← Chapters

အခန်း (၈၀၂) - အသက်ဝိညာဉ်များ ဖလှယ်ခြင်း

Vol. 58 Ch. 802

အခန်း (၈၀၂) - အသက်ဝိညာဉ်များ ဖလှယ်ခြင်း

Vol. 58 Ch. 802

" အသက်ဝိညာဉ်တွေ ဖလှယ်တယ် ဟုတ်လား " ဝမ်ပေါင်လဲ့မှာ ဆွံ့အသွားရ၏။ ထိုစကားလုံးများမှာ အနည်းငယ်ခန့် ထူးဆန်းနေသည်ဟု သူက ခံစားနေရသည်။ အသက်ဝိညာဉ်များအား ဖလှယ်ခြင်းမှာ အလွန်အင်မတန်မှ အန္တရာယ်များသည်ဟု သူက မှတ်ယူထား၏။ ထို့အပြင် မိမိ၏ ဝိညာဉ်အမြုတေထဲ၌ ရှိနေသည့် အသက်ဝိညာဉ်များကို အလွယ်တကူ ထုတ်ယူနိုင်ရန်မှာ မဖြစ်နိုင်ပေ...

ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးလိုက်ပြီးနောက် သတိကြီးကြီးထားလိုက်ပြီး သူ၏ ဓမ္မစစ်သင်္ဘောကြီးအား ထိန်းချုပ်ကာ ထိုနေရာမှ ထွက်ခွာသွားရန် ပြင်လိုက်တော့သည်။ သို့သော် ထိုအချိန်မှာပင် ကျောက်တုံးခေါင်းဆောင်ကြီး၏ အငွေ့အသက်များနှင့် ဆင်တူသည့် အငွေ့အသက် အမျှင်အတန်းတစ်ခုမှာ ထို ကြယ်အဖွဲ့အစည်းထဲမှ ရုတ်တရက်ဆိုသလို ထွက်ပေါ်လာသည်။ ဝမ်ပေါင်လဲ့တစ်ယောက် တုံ့ပြန်ချိန်ပင် မရလိုက်ခင်မှာပင် နတ်ဧကရာဇ်တရားမျှမှုဂိုဏ်း ခေါင်းဆောင်ကြီး၏ အငွေ့အသက်များနှင့် ဆင်တူသည့် ဂြိုဟ်အဆင့် အငွေ့အသက်နှစ်ခုမှာလည်း ထပ်မံ ထွက်ပေါ်လာပြန်သည်။

ထိုအငွေ့အသက် သုံးခုမှာ လမင်းနှစ်စင်း ခြံရံထားသည့် နေမင်းကြီးကဲ့သို့ ကြယ်အဖွဲ့အစည်းတစ်ခုလုံးအား လွှမ်းခြုံသွားသည်။ ကံကောင်းသည်မှာ ထို အစွမ်းထက်ကျင့်ကြံသူကြီး၏ သုံးယောက်၏ အငွေ့အသက်များမှာ နူးညံ့သိမ်မွေ့နေပြီး ၎င်းတို့၏ ဖိနှိပ်အားများမှာလည်း ပြင်းထန်နေခြင်း မရှိပေ။ သို့သော် ၎င်းတို့ကြောင့် ဝမ်ပေါင်လဲ့မှာ နှလုံးသားထဲ၌ အံ့သြတုန်လှုပ်သွားရဆဲပင်။

" ဘာလို့ ထာဝရကြယ်အဆင့် ကျင့်ကြံသူတွေ အများကြီး ရှိနေရတာလဲဟ။ ဒီတစ်ယောက်ကိုပါ ထည့်တွက်လိုက်မယ်ဆိုရင် ငါ ခရီးစဉ်တစ်လျှောက်လုံးမှာ ကြုံခဲ့ရတာ နှစ်ယောက်တောင်ရှိသွားပြီ " ဝမ်ပေါင်လဲ့မှာ အာခေါင်များ ခြောက်ကပ်သွားရ၏။ သူသည် သူ၏ ဂိုဏ်းတူအစ်ကိုကြီး၏ နာမည်အား ထပ်၍အသုံးပြုရမည်လော သို့မဟုတ် တာအိုဂါ‌တာတော်အား ရွတ်ဖတ်ကာ သူတို့အား ခြောက်လှန့်နိုင်ရန် ကြိုးစားကြည့်ရမည်လော စဉ်းစားတွေးတောနေမိတော့သည်။ ထိုအချိန်တွင် အငွေ့အသက်ကြီးသုံးခုမှာ ဝမ်ပေါင်လဲ့အား ထိုနေရာ၌ ပိတ်လှောင်ထားလိုက်ကြပြီ ဖြစ်သည်။ ထိုအချိန်တွင် သူ၏ အနီးဆုံးတွင်ရှိနေသည့် နွယ်ပင်ကြီးမှာ အနည်းငယ်ခန့် တုန်ရီသွားကာ ၎င်း၏အောက်တွင် ရှိနေသည့် သစ်သီးဂြိုဟ်ထဲမှ လူရိပ် ခုနစ်ခု၊ ရှစ်ခုခန့် ပျံထွက်လာကြပြီး သစ်ရွက်တစ်ရွက်ပေါ်‌၌ ဆင်းသက်လိုက်ကြ၏။

ထို့နောက် ထိုသစ်ရွက်မှာ ဝမ်ပေါင်လဲ့၏ အနီးသို့ ချက်ချင်းဆိုသလိုပင် ရောက်ရှိလာသည်။

ဝမ်ပေါင်လဲ့မှာမူ မျက်စိပေကလပ်ပေကလပ် ဖြစ်သွားရပြီး စိတ်ထဲတွေကျိတ်၍ သက်ပြင်းချမိလိုက်၏။ အငွေ့အသက်ကြီးသုံးခုမှာ သူ့အား ပိတ်လှောင်ထားပြီဖြစ်ရာ ဝမ်ပေါင်လဲ့မှာ အတင်းအဓမ္မ ထွက်ခွာသွားရန် မဝံ့ရဲတော့ပေ။ ထို့ကြောင့် သူသည် စိတ်ဓာတ်များကျသွားရပြီး ဝူလေးအား လှည့်ကြည့်လိုက်၏။

ဝူလေးမှာ ထိုသို့ အကြည့်ခံလိုက်ရသဖြင့် ဇဝေဇဝါဖြစ်သွားရ၏။ သူသည် တစ်ခဏမျှ ဆွံ့အမှင်တက်သွားရပြီးနောက် သူ သူ၏ ဖေဖေကြီးအား မည်သို့မည်ဖုံ စိတ်အနှောင့်အယှက် ပေးမိခဲ့သည်ကို မသိနိုင်လောက်အောင်ဖြစ်နေရသဖြင့် စိတ်ထဲတွင် ကျိတ်၍ မကျေမချမ်း ဖြစ်နေတော့သည်။

ဝမ်ပေါင်လဲ့မှာလည်း ဝူလေးအား ထိုကဲ့သို့ စိုက်ကြည့်မိခဲ့သည့် အကြောင်းရင်းကို မသိပေ‌။ သို့သော် သူသည် ထိုသို့စိုက်ကြည့်လိုက်ပြီးနောက် အနည်းငယ်ခန့် စိတ်သက်သာရာရ သွား၏။ ထို့ကြောင့် သူသည် ချောင်းဟန့်လိုက်ပြီး ထိုနေရာမှ ထွက်ခွာသွားလိုသည့် အတွေးများကို မေ့ပျောက်ထားလိုက်တော့သည်။ သူသည် သူ၏ ဓမ္မစစ်သင်္ဘောကြီးထဲမှ ပျံထွက်လာပြီးနောက် သူ့ဆီသို့ ဦးတည်လာနေသည့် သစ်ရွက်ကြီးနှင့် ၎င်းပေါ်ရှိ ကျင့်ကြံသူ ခုနစ်ယောက် ရှစ်ယောက်ခန့်အား လှမ်းကြည့်လိုက်သည်။

ထို ကျင့်ကြံသူများမှာ လူသားများနှင့် တူပါသော်လည်း သူတို့၏ နားရွက်များမှာ အနည်းငယ်ခန့်ပို၍ ရှည်လျားနေသောကြောင့် ၎င်းတို့မှာ ယုန်နားရွက်များနှင့် တူနေကြ၏။ သူတို့၏ ခန္ဓာကိုယ်များမှာလည်း အလွန်အင်မတန်မှ ထွားကြိုင်းကြပြီး သူတို့အားလုံးမှာ တုတ်ခိုင်သန်မာသော လက်မောင်းကြီးများကို ပိုင်ဆိုင်ထားကြသည်။ သူတို့၏ ခန္ဓာကိုယ်များပေါ်မှ ကြွက်သားများမှာ အံ့ဩမှင်တက်ဖွယ်ရာ ကောင်း‌လောက်အောင် ကျစ်လျစ်နေသောကြောင့် သာမန်ကာလျှံကာ ကြည့်လိုက်မည်ဆိုပါက အချက်တစ်ချက်အား သတိထားမိမည်မဟုတ်ပေ...

လူသန်ကြီးများနှင့် တူသည့် ထို ကျင့်ကြံသူ ခုနစ်ယောက်၊ ရှစ်ယောက်ခန့်မှာ အမျိုးသမီးများ ဖြစ်နေကြခြင်းပင်။ သူတို့ထဲမှ ခေါင်းဆောင်ကြီးမှာ ထာဝရဝိညာဉ်အဆင့်တွင် ရှိနေပြီး အခြားသူများမှာ အနိမ့်ဆုံး ‌အစောပိုင်း ဝိညာဉ်ကြားခံနယ်အဆင့်တွင် ရှိနေကြသည်။ တစ်ချိန်ထဲမှာပင် သူတို့မှာ သူစိမ်းများအား ရန်လိုနေသည့်ပုံ မပေါ်သည့်အပြင် စိတ်ဝင်စားနေသည့်ပုံ ပေါက်နေ၏။ သူတို့အားလုံးမှာ ဝမ်ပေါင်လဲ့၏ အနီးသို့ ရောက်ရှိလာကြပြီးနောက် သူ့အား ကြည့်လိုက်ကြ၏။

" ချန်ရှင်းလူမှုအဖွဲ့အစည်းရဲ့ သံတမန် လုံနန်ကျစ် တာအိုရောင်းရင်းတို့ကို ဂါရဝပြုပါတယ် "

နတ်ဘုရား အာရုံခံနိုင်စွမ်းမှာ ဘာသာစကားအခက်အခဲအတွက် အကောင်းဆုံး ဖြေရှင်းချက်ဖြစ်ပေသည်။ ဝမ်ပေါင်လဲ့မှာ စကြဝဠာကြီးထဲ၌ ကြိမ်ဖန်များစွာ ခရီးလှည့်လည်သွားလာခဲ့ပြီးနောက် ထိုအချက်အား ကောင်းကောင်းကြီး သိရှိထားပြီ ဖြစ်သည်။ ထို့ကြောင့် သူ၏ နတ်ဘုရားအာရုံ ထွက်ပေါ်လာချိန်တွင် အမျိုးသမီး ကျင့်ကြံသူများရှိနေသည့် သစ်ရွက်ကြီးမှာလည်း ဝမ်ပေါင်လဲ့၏ ရှေ့ရှိ အာကာသထဲ၌ ရပ်တန့်သွား၏။ ထို့နောက် ထိုသစ်ရွက်ကြီးပေါ်မှ ထာဝရဝိညာဉ်အဆင့် အမျိုးသမီးခေါင်းဆောင်ကြီးမှာ ဝမ်ပေါင်လဲ့အား အကဲခတ်လိုက်ပြီးနောက် ပြုံးကာဆိုလိုက်သည်။

" နွယ်ပင်လူမှုအဖွဲ့အစည်းကနေ ကြိုဆိုပါတယ်။ ကျွန်မကို လင်းရှန်လို့ ခေါ်လို့ရပါတယ် "

ဝမ်ပေါင်လဲ့မှာ ဖော်၍လွန်းနေသည့် သူမ၏ အပြုံးကို မြင်လိုက်ရသောအခါ အနည်းငယ်ခန့် စိုးရိမ်တုန်လှုပ်သွားရ၏။ ထို့ကြောင့် သူသည် မေးခွန်းအချို့ စမ်းမေးကြည့်လိုက်တော့သည်။

နွယ်ပင်လူမှုအဖွဲ့အစည်းမှ အမျိုးသမီးကျင့်ကြံသူများမှာ ဝမ်ပေါင်လဲ့၏ မေးခွန်းများကို တစ်ခုချင်းစီ ပြန်ဖြေပေးခဲ့၏။ သူတို့၏ ရိုးသားပွင့်လင်းမှုကြောင့် ဝမ်ပေါင်လဲ့မှာ ပို၍ပင် စိုးထိတ်လာရတော့သည်။ သို့သော် သူသည် ထို ကြယ်အဖွဲ့အစည်း၏ အကြောင်းကို အနည်းနှင့်အများ နားလည်လာပြီဖြစ်သည်။

နွယ်ပင်လူမှုအဖွဲ့အစည်းမှာ အမှန်တကယ်ပင် အမျိုးသမီးများ ကြီးစိုးသည့် လူမှုအဖွဲ့အစည်းတစ်ခု ဖြစ်ပေသည်။ ထို လူမှုအဖွဲ့အစည်းထဲတွင် အမျိုးသား ကျင့်ကြံသူများ ရှိကြပါသော်လည်း သူတို့မှာ အရေအတွက် နည်းပါးနေရုံသာမက ရာထူးအဆင့်အတန်းပိုင်းတွင်လည်း နိမ့်ကျနေကြ၏။ တစ်ချိန်ထဲမှာပင် နွယ်ပင်လူမှုအဖွဲ့အစည်းမှာ အဆုံးမဲ့မျိုးနွယ်စု၏ ကြယ်နယ်မြေထဲ၌ နေရာအနှံ့ ပျံ့နှံ့နေကြ၏။ သူတို့မှာ အရွယ်အစား မျိုးစုံရှိသော မျိုးနွယ်စုများအဖြစ် အုပ်စုဖွဲ့နေထိုင်ကြပြီး ကြားနေအဖွဲ့အစည်းများအဖြစ် သူတို့ကိုယ်သူတို့ သတ်မှတ်ထားကြသည်။ သူတို့မှာ တိုက်ပွဲများထဲတွင် ဝင်ရောက်တိုက်ခိုက်လေ့ မရှိပါသော်လည်း တစ်စုံတစ်ယောက်ကသာ သူတို့အား ပြဿနာရှာမည်ဆိုပါက မျိုးနွယ်စုများအားလုံးမှာ အတူတကွ ပူးပေါင်းကာ ခုခံတိုက်ခိုက်ကြမည်သာဖြစ်သည်။

ဤနေရာမှာ နွယ်ပင်လူမှုအဖွဲ့အစည်းထဲရှိ မျိုးနွယ်စုကြယ်အဖွဲ့အစည်းပေါင်း မြောက်မြားစွာထဲမှတစ်ခု ဖြစ်ပေသည်။ သူတို့မှာ ဝမ်ပေါင်လဲ့ ရောက်ရှိလာသည့်အတွက် အလွန်အင်မတန်မှ စိတ်အားထက်သန်နေကြသည့်အပြင် သူ့အား သူတို့၏ ဂြိုဟ်များပေါ်၌ လာရောက်အနားယူရန်ပင် ဖိတ်ကြားနေသေးသည်။

အစတွင် ဝမ်ပေါင်လဲ့မှာ သူတို့၏ဖိတ်ကြားမှုများကို လက်ခံရန် ဆန္ဒမရှိပါသော်လည်း သူသည် ထာဝရကြယ် အငွေ့အသက်ကြီးနှင့် ဂြိုဟ်အဆင့် အငွေ့အသက်ကြီးနှစ်ခုတို့၏ လွှမ်းခြုံခြင်းကို ခံထားရသည်ဖြစ်ရာ အခြားရွေးချယ်စရာ မရှိတော့သဖြင့် သဘောတူလိုက်ရ၏။ ထို့ကြောင့် သူသည် သူ၏ ဓမ္မတစ်ပိုင်း စစ်သင်္ဘောကြီးအား သိမ်းဆည်းလိုက်ပြီးနောက် ဝူလေးနှင့် မြည်းလေးတို့ကို ခေါ်ကာ သစ်ရွက်ပေါ်သို့ တက်သွားလိုက်တော့သည်။

ဝမ်ပေါင်လဲ့မှာ မြည်းလေး ပါးစပ်သရမ်းကာ မစားသင့်သည့် အရာများအား စားပစ်လိုက်ပါက သူ ဒုက္ခရောက်သွားရမည်ကို စိုးရိမ်သောကြောင့် တစ်ခဏမျှ စဉ်းစားတွေးတောလိုက်ပြီးနောက် ၎င်းအား သူ၏ သိုလှောင်အိတ်ထဲသို့ ထည့်ထားလိုက်၏။

" ဝူလေးကတော့ ကိစ္စမရှိပါဘူး။ ဒီကောင်လေးက သူမြင်သမျှ ပစ္စည်းတိုင်းကို စားတတ်တဲ့အကျင့်မှ မရှိဘဲ " ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ ချောင်းဟန့်လိုက်၏။ ထို့နောက် သူ ထိုအမျိုးသမီး ကျင့်ကြံသူများအား မေးခွန်းများထပ်မေးရန် ပြင်လိုက်စဉ်မှာပင် သူတို့မှာ ဝူလေးအား စိုက်ကြည့်ရင်း မျက်ဝန်းများ သိသိသာသာ အရောင်တောက်ပလာကြတော့သည်။ ထိုမြင်ကွင်းကြောင့် ဝမ်ပေါင်လဲ့မှာ စိတ်ထဲတွေကျိတ်၍ မကျေမနပ် ဖြစ်သွားရသည်။ ဝူလေးမှာမူ ကြောက်စိတ်များကြောင့် အသားများ တဆတ်ဆတ် တုန်ရီနေရ၏။ သူသည် ဝမ်ပေါင်လဲ့အား လှမ်းကြည့်ကာ စကားပြောရန် ပြင်လိုက်ပါသော်လည်း ပါးစပ်ပြန်ပိတ်သွားသည်။

ထိုသို့ဖြင့် ဝမ်ပေါင်လဲ့မှာ ဝူလေးအား သူတို့နှင့်အနီးဆုံးရှိ သစ်သီးပုံစံ ဂြိုဟ်ကြီးဆီသို့ ခေါ်ဆောင်သွားလိုက်သည်။ ၎င်းမှာ ဂြိုဟ်အစစ်နှင့် အများကြီး ကွဲပြားခြားနားနေခြင်းမရှိပေ။ ထိုနေရာတွင် တောင်ကြားများနှင့် မြစ်များ ရှိနေသလို လေထုမှာလည်း လတ်ဆတ်မှုအပြည့် ရှိနေ၏။ ထို့အပြင် ဝိညာဉ်ချီများလည်း ပေါကြွယ်ဝနေပြီး အစိမ်းရောင် သစ်ပင်ပန်းမန်များမှာ တစ်ဂြိုဟ်လုံးအား ဖုံးလွှမ်းထားသေးသည်။ ထိုမျှသာမက မြူခိုးများမှာလည်း ထိုနေရာကြီးတစ်ခုလုံးအား တစ်နှစ်ပတ်လုံး ရစ်ပတ်လွှမ်းခြုံထားသည်ဖြစ်ရာ ၎င်းမှာ ကောင်းကင်ဘုံတစ်ခုနှင့်ပင် ဆင်တူနေတော့သည်။

ထို မြူခိုးများကို ဖြတ်၍ ကြည့်ရှုလိုက်မည်ဆိုပါက မြေပြင်ပေါ်တွင် သစ်ပင်အိမ်လေးများကို တွေ့မြင်နိုင်ပေသည်။ ထို့အပြင် ဝမ်ပေါင်လဲ့မှာ ထိုဂြိုဟ်ကြီးပေါ်၌ တောင်စဉ်တန်းများကိုလည်း မြင်နေရသေး၏။ ထို တောင်တန်းများထဲတွင် နတ်မျက်လုံး လူမှုအဖွဲ့အစည်းထဲ၌ အလွန်အင်မတန်မှ တန်ဖိုးကြီးမားသည့် သဘာဝတွင်းထွက်ပစ္စည်းများ ရှိနေကြသည်။

တစ်ချိန်ထဲမှာပင် အသီးသီးနေကြသည့် သစ်ပင်များလည်းရှိပေသည်။ ဝမ်ပေါင်လဲ့မှာ မှော်ဆေးရည်သန့်စင်ခြင်းပညာရပ်အား အတွင်းကျကျ လေ့လာထားခြင်း မရှိပါသော်လည်း နတ်မျက်လုံးလူမှုအဖွဲ့အစည်း၏ မှတ်တမ်းများထဲ၌ တန်ဖိုးကြီးဆေးပင်များ၏ ပုံပန်းသွင်ပြင်များကို မြင်ဖူးပြီးသား ဖြစ်၏။ ထို့ကြောင့် သူသည် တစ်ချက်မျှ ဝေ့ဝိုက်ကြည့်လိုက်ရုံနှင့် အလွန်အင်မတန်မှ အဖိုးတန်သည့် ဆေးဖက်ဝင် သစ်သီး ခုနစ်မျိုး၊ ရှစ်မျိုးခန့်အား ရှာတွေ့လိုက်၏။

" ချမ်းသာကြွယ်ဝလိုက်တာ " ဝမ်ပေါင်လဲ့မှာ ရင်ခုန်နှုန်းများ မြန်ဆန်လာရပြီ ဖြစ်သည်။ သူသည် မျက်စိပေကလပ်ပေကလပ် ဖြစ်သွားပြီး ၎င်းတို့ထဲမှ အချို့အား ဝယ်ယူနိုင်မည်လောဟု တွေးနေမိတော့သည်။

ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးတောနေရင်း ဤဂြိုဟ်ကြီးပေါ်၌ တောင်ပံများ ပေါက်နေသည့် ကလေးငယ်အချို့ကိုလည်း မြင်တွေ့လိုက်ရသေးသည်။ သူတို့၏ သေးငယ်သော မျက်နှာလေးများမှာ မြူခိုးများထဲမှ မကြာခဏဆိုသလို ပြူထွက်လာကြကာ ဝမ်ပေါင်လဲ့နှင့် အပေါင်းအပါများအား အထူးတဆန်း ဖြစ်နေသည့် မျက်ဝန်းများဖြင့် ကြည့်လိုက်ကြပြီးနောက် တခစ်ခစ် ရယ်မောရင်း မြူခိုးများထဲသို့ ပြန်ဝင်သွားကြသည်သာ ဖြစ်သည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသူတိုင်းမှာ နှလုံးသားထဲ၌ တည်ငြိမ်အေးချမ်းမှုများ ခံစားလိုက်ရမည်သာ ဖြစ်သည်။ ဝမ်ပေါင်လဲ့မှာလည်း စိတ်အေးလက်အေးဖြစ်သွားသည့် အမူအရာဖြင့် သက်ပြင်းချလိုက်၏။ သူသည် နွယ်ပင်လူမှုအဖွဲ့အစည်းမှာ သူ ထောက်လှမ်းထားခဲ့သည့်အတိုင်း ဖြစ်နေသည်ကို သတိထားမိလိုက်သည်။ ဝမ်ပေါင်လဲ့ နတ်မျက်လုံးလူမှုအဖွဲ့အစည်းထဲရှိ ရှေးဟောင်းမှတ်တမ်းများထဲ၌ ဖတ်ရှုခဲ့ဖူးသော အချက်အလက်များအရဆိုလျှင် ယခုကဲ့သို့သော လူမှုအဖွဲ့အစည်းများထဲ၌ တားမြစ်ထားသည့်အရာများကို မကျူးလွန်သရွေ့ မည်သည့်အန္တရာယ်နှင့်မှ ကြုံရမည်မဟုတ်ပေ။

ထိုအချက်မှာ မှန်ကန်ပေသည်။ ဝမ်ပေါင်လဲ့မှာ ဂြိုဟ်ပေါ်သို့ ဖိတ်ကြားခံလိုက်ရပြီးနောက် ဧည့်သည်များအား ကြိုဆိုရန် တည်ဆောက်ထားသည့် တောင်ထိပ်တစ်ခုပေါ်ရှိ နန်းတော်တစ်ခုထဲသို့ ဝင်သွားလိုက်သည်။ သူ ထိုနန်းတော်ထဲသို့ ရောက်သွားသည်နှင့် ဝိညာဉ်သစ်သီးများ၊ ဝိုင်အရက်များနှင့် သူကိုယ်တိုင်ပင် မမြင်ဖူးသည့် အခြား စားကောင်းသောက်ဖွယ်များကို နွယ်ပင်မျိုးနွယ်စုမှ အမျိုးသမီး ကျင့်ကြံသူများက ယူဆောင်လာကြ၏။

ထို အမျိုးသမီး ကျင့်ကြံသူများအားလုံးမှာ တုတ်ခိုင်သန်မာသော ခန္ဓာကိုယ်များကို ပိုင်ဆိုင်ထားကြပြီး ခမ်းနားထည်ဝါသည့် အငွေ့အသက်များကို ထုတ်လွှတ်နေကြသည်။ ဝမ်ပေါင်လဲ့မှာ ကျင့်သားရသွားပြီဖြစ်ရာ ယခင်တုန်းကလောက် ကြောက်ရွံ့တုန်လှုပ်နေခြင်း မရှိတော့ပေ။ ထို့ကြောင့် သူသည် တစ်ခဏမျှ စဉ်းစားတွေးတောလိုက်ပြီးနောက် ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ သူ့အား လက်ခံကြိုဆိုခဲ့သည် ထာဝရဝိညာဉ်အဆင့် အမျိုးသမီးကျင့်ကြံသူအား လှမ်းမေးလိုက်တော့သည်။

" အစ်မ လင်းရှန်။ ဒီ လူမှုအဖွဲ့အစည်းထဲမှာ ကျွန်တော်လိုချင်တဲ့ ပစ္စည်းတွေကို ဝယ်လို့ရလား "

ထိုအခါ ထို ထာဝရဝိညာဉ်အဆင့် အမျိုးသမီးကျင့်ကြံသူမှာ ရယ်မောလိုက်၏။ ထို့နောက် သူမသည် ညာဘက်လက်ကို မြှောက်ကာ ကျောက်စိမ်းပေလွှာတစ်ခုကို ထုတ်ယူလိုက်ပြီး ဝမ်ပေါင်လဲ့ဆီသို့ လှမ်းပေးကာ ဆိုလိုက်သည်။

" တာအိုရောင်းရင်း လုံနန်ကျစ်။ ကျွန်မတို့ရဲ့ နွယ်ပင်လူမှုအဖွဲ့အစည်းက ကြားနေအဖွဲ့အစည်းတစ်ခု ဖြစ်ပေမဲ့ ဘယ်လူမှုအဖွဲ့အစည်းက ဧည့်သည့်ပဲဖြစ်ဖြစ် ဈေးသက်သက်သာသာနဲ့ ပစ္စည်းတွေ ရောင်းပေးပါတယ်။ အဲတာကြောင့် ရှင့်ဆီမှာ အပင်ကျောက်တုံးတွေ အလုံအလောက် ရှိနေသရွေ့ အဲဒီ ကျောက်တုံးတွေကို ရှင်လိုချင်တဲ့ ဘယ်ပစ္စည်းနဲ့မဆို လဲလှယ်လို့ ရပါတယ် "

ဝမ်ပေါင်လဲ့မှာ ထိုစကားများကို ကြားလိုက်ရပြီးနောက် မျက်ဝန်းများ အရောင်တောက်ပသွား၏။ သူသည် ထိုကျောက်စိမ်းပေလွှာအား ကြည့်ရှုစစ်ဆေးလိုက်သောအခါ ရင်ခုန်နှုန်းများလည်း မြန်ဆန်လာရတော့သည်။ ထိုကျောက်စိမ်းပေလွှာထဲ၌ ဖော်ပြထားသည့် ပစ္စည်းအချို့မှာ သူ နားမလည်နိုင်သည့် ပစ္စည်းများ ဖြစ်နေ၏။ သူသည် ၎င်းထဲတွင် ဖော်ပြထားသည့် ကုန်ကြမ်းပစ္စည်း အများစုကိုလည်း လုံးဝမကြားဖူးထားပေ။

ထိုပစ္စည်းတစ်ချင်းစီတိုင်းမှာ တန်ကြေးအမျိုးမျိုး ရှိပေသည်။ အချို့မှာ အပင်ကျောက်တုံး ထောင်ဂဏန်းလောက်သာ တန်ပါသော်လည်း အချို့မှာမူ သိန်းဂဏန်းအထိ တန်ပေသည်။ ၎င်းတို့ထဲမှ ဈေးအကြီးဆုံး ပစ္စည်းမှာ ထာရဝကြယ်ဆေးလုံး ဖြစ်၏။။

၎င်းမှာ အပင်ကျောက်တုံး အတုံးသုံးသန်းကျော်အထိ တန်ကြေးရှိပေသည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မျက်စိပေကလပ်ပေကလပ် ဖြစ်သွားရပြီး အမျိုးသမီး ကျင့်ကြံသူအား မော့ကြည့်ကာ တရိုတသေ မေးလိုက်တော့သည် " အစ်မကြီးလင်း။ အပင်ကျောက်တုံးတစ်တုံးကို ဝိညာဉ်ကျောက်တုံး ဘယ်နှတုံးနဲ့ လဲရတာလဲဗျ "

ဝမ်ပေါင်လဲ့၏ မေးခွန်းကို ကြားလိုက်ရသောအခါ လင်းရှန်မှာ ပြုံးကာ ခေါင်းယမ်းလိုက်၏ " တာအိုရောင်းရင်းလုံနန်ကျစ်။ ဝိညာဉ်ကျောက်တုံးတွေကို အပင်ကျောက်တုံးနဲ့ လဲလို့မရဘူးရှင့်။ အပင်ကျောက်တုံးဆိုတာ ဒီ နွယ်ပင်လူမှုအဖွဲ့အစည်းထဲမှာပဲ ရှိတဲ့ ပစ္စည်းတစ်မျိုးပါ။ အဲဒီကျောက်တုံးတွေကို ရယူနိုင်တဲ့နည်းလမ်းက တစ်ခုပဲရှိတယ်။ အဲတာ... ကိုယ့်ရဲ့ အသက်ဝိညာဉ်နဲ့ ဖလှယ်ဖို့ပဲ "

All Chapters