖြူစွတ်တဲ့ အသားအရေရှိနေပြီး မျက်တွင်းချောင်နေရုံပဲ။

"ဟားဟား... မဖြစ်နိုင်တာ၊ ဒီလိုအားနည်းတဲ့သက်ရှိတွေ နေတဲ့ကမ္ဘာမှာ မျိုးပွားမိခင်ကြီးက သင့်တော်တဲ့သက်ရှိကို ရှာတွေ့စရာအကြောင်းမရှိဘူး။"

ရေဂင် (ဝါ) ဗိုလ်ချုပ်စပန်ဆာက ရယ်မောလိုက်ပြီး ဥစာကီကို ပါးရိုက်ဖို့ကြိုးစားလိုက်တယ်။ ဥစာကီရဲ့မျက်လုံးအိမ်တွေက ရုတ်တရက်ကျယ်ပြန့်သွားပြီး ဖိအားကြီးတစ်ခုက အခန်းတစ်ခုလုံးကို ပြန့်နှံသွားတယ်။ အဆောက်အဦးတစ်ခုလုံးလည်း တုန်ခါသွားပြီး ရေဂင်ဒူးထောက်ကျသွားတယ်။ သူ့နားထဲကနေ သွေးတွေစီးကျလာပြီး ခေါင်းကိုခက်ခဲစွာဆုပ်ကိုင်ထားရတယ်။

"အား၊ ရပ်ပါတော့။ ကျုပ်တောင်းပန်တယ်။" နာကျင်မှုဝေဒနါကို မခံစားနိုင်တော့တဲ့ ရေဂင်က ပြောလိုက်မှ ဥစာကီက သူ့စွမ်းအားကို ထုတ်လွှင့်နေတာ ရပ်လိုက်တယ်။ ဘာရွန်ဆိုင်းယပ်ကတော့ သခင်အားရ ကျွန်ပါးဝဆိုသလိုပဲ ပြေးတက်လာပြီး ရေဂင်ရဲ့ရင်ဝကို ဆောင့်ကန်လိုက်တယ်။ ရေဂင်မြေပေါ်ကို ​ခွေခွေလေးလဲကျသွားတယ်။

"မင်းလို အယုတ်တမာကများ မင်းသမီးကိုထိဖို့ကြံရဲတယ်။" ဆိုင်းယပ်က ရေဂင်ကို ဆက်တိုက်ကန်ပေမဲ့ အတော်ကြာတော့ ဥစာကီက လက်ကာပြလိုက်တယ်။

"တော်သင့်ပြီ။" ဆိုင်းယပ်လည်း ဒီတော့မှရပ်လိုက်ပြီး ဥစာကီနောက်မှာ ပြန်ရပ်လိုက်တယ်။ ဒါပေမဲ့ သူ့ပါးစပ်ကတော့ အငြိမ်မနေသေးဘူး။

"မင်းသမီးက မင်းကိုညှာတာလို့မသေတာ။ ခုနက သူ့စွမ်းအားက မင်းအပေါ်ပစ်မှတ်ထားတာမဟုတ်ဘဲ ပတ်ဝန်းကျင်တစ်ခုလုံးကို ဖြန့်ကျက်လိုက်တာမလို့ ကံကောင်းတယ်မှတ်ပါ။ မဟုတ်ရင် မင်းရဲ့ခန္ဓာကိုယ်အစစ်တစ်ခုလုံး တစ်စစီဖြစ်သွားမယ်။"

တစ်ဖက်မှာတော့ ဥစာကီက အေးဆေးစွာပြုံးနေပါတယ်။ သူက ရေဂင်ကို အပြစ်မမြင်ဘဲ ထင်မထားတဲ့ စကားလေးတစ်ခွန်းကို ပြောလိုက်တယ်။

"ဒါနဲ့၊ ဗိုလ်ချုပ်စပန်ဆာရေ။ ရှင့်စခန်းထဲကို တစ်ယောက်ယောက် ခိုးဝင်လာတယ်လို့မထင်ဘူးလား။"

....

ယာမီက မြေအောက်ထပ်တံခါးကို ဖွင့်ပြီးနောက် အမှောင်ထုကို အကာအကွယ်ယူရင်း စမ်းသပ်ခန်းထဲကို ရောက်လာတယ်။ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတွေကို အခုမှသူတို့စမြင်ရတယ်လို့ဆိုရမယ်။ ဒီနေရာမှာ လူတွေအများကြီးကို ဖမ်းထားပြီး လူခန္ဓာကိုယ် ပိုးတောင်မာတစ်ကောင်ရဲ့ခေါင်းရှိတဲ့ သတ္တဝါတွေက သာမန်လူတွေကို စောင့်ကြည့်နေတယ်။

စင်္ကြန်လမ်းပေါ်မှာ လမ်း​လျှောက်နေရင်း သူ့အကြည့်က တစ်နေရာကိုရောက်သွားတယ်။ သိပ္ပံပညာရှင်လိုဝတ်ထားတဲ့ အပြာရောင်ပိုးတောင်မာတွေက မိန်းကလေးတစ်ယောက်ကို ဝိုင်းချုပ်ထားပြီး ဆေးထိုးပေးဖို့ကြိုးစားနေကြတယ်။ အဲဒီမိန်းကလေးက ကြောက်လန့်တကြားအော်ဟစ်နေရင်း ရုပ်နှစ်မျိုးပြောင်းလဲနေတယ်။

"ကျွန်မ ရှင်တို့လိုမဖြစ်ချင်ဘူး၊ ကျေးဇူးပြုပြီး ကျွန်မကိုလွှတ်ပေးပါ။" ဆံပင်ရွှေရောင်ရှိတဲ့ ကောင်မလေးက ကြောက်ရွံနေတဲ့ သိုးငယ်လေးလိုမျိုး အော်ဟစ်တောင်းပန်နေတယ်။ ဒါပေမဲ့ နောက်တစ်စက္ကန့်အတွင်းမှာပဲ ကောင်မလေးရဲ့ရုပ်က ဆန့်ကျင်ဖက်ဖြစ်သွားပြီး ခရမ်းရောင်ဆံပင်တွေနဲ့ဖြစ်သွားတယ်။

"နင်တို့ကိုသတ်ပစ်မယ်၊ နင်တို့အားလုံးသေရမယ်။" ဒါပေမဲ့ ဘယ်လိုရုန်းကန်ရုန်းကန် ပိုးတောင်မာတွေက သူ့ထက်အများကြီးသန်မာတာကြောင့် အလုပ်မဖြစ်ဘူး။ ပိုးတောင်မာပညာရှင်တွေက ဆေးထိုးအပ်နဲ့ ကောင်မလေးရဲ့သွေးကြောထဲကို ဆေးရည်ကြည်တွေ ထိုးသွင်းလိုက်တာနဲ့ အကြောလိုက်သွားပြီး ခနနေတော့ ငြိမ်ကျသွားတယ်။

နောက်တော့ လှတပတအမျိုးသမီးလေးရဲ့ခေါင်းက ပိုးတောင်မာခေါင်းအဖြစ်ကို ပြောင်းသွားပြီး ထလာပါတယ်။ ပိုးတောင်မာသိပ္ပံပညာရှင်တွေထဲကတစ်ယောက်က ခေါင်းညိတ်ပြီးနှုတ်ဆက်လိုက်တယ်။

"ဂုဏ်ယူပါတယ်၊ အရွယ်ရောက်သူ။ မင်းအခု ငါတို့ရဲ့တောင်ပံပြာပိုးတောင်မာမျိုးစုရဲ့အဖွဲ့ဝင်သစ်ဖြစ်သွားပြီ။"

ပိုးတောင်မာသစ်က ခေါင်းညိတ်လိုက်တယ်။ အဲဒီနောက် သူ့ခေါင်းကို ခါယမ်းလိုက်တာနဲ့ ဖြူစင်တဲ့ ရွှေရောင်ဆံပင်မိန်းမလှလေးရဲ့မျက်နှာအဖြစ် ပြန်ပြောင်းသွားတယ်။ ဒါပေမဲ့ အစောပိုင်းက မိန်းမလှလေး မဟုတ်တော့တာ အသိသာကြီးပဲ။

"ဒီလိုပုံစံနဲ့ ပိုးတောင်မာတွေက လူသားခန္ဓာကိုယ်ထဲက သားလောင်းတွေကို အရွယ်ရောက်အောင်လုပ်ပေးတာလား။"

ယာမီက သူ့မေးကိုပွတ်ပြီး စဥ်းစားလိုက်တယ်။ ဒါပေမဲ့ ရုတ်တရက်ဆိုသလိုပဲ သိပ်ကိုပြင်းထန်တဲ့ အရှိန်အဝါတစ်ခုက သူရပ်နေတဲ့နေရာကို ဖြတ်သန်းသွားတယ်။

"သေစမ်း၊ မကောင်းတော့ဘူး။" ယာမီမျက်လုံးပြူးသွားပြီး ဇွန်ဘီမလေးကိုကြည့်လိုက်တယ်။

"ပေါ်တယ်မြန်မြန်ဖွင့်၊ ငါတို့ဒီကနေ ထွက်ကြမယ်။" ဒါပေမဲ့ နောက်ကျသွားပါပြီ။ တစ်ယောက်ယောက်က သူ့ပခုံးကို ပုတ်လိုက်တယ်။ သူပုန်းခိုနေတဲ့ အမှောင်ထုက ပြိုကွဲသွားပြီး ရေဂင်ရဲ့မျက်နှာကို မြင်လိုက်ရတယ်။

"အခုလိုဝင်လာပြီးမှ ငါ့အသိုက်ကနေ ထွက်သွားလို့ရမယ် ထင်နေတာလား။" ယာမီကြည့်နေတုန်းမှာပဲ ရေဂင်ရဲ့ခန္ဓာကိုယ်ကို အနက်ရောင်ချပ်ဝတ်တစ်ခုက ဖုံးသွားပြီး အနီရောင်အလင်းဒြပ်စင်တွေ ထွက်ပေါ်လာတယ်။ ဒါပေမဲ့ ဝါရှင်တန်မှာပေါ်လာတုန်းကထက် ဆယ်ဆလောက် ပိုအားပြင်းတယ်။

All Chapters