← Chapters

သိုသိုသိပ်သိပ် နေသင့်တယ်

Vol. 58 Ch. 801

သိုသိုသိပ်သိပ် နေသင့်တယ်

Vol. 58 Ch. 801

" မြေနက်အင်ပါယာ ဟုတ်လား " ကျောက်တုံးခေါင်းဆောင်ကြီး၏ စကားများကိုကြားလိုက်ရသောအခါ ထာဝရဝိညာဉ်အဆင့် ကျောက်ဘီလူးကြီးများမှာ အမူအရာများ ပြောင်းလဲသွားကြပြီ ပင့်သက်ရှိုက်မိသွားကြ၏။ ၎င်းတို့အားလုံးမှာ ချန်ရှင်းအား ချစ်ကြောက်ရိုသေကြပါသော်လည်း သူ့လိုမျိုး ဒဏ္ဍာရီလာ လူပုဂ္ဂိုလ်တစ်ယောက်မှာ ၎င်းတို့နှင့် အဝေးကြီးတွင် ရှိနေမည်ဟုသာ မှတ်ယူထားကြသည်။ ထို့အပြင် ၎င်းတို့မှာ ဝမ်ပေါင်လဲ့၏ နှုတ်မှ ထွက်ပေါ်လာခဲ့သည့် စကားအနည်းငယ်လောက်ကို ယုံကြည်နေမည်မဟုတ်ပေ။

သို့သော် မြေနက်အင်ပါယာမှာ မတူပေ။ ၎င်းမှာ ကြယ်နယ်မြေအဆင့် အစွမ်းထက် ကျင့်ကြံသူများသာမက စကြဝ‌ဠာအဆင့် ကျင့်ကြံသူကြီးတစ်ယောက်ကိုပင် ပိုင်ဆိုင်ထားသည်ဟု လူအများက ဆိုကြသည့် အင်ပါယာကြီးတစ်ခု ဖြစ်ပေသည်။ တစ်ချိန်ထဲမှာပင် ၎င်းတို့၏ လက်အောက်တွင်ရှိသော ကျင့်ကြံသူများ၏ အရေအတွက်မှာလည်း ကြောက်ခမန်းလိလိ များပြားလွန်းလှပေသည်။ သူတို့မှာ အဆုံးမဲ့မျိုးနွယ်စု၏ လက်အောက်မှ လွတ်မြောက်သွားပြီဖြစ်ကြောင်း ကြေငြာထားသည့် အင်ပါယာတစ်ခု မဟုတ်ပါလော။ သို့ဖြစ်ရာ သူတို့မှာ သူတို့၏ အစွမ်းအစများကို ယုံကြည်မှုအပြည့် ရှိနေကြောင်း သိနိုင်ပေသည်။

အရေးအကြီးဆုံးအချက်မှာ ကျောက်တုံးခေါင်းဆောင်ကြီးသည် ထိုလူငယ်လေးမှာ မြေနက်အင်ပါယာ၏ မျိုးရိုးအစစ်အမှန်တစ်ယောက် ဖြစ်နေသည့်ဆိုသည့် အချက်အား ယုံကြည်နေခြင်းပင်။ မြေနက်အင်ပါယာမှာ အရွယ်အစား ကြီးမားပါသော်လည်း သူတို့၏ အမွေခံမျိုးရိုးထဲ၌ သားယောက်ျား များများစားစား မထွန်းကားကြပေ။ သို့ဖြစ်ရာ သူတို့ထဲမှ တစ်ယောက်ယောက်သာ အန္တရာယ်နှင့် ကြုံတွေ့လိုက်ရမည်ဆိုပါက မြေနက်အင်ပါယာတစ်ခုလုံးမှာ အမျက်ချောင်းချောင်း ထွက်သွားကြမည်သာ ဖြစ်သည်။

ထို့ကြောင့် ထာဝရဝိညာဉ်အဆင့် ကျောက်ဘီလူးကြီးများမှာ ပင့်သက်များ ရှိုက်မိသွားကြပြီးနောက် စောဒကတက်လိုသည့် အတွေးများကို မေ့ပျောက်ထားလိုက်တော့သည်။ ထို့အပြင် သူတို့မှာ ကျောက်တုံးခေါင်းဆောင်ကြီး နိုးထလာသည်ကိုပင် ကျေးဇူးတင်နေကြ၏။ ထိုသို့သာ မဟုတ်ပါက သူတို့၏ မျိုးနွယ်စုတစ်ခုလုံးမှာ ကပ်ဘေးဒုက္ခကြီးတစ်ခုနှင့် ကြုံတွေ့သွားနိုင်သည် မဟုတ်ပါလော။

ထို ကျောက်ဘီလူးကြီးများ သက်ပြင်းချနေကြစဉ် သူတို့၏ ကြယ်စင်စုအပြင်ဘက်ရှိ အာကာသထဲ၌ အရှိန်အဟုန်ဖြင့် ပျံသန်းနေသည့် ဓမ္မတစ်ပိုင်းစစ်သင်္ဘောကြီးထဲတွင် မြေနက်အင်ပါယာ၏ အမွေခံအစစ်အမှန်တစ်ယောက်မှာ ဝမ်ပေါင်လဲ့အား ရိုသေလေးစားမှုအပြည့်ရှိသော မျက်ဝန်းများဖြင့် စိုက်ကြည့်နေ၏။

" ဖေဖေကြီးက အရမ်းကို အံ့သြဖို့ကောင်းတာပဲ " ဝူလေးမှာ ဝမ်ပေါင်လဲ့အား မြှောက်ပင့်ပြောဆိုလိုက်၏။ သူသည် သူ့ကိုယ်သူ သေလူတစ်ယောက်အဖြစ် သတ်မှတ်ထားခဲ့သည် မဟုတ်ပါလော။ ယခုတွင် သူသည် သေဘေးမှလွတ်မြောက်လာပြီး ဝမ်ပေါင်လဲ့၏ လုပ်ရပ်များအားပြန်၍ သတိရသွားသောအခါ သူ့အား ပို၍ပင် ကြည်ညိုလေးစားလာတော့သည်။

ဝမ်ပေါင်လဲ့မှာ ဝူလေး၏ အကြည့်များကြောင့် စိတ်ထဲတွင်ကျိတ်၍ သူ့ကိုယ်သူ ကျေနပ်နေပါသော်လည်း ချောင်းဟန့်ကာ အေးတိအေးစက် လေသံဖြင့်ဆိုလိုက်၏ " မင်း ဒီဖြစ်ရပ်ကနေ သင်ခန်းစာယူနိုင်ဖို့ ငါ မျှော်လင့်ပါတယ်။ မင်းက မင်းသားတစ်ယောက်ပါလို့ ခဏခဏ ပြောမနေနဲ့။ မင်း အဲလို ခဏခဏ ပြောနေလို့ တခြားသူတွေ မယုံတော့ရင် ဘယ်လို လုပ်မလဲကွ "

" တကယ် အရည်ချင်းရှိတဲ့ လူတွေဆိုတာ ဘယ်တော့မှ ကြွားဝါနေခြင်းမရှိဘူး။ ဥပမာပြရရင် ငါ့လိုမျိုးပေါ့ကွာ။ ငါ ဘယ်သူဘယ်ဝါပါဆိုပြီး ထုတ်ကြွားတာ မင်း ဘယ်နှခါ မြင်ဖူးလို့လဲ။ တကယ်လိုအပ်လာတဲ့ အချိန်မှပဲ ငါက ငါ့ရဲ့ နောက်ကြောင်းရာဇဝင်ကို နည်းနည်းလောက် ထုတ်ပြောတာ။ အဲတာကို သိုသိုသိပ်သိပ်နေတယ်လို့ ခေါ်တယ်ကွ "

" မင်း နားလည်လား " ဝမ်ပေါင်လဲ့မှာ သူကိုယ်တိုင်ပင် နားမလည်လောက်အောင် အဓိပ္ပါယ်လေးနက်သည့် မျက်ဝန်းများဖြင့် ဝူလေးအား လှမ်းကြည့်ကာဆိုလိုက်၏။ ထိုအကြည့်ကြောင့် ဝူလေးမှာလည်း တစ်ကိုယ်လုံးတုန်ရီသွားရသည်။ သူသည် ရုတ်တရက်ဆိုသလို ဉာဏ်အလင်းပွင့်သွားပြီး လောကကြီး၏ နိယာမအချို့အား နားလည်သွားသကဲ့သို့ ခံစားလိုက်ရတော့သည်။

" ကျေးဇူးတင်ပါတယ်‌ ဖေဖေကြီး။ ကျွန်တော် နားလည်သွားပါပြီ " ဝူလေးမှာ စိတ်အားထက်သန်စွာဖြင့် ခေါင်းညိတ်ကာ ဆိုလိုက်၏။ သူသည် ယခုလို အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်အား ဖေဖေကြီးဟု ခေါ်ဆိုရခြင်းမှာ မှန်ကန်သည့် ဆုံးဖြတ်ချက်တစ်ခု ဖြစ်သည်ဟု ခံစားနေရ၏။ သူသည် လုံနန်ကျစ်အား လေးစားကြည်ညိုနေပြီး သူနှင့် ဆုံတွေ့ခွင့်ရသည်မှာ အလွန်မတန်မှ ကံကောင်းသည်ဟု မှတ်ယူလိုက်တော့သည်။

ဝမ်ပေါင်လဲ့မှာ ဝူလေး၏ အကြည့်များကို သတိထားမိလိုက်သောအခါ သူ့ကိုယ်သူ ကျေနပ်သွား၏။ ထို့နောက် သူသည် အခွင့်အရေးရလျှင် ဝူလေးအား သူ၏ တာအိုဂါထာတော်၏ စွမ်းအားများကို ထုတ်ပြသင့်ကြောင်း တွေးနေမိတော့သည်။ ထိုသို့သာဆိုလျှင် ဝူလေးမှာ သူ့အား ပို၍ပင် လေးစားကြည်ညိုလာနိုင်သည် မဟုတ်ပါလော။

" ဟူး။ ငါလေးက ရုပ်ချောပြီး တခြားသူတွေနဲ့ မတူလောက်အောင် ထူးချွန်ထက်မြက်တာပဲ။ တစ်ချက်လောက် လှုပ်ရှားလိုက်ရုံနဲ့ လူတွေက ငါ့ရဲ့ ဖဝါးမှာ ခစားဖို့ ရောက်လာကြတာ။ ငါ့ကိုယ်ငါတောင် ပြန်ပြီးတော့ မနာလိုဖြစ်မိတယ်ကွာ " ဝမ်ပေါင်လဲ့မှာ စိတ်ထဲတွင်ကျိတ်၍ သက်ပြင်းချလိုက်ပြီးနောက် မြည်းလေးအား ပြန်ထုတ်လိုက်၏။ ထို့နောက် သူသည် ဓမ္မတစ်ပိုင်း စစ်သင်္ဘောကြီးအား ရှေ့သို့ဆက်လက်ပျံသန်းသွားရန် အမိန့်ပေးလိုက်ပြီးနောက် အောက်သို့ တင်ပျဉ်ခွေထိုင်ချကာ သူ၏ ခရီးစဉ်ထဲမှ စုဆောင်းရရှိခဲ့သည့် ပစ္စည်းများကို ကြည့်ရှုစစ်ဆေးလိုက်တော့သည်။

ကျောက်ဘီလူး လူမှုအဖွဲ့အစည်းသို့ သွားခဲ့သည့် ခရီးစဉ်မှာ ထိတ်လန့်စရာ ကောင်းခဲ့ပါသော်လည်း လက်‌တွေ့တွင် သူတို့မှာ မည်သည့် အန္တရာယ်နှင့်မှ မကြုံခဲ့ရပေ။ ထို့အပြင် ဝမ်ပေါင်လဲ့မှာ သူစုဆောင်းရရှိခဲ့သည့် ပစ္စည်းများကို မြင်လိုက်ရပြီးနောက် ရင်ခုန်နှုန်းများ မြန်ဆန်လာရ၏။

" ကျောက်တုံးဝါးပင်လေးပင် " ဝမ်ပေါင်လဲ့မှာ သူ၏နှုတ်ခမ်းအား လျှာဖြင့်လျက်ကာ မျက်လုံးများ အရောင်တောက်ပလာ၏။ သူသည် ထို ပစ္စည်းများ၏ တန်ကြေးအား တွက်ချက်မှန်းဆကြည့်လိုက်ပြီးနောက် ထို ကျောက်တုံးဝါးပင် လေးပင်တည်းကိုပင် နတ်မျက်လုံး လူမှုအဖွဲ့အစည်းထဲ၌ ငွေကြေးအမြောက်အမြားဖြင့် လဲလှယ်နိုင်မည်ဖြစ်ကြောင်း ယုံကြည်နေ၏။

" ဒီ ဝါးပင်တွေက တစ်ပင်ကို ပုစဉ်းကြီးအတွက် သုံးလိုက်မယ် " ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးလိုက်ပြီးနောက် သူ၏ အသိစိတ်အား သူ ခိုးယူလာခဲ့သည့် ဓမ္မတစ်ပိုင်းစစ်သင်္ဘောကြီးဆီသို့ စေလွှတ်လိုက်၏။ ထိုအခါ သူသည် ၎င်းအား ကျိုင်းကောင်ကြီးဟု ခေါ်ဆိုခြင်းမှာပို၍ သင့်တော်ကြောင်း ခံစားလိုက်ရသည်။

ထို့ကြောင့် သူသည် ကျောက်တုံးပါးပင်တစ်ပင်အား အပိုင်းပိုင်းဖြတ်လိုက်ပြီးနောက် တစ်ပိုင်းအား လှမ်းပစ်ပေးလိုက်၏။

" ဝါကြီးရေ။ ဒါ မင်းအတွက်ဟေ့ "

ဝမ်ပေါင်လဲ့ ထိုသို့ဆိုလိုက်သည်နှင့် သူ၏ အထက်ရှိ ဓမ္မတစ်ပိုင်းစစ်သင်္ဘောကြီး၏ နံရံထဲတွင် အပေါက်တစ်ပေါက် ပေါ်ပေါက်လာသည်။ ထို့နောက် ထို အပေါက်ထဲမှ စုပ်ယူအားများ ထွက်ပေါ်လာပြီး ထို ကျောက်တုံးဝါးပင် အပိုင်းလေးအား စုပ်ယူလိုက်တော့သည်။ ထိုအခါ ဓမ္မတစ်ပိုင်းစစ်သင်္ဘောကြီး တစ်စင်းလုံးမှာ တုန်ရီသွားကာ စိတ်လှုပ်တရှားဖြစ်သွားပြီး ကျေးဇူးတင်ကြောင်း အသိပေးလိုက်၏။

ဝမ်ပေါင်လဲ့မှာလည်း စိတ်ဓာတ်များတက်ကြွလာရ၏။ သူသည် သူ၏ညာဘက်လက်ကို ဝှေ့ယမ်းကာ မန္တန်လက်ကွက်များ ဖော်လိုက်ပြီးနောက် ဓမ္မတစ်ပိုင်းစစ်သင်္ဘောကြီးအား ထိန်းချုပ်ကာ အရှိန်မြင့်တင်လိုက်ပြီး ရှေ့သို့ ဆက်လက် ပျံသန်းသွားလိုက်တော့သည်။

ထိုသို့ဖြင့် အချိန်များ တရွေ့ရွေ့ကုန်လွန်သွားပြီး သုံးလတိတိ ကုန်ဆုံးသွား၏။

ထိုသုံးလအတွင်း ဝမ်ပေါင်လဲ့ ဦးတည်သွားနေခဲ့သည့် နေရာမှာ နတ်မျက်လုံးလူမူအဖွဲ့အစည်းနှင့် အလွန်အမတန်မှ ဝေးကွာနေပြီဖြစ်သည်။ တစ်ချိန်ထဲမှာပင် သူသည် ကျောက်ဘီလူးလူမှုအဖွဲ့အစည်းထဲမှ ထွက်ခွာလာခဲ့ပြီးနောက် ကံပိုကောင်းလာသည့် ပုံပင်။ ထို့ကြောင့် လွန်ခဲ့သည့်သုံးလအတွင်းတွင် သူသည် လမ်းတစ်လျှောက်၌ ပစ္စည်းမျိုးစုံ စုဆောင်းရရှိမိခဲ့သည်။

သူ ရရှိခဲ့သည့် ပစ္စည်းများမှာ ကျောက်ဘီလူးလူမှုအဖွဲ့အစည်းဆီမှ ရရှိခဲ့သောပစ္စည်းများနှင့် မယှဉ်နိုင်ပါသော်လည်း ဝမ်ပေါင်လဲ့မှာ ကျေနပ်အားရနေဆဲပင်။ တစ်ဖက်တွင် သူသည် ပစ္စည်းမျိုးစုံကို စုဆောင်းနိုင်ခဲ့သလို အခြားတစ်ဖက်တွင်လည်း သူသည် စကြဝဠာကြီး၏ အကြောင်းကို ပို၍နားလည်လာသည် မဟုတ်ပါလော။

ထိုသုံးလအတွင်းတွင် သူသည် လူမှုအဖွဲ့အစည့် ခုနစ်ခု၊ ရှစ်ခုခန့် ရှာတွေ့ခဲ့၏။ ၎င်းတို့မှာ ငါးခုမှ ကမ္ဘာဂြိုဟ်နှင့် ဆင်တူပေသည်။ အကယ်၍ ဝမ်ပေါင်လဲ့သာ သူတို့အား အန္တရာယ်ပြုလိုပါက သူသည် ထို လူမှုအဖွဲ့အစည်းများကို မျိုးသုဉ်းသွားအောင် ချေမှုန်းနိုင်စွမ်းရှိပေသည်။

၎င်းတို့ထဲမှ နှစ်ခုဆိုလျှင် ပို၍ပင် ဆိုး၏။ ထိုလူမှုအဖွဲ့အစည်းများမှာ ရှေးဦးဝိညာဉ်ခေတ် မတိုင်ခင် အချိန်ကာလတွင် ရှိနေခဲ့သည့် ပြည်ထောင်စုကြီးနှင့် ဆင်တူကြပြီး ဝိညာဉ်ချီများများစားစား ပိုင်ဆိုင်ထားကြခြင်းမရှိပေ။ ဝမ်ပေါင်လဲ့မှာ ၎င်းတို့အား တစ်ချက်မျှသာ ကြည့်ခဲ့ပြီးနောက် ၎င်းတို့၏ အနီးသို့ပင် သွားရောက်ခဲ့ခြင်းမရှိဘဲ ထွက်ခွာလာခဲ့သည်သာ ဖြစ်သည်။

ထို့အပြင် ဝမ်ပေါင်လဲ့ ရှောင်တိမ်းခဲ့သည့် လူမှုအဖွဲ့အစည်းတစ်ခုလည်း ရှိသေးသည်။ အဘယ့်ကြောင့်ဆိုသော် သူသည် နတ်မျက်လုံးလူမှုအဖွဲ့အစည်း၏ ထောက်လှမ်းရေးပစ္စည်းမှတစ်ဆင့် ထို လူမှုအဖွဲ့အစည်းထဲတွင် ဂြိုဟ်အဆင့် ကျင့်ကြံသူများရှိနေကြောင်း သိခဲ့ရသောကြောင့်ပင်။ ထို့ကြောင့် သူသည် စဉ်းစားတွေးတောနေရန်ပင် မလိုခဲ့ပေ။ ထို့အပြင် ဝမ်ပေါင်လဲ့မှာ သူသည် အလွန်အင်မတန်မှ ချမ်းသာကြွယ်ဝနေပြီဖြစ်ကြောင်း ခံစားနေရသဖြင့် ပြဿနာကို မီးထွန်းမရှာသင့်ကြောင့် မှတ်ယူထားသည်။

တချိန်ထဲမှာပင် ဝမ်ပေါင်လဲ့မှာ သူ၏ ဓမ္မတစ်ပိုင်းစစ်သင်္ဘောကြီးအား ကျောက်တုံးဝါးပင်များ အဆက်မပြတ် ကျွေးနေခဲ့သောကြောင့် ၎င်းမှာ အချိန်သုံးလအတွင်းတွင် အတိုင်းအတာတစ်ခုအထိ ပြောင်းလဲလာခဲ့၏။ ၎င်းမှာ ဝမ်ပေါင်လဲ့နှင့် တစ်သားတည်းပေါင်းစည်းနိုင်စွမ်း ရှိနေသည့် ဓမ္မစစ်သင်္ဘောအစစ်တစ်စင်းအဖြစ် သတ်မှတ်၍ မရသေးသည့်တိုင်အောင် ၎င်း၏ အငွေ့အသက်များအရ ဓမ္မစစ်သင်္ဘောအဖြစ်သို့ ရောက်ရှိရန် အလွန်အင်မတန်မှ နီးစပ်နေပြီဖြစ်ကြောင်း သိနိုင်ပေသည်။

ဝမ်ပေါင်လဲ့၏ တွက်ချက်မှုများအရ ယခုနှုန်းထားအတိုင်းသာဆိုလျှင် ကျောက်တုံးဝါးပင်တစ်ပင်၏ တစ်ဝက်တိတိ ထပ်ကျွေးလိုက်ရုံနှင့် ဝါကြီးမှာ ဓမ္မစစ်သင်္ဘောအစစ်တစ်စင်းအဖြစ်သို့ ရောက်ရှိသွားတော့မည်ဖြစ်သည်။

" ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့်က ထာဝရဝိညာဉ်အဆင့်မှာ ရှိမနေသေးတာ နာတယ်ကွာ။ တကယ်လို့ အဲဒီအဆင့်မှာသာ ရှိနေမယ်ဆိုရင် ဝါကြီး ဓမ္မစစ်သင်္ဘောတစ်စင်း ဖြစ်သွားတာနဲ့ ငါက သူ့ကို ဓမ္မချပ်ဝတ်တန်ဆာတစ်ခုအဖြစ် ပြောင်းလဲနိုင်စွမ်းရှိသွားမှာ။ အဲတာဆိုရင် ငါ့ရဲ့ တိုက်ရည်ခိုက်ရည် စွမ်းအားတွေက အနည်းဆုံး ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူနှစ်ယောက်နဲ့ တန်းတူအဆင့်ကို ရောက်သွားမှာ သေချာတယ် " ဝမ်ပေါင်လဲ့မှာ အနည်းငယ်ခန့် နောင်တရနေ၏။ ထို့နောက် သူသည် ထို ဓမ္မစစ်သင်္ဘောကြီးအား သူ၏ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးနှင့် ပေါင်းစည်းကာ ၎င်းအားအသုံးပြုရန်လိုအပ်သည့် စွမ်းအင်ပမာဏကို လျှော့ချနိုင်မည့် နည်းလမ်းများကို စဉ်းစားတွေးတောနေလိုက်တော့သည်။

ဝမ်ပေါင်လဲ့မှာ ထိုသို့ လုပ်နိုင်လိမ့်မည်ဖြစ်ကြောင်း အလိုလို သိနေ၏။ သို့သော် သူ စိတ်တည်ငြိမ်အောင် ထားလိုက်ပြီး စဉ်းစားတွေးတောနေစဉ်မှာပင် သူ၏ ဓမ္မတစ်ပိုင်းစစ်သင်္ဘောကြီးမှာ ကြယ်အဖွဲ့အစည်းအသစ်တစ်ခုဆီသို့ ရောက်ရှိလာတော့သည်။

‌

ထောက်လှမ်းရေးကိရိယာအရဆိုလျှင် ဤ ကြယ်အဖွဲ့အစည်းမှာ အရောင်လုံးဝမရှိပေ။ သို့သော် ဝမ်ပေါင်လဲ့မှာ ပို၍ပင် သတိကြီးကြီးထားမိသွား၏။ သို့ရာတွင် သူသည် ချက်ချင်း ထွက်ပြေးဆုတ်ခွာသွားခြင်းတော့ မရှိပေ။ အဘယ်ကြောင့်ဆိုသော် ထိုထောက်လှမ်းရေး ကိရိယာထဲတွင် ဤ ကြယ်ဖွဲ့အစည်းထဲ၌ ဝမ်ပေါင်လဲ့အတွက် အဖိုးတန်သည့်ပစ္စည်းများ ရှိနေကြောင်း ဖော်ပြနေသောကြောင့်ပင်။ သို့သော် သူသည် ထို ကြယ်အဖွဲ့အစည်းထဲသို့ မဝင်ခင် အရင်ဆုံး သတိကြီးကြီးထားရန် လိုအပ်ပေသည်။

ဝမ်ပေါင်လဲ့မှာ ထို ကြယ်အဖွဲ့အစည်းထဲသို့ ဝင်ရောက်သွားလိုက်သောအခါ နတ်မျက်လုံး လူမှုအဖွဲ့အစည်းထဲသို့ ပထမဆုံးအကြိမ်အဖြစ် ဝင်ရောက်လာခဲ့စဉ်တုန်းကအတိုင်း အကာအရံတစ်ခုထဲသို့ ဝင်ရောက်သွားသည့်အလား ခံစားလိုက်ရသည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ချက်ချင်းဆိုသလိုပင် အမူအရာ တည်ကြည်သွား၏။ ဤ နေရာကြီးမှာ ပြင်ပကမ္ဘာနှင့် တသီးတခြားစီ ရှိနေသည့် နေရာကြီးတစ်ခုဖြစ်ကြောင်း သူက သိလိုက်ရ၏။ ထို့ကြောင့် သူသည် သူ၏အသိစိတ်အား ဖြန့်ကြက်ကာ ဘေးပတ်ဝန်းကျင်အား သေသေ‌ချာချာ ကြည့်ရှုစစ်ဆေးကြည့်လိုက်တော့သည်။ ထိုအခါ သူသည် သူမြင်လိုက်ရသည့် အရာများနှင့် ခံစားလိုက်ရသည့် အရာများကြောင့် မျက်လုံးများပြူးသွားရ၏။

၎င်းမှာ ဝမ်ပေါင်လဲ့ လုံးဝမမြင်ဖူးသည့် အလွန်အင်မတန်မှ တမူထူးခြားသော ကြယ်အဖွဲ့အစည်းတစ်ခု ဖြစ်ပေသည်။ အမှန်အတိုင်းဆိုရလျှင် ဤ ကြယ်အဖွဲ့အစည်းကြောင့် ဂြိုဟ်များနှင့် ပတ်သတ်၍ သူ သိရှိနားလည်ထားသမျှ အချက်အလက်အားလုံးမှာ ကပြောင်းကပြန် ဖြစ်သွားရသည်ဟုပင် အတိုင်းအတာတစ်ခုအထိ ဆိုနိုင်ပေသည်။

အဘယ်ကြောင့်ဆိုသော် ထို ကြယ်အဖွဲ့အစည်းထဲတွင် အလွန်အင်မတန်မှ အရွယ်အစားကြီးမားပြီး အဆုံးများကိုပင် မမြင်နိုင်သည့် နွယ်ပင်ကြီးတစ်ပင် ရှိနေသောကြောင့်ပင်။ ထိုနွယ်ပင်ကြီးမှာ ကြယ်အဖွဲ့အစည်းတစ်ခုလုံးထဲ၌ ပျံ့နှံ့နေပြီး ၎င်း၏ထိပ်တွင် လုံးဝန်းသော သစ်သီးများလည်း ရှိနေသေးသည်။

ထိုကဲ့သို့သော သစ်သီးမျိုး ဒါဇင်ပေါင်းများစွာ ရှိနေကြပြီး ထို သစ်သီးတစ်လုံးချင်းစီတိုင်းမှာ ဂြိုဟ်တစ်လုံး ဖြစ်နေကြ၏။

ထာဝရကြယ် သို့မဟုတ် ထာဝရကြယ်တစ်လုံး၏ စွမ်းအားများကို ပိုင်ဆိုင်ထားသည့် အရာကြီးမှာမူ ထို ဧရာမနွယ်ပင်ကြီး ဖြစ်နေသည်။ ၎င်းမှာ ဂြိုဟ်များအား အသက်စွမ်းအားများဖြင့် ထောက်ပံ့ပေးထားပြီး ကြယ်အဖွဲ့အစည်းတစ်ခုလုံးအား အလင်းပေးထား၏။

ထိုမြင်ကွင်းကြောင့် ဝမ်ပေါင်လဲ့မှာ အံ့ဩမှင်တက်သွားရ၏။ သူ၏ဘေးတွင် ရှိနေသည့် ဝူလေးမှာလည်း မျက်လုံးပြူးသွားရသည်။ ထို့နောက် သူသည် တစ်ခဏမျှ ချီတုံချတုံဖြစ်သွားပြီး အထူးတဆန်းဖြစ်နေသည့် အမူအရာဖြင့် တိုးတိုးလေးဆိုလိုက်၏။

" ကျွန်တော် ဒီလိုမျိုး နွယ်ပင်လူမှုအဖွဲ့အစည်း တစ်ခုအကြောင်းကို ကြားဖူးတယ် "

ဝမ်ပေါင်လဲ့မှာ ဝူလေး၏ စကားများကို ကြားလိုက်ရသောအခါ စိတ်ဝင်စားသွားသည့် အမူအရာဖြင့် သူ့အား လှမ်းကြည့်လိုက်၏။

ဝူလေးမှာ ဝမ်ပေါင်လဲ့၏ အာရုံကို ဖမ်းစားနိုင်သွားပြီဖြစ်ကြောင်း သိလိုက်ရသောအခါ ချက်ချင်းဆိုသလိုပင် မျက်နှာအမူအရာ ဝင်းလက်သွားပြီး အပြင်းအထန် စဉ်းစားတွေးတောနေလိုက်တော့သည်။ ခဏအကြာတွင် သူသည် မျက်ဝန်းများ အရောင်လက်သွား၏။

" ဖေဖေကြီး။ ကျွန်တော် မှတ်မိပြီ။ စကြဝဠာကြီးထဲမှာ ရေကြည်ရာမြက်နုရာ လှည့်လည်နေထိုင်တတ်တဲ့ လူမှုအဖွဲ့အစည်းတစ်ခု ရှိတယ်လို့ တခြားသူတွေပြောတာ ကျွန်တော်ကြားဖူးတယ်။ သူတို့ရဲ့ ထူးခြားတဲ့အချက်က သူတို့ရဲ့ နွယ်ပင်တွေပဲ။ အဲဒီ လူမှုအဖွဲ့အစည်းထဲမှာ အဓိကအားဖြင့် အမျိုးသမီးတွေ ကြီးစိုးကြပြီးတော့ သူတို့က စကြဝဠာကြီးထဲမှာ လှည့်လည်သွားလာနေကြတာတဲ့။ သူတို့က ဆန့်ကျင်ဘက်လိင်တွေနဲ့ အသက်ဝိညာဉ်တွေ ဖလှယ်ရတာကိုလည်း နှစ်ခြိုက်ကြတယ် " ဝူလေးမှာ ထိုသို့ဆိုလိုက်ပြီးနောက် မျက်စိ ပေကလပ်ပေကလပ် ဖြစ်သွားပြီး စကားဆက်မပြောတော့ဘဲ ရပ်တန့်သွားတော့သည်။

All Chapters