ဓားစံအိမ်၏တံခါးမှူး
Vol. 13 Ch. 180
ဓားစံအိမ်၏တံခါးမှူး လုကော။
သူသည် ဓားစံအိမ်ကို ကာကွယ်ရင်း မျက်လုံး ဆုံးရှုံးဖူးသည်။
ယခင်က သူသည် တစ်ဘဝလုံး ဒုက္ခိတဖြစ်သွားပြီဟု တွေးထင်ကာ မွေးရပ်မြေသို့ ပြန်ရန် တွေးခဲ့သေးသည်။
ဟန်မူယဲ့က သူ့အား ဆက်နေစေခဲ့သည်။
သူ့အား ဓားစံအိမ်၏အမွေအနှစ်တစ်ခုဖြစ်သော ဓားစစ်သည်နည်းစနစ်ကို သင်ပေးကာ သူ့မျက်လုံးများအား ဓားတစ်လက်ဖြင့် အစားထိုးစေခဲ့သည်။
ထိုအချိန်မှစ၍ သူ့မျက်လုံးများ ပြန်မြင်ခဲ့သည်။
၎င်းသည် သူ၏ခန္ဓာကိုယ်နှင့် ပေါင်းစပ်ခဲ့သော ဓားဖြစ်သည်။
သူ၏ဓားသည် သူ့မျက်လုံးများ ဖြစ်သည်။
လုကော၏အမြင်တွင် သူ့လောက် ကံကောင်းသူ မရှိတော့ပါ။
ဓားစစ်သည်စနစ်သည် သူ့အား ကမ္ဘာမြေအဆင့်တိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်စေသလို အသက်ကိုလည်း များစွာ ရှည်လျားစေသည်။
နောင်တွင် ကောင်းကင်ဘုံအဆင့်သို့ပင် တက်လှမ်းရန် အခွင့်အလမ်း ရှိပြီး သူ့နဂိုမူလမျက်လုံးများကို ပြန်လည်ရရှိနိုင်ပေမည်။
လောကတွင် ဖြစ်ပျက်မည်များအား မည်သူက ကြိုပြောနိုင်မည်နည်း။
သူ့အတွက် အနာဂတ်တွင် လုပ်စရာ နှစ်ခုသာ ရှိသည်။
ကျင့်ကြံခြင်း။
စီနီယာအစ်ကိုဟန်နှင့် ဓားစံအိမ်ကို ကာကွယ်ခြင်း။
ဒုတိယတစ်ခုကား ပို၍ပင် အရေးကြီးသေးသည်။
လက်သီးတင်းတင်းဆုပ်လိုက်ရင်း လုကောထံမှ ဓားအလင်းများ ဖြစ်ပေါ်လာသည်။
သူ့နောက်မှ ဓားစံအိမ်၏ရွှေရောင်အလင်းများသည် လုကော၏ဓားစစ်သည်စနစ်အား ပြန်လည်တုန့်ပြန်၏။ ကာကွယ်ရေးအစီအရင်မှ စွမ်းအားများသည် သူ့ခန္ဓာကိုယ်အား ထောက်ပံ့ပေး၏။
ဝုန်း…
လုကော၏ခေါင်းထက်တွင် ပေတစ်ရာခန့် ကြီးမားသော ဓားပုံရိပ်တစ်ခု ဖြစ်ပေါ်လာသည်။
ဓားသည် အဆုံးမဲ့သော အေးစက်အလင်းများအား သယ်ဆောင်ထားကာ ၎င်း၌ ဝိညာဉ်အင်းစက်များ ဖြစ်ပေါ်လာပြီး ကြီးမားသော ဖိအားကို ပေးသည်။
ထိုသို့သော ဓားအား ကမ္ဘာမြေအဆင့်၊ ဝိညာဉ်နိုးထခြင်း ပဥ္စမအဆင့်မှ လူများသည်ပင် စုစည်းရန် ခက်ခဲပေသည်။
ဓားစံအိမ်ရှေ့တွင် အကြီးအကဲချင်လင်းနှင့် တခြားလူများသည် မျက်လုံးများ ပြူးကျယ်သွားကြသည်။
ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ။
ဓားစံအိမ်မှ ပညာရှင်များမှာ အပြင်ကို ရောက်သွားကြပြီ မဟုတ်ဘူးလား။
ဓားစံအိမ်အပြင်သို့ ပြေးထွက်လာသော ယန်မင်ရွှမ်နှင့် ကျန်းမင်တို့သည်လည်း လုကောအား အံ့အားသင့်စွာ ကြည့်ကြသည်။
မျက်လုံးကို အဝတ်နက်စည်းထားသော သည်လူမှာ ထိုမျှ သန်မာသည်လား။
ဓားစံအိမ်တွင် ပုံမှန်အားဖြင့် လုကောသည် အောက်ခြေသိမ်းအလုပ်များအားလုံးကို လုပ်ရသည်။
သူသည် စားသောက်ဆောင်သို့ ပြေးလွှားကာ လူတိုင်းအတွက် အစားအသောက်များ ယူပေးသည်။ ဓားစံအိမ်မှ သန့်ရှင်းရေးအလုပ်များအားလုံးမှာလည်း လုကော၏တာဝန် ဖြစ်သည်။
မျက်လုံးမမြင်ရသော လုကောအား ယန်မင်ရွှမ်နှင့် ကျန်းမင်တို့က အမြဲတမ်းအားဖြင့် သနားညှာတာခဲ့ကြ၏။
သို့သော်လည်း ထိုအစွမ်းကြီးမားလှသော မျက်မမြင်သည် သူတို့၏သနားညှာတာမှုကို မလိုအပ်ကြောင်း ယခုမှ သိလိုက်ကြရ၏။
ထိုမျှ အစွမ်းကြီးမားသူအား မည်သူက သနားညှာတာရဲမည်နည်း။
ဟူး…
ဓားစံအိမ်၏ကာကွယ်ရေးအစီအရင် အသက်ဝင်လာခြင်းက အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ မဟာအစီအရင်ကို နှောင့်ယှက်ခဲ့သည်။
အစိမ်းရောင်အလင်းကွန်ခြာသည် အံ့ဖွယ်ကိုးပါးတောင်ကုန်းတစ်ခုလုံးအား စတင်လွှမ်းခြုံလာသည်။ ထိုအဖြစ်က ဂိုဏ်း၏ကာကွယ်ရေးခန်းဆောင်ကို သေချာပေါက် သတိပေးပေလိမ့်မည်။
“မင်းတို့မှာ အချိန်သိပ်မရှိတော့ဘူး”
ဟန်မူယဲ့က ခံစားချက်ကင်းမဲ့စွာဖြင့် ပြောသည်။
သူက ချင်လင်းအား ကြည့်ကာ မေးသည်။
“စိတ်ဝင်စားစရာပဲ။ ဂိုဏ်းရဲ့အကြီးအကဲတစ်ယောက်ဖြစ်တဲ့ ခင်ဗျားက ဘာလို့ ဂိုဏ်းကို သစ္စာဖောက်ရတာလဲ။ ခင်ဗျားက ဘာလိုချင်နေတာလဲ”
သူ့စကားကို ကြားလျှင် ချင်လင်း၏မျက်နှာ၌ ထူးဆန်းသော အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။
“ငါ လိုချင်တာလား… မင်းလို့ အဆင့်နိမ့်သေမျိုးက ဘယ်လိုလုပ် နားလည်မှာလဲ”
သူ့စကားဆုံးသည်နှင့် ချင်လင်း၏ခန္ဓာကိုယ်မှ မိစ္ဆာအငွေ့အသက်များ စတင်ဖြစ်ပေါ်လာသည်။
သူတစ်ယောက်တည်းသာ မဟုတ်ပေ၊ ကျူးကွမ်းရှန်နှင့် တခြားသော တပည့်များထံမှလည်း မိစ္ဆာအငွေ့အသက်များ ထွက်ပေါ်လာသည်။
“မိစ္ဆာကျင့်ကြံသူတွေ… မင်းတို့က ရှန့်ယန်မိစ္ဆာဂိုဏ်းကလား”
ကျန်းမင်း၏အမူအရာ ပြောင်းလဲသွားသည်။
ရှန့်ယန်မိစ္ဆာဂိုဏ်းသည် အနောက်ဘက်နယ်စပ်ကုန်းမြေတွင် မိစ္ဆာဂိုဏ်းများ၏ခေါင်းဆောင်ဖြစ်သည်။
“ရှန့်ယန်မိစ္ဆာဂိုဏ်းလား… ဟားဟား…”
ချင်လင်းထံမှ နက်မှောင်သော ရောင်ဝါတစ်ခုသည် သစ်ပင်သုံးပင်အသွင်သို့ ပြောင်းလဲသွား၏။
သစ်ရွက်များအားလုံးမှာ ခြောက်သွေ့နေပြီး သွေးနီရောင်သစ်သီးတချို့သာ တွဲလောင်းကျနေသည်။
ဟန်မူယဲ့ အံ့အားသင့်သွားသည်။
သူသည် ထိုနည်းစနစ်ကို ဓားဘုရင်ယွမ်ထျန်းနှင့် တိုက်ခိုက်သော မိစ္ဆာများထံ၌ မြင်ဖူး၏။
သို့သော်လည်း ထိုမိစ္ဆာသုံးသော နည်းစနစ်တွင် သစ်ပင်သည် ပေထောင်ပေါင်းများစွာမြင့်မားပြီး သစ်သီးများမှာလည်း မရေမတွက်နိုင်အောင် များပြား၏။
ထိုသစ်သီးများအားလုံးမှာ မိစ္ဆာခန္ဓာကိုယ်များထံမှ သန့်စင်ထားခြင်း ဖြစ်သည်။
သို့သော်လည်း ချင်လင်း၏အနီးမှ သစ်ပင်များမှာ ပေအနည်းငယ်သာ မြင့်မားပြီး သစ်သီးသုံးလုံးသာ ရှိသည်။
ရှေးဟောင်းမိစ္ဆာနှင့် ယှဉ်ပါက သူ၏အဆင့်ကား အလွန်နိမ့်၏။
မိစ္ဆာအရောင်အဝါများကို ကြည့်ကာ လုကောက မာန်သွင်းအော်ဟစ်ကာ လက်သီးတစ်ချက် ပစ်သွင်းလိုက်၏။
သူ့ခေါင်းထက်မှ ပေတစ်ရာခန့် ကြီးမားသော ဓားသည်လည်း ခုတ်ပိုင်းချလာ၏။
ဓားသည် လောကတစ်ခုလုံး ပြိုဆင်းလာသည့်အလား ကျဆင်းလာသည်။
ဝုန်း…
ဓားအလင်းကို တားဆီးသော သစ်ပင်မှာ အပိုင်းပိုင်းအစစ ပြိုကွဲသွားတော့သည်။
သစ်ပင်မှ သစ်သီးများမှာလည်း အစအနမကျန်အောင် ပျောက်ကွယ်သွား၏။
ချင်လင်း၏မျက်နှာမှာလည်း ပြာနှမ်းသွားကာ ကြောက်လန့်တကြား ကြည့်သည်။
သူသည် ဂိုဏ်း၏ကမ္ဘာမြေအဆင့် ပညာရှင် ဖြစ်သည်။ ထို့အပြင် သူ၏မိစ္ဆာစွမ်းအားမှာ အဆင့်တူအတွင်း၌ အတော်လေး အားကောင်း၏။
သို့သော်လည်း သူသည် ထိုဧရာမဓားကြီး၏ရှေ့တွင် ဘာမှ မဟုတ်ပါ။
ဤသည်က မည်သို့သော ဓားပညာနည်း။
သူ့ရှေ့မှ မျက်ကန်းမှာ မည်သို့သော ဓားသမား ဖြစ်သနည်း။
ဟန်မူယဲ့က လုကောအား ကြည့်သည်။
ဓားချက်သည် မိစ္ဆာအစွမ်းကို ချိုးနှိမ်နိုင်သော ဂုဏ်သတ္တိရှိကြောင်း သူ သတိထားမိသည်။
ကြည့်ရသည်မှာ ဓားစံအိမ်၏နည်းစနစ်များသည် မိစ္ဆာများကို ဖိနှိပ်နိုင်စွမ်း ရှိနေဟန်ရ၏။
“နောက်ထပ်လာစမ်း…”
လုကောက ရယ်မောလိုက်ကာ ဧရာမဓားကြီးအား တဖန် မြှောက်လိုက်၏။
ဝုန်း…
ဓားကျဆင်းလာသည်တွင် ချင်လင်း၏ သုန်မှုန်သော မျက်နှာဖြင့် သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
သူ၏နောက်မှ ကျူးကွမ်းရှန့်နှင့် တခြားတပည့်များမှာလည်း သူ့အနီးတွင် ရပ်နေသည်။ သူတို့ထံမှ မိစ္ဆာစွမ်းအားများအားလုံးမှာ ချင်လင်းထံသို့ စီးဆင်းနေကြ၏။
ထို့နောက် သူ၏အနီးမှ သစ်ပင်တွင် ရှိနေသော သစ်သီးနှစ်လုံးမှာ ပေါက်ကွဲသွားကြသည်။
နောက်ထပ် မိစ္ဆာခန္ဓာရှစ်ခု သက်ဆင်းလာခဲ့သည်။
ထိုအနက်ရောင်ခန္ဓာကိုယ်များမှာ အကြေးခွံများ ရှိပြီး မျက်လုံးများမှာ နီရဲနေသည်။ သူတို့အားလုံးမှာ ဆယ်ပေခန့် မြင့်လား၏။
သူတို့၏ရှည်လျားသော လက်သည်းများသည် အနက်ရောင်အလင်းများ တောက်ပနေ၏။
ထိုသို့သော မိစ္ဆာခန္ဓာကိုယ်သည် အခြေခံအုတ်မြစ်အဆင့်ကျင့်ကြံသူအား တားဆီးနိုင်၏။
လုကော၏ဓားသည်လည်း မည်သည့်အရာကိုမှ ဂရုမစိုက်ဘဲ ကျဆင်းလာ၏။
ဝုန်း…
ဓားအလင်း ပေါက်ကွဲသွားလျှင် မိစ္ဆာခန္ဓာကိုယ်များလည်း ပျက်စီးရသည်။
မည်သို့သော လှည့်ကွက်ဖြစ်ပါစေ လုကော၏ဓားအောက်တွင် အစအနမကျန်အောင် ကြေပျက်ရ၏။
လုကောက သူ၏ဓားကို မြှောက်ကာ နောက်ကို ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သော ချင်လင်းအား ကြည့်သည်။
ချင်လင်း၏မျက်နှာတွင် ဝေခွဲမရသော ဟန်ပန်များ ပေါ်လာသည်။
သူက ဤသို့သော ရလဒ်အား တစ်ခါမှ မမျှော်လင့်ထားခဲ့ပေ။
သူသည် ကြိမ်ဖန်များစွာ တွက်ချက်ထားခဲ့ကာ သူတို့၏အကြီးမားဆုံး အတားအဆီးသည် ဓားစံအိမ်မှ ကာကွယ်ရေးအစီအရင်သာ ဖြစ်မည်ဟု တွေးထင်ခဲ့သည်။
ထိုကာကွယ်ရေးအစီအရင်သည် ဓားစံအိမ်တာဝန်ခံ၏လက်ထဲတွင် ကမ္ဘာမြေအဆင့်စွမ်းအားကို ထုတ်လွှတ်နိုင်၏။
သို့သော်လည်း တကယ့်လက်တွေ့တွင် သူတို့က လူတစ်ယောက်၏တားဆီးခြင်းကို ခံနေရ၏။ သူသည် အတွင်းသို့ ဝင်ရန်ပင် အခွင့်အရေးမရပါ။
အဝေးတွင် အလင်းတန်းများ ပျံသန်းလာသည်။
ထိုသူကား ကာကွယ်ရေးခန်းဆောင်မှ လူတစ်ယောက် ဖြစ်သည်။
သူ့တွင် အချိန်သိပ်မကျန်တော့ပါ။
သူသာ ဓားစံအိမ်ထဲကို ယခု မဝင်ပါက နှစ်ပေါင်းများစွာ ကြံစည်ထားသမျှ ပျက်စီးရပေတော့မည်။
သူ၏မျက်လုံးတွင် သွေးနီရောင်များ ဖြစ်ပေါ်လာခဲ့ကာ ရုန့်ရမ်းကြမ်းတမ်းသော အရှိန်အဝါများ ချင်လင်း၏ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာသည်။
“ဟူထိုက်ရှန့်… ခင်ဗျားအလှည့်ပဲ…”
သူက အော်ဟစ်ကာ လက်ထဲမှ ဓားကို လွင်ပစ်လိုက်သည်။
ဟူး…
ဓားသည် တုန်ခါသွားကာ ဆယ်ပေခန့် ကြီးမားသော မြေခွေးနက်တစ်ကောင်အဖြစ် ပြောင်းလဲသွား၏။
မြေခွေးတွင် ဧရာမအမြီးနှစ်ခု ရှိနေသည်။
ထို့နောက်တွင် မြေခွေးသည် အစိမ်းရောင်ဝတ်အဖိုးအိုအဖြစ် အသွင်ပြောင်းသွားပြန်၏။ သူ၏လက်ထဲတွင် သစ်ကိုင်းတစ်ကိုင်းကို ကိုင်ထားသည်။
ဟူထိုက်ရှန့်။
ဟူထိုက်ရှန့် ပေါ်လာသည်နှင့် အံ့ဖွယ်ကိုးပါးတောင်ကုန်းမှ အားကောင်းသော သွေးချီအငွေ့အသက်များ ပေါ်လာသည်။
“ဟားဟား… မိတ်ဆွေဟောင်းကြီးက အရင်အတိုင်းပါလား”
ဟူထိုက်ရှန့်က ကျောက်တုံးသုံးတုံးစံအိမ်ဘက်သို့ လှမ်းကြည့်ကာ ရယ်မောလိုက်သည်။ ထို့နောက် သူက ဟန်မူယဲ့ကို ကြည့်သည်။
“မိတ်ဆွေလေး… ငါက ငါတို့ မြေခွေးမျိုးနွယ်ရဲ့ အရိုးကိုပဲ လိုချင်တာ။ ငါ့ကို မိစ္ဆာအရိုးတွေ ပေးရင် ငါ မင်းကို ထိခိုက်မှာ မဟုတ်ဘူး”
ထို့နောက်တွင် သူက ရှေ့မှ ချင်လင်းကို ကြည့်ကာ ထူးမခြားနားစွာ ပြောသည်။
“ဒီက တာအိုရောင်းရင်းချင်ရဲ့ တောင်းဆိုချက်ကိုတော့… ဒါက သူ့ကိစ္စပဲ”
သူ့စကားကို ကြားလျှင် ချင်လင်းက ဒေါသတကြီး ပြောသည်။
“ထင်တဲ့အတိုင်း မင်းတို့ မြေခွေးတွေ…. လုံးဝ မယုံကြည်ရတဲ့ကောင်တွေ”
ထို့နောက် သူ၏အရှိန်အဝါက ပြောင်းလဲသွားကာ အော်ဟစ်လိုက်သည်။
“ဒါဆိုလည်း တိုက်ခိုက်ကြတာပေါ့”
ချင်လင်း၏နောက်၌ အနက်ရောင်နွားသိုးပုံရိပ်တစ်ခု ဖြစ်ပေါ်လာသည်။
မိစ္ဆာနွားသိုးနည်းစနစ်။
ဤသည်ကား မီးတောက်နီစစ်တပ်၏ ခန္ဓာကိုယ်ကျင့်ကြံနည်းစနစ်ဖြစ်သည်။
ဟန်မူယဲ့က မိစ္ဆာအငွေ့အသက်များဖြင့် ရစ်ပတ်ထားသော နွားသိုးပုံရိပ်ကို ကြည့်သည်။
“နှစ်တစ်ထောင်ကြာအောင် မင်းတို့က ဘာရှာနေတာလဲ”
သူ့စကားက ချင်လင်း၏အမူအရာကို ပြောင်းလဲသွားစေသည်။
သူက ရှေ့ကို တက်ကာ လက်သီးတစ်ချက်ပစ်သွင်းလိုက်သည်။
လုကောကလည်း လက်ကို မြှောက်ကာ ခုခံလိုက်သည်။
ဝုန်း…
လုကော ခြေနှစ်လှမ်းနောက်ဆုတ်လိုက်ရ၏။ ချင်လင်း၏နောက်မှ မိစ္ဆာနွားသိုးပုံရိပ်မှာလည်း ပေါက်ကွဲသွားကာ နောက်ဆုတ်ရ၏။
သူကား အလွန်သန်မာ၏။ သို့သော်လည်း လုကောထက် မသန်မာပေ။
လုကော ရယ်မောကာ ရှေ့ကို တက်လျှက် ဓားဖြင့် ချိန်ရွယ်လိုက်သည်။
လူတစ်ယောက်နှင့် ဓားတစ်လက်သည် ဓားစံအိမ်ရှေ့တွင် မိစ္ဆာများနှင့် ကျင့်ကြံသူများအား တားဆီး၏။
သူ့နောက်တွင် ဓားစံအိမ်နှင့် ဟန်မူယဲ့ ရှိသည်။
ဟူထိုက်ရှန့်က ထိုဓားကို သုန်မှုန်သော အမူအရာဖြင့် ကြည့်သည်။
သူက လက်ထဲမှ သစ်ကိုင်းအား မြှောက်ကာ လုကောအား ချိန်ရွယ်လိုက်သည်။
သစ်ကိုင်းမှ ဓားချီများ စိမ့်ထွက်လာသည်။
လုကောက သူ့အား လျစ်လျူရရှုကာ သူ၏ဓားဖြင့် ခုတ်ချလိုက်၏။
ဓားစံအိမ်ရှေ့တွင် ရပ်ရင်း ယန်မင်ရွှမ်၏မျက်နှာက အားကျခြင်းများဖြင့် ဝင်းလက်နေသည်။ သူက အားတက်သရော ပြော၏။
“ဒီဓားနည်းစနစ်က အရမ်းမိုက်တာပဲ”
ကျန်းမင်က ခေါင်းညိတ်သည်။
ထိုဧရာမဓားကား အလွန်အားကောင်း၏။
“ဟူထိုက်ရှန့်… မင်း တကယ်ပဲ သေဖို့ ရောက်လာတာပဲ”
အဝေးတွင် မိုးခြိမ်းသံအလား အသံတစ်သံကိုကြားရသည်။
ထိုအသံက ဟူထိုက်ရှန့်၏အမူအရာကို ပြောင်းလဲသွားစေသည်။
ဟန်မူယဲ့က ပြုံးလိုက်သည်။
အဆုံးသတ်၌ ဆရာဦးလေးထို့ပါ့သည် သူ၏နှလုံးသားထဲမှ အစွဲအလမ်းကို မချိုးနှိမ်နိုင်ဘဲ သူ့ကျင့်ကြံဆင့်ကို ထုတ်ဖော်ခဲ့သည်။
အမြုတေဖွဲ့စည်းခြင်း တတိယအဆင့်။
မီးတောက်မိစ္ဆာတောင်ကြားမှ ဟူထိုက်ရှန့်နှင့် ယှဉ်ပါက သူ၏ကျင့်ကြံဆင့်သည် ပို၍ မြင့်မားပေသည်။
ကလင်…
လုကော၏ဓားသည် သစ်ကိုင်းနှင့် ထိတွေ့ကာ ဓားပုံရိပ် ကြေပျက်သွားသည်။ လုကောလည်း မျက်နှာပြာနှမ်းကာ နောက်ဆုတ်လိုက်ရ၏။
ဟူထိုက်ရှန့်ကား နှစ်ပေါင်းများစွာ ကျော်ကြားလာခဲ့သူ ဖြစ်သည်။ သူ၏ကျင့်ကြံဆင့်မှာ ဓားစစ်သည်စနစ်ကို အပြည့်အဝ မအောင်မြင်သေးသော လုကော ရင်ဆိုင်နိုင်သောအရာ မဟုတ်ပေ။
လုကော၏မျက်နှာက နီမြန်းသွားသည်။ သူက ရှေ့ကို တက်သွားရန် ပြင်လိုက်စဉ်မှာပင် ဟန်မူယဲ့က လက်ဝှေ့ယမ်းလိုက်သည်။
“အစ်ကိုလု… ကျုပ် လုပ်လိုက်မယ်”
ဟန်မူယဲ့က ဟူထိုက်ရှန့်နှင့် ချင်လင်းတို့အား ကြည့်သည်။ သူက ရှေ့ကို တစ်လှမ်းတက်လိုက်လျှင် သူ၏လက်များမှ ဓားအလင်းနှစ်ခု ဖြစ်ပေါ်လာသည်။
“ကျုပ် ခင်ဗျားတို့ကို တိုက်ခိုက်ဖို့ အခွင့်အရေးတစ်ခု ပေးမယ်။ ခင်ဗျားတို့မှာ အခွင့်အရေးတစ်ခုပဲ ရှိတယ်”