နှစ်ဆင့်
Vol. 13 Ch. 181
ဟန်မူယဲ့၏ဘယ်လက်မှ အေးစက်သော အလင်းတစ်ချက် လက်သွားသည်။
သူ၏ညာလက်မှလည်း အနီရောင်အလင်းတစ်ချက် လင်းလက်သွား၏။
ဓားနှစ်လက် ပေါ်လာသည်တွင် သူ မူလက ချုပ်တီးထားသော ဓားချီနှင့် ဓားဆန္ဒများသည် ကောင်းကင်ယံသို့အထိ ထိုးတက်သွားသည်။
သူ၏ဓားသည် ရှေ့ကို ချိန်ရွယ်ထားကာ သူ့အကြည့်သည် အဝေးသို့ ရောက်နေ၏။
ထိုနေရာတွင် လူရိပ်တစ်ခုသည် ဓားတစ်လက်ကို ကိုင်ကာ လျှပ်စီးအလား ပျံသန်းလာ၏။
ထို့ပါ့ချန်။
ဝုန်း…
ဟန်မူယဲ့၏ခန္ဓာကိုယ်မှ ဓားအလင်းသည် တိမ်များထံသို့ တိုးဝင်သွားကာ ဓားစံအိမ်၏ရွှေရောင်အလင်းများနှင့် ထိတွေ့ပြီး အလင်းစီးကြောင်းအနေဖြင့် ပေါက်ကွဲသွားသည်။
ယနေ့ သူက မတိုက်ခိုက်ဘဲ နေ၍ ရသည်။
လုကောတွင် နောက်ထပ် ဓားတစ်ချက်စာ ခွန်အား ရှိသေးသည်။ စက္ကန့်အနည်းငယ်အတွင်း ထို့ပါ့ချန် ရောက်လာပေလိမ့်မည်။
သို့သော် ဟန်မူယဲ့ တိုက်ခိုက်ရမည် ဖြစ်သည်။
သူ၏ဓားချက်သည် ဓားစံအိမ်ကို ကိုယ်စားပြု၏။
ဓားစံအိမ်သည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၌ အမှီအခိုကင်းမဲ့သော တည်ရှိမှု ဖြစ်ရမည်။
ဓားစံအိမ်သည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ အတက်အကျများ၌ ကြိမ်ဖန်များစွာ စတေးခဲ့ပြီး ဖြစ်သည်။
ဓားစံအိမ်အကြီးအကဲတိုင်းသည် သူတို့၏ကျင့်ကြံဆင့် ပျက်စီးရသည်။
အကြီးအကဲကောင်းချန်ကုန်းသည်ပင် သူ၏ နှစ် ၆၀ ကြာ စုစည်းလာသော ဓားအား စတေးခဲ့ရ၏။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ အမြင်တွင် ဓားစံအိမ်သည် စတေးခံနေရာလား။
သည်တစ်ကြိမ်လည်း ထိုနည်းတူလား။
ဟွမ်လောင်လျှိုအား မည်သူက ဂရုစိုက်ခဲ့သနည်း။
အစည်းအဝေး၌ ဟွမ်လောင်လျှို၏ပြဿနာအား မည်သူက ပြောဆိုခဲ့သနည်း။
မရှိပါ။
ယနေ့တွင် အံ့ဖွယ်ကိုးပါးတောင်ကုန်းထိပ်တွင် ထိုင်နေသော အဖိုးအိုအား ဓားစံအိမ်သည် အသက်ရှုကြိမ်တစ်ရာ ကောင်းကင်ဘုံအဆင့်မျှသာ မဟုတ်ကြောင်း သူက ပြသလိုသည်။
“လာစမ်း…”
သူက ပြောလိုက်သည်နှင့် ဓားအလင်းတစ်ခု စုစည်းလာသည်။
အစိမ်းရောင်ကံကြမ္မာဓားသည် နဂါးတစ်ကောင်အလား ပြေးထွက်သွား၏။
အထီးကျန်သစ်စိမ်း…
သစ်ရွက်ကြွေ…
သစ်စိမ်းလိပ်ပြာ။
ဝိညာဉ်ကြွေလွင့်။
…
သစ်သားဓာတ်မျိုးဆက် ဓားသိုင်းများ၏ နက်နဲသော နည်းစနစ်များသည် ထိုဓားချက်ထဲတွင် ပါဝင်နေခဲ့ကာ မိစ္ဆာစွမ်းအင်များ ရစ်ပတ်ထားသော ချင်လင်းအား မျက်လုံးများ ပြူးကျယ်သွားစေသည်။
“သစ်သားဓာတ်မျိုးဆက်ဓားသိုင်းတွေ… မင်းက ဒီလောက် များတဲ့ ဓားသိုင်းတွေကို ဘယ်လို…”
ချင်လင်းသည် သစ်သားမျိုးဆက်၏အကြီးအကဲ လုပ်လာသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီး ဖြစ်သည်။ ထိုနှစ်များအတွင်း သူသည် သစ်သားဓာတ်မျိုးဆက်သိုင်းများအား လေ့ကျင့်ခဲ့သည်။
သို့သော်လည်း သူ၏ရှေ့မှ ဓားချက်သည် သစ်သားမျိုးဆက်မှ ဓားပညာရှင်ဖြစ်သော သူ့အား ဆွံ့အစေအောင် နက်နဲလွန်းလှ၏။
ဓားချက်တွင် ပါဝင်သော သစ်သားဓာတ်နည်းစနစ်များသည် သူ တတ်ကျွမ်းသော ပညာရပ်များအား မှေးမှိန်စေ၏။
အံကြိတ်ကာ ချင်လင်းက လက်နှစ်ဖက်ကို ကြက်ခြေခတ်လိုက်သည်။ သူ့နောက်တွင် မိစ္ဆာသစ်ပင်နှစ်ပင်သည် အချင်းချင်း ထိတွေ့ကာ အနက်ရောင်သစ်သားဓားတစ်လက် ဖြစ်လာသည်။
သစ်သားဓားသည် ရှေ့ကို တိုးဝင်လာကာ ဟန်မူယဲ့ထံသို့ ဦးတည်၏။
“ဓားသမားက ဒီလိုပဲ ဖြစ်ရမယ်…”
ဟန်မူယဲ့က ပြုံးလိုက်ကာ သူ၏ညာလက်မှ ခရမ်းမီးတောက်ဓားကို ဆန့်တန်းလိုက်သည်။
သူ၏မျက်နှာချင်းဆိုင်မှ ဟူထိုက်ရှန့်သည် သူ့ဘေးသို့ တိတ်တဆိတ် ကျဆင်းလာကာ လက်ထဲမှ သစ်ကိုင်းဖြင့် ပြင်းထန်စွာ ရိုက်နှက်လိုက်သည်။
သစ်ကိုင်းသည် ဓားတစ်လက်အလား အားကောင်းသော အငွေ့အသက်များ ပေးလျှက် တိုးဝင်လာ၏။
ဟူထိုက်ရှန့်သည် မန္တန်ကို ကျင့်ကြံသော မိစ္ဆာတစ်ဦးနှင့် တူသော်လည်း အမှန်တကယ်အားဖြင့် သူ၏တကယ့်စွမ်းရည်မှာ ဓားပညာဖြစ်သည်။
သူသည် ဓားပညာကို ရာစုနှစ်တချို့ လေ့ကျင့်လာခဲ့သည်။
ဟန်မူယဲ့က မျက်တောင်ပင့်လိုက်ကာ သူ၏ခရမ်းမီးတောက်ဓားမှ မီးတောက်များ ဖြစ်ပေါ်လာသည်။
မီးတောက်…
မီးလျှံ…
မီးခိုးငွေ့နှင့် ဖုန်မှုန့်…
ဟန်မူယဲ့၏ဓားအလင်းသည် ဓားစံအိမ်၏နောက်ဘက် မြေကွက်လပ်တွင် လေ့ကျင့်သကဲ့သို့…
စည်းမျဉ်းမရှိ…
ဘောင်မရှိ…
အငွေ့အသက်အရှိ…
ထို့အတူ ခုခံရန်နည်းလမ်းလည်း မရှိ။
သူ၏နည်းစနစ်သည် အချိန်အခါလည်း မရှိပါ။
ထိုသို့သော ဓားနည်းစနစ်အား အခြေခံအုတ်မြစ်အဆင့်ပင် မရောက်သေးသော လူငယ်တစ်ဦးက မည်သို့ အသုံးပြုနိုင်သနည်း။
ဟူထိုက်ရှန့်သည် သူ၏သစ်ကိုင်းကို ဆန့်ထုတ်ကာ ခရမ်းမီးတောက်ဓားတို၏ တိုက်ခိုက်မှုကို တားဆီးလိုသည်။
သို့သော်လည်း သူ၏ရှေ့မှ ဓားအလင်းသည် အဆုံးမဲ့သော အလင်းစီးကြောင်းအဖြစ် ပေါက်ကွဲလာခဲ့ကာ သူ၏သစ်ကိုင်းအား လွင့်စင်စေပြီး ဟူထိုက်ရှန့်မှာလည်း ရှေ့မှ ကျောက်လှေကားထစ်နှင့် ထိရိုက်သည်။
ဝုန်း…
သူ၏ခန္ဓာကိုယ်မှာလည်း တွန့်လိမ်သွားကာ မီးခိုးရောင်မြေခွေးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွား၏။
သို့သော်လည်း ထိုမြေခွေး၏ ကျောတွင်ကား အရိုးထဲအောင် နက်ရှိုင်းစွာ ခုတ်ဖြတ်ထားသော ဓားဒဏ်ရာနှစ်ချက်အား တွေ့ရသည်။
တခြားတစ်ဘက်တွင် အဆုံးမဲ့သော ဓားချီများဖြင့် ရစ်ပတ်ထားသော သစ်ရွက်များသည် ချင်လင်း၏ မိစ္ဆာအငွေ့အသက်များအား ခြုံလွှမ်းထားဆဲ ဖြစ်သည်။ ချင်လင်းမှာ မည်မျှ တောင့်ခံပါစေ ဖိနှိပ်ခံထားရ၏။
ဘန်း…
ချင်လင်း၏လက်မှ အနက်ရောင်ဓားသည် ပေါက်ကွဲသွားကာ ဓားလက်ကိုင်တစ်ခုတည်းသာ ကျန်ရစ်သည်။
သူက ဟန်မူယဲ့အား ဒေါသတကြီး ပြောဆိုရန် ပြင်လိုက်စဉ်မှာပင် မျက်လုံးပြူးသွားသည်။ သူက ခေါင်းငုံ့ကြည့်လိုက်လျှင် သူ၏နှလုံးကို စိုက်ဝင်သွားသော ဓားတစ်လက်အား မြင်၏။
ကံကြမ္မာဓား။
ဓားနှစ်လက်သည် ကမ္ဘာမြေအဆင့်ပညာရှင်နှစ်ဦးအား သတ်ဖြတ်ခဲ့သည်။
၎င်းသည် ဓားစံအိမ်မှ စီနီယာအစ်ကိုဟန်၏ စစ်မှန်သော ခွန်အားဖြစ်သည်။
လုကော၏မျက်လုံးများ စူးရှသွားသည်။
စီနီယာအစ်ကိုဟန်၏ဓားပညာက အလွန်အားကောင်းသည်ကို သူ သိသည်။
သို့သော် ထိုမျှ အားကောင်းနေမည်ဟု မထင်ထားခဲ့ပေ။
ဓားစံအိမ်ရှေ့တွင် ရပ်နေသော ယန်မင်ရွှမ်နှင့် ကျန်းမင်တို့မှာလည်း ပါးစပ်ကြီး ဟထားကြသည်။
ခုနက သူတို့ မြင်လိုက်ရသော ဓားနည်းစနစ်ကား ထိတ်လန့်အံ့အားသင့်ဖွယ် ကောင်းလှသည်။
ထို့ပါ့ချန် ဓားစံအိမ်ရှေ့ကို ရောက်လာသောအခါ တခြားသော ဓားအလင်းများသည်လည်း ကျဆင်းလာခဲ့သည်။
ပေါင်ရှုက မျက်မှောင်ကြုတ်ကာ ဓားစံအိမ်ရှေ့မှ ပရမ်းပတာ အခြေအနေအား ကြည့်သည်။
“စီနီယာအစ်ကိုဟန်… ကောင်းလိုက်တဲ့ဓားသိုင်း”
ပေါင်ရှေုက ချင်လင်း၏သေနေသော အလောင်းနှင့် သေခါနီး မြေခွေးမိစ္ဆာတို့အား ကြည့်ကာ တီးတိုးပြောသည်။
မြေခွေးမိစ္ဆာ၏ခန္ဓာကိုယ်ပေါ်မှ ဓားဒဏ်ရာမှာ ထင်ရှားစွာ မြင်နိုင်၏။
ချင်လင်း၏ခန္ဓာကိုယ်တွင်စီးဆင်းနေသော ဓားဆန္ဒမှာ မပျက်ပြယ်သေးပါ။
ဓားနှစ်ချက်မျှဖြင့် သူသည် ကမ္ဘာမြေအဆင့်ပညာရှင်နှစ်ဦးအား ဖိနှိပ်ခဲ့သည်။ ဓားစံအိမ်၏ကာကွယ်ရေးအစီအရင် အကူအညီကြောင့်ဟု ပြောလျှင်ပင် သူ၏ဓားသိုင်းမှာ အလွန်စွမ်းအားကြီးလှချည်သည်။
ဟန်မူယဲ့က ဓားနှစ်လက်ကို သိမ်းဆည်းလိုက်ကာ ထို့ပါ့ချန်အား ကြည့်သည်။
“ဆရာဦးလေး…”
ထို့ပါ့ချန်က မြေပြင်ပေါ်မှ တဖြေးဖြေး အားနည်းဖျော့တော့လာသော မြေခွေးမိစ္ဆာအား ကြည့်ကာ ဟန်မူယဲ့ကို ပြုံးလျက် ပြောသည်။
“မင်းက ငါ့ကို တိုက်ခိုက်ဖို့ အခွင့်အရေးမပေးခဲ့ဘူးပဲ ကောင်လေး…”
ဟူထိုက်ရှန့်အား သတ်ဖြတ်ခြင်းသည် သူ၏နှလုံးသားထဲမှ အစိုင်အခဲတစ်ခုလည်း ဖြစ်သည်။ ယနေ့ ဟူထိုက်ရှန့်ကို ကိုယ်တိုင် မသတ်ဖြတ်ရခြင်းက သူ့အတွက် အတော်လေး မကြေမနပ် ဖြစ်စရာပင်။
ဟန်မူယဲ့ကား အလွန်ဉာဏ်ကောင်းသည်။ သူက မည်သို့ ထိုအချက်ကို မတွေးမိဘဲ နေမည်နည်း။
သို့တိုင်အောင် ဟန်မူယဲ့ တိုက်ခိုက်ခဲ့သည်။
ဟန်မူယဲ့၏မျက်လုံးများက တည်ငြိမ်နေသည်။
“ဓားစံအိမ်ရှေ့မှာ ကျွန်တော်က ဘယ်လိုလုပ် မတိုက်ခိုက်ဘဲ နေလို့ ရမလဲ”
သူ့စကားကို ကြားလျှင် ထို့ပါ့ချန် တိတ်ဆိတ်နေသည်။
ဘေးတွင် ရပ်နေသော ပေါင်ရှုသည် အနည်းငယ် ဇဝေဇဝါ ဖြစ်နေသည်။ သူက ဟန်မူယဲ့နှင့် ထို့ပါ့ချန်တို့အား ကြည့်ကာ သူတို့၏စကားကို နားမလည်နိုင် ဖြစ်နေသည်။
ထို့ပါ့ချန်က ဟန်မူယဲ့အား သူ့ကို တိုက်ခိုက်ခွင့်မပေးခြင်းအတွက် အပြစ်တင်သည်။
“မင်းက ဉာဏ်ကောင်းတာပဲ။ ဘယ်အချိန် အလျှော့ပေးရမယ်မှန်း မသိဘူးလား”
ဟန်မူယဲ့၏စကားများအရ သူသည် ဓားစံအိမ်ရှေ့တွင် မတတ်သာဘဲ ဓားဆွဲထုတ်ရသည်ဟု သူ နားလည်သည်။
ဓားစံအိမ်နှင့်ပတ်သက်လာပါက သူသည် ဓားသုံးရပေမည်။
ယနေ့ဖြစ်စေ၊ တခြားနေ့များဖြစ်စေ…
ဟန်မူယဲ့က အလျှော့ပေးမည် မဟုတ်ပေ။
ထိုအခိုက်တွင် ဟန်မူယဲ့သည် ဓားစံအိမ်၏တာဝန်ခံနေရာမှ စကားပြောနေခြင်း ဖြစ်သည်။
ထို့ပါ့ချန်က အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကို ကိုယ်စားပြုသည်။
သူတို့ ပြောပြီးသည်နှင့် စကားထပ်မပြောကြတော့ပေ။
ဒင်…
ဒင်…
ဒင်…
အံ့ဖွယ်ကိုးပါးတောင်ကုန်းမှ ခေါင်းလောင်းသံ…
“အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၊ ကျောက်တုံးသုံးတုံးစံအိမ်က ကျောက်လင်းရှန်ဟာ ဂိုဏ်းသားတွေနဲ့ ပူးပေါင်းပြီးတော့ မိစ္ဆာဟူထိုက်ရှန့်ကို သတ်ဖြတ်ခဲ့တယ်”
အသံသည် အံ့ဖွယ်ကိုးပါးတောင်ကုန်းတစ်ခုလုံးကို လွှမ်းခြုံသွား၏။
ထို့ပါ့ချန်၏အကြည့်က မြေပြင်မှ အမြီးနှစ်ခု မြေခွေးအား ကြည့်ကာ အမူအရာ ပြောင်းလဲသွားသည်။ သူက ရယ်မော၏။
“ကောင်လေးဟန်… မင်းရဲ့ဓားသိုင်းက အတော်လေးကောင်းတယ်”
ဟန်မူယဲကလည်း ခေါင်းညိတ်သည်။
“ကျွန်တော်လည်း အဲလို ထင်တယ်”
ထို့ပါ့ချန်က ပြုံးလိုက်သည်။
“စီနီယာအစ်ကိုကောင်းက ဓားစံအိမ်ကို မင်းလက်ထဲ ထည့်ပေးခဲ့တာ မှန်ကန်တဲ့ ရွေးချယ်မှုပဲ”
ထို့နောက် သူသည် ဓားအလင်းအသွင်ဖြင့် ကောင်းကင်သို့ ပျံတက်ထွက်သွားတော့သည်။
အဆုံးသတ်၌ ထို့ပါ့ချန် အလျှောပေးခဲ့သည်။
ဟန်မူယဲ့ ပြုံးလျက် ခေါင်းယမ်းသည်။
ခုနက သူ ထုတ်ပြခဲ့သောဓားသိုင်းကြောင့် မဟုတ်လျှင် ထို့ပါ့ချန်က နောက်ဆုတ်လိုပါမည်လား။
၎င်းသည် ဂိုဏ်းမှ သူ့အပေါ် မည်မျှ အလေးထားခြင်းအား သိသာစေနိုင်သည်။
ဓားစံအိမ်ရှေ့တွင် ပေါင်ရှုတို့က မြေခွေးမိစ္ဆာနှင့် ချင်လင်းတို့အလောင်းအား သယ်သွားကြသည်။
လုကောက သစ်ကိုင်းအကျိုးနှင့် ချင်လင်း၏ဓားလက်ကိုင်အကျိုးကို ကောက်ကာ ဟန်မူယဲ့အား ကမ်းပေး၏။
ဟန်မူယဲ့က ထိုပစ္စည်းများကို ယူကာ သိမ်းဆည်းလိုက်သည်။
သိပ်မဝေးသောနေရာတွင် လူရိပ်တစ်ခု ပြေးလာ၏။
“လေ့ကျင့်ရေးမှူးလင်း… ခင်ဗျားရဲ့ ကျင့်ကြံခြင်း တိုးတက်လာပြန်ပြီ”
ဟန်မူယဲ့ကလည်း လင်းရှန်အား ရယ်မောကာ ပြောသည်။
“ညီလေးဟန်… အစ်ကိုလု…”
လင်းရှန်ကလည်း ဟန်မူယဲ့တို့အား ဝမ်းသာအားရ နှုတ်ဆက်သည်။
ဟန်မူယဲ့က ခေါင်းညိတ်ကာ လုကောကို ပြောသည်။
“အစ်ကိုလု… လေ့ကျင့်ရေးမှူးလင်းကို ကြိုဆိုဖို့ စားပွဲတစ်ခု ပြင်ဆင်ရအောင်…”
…
ဓားစံအိမ်ရှေ့တွင် စားပွဲတစ်ခု ပြင်ဆင်ထားသည်။
ဟန်မူယဲ့ လျှိုဟုန် ၊ လုကော၊ လင်းရှန်၊ ယန်မင်ရွှမ်နှင့် ကျန်းမင်တို့အားလုံး ဝိုင်းဝန်းကာ ထိုင်ကြသည်။
သောက်စားကြပြီးနောက် လင်းရှန်က သူသည် ပုန်ကန်သော ဂိုဏ်းများနှင့် မိစ္ဆာများအား မည်သို့ ရှင်းလင်းခဲ့သည်အား အာပေါင်ရမ်းသန်သန်ဖြင့် ပြောပြ၏။
တခြားလူများအားလုံးကလည်း စိတ်ဝင်တစား နားထောင်ကြသည်။
လျှိုဟုန်က လင်းရှန်အား အံ့အားသင့်စွာ ကြည့်သည်။
အပြင်စည်းဂိုဏ်းမှ လေ့ကျင့်ရေးမှူးတစ်ဦးက မည်သို့ ထိုမျှ သန်လာသနည်း။
ကြည့်ရသည်မှာ ဓားစံအိမ်မှ လူတိုင်း အစွမ်းထက်ဟန်ရသည်။
လင်းရှန်ကား သူနှင့် ကျောက်ဖူတို့ ချောက်နက်တောင်ကြားသို့ မည်သို့ ထိုးဖောက်ဝင်ရောက်တိုက်ခိုက်ကြောင်း၊ ပုန်ကန်သော ဂိုဏ်းများ မည်သို့ တကွဲတပြား ထွက်ပြေးရကြောင်း အသေးစိတ် ပြောပြသည်။
မီးတောက်မိစ္ဆာတောင်ကြားတွင် ရှိသော မိစ္ဆာဟူထိုက်ရှန့်သည် သူတို့နှစ်ယောက်၏ပူးပေါင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားခဲ့သည်။
“အဲဒီဟူထိုက်ရှန့်ဟာ မြေခွေးမျိုးနွယ်ရဲ့ မိစ္ဆာပဲ။ သူ့မှာ အမြီးနှစ်ခုခွန်အားရှိတယ်။ ငါတို့ သတ်ခဲ့တာ သူ့ရဲ့ မိစ္ဆာကိုယ်ပွားတစ်ခုပဲ။ နောက်ကိုယ်ပွားတစ်ခုကတော့ ထွက်ပြေးလွတ်မြောက်သွားတယ်”
လင်းရှန်က အနည်းငယ် စိတ်သက်သာရာရဟန်ဖြင့် ပြောသည်။
“ညီလေးဟန်က မိစ္ဆာဟူထိုက်ရှန့်ရဲ့ နောက်ထပ်ကိုယ်ပွားတစ်ခုကို တားလိုက်နိုင်လို့ပေါ့။ မဟုတ်ရင် ငါ ဓားစံအိမ်ကို မပြန်ရဲလောက်အောင် အရှက်ရမိမှာပဲ”
သည်မတိုင်ခင်က မိစ္ဆာဟူထိုက်ရှန့် ဓားစံအိမ်သို့ ရောက်လာကာ တိုက်ခိုက်ခဲ့ကြောင်း လုကောက သူ့အား ပြောပြခဲ့သည်။
လင်းရှန် ပြောပြီးသည်တွင် ဟန်မူယဲ့က သေရည်ခွက်ကို မြှောက်ကာ တီးတိုးပြောသည်။
“လေ့ကျင့်ရေးမှူးလင်း… ဆရာဦးလေးထို့ပါ့ဟာ သူ့ကျင့်ကြံဆင့် တိုးတက်သွားပြီ။ ခင်ဗျားသာ ကျောက်တုံးသုံးတုံးစံအိမ်ကို ပြန်သွားရင် သေချာပေါက် အရေးကြီးတဲ့နေရာတစ်ခုကို ရလိမ့်မယ်”
သူ့စကားကို ကြားလျှင် လင်းရှန်က ခေါင်းယမ်းသည်။
“ငါ ဓားစံအိမ်မှာပဲ နေမယ်”
ဟန်မူယဲ့က ခေါင်းညိတ်သည်။
စားပွဲပြီးသွားလျှင် ဟန်မူယဲ့ ဓားစံအိမ် တတိယထပ်သို့ တက်လာသည်။
စားပွဲနောက်တွင် ထိုင်ကာ ဟန်မူယဲ့က သစ်ကိုင်းနှင့် ဓားလက်ကိုင်အကျိုးကို စားပွဲပေါ်သို့ တင်လိုက်၏။
“ကျုပ် ခင်ဗျားကို ဖိတ်ခေါ်ရဦးမှာလား”
ဟန်မူယဲ့၏အသံကား တည်ငြိမ်သည်။
သစ်ကိုင်းသည် တုန်ခါသွားကာ ဟူထိုက်ရှန့်၏ ရယ်မောသံတစ်ခု ထွက်ပေါ်လာသည်။
ဓားလက်ကိုင်မှ အနက်ရောင်အငွေ့တစ်ခုသည် ဟန်မူယဲ့၏မျက်နှာသို့ တိုးဝင်လာ၏။