← Chapters

ကြီးမားသော ပေးဆပ်မှုကြီးတစ်ခု

Vol. 58 Ch. 803

ကြီးမားသော ပေးဆပ်မှုကြီးတစ်ခု

Vol. 58 Ch. 803

နွယ်ပင်လူမှုအဖွဲ့အစည်းမှ အမျိုးသမီးကျင့်ကြံသူ လင်းရှန်၏ အသေးစိတ်ရှင်းပြချက်များကို နားထောင်ပြီးသွားသောအခါ ဝမ်ပေါင်လဲ့မှာ မျက်လုံးများပြူးသွားရပြီး ပင့်သက်ရှိုက်မိသွား၏။ ထို့နောက် သူသည် သူ၏ရှေ့တွင်ရှိနေသည့် ထွားကျိုင်းသန်မာသော အမျိုးသမီးကျင့်ကြံသူအား ကြည့်ကာ ရေရွတ်မိလိုက်တော့သည် " အဲလိုလည်း ရတယ်လားဟ "

ဝမ်ပေါင်လဲ့မှာ မျက်စိပွင့်နားပွင့် ဖြစ်သွားသကဲ့သို့ ခံစားလိုက်ရ၏။ အပင်ကျောက်တုံးများအား ရယူနိုင်မည့် တစ်ခုတည်းသောနည်းလမ်းမှာ နွယ်ပင်လူမှုအဖွဲ့အစည်းထဲ၌ မိမိတို့၏ မျိုးဆက်များကို ချန်ရစ်ခဲ့ရန်ဖြစ်ပေသည်။ နွယ်ပင်လူမှုအဖွဲ့အစည်းမှာ အမျိုးသမီးများကြီးစိုးသော လူမှုအဖွဲ့အစည်းတစ်ခု ဖြစ်ကြသောကြောင့် မျိုးဆက်အသစ်များကို အပူတပြင်း လိုက်လံရှာဖွေနေကြသည်သာ ဖြစ်သည်။ သူတို့မှာ စကြဝ‌ဠာကြီးထဲရှိ ထူးချွန်ထက်မြက်သော သက်ရှိမျိုးစုံနှင့် မျိုးစပ်ကာ သူတို့၏ လူမှုအဖွဲ့အစည်းအား အဆက်မပြတ် တိုးတက်ပြောင်းလဲလာအောင် လုပ်နေကြ၏။

ထိုနည်းလမ်းမှာ ရှေးရိုးဆန်သည်ဟု ဝမ်ပေါင်လဲ့က ခံစားနေရပါသော်လည်း နွယ်ပင်လူမှုအဖွဲ့အစည်းမှာ ထာဝရကြယ်အဆင့် အစွမ်းထက်ကျင့်ကြံသူများကို ပိုင်ဆိုင်ထားသည်ဖြစ်ရာ ပြည်ထောင်စုကြီးထက် အများကြီးပို၍ အဆင့်မြင်နေသည်မှာ အသေအချာပင်။ ထို့ကြောင့် သူသည် ဝေဖန်ခွင့် မရှိသဖြင့် သက်ပြင်းသာချလိုက်ရ၏။

ဝမ်ပေါင်လဲ့မှာ‌ ဈေးနှုန်းများနှင့် ပတ်သတ်၍ အသေးစိတ် မေးမြန်းလိုက်ပြီးနောက် သူ၏လက်ထဲမှ ကျောက်စိမ်းပေလွှာအား ကြည့်လိုက်သောအခါ သူ ဝယ်ယူလိုသည့် ကုန်ကြမ်းပစ္စည်းများအတွက်ဆိုလျှင် အနည်းဆုံး အပင်ကျောက်တုံး အတုံးရေ သိန်းနှင့်ချီ၍ လိုအပ်နေသည်ဖြစ်ကြောင်း သိလိုက်ရသည်။

သူ ဝယ်ယူလိုသည့် ပမာဏအား အနိမ့်ဆုံးအထိ လျှော့ချပြီးလျှင်တောင် အပင်ကျောက်တုံး အတုံးရေ တစ်သောင်းကျော်ခန့် လိုအပ်နေဦးမည်ဖြစ်သည်။ သို့ဖြစ်ရာ သူသည် အခက်တွေ့နေရ၏။ သာမန် အသက်ဝိညာဉ်တစ်ခုအား အပင်ကျောက်တုံး တစ်တုံးနှင့်သာ လဲလှယ်နိုင်စွမ်း ရှိသည်မဟုတ်ပါလော။

" အဲတော့ ရှင် နွယ်ပင်လူမှုအဖွဲ့အစည်းနဲ့ ပစ္စည်းချင်းဖလှယ်ဖို့ စိတ်ဝင်စားလား " လင်ရှန်းမှာ ဝမ်ပေါင်လဲ့ သိချင်သည့် အချက်အလက်အားလုံးကို ပြောပြလိုက်ပြီးနောက် မျှော်လင့်တကြီး ဖြစ်နေသည့် မျက်ဝန်းများဖြင့် သူ့အား စိုက်ကြည့်ကာ‌ မေးလိုက်သည်။

သို့သော် သူမ စကားဆုံးသွားပြီး ဝမ်ပေါင်လဲ့တစ်ယောက် အဖြေပြန်မပေးနိုင်ခင်မှာပင် သူမသည် အသံတစ်သံကို နားထောင်နေသည့်အလား မျက်နှာအမူအရာ ပြောင်းလဲသွား၏။ သို့ဖြစ်ရာ အစွမ်းထက်ကျင့်ကြံသူကြီးတစ်ယောက်မှာ သူမဆီသို့ အသံလွှင့်အကြောင်းကြားစာတစ်စောင် ပေးပို့လိုက်သကဲ့သို့ပင်။ တစ်ချိန်ထဲမှာပင် ဝမ်ပေါင်လဲ့မှာ အာကာသကြီးထဲရှိ မျက်ဝန်းတစ်စုံမှာ သူ့အား ခေါင်းအစ ခြေအဆုံး အကဲခတ်ကြည့်ရှုသွားသည့်အလား ခံစားလိုက်ရ၏။

ထိုအခါ ဝမ်ပေါင်လဲ့မှာ ကြောက်ရွံ့တုန်လှုပ်သွားရပါသော်လည်း အမျိုးသမီးကျင့်ကြံမှာမူ စိတ်ပျက်သွားသည့်ပုံပင်။ ထို့နောက် သူမသည် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်အား နောက်ထပ်တစ်ကြိမ် ကြည့်ရှုလိုက်ပြီးနောက် ခေါင်းယမ်းကာ သက်ပြင်းချ၍ ဆိုလိုက်တော့သည်။

" တာအိုရောင်းရင်း။ ရှင့်ရဲ့ခန္ဓာကိုယ်က ကျွန်မ ထင်ထားတာထက်တောင် ပိုပြီးတော့ ထူးခြားနေတာပဲ... အဲတာမလို့ ရှင်က ကျွန်မတို့ရဲ့ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီမှုမရှိဘူး " လင်းရှန်မှာ ထိုသို့ဆိုလိုက်ပြီးနောက် တစ်ချိန်လုံး ခေါင်းငုံ့ထားခဲ့ပြီး ဝမ်ပေါင်လဲ့၏ ‌ဘေးတွင် ပုန်းနေခဲ့သည့် ဝူလေးအား လှမ်းကြည့်လိုက်၏။ ထို့နောက် သူမသည် မျက်ဝန်းများ အရောင်တောက်ပသွားတော့သည်။

" ဒါပေမဲ့... ဒီ တာအိုရောင်းရင်းကတော့ နွယ်ပင်လူမှုအဖွဲ့အစည်းရဲ့ သတ်မှတ်ချက်တွေနဲ့ ကွက်တိပါပဲ။ တကယ်လို့ သူသာ သဘောတူမယ်ဆိုရင် အသက်ဝိညာဉ် အစိတ်အပိုင်းတစ်ခုအတွက် အပင်ကျောက်တုံးနှစ်တုံး ပေးပါ့မယ် "

လင်းရှန်တစ်ယောက် ထိုသို့ဆိုလိုက်သောအခါ ဝူလေး၏ မျက်နှာအမူအရာမှာ လုံးဝပြောင်းလဲသွားတော့သည်။ ဝမ်ပေါင်လဲ့မှာလည်း မျက်လုံးများ ပြူးသွားရ၏။

" ဖေဖေကြီး၊ ကျွန်တော့်ကို ကယ်ပါဦးဗျာ... " ဝူလေးမှာ တစ်ကိုယ်လုံး တဆတ်ဆတ် တုန်နေပြီး ငိုမဲ့မဲ့ ဖြစ်နေတော့သည်။ ဝမ်ပေါင်လဲ့မှာလည်း မကျေမနပ် ဖြစ်နေ၏။ သူသည် သူ၏အခြေအနေအား သိထားသည်ဖြစ်ရာ ထာဝရကြယ် အစွမ်းထက်ပုဂ္ဂိုလ်ကြီးမှာ သူ၏ လက်ရှိခန္ဓာကိုယ်သည် အစစ်မဟုတ်ကြောင်း သတိထားမိသွားခြင်း ဖြစ်ရမည်ဟု ခန့်မှန်းမိလိုက်၏။ ထို့ကြောင့်လည်း လင်းရှန်မှာ ယခုလို ပြန်ပြောခဲ့ခြင်း ဖြစ်ပေသည်။ သို့သော် သူသည် အနှိမ်ခံလိုက်ရသည်ဟု ခံစားလိုက်ရဆဲပင်။

" ဟွန်း။ ငါ့ရဲ့ ခန္ဓာကိုယ်အစစ်က ဒီမှာ ရှိမနေလို့ပေါ့ကွာ။ တကယ်လို့သာ ရှိနေမယ်ဆိုရင် နွယ်ပင်လူမှုအဖွဲ့အစည်းက ငါ့ရဲ့ အသက်ဝိညာဉ် အစိတ်အပိုင်းတစ်ခုအတွက် အပင်ကျောက်တုံး အတုံးတစ်သောင်းလောက် ပေးရင်ပေးနေလောက်တယ်။ ငါက ပြည်ထောင်စုဥက္ကဌကြီးဆိုတဲ့ ရာထူးကို ပိုင်ဆိုင်ထားတဲ့အပြင် ချန်ရှင်းရဲ့ ဂိုဏ်းတူညီလေးနဲ့ ဒီမျိုးဆက်တစ်ခုလုံးရဲ့ တစ်ဦးတည်းသော အမှောင်ကလေးငယ်လည်း ဖြစ်နေသေးတာလေ " ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးလိုက်ပြီးနောက် သူ့ကိုယ်သူ ကြံဖန် ဂုဏ်ယူကာ သူ၏ မကျေနပ်ချက်များကို မျိုသိပ်ထားလိုက်တော့သည်။ ထို့နောက် သူသည် လင်းရှန်၏ စကားများကို အကဲဖြတ်သုံးသပ်လိုက်၏။ ထို့နောက် သူသည် ဝူလေးတစ်ယောက် ခေါင်းတယမ်းယမ်း ဖြစ်နေသည်ကို မြင်လိုက်ရသောအခါ မျက်ဝန်းများ အရောင်လက်သွားပြီး ဆိုလိုက်တော့သည်။

" သဘောမတူဘူး "

ထိုစကားကို ကြားလိုက်ရသောအခါ ဝူလေးမှာ စိတ်နှလုံး လှုပ်ရှားသွားရ၏။ သူသည် စိတ်အေးလက်အေးဖြစ်သွားကာ သက်ပြင်းချလိုက်ပြီးနောက် သူ၏ ဖေဖေကြီးမှာ သူ့အား ကောင်းကောင်းမွန်မွန် ဆက်ဆံကြောင်း တွေးမိလိုက်တော့သည်။

သို့သော် သူ ထိုသို့တွေးနေစဉ်မှာပင် ဝမ်ပေါင်လဲ့မှာ စကားဆက်ပြောလိုက်၏။

" ကျွန်တော့် မွေးစားသားရဲ့ နောက်ကြောင်းရာဇဝင်က မခေဘူးဗျ။ သူက မြေနက်အင်ပါယာရဲ့ အမွေခံ အိမ်ရှေ့မင်းသား တစ်ယောက်ပါ။ အဲတာမလို့ အပင်ကျောက်တုံး နှစ်တုံးလောက်နဲ့ ဘယ်လောက်ပါ့မလဲ။ အနည်းဆုံး ငါးတုံးလောက်တော့ ပေးလေဗျာ "

" ဖေဖေကြီးရာ။ အဲလိုမလုပ်ပါနဲ့ဗျ။ ကျွန်တော်က ကလေးပဲ ရှိသေးတာလေ " ဝူလေးမှာ ဝမ်ပေါင်လဲ့၏ စကားများကိုကြားလိုက်ရသောအခါ ကြက်သီးမွေးညင်းများ ထသွားရ၏။ ထို့နောက် သူ သူ၏ အမိမြေထဲ၌ ရှိနေခဲ့စဉ်တုန်းက နွယ်ပင်လူမှုအဖွဲ့အစည်းနှင့် ပတ်သတ်၍ ကြားသိခဲ့ရသည့် အချက်အလက်များစွာမှာ သူ၏ အသိစိတ်ထဲ၌ ပြန်လည်ပေါ်ပေါက်လာတော့သည်။ ထို့ကြောင့် သူသည် ချက်ချင်းဆိုသလိုပင် ထိုနေရာမှ ထွက်ပြေးသွားရန် ကြိုးစားလိုက်၏။

သို့သော် ဝမ်ပေါင်လဲ့မှာ သူ့ထက်ပို၍ လျင်မြန်နေ၏။ ထို့ကြောင့် သူသည် ချက်ချင်းဆိုသလိုပင် ဝူလေး၏ အနီးသို့ ရောက်သွားပြီး သူ၏ပုခုံးပေါ်သို့ လက်တင်လိုက်သည်။ ထို့နောက် သူသည် ဖော်ဖော်ရွေရွေပြုံးကာ မျှော်လင့်တကြီး ဖြစ်နေသည့် အမူအရာဖြင့် ဆိုလိုက်တော့သည်။

" ဝူလေး။ မင်းဆီမှာ ကိုယ်လုပ်တော်် အယောက်တစ်သိန်းတိတိ ရှိတယ်လို့ မင်း ပြောခဲ့တာ မဟုတ်ဘူးလား။ အဲတာမလို့ ဒီလို အသေးအဖွဲ ကိစ္စလေးလောက်ကို‌ စိတ်ပူနေစရာ မလိုပါဘူးကွာ။ မင်း အဲဒီ ကိုယ်လုပ်တော် အယောက်တစ်သိန်းကို သိမ်းပိုက်ခဲ့တုန်းကလိုမျိုး အစွမ်းကုန်ထုတ်နေစရာတောင် မလိုဘူး။ အဲတာရဲ့ ဆယ်ပုံပုံတစ်ပုံလောက်ပဲ ကြိုးစားလိုက်စမ်းပါကွ။ သွား။ ငါ့အတွက် အပင်ကျောက်တုံး အတုံးတစ်သိန်းလောက် သွားယူပေးခဲ့ "

" ဖေဖေကြီး။ ကျွန်တော်ပြောတာ နားထောင်ပါဗျာ။ ကျွန်တော် တကယ် မလုပ်နိုင်လို့ပါဗျ.... ကျွန်တော်.... " ဝူလေးမှာ ငိုကြွေးနေပြီ ဖြစ်သည်။ သူသည် ဝမ်ပေါင်လဲ့၏ ခြေထောက်အား မလွှတ်တမ်းဖက်ထားပြီး သနားစရာကောင်းသည့် လေသံဖြင့် အော်ဟစ်မြည်တမ်းနေတော့သည်။

ဝမ်ပေါင်လဲ့မှာ ထိုမြင်ကွင်းအား မြင်လိုက်ရသောအခါ တစ်ခဏမျှ စိတ်ထိခိုက်သွားရ၏။ ထို့နောက် သူသည် သက်ပြင်းချကာ လင်းရှန်အား လှမ်းကြည့်၍ ဆိုလိုက်သည်။

" သူက ကျွန်တော်ရဲ့ အသည်းကျော်လေးပါဗျာ။ အဲတာမလို့ ကျွန်တော် တစ်ခုပဲ တောင်းဆိုချင်ပါတယ်။ အစ်မကြီးတို့ အစွမ်းကုန် ကြိုးစားပေးကြပါ "

ဝမ်ပေါင်လဲ့မှာ စိတ်ထဲတွင်ကျိတ်၍ သက်ပြင်းချလိုက်ပြီးနောက် သူသည် အခြားသူများ ငိုကြွေးနေသည်ကို မကြည့်နိုင်လောက်အောင် အသည်းငယ်သည့် လူတစ်ယောက်ဖြစ်သည်ဟု ခံစားလိုက်ရ၏။ ထို့ကြောင့် သူသည် ထိုသို့ဆိုလိုက်ပြီးနောက် သူ၏လက်ကို ဝှေ့ယမ်းကာ အခြားတစ်ဖက်သို့ မျက်နှာလှည့်၍ ဆိုလိုက်တော့သည် " ကျွန်တော် သူ့ကို အစ်မကြီးတို့လက်ထဲ အပ်ပါတယ်ဗျာ "

ဝမ်ပေါင်လဲ့ဘက်မှ သဘောတူလက်ခံကြောင်း ပြောလိုက်သည်ကို ကြားလိုက်ရသောအခါ လင်းရှန်နှင့် သူမ၏ ဘေးတွင်ရှိနေကြသည့် အမျိုးသမီးကျင့်ကြံသူများမှာ ချက်ချင်းဆိုသလိုပင် စိတ်လှုပ်ရှားသွားကြ၏။ သူတို့မှာ တစ်ခဏမျှ ဆွေးနွေးညှိနှိုင်းလိုက်ကြပြီးနောက် ဝူလေးအား ထပ်၍ အကဲခတ်လိုက်ပြီး မျိုးနွယ်စုအကြီးအကဲကြီးများဆီသို့ အသံလွှင့်အကြောင်းကြားစာများ ပေးပို့လိုက်တော့သည်။ နောက်ဆုံးတွင် သူတို့မှာ ဝူလေးအား အလွန်အင်မတန်မှ ကျေနပ်အားရသွားသဖြင့် လင်းရှန်မှာ အသာအယာပြုံးကာ ဆိုလိုက်၏။

" စိတ်မပူပါနဲ့ တာအိုရောင်းရင်း။ ကျွန်မတို့ လူမှုအဖွဲ့အစည်း လူသားတွေနဲ့ အလဲအလှယ်လုပ်ဖူးတာ ဒါ ပထမဆုံးအကြိမ် မဟုတ်ပါဘူး။ ရှင့်ရဲ့ သားလေး ဘာအန္တရာယ်နဲ့ မကြုံရဖို့ ကျွန်မ ကတိပေးပါတယ်။ ဒီကိစ္စကို တာဝန်ယူထားတဲ့ ကျွန်မရဲ့ ညီအစ်မတွေ သူ့ကို ခေါ်သွားပါလိမ့်မယ် " လင်းရှန်မှာ ထိုသို့ဆိုလိုက်ပြီးနောက် ညာဘက်လက်ကိုမြှောက်၍ မန္တန်လက်ကွက်များ ဖော်လိုက်ပြီး လက်ညှိုးထိုးလိုက်၏။ ထိုအခါ သူမ၏ဘေးတွင်ရှိနေသည့် ဟင်းလင်းပြင်ကြီးထဲ၌ ဝဲကြီးတစ်ခု ရုတ်တရက်ဆိုသလို ပေါ်ပေါက်လာတော့သည်။

ထိုဝဲကြီး တဝီဝီမြည်အောင် လည်ပတ်နေစဉ် လမ်းကြောင်းတစ်ခု ရုတ်တရက်ဆိုသလို ပေါ်ပေါက်လာပြီး ၎င်းထဲမှ သေးသွယ်နွဲ့နောင်းကာ ကြော့မော့မှု အပြည့်ရှိသော လူရိပ်များ ထွက်လာကြ၏။ ထို အမျိုးသမီးများအားလုံးမှာ နှင်းမှုန်လေးများကဲ့သို့ ဖြူဖွေးနေသည့် အသားရေများကို ပိုင်ဆိုင်ထားကြပြီး အလွန်အင်မတန်မှ ချောမောလှပကြပေသည်။ အချို့မှာဆိုလျှင် နတ်သမီးလေးများ၏ ကိုယ်သင်းနံ့လေးများကိုပင် ပိုင်ဆိုင်ထားသည်ဟု ထင်ရ၏။ ဝမ်ပေါင်လဲ့အား မျက်လုံးပြူးသွားစေသည့် အချက်မှာ ထို မိန်းမငယ်လေးများအားလုံးမှာ ရှက်သွေးဖြာနေခြင်းပင်။ ထို့အပြင် သူတို့မှာ ဟန်ဆောင်နေသည့်ပုံလည်း မပေါ်ပေ။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ဇဝေဇဝါဖြစ်သွားရ၏။ သူသည် ထိုမိန်းမငယ်လေးများကို ကြည့်လိုက် လင်းရှန်နှင့် အပေါင်းအပါများကို ကြည့်လိုက် ဖြစ်နေပြီး စဉ်းစားတွေးတောနိုင်စွမ်း မရှိလောက်အောင် ဖြစ်နေရသည်။ ဝူလေးမှာလည်း မျက်လုံးပြူးကြီးများဖြင့် စိုက်ကြည့်နေပြီး တံတွေးများပင် မျိုချမိနေပြီဖြစ်သည်။ သူသည် ချက်ချင်းဆိုသလိုပင် အငိုတိတ်သွားကာ အလျင်အမြန် ထလာပြီး တည်ကြည်မှု အပြည့်ရှိသည့်ပုံစံ ဟန်ဆောင်လိုက်၏။ ထို့နောက် သူသည် သူ၏ အဝတ်အစားများကို သပ်သပ်ရပ်ရပ် ဖြစ်အောင် ပြန်လည်ပြုပြင်လိုက်ပြီး ညာလက်သီးပေါ် ဘယ်လက်ဝါးတင်၍ ဝမ်ပေါင်လဲ့အား ဦးညွှတ်အရိုအသေပေးလိုက်တော့သည်။

" ဖေဖေကြီးက ကျွန်တော့်ကို အမိန့်ပေးမှတော့ ကျွန်တော်လည်း အစွမ်းကုန် ကြိုးစားပေးရတာပေါ့ဗျာ " ဝူလေးမှာ ထိုသို့ဆိုလိုက်ပြီးနောက် ဝမ်ပေါင်လဲ့ စိတ်ပြောင်းသွားမည်ကို စိုးရိမ်သဖြင့် နောက်သို့ ချက်ချင်းလှည့်သွားပြီး ထို မိန်းမငယ်လေးများဆီသို့ ဦးတည်လျှောက်လှမ်းသွားလိုက်တော့သည်။ သူ၏ ရွှင်လန်းတက်ကြွနေသော ခြေလှမ်းများကြောင့် ဝမ်ပေါင်လဲ့မှာ ပို၍ပင် စိတ်ကသိကအောက် ဖြစ်လာရ၏။

သို့သော် ယခုအခြေအနေအထိ ရောက်လာပြီဖြစ်ရာ ဝမ်ပေါင်လဲ့မှာ သူတို့အား တားဆီးရန် ဆန္ဒမရှိတော့ပေ။ ထို့ကြောင့် နောက်ဆုံးတွင် သူသည် လင်းရှန်၏ စီစဉ်ပေးမှုဖြင့် ဇိမ်ခံအိမ်တစ်လုံးထဲ၌ အနားယူရန် ဆုံးဖြတ်လိုက်တော့သည်။ လင်းရှန်မှာ ထွက်ခွာမသွားခင် ယခုအကြိမ် အလဲအလှယ်ပြုလုပ်မည့် ပမာဏမှာ ကြီးမားသောကြောင့် အနည်းဆုံး လဝက်တိတိ စောင့်ဆိုင်းရန် လိုအပ်ကြောင်း ဝမ်ပေါင်လဲ့အား ပြောပြခဲ့သည်။

ဝမ်ပေါင်လဲ့မှာလည်း နားလည်ကြောင်း ပြန်ပြောလိုက်၏။ ထို့ကြောင့် ထို လဝက်အတွင်းတွင် ဝမ်ပေါင်လဲ့မှာ ဝူလေးနှင့် လုံးဝထပ်မ‌တွေ့ခဲ့ရပါသော်လည်း နွယ်ပင်လူမှုအဖွဲ့အစည်းမှ ကျင့်ကြံသူများနှင့်အတူ ထို လူမှုအဖွဲ့အစည်းထဲ၌‌ နေရာအနှံ့ လှည့်လည်ကြည့်ရှုနေလိုက်၏။ ဝမ်ပေါင်လဲ့မှာ နွယ်ပင်လူမှုအဖွဲ့အစည်း၏ အဆောင်ပစ္စည်းသန့်စင်ခြင်းပညာရပ်အား စိတ်ဝင်စားနေသည်ဖြစ်သလို တိုက်ဆိုင်စွာဖြင့် လင်းရှန်မှာလည်း ထိုပညာရပ်အား အဆင့်အတန်းတစ်ခုအထိ ကျွမ်းကျင် တတ်မြောက်ထားသည်။ ထို့ကြောင့် သူမသည် ဝမ်ပေါင်လဲ့နှင့် အ‌ဆောင်ပစ္စည်းပညာရပ်နှင့် ပတ်သတ်သည့် အတွေ့ကြုံများကို အပြန်အလှန် မျှဝေခဲ့ကြသဖြင့် နှစ်ယောက်စလုံးအတွက် အကျိုးရှိနေတော့သည်။

ထိုသို့ဖြင့် လဝက်တိတိ ကုန်ဆုံးသွား၏။ ဝမ်ပေါင်လဲ့တစ်ယောက် နွယ်ပင်လူမှုအဖွဲ့အစည်း တစ်ခုလုံးနီးပါး လည်ပတ်ပြီးသွားသည့်အချိန်တွင် ဝူလေးမှာ ပြန်လည်ရောက်ရှိလာသည်။

သူသည် ယခင်တုန်းကနှင့် လုံးဝမတူလောက်အောင် ပြောင်းလဲသွားသည်ဟု မဆိုနိုင်ပါသော်လည်း ထိုအနေအထားနှင့် မတိမ်းမယိမ်းတွင် ရှိနေပြီ ဖြစ်သည်။ အမျိုးသမီး ကျင့်ကြံသူနှစ်ယောက် တွဲခေါ်လာရသည့် ဝူလေးမှာ မျက်ကွင်းများ မည်းနက်နေပြီး သက်စောင့်စွမ်းအားများအားလုံး စုပ်ယူထားရသည့်ပုံ ပေါက်နေသည်။ ဝူလေးမှာ ဝမ်ပေါင်လဲ့အား မြင်လိုက်ရသည်နှင့် သူ့ဆီသို့ ကျောက်စိမ်းပေလွှာတစ်စောင် လှမ်းပစ်ပေးလိုက်သည်။

" ဖေဖေကြီး။ ကျွန်တော် အကောင်းဆုံးကြိုးစားခဲ့ပြီးပြီ။ နည်းနည်းလောက် အနားယူခွင့်ပေးပါဦး " ဝမ်ပေါင်လဲ့မှာ ထိုစကားများကြားလိုက်ရသောအခါ အလွန်အင်မတန်မှ စိတ်နှလုံးလှုပ်ရှားသွားရပြီး နှလုံးသားထဲ၌ နွေးခနဲ ဖြစ်သွား၏။ ထို့နောက် သူသည် ကျောက်စိမ်းပေလွှာပေါ်ရှိ အပင်ကျောက်တုံး အရေအတွက်မှာ သူ့လိုအပ်သည့်ပမာဏထက် ပို၍များနေပြီး တစ်သိန်းခြောက်သောင်းအထိ ရှိနေသည်ကို မြင်လိုက်ရသောအခါ ပို၍ပင် ဝမ်းသာပီတိ ဖြစ်သွားရတော့သည်။

ဝူလေးအား ပြန်ခေါ်လာပေးသည့် အမျိုးသမီးကျင့်ကြံသူနှစ်ယောက်ပင်လျှင် အံ့အားသင့်နေကြ၏။

" ဒီ တာအိုရောင်းရင်းက လွန်ခဲ့တဲ့ ငါးရက်ကတည်းက အလဲအလှယ်လုပ်တာ ပြီးသွားခဲ့တာပါ။ ဒါပေမဲ့ သူက သူ့ရဲ့ ဖေဖေကြီးကို ပျော်အောင်လုပ်ပေးချင်လို့ဆိုပြီး ဆက်ပြီးတော့ ပေခံနေခဲ့တာ။ သူ့လို စိတ်ဓာတ်ကြံ့ခိုင်မှုရှိတဲ့ လူမျိုးက တော်တော်လေးကို ရှားတာရှင့် "

ဝမ်ပေါင်လဲ့မှာ ထိုစကားများကို ကြားလိုက်ရသောအခါ သူ၏ အမူအရာမှာ တဖြည်းဖြည်းနှင့် အထူးတဆန်း ဖြစ်လာရတော့သည်။ သို့သော် သူသည် ထိုအကြောင်းများကို ဆက်တွေးမနေတော့ဘဲ ဝူလေးအား အနားယူစေလိုက်ပြီးနောက် လင်းရှန်အား လှမ်း၍ဆက်သွယ်ကာ သူ လိုအပ်သည့်ပစ္စည်းများကို စတင် ဝယ်ယူလိုက်၏။ ထိုသို့ဖြင့် ဝမ်ပေါင်လဲ့မှာ အချိန်တိုလေးအတွင်းတွင် အပင်ကျောက်တုံး အတုံးတစ်‌သိန်းခြောက်သောင်းစလုံး ကုန်သွားအောင် သုံးစွဲပစ်လိုက်တော့သည်။

ဝမ်ပေါင်လဲ့မှာ သူလိုအပ်သည့် ပစ္စည်းများ ဝယ်ယူလိုက်ပြီးနောက် ဝူလေးတစ်ယောက် ထိုနေရာမှ ထွက်ခွာသွားရန် စိတ်မပါလက်မပါ ဖြစ်နေသည့်တိုင်အောင် နွယ်ပင်လူမှုအဖွဲ့အစည်းအား နှုတ်ဆက်လိုက်ပြီးနောက် သူတို့၏ ကြယ်ဖွဲ့အစည်းထဲမှ ထွက်ခွာလာ၏။ ထို့နောက် သူသည် အာကာသကြီးထဲသို့ ပျံတက်သွားလိုက်ပြီး ရှေ့သို့ ဆက်လက်ပျံသန်းသွားလိုက်တော့သည်။

All Chapters