← Chapters

အသိမိတ်ဆွေဟောင်းတစ်ယောက်

Vol. 58 Ch. 804

အသိမိတ်ဆွေဟောင်းတစ်ယောက်

Vol. 58 Ch. 804

ဝမ်ပေါင်လဲ့မှာ နတ်မျက်လုံးလူမှုအဖွဲ့အစည်းနှင့် ဝေးရာသို့ ဆက်လက်ပျံသန်းနေရင်း ဆုလာဘ်မျိုးစုံ ရရှိခဲ့၏။ တစ်ချိန်ထဲမှာပင် သူသည် ကျိုင်းကောင်ကြီးအား ကျောက်တုံးဝါးပင်များ အဆက်မပြတ် ကျွေးနေခဲ့သောကြောင့် ၎င်းမှာ သန္ဓေပြောင်းလဲသွားပြီး ဓမ္မစစ်သင်္ဘောကြီးအဖြစ်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။

သို့သော် ဝမ်ပေါင်လဲ့မှာ ထာဝရဝိညာဉ်အဆင့်တွင် ရှိမနေသေးသောကြောင့် နတ်သမီးလင်ယိုကဲ့သို့ ဓမ္မစစ်သင်္ဘောကြီးနှင့် ပေါင်းစည်းကာ ၎င်းအား သူ၏ ချပ်ဝတ်တန်ဆာကြီးအဖြစ် ပြောင်းလဲနိုင်စွမ်း မရှိသေးပေ။

ထိုကဲ့သို့ ဖြစ်နေသည့်တိုင်အောင် ဝမ်ပေါင်လဲ့မှာ ထိုအခက်အခဲအား ဖြေရှင်းနိုင်မည့် နည်းလမ်းများကို စဉ်းစားထားပြီးသား ဖြစ်သည်။ သို့သော် ၎င်းတို့မှာ ပြီးပြည့်စုံခြင်းမရှိသေးသောကြောင့် သူသည် အချိန်ပေးကာ လေ့လာစမ်းသပ်မှုများ ပြုလုပ်ရဦးမည် ဖြစ်သည်။

ထို့အပြင် ဝူလေးတစ်ယောက် အနစ်နာခံကာ လဲလှယ်ပေးခဲ့သည့် ပစ္စည်းများကြောင့်လည်း ဝမ်ပေါင်လဲ့မှာလည်း ပို၍ အစွမ်းထက်လာရ၏။ ဥပမာပြရလျှင် ဝမ်ပေါင်လဲ့မှာ သူ၏ သိုလှောင်အိတ်ထဲရှိ စစ်သင်္ဘောကြီးများအားလုံးကို အဆင်မြှင့်တင်နိုင်ခဲ့သည်။ ယခုတွင် စစ်သင်္ဘောတစ်စင်းချင်းစီတိုင်း၏ ပေါက်ကွဲမှုပြင်းအားမှာ ယခင်တုန်းကထက် အဆပေါင်းများစွာပို၍ သာလွန်နေပြီ ဖြစ်သည်။

ထို့အပြင် ဝမ်ပေါင်လဲ့မှာ ဝိညာဉ်ကြားခံနယ်အဆင့် အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက် အစွမ်းကုန်ထုတ်၍ ထုတ်လွှတ်လိုက်သည့် တိုက်ကွက်တစ်ကွက်နှင့် ညီမျှသော ပေါက်ကွဲအားမျိုးကို ‌ပိုင်ဆိုင်ထားသည့် စစ်သင်္ဘော အစင်းရေ တစ်ရာကျော်ကိုလည်း ဖန်တီးတည်ဆောက်ထားသေးသည်။ အခြား စစ်သင်္ဘောကြီးများ၏ ပေါက်ကွဲအားများမှာမူ ယွမ်ယင်ထိပ်ဆုံးအဆင့် ကျင့်ကြံသူများ၏ တိုက်ကွက်များနီးပါး အစွမ်းထက်ကြပေသည်။

ထို့အပြင် ဝမ်ပေါင်လဲ့ ဝှက်ဖဲများအဖြစ် သတ်မှတ်ထားသည့် စစ်သင်္ဘော ဆယ်စင်းလည်း ရှိနေသေးသည်။ ၎င်းတို့မှာ ပေါက်ကွဲသွားသည်နှင့် ဝိညာဉ်ကြားခံနယ်ထိပ်ဆုံးအဆင့်တွင် ရှိသော ပေါက်ကွဲအားများကို ထုတ်လွှတ်ပေးမည်ဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ တွက်ချက်မှုများ ပြုလုပ်ကြည့်လိုက်ပြီးနောက် သူ၏ စစ်သင်္ဘောကြီးများ၊ နတ်ဘုရားတရားမျှမှုဒိုင်းကာနှင့် ဓမ္မစစ်သင်္ဘောကြီးတို့ကိုသာ ပေါင်းစည်းလိုက်မည်ဆိုပါက ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်နှင့် ကြုံရလျှင်တောင် သူ၏ ပြိုင်ဘက်မှာ ဓမ္မစစ်သင်္ဘောတစ်စင်း ပိုင်ဆိုင်ထားခြင်းမရှိပါက သူသည် ထိုကျင့်ကြံသူအား အလွယ်တကူ အနိုင်ယူနိုင်လိမ့်မည်ဟု ယုံကြည်နေသည်။

သူ၏ ပြိုင်ဘက်မှာ ဓမ္မစစ်သင်္ဘောတစ်စင်း ပိုင်ဆိုင်ထားလျှင်တောင် ဝမ်ပေါင်လဲ့မှာ ထိုကျင့်ကြံသူအား ရင်ဆိုင်တိုက်ခိုက်ပြီး တိုက်ပွဲထဲမှ အချိန်မရွေး ထွက်ခွာသွားနိုင်လိမ့်မည်ဖြစ်ကြောင်း ယုံကြည်နေ၏။

" စာတွေ့ထက် လက်တွေ့က ပိုကောင်းတယ်လို့ လူတွေပြောကြတာ ဒါ့ကြောင့်ကိုး " ဝမ်ပေါင်လဲ့မှာ နှလုံးသားထဲ၌ ခံစားချက်မျိုးစုံ ပေါ်ပေါက်လာ၏။ သူသည် စူစမ်းရှာဖွေရေးခရီးထွက်ခဲ့သည်မှာ မှန်ကန်သည့် ဆုံးဖြတ်ချက်တစ်ခုဖြစ်ကြောင်း ခံစားနေရသည်။ အကယ်၍ ယခုနှုန်းထားအတိုင်းသာ ဆိုပါက သူ၏ စစ်တပ် နတ်မျက်လုံးလူမှုအဖွဲ့အစည်းထဲသို့ ပြန်ရောက်သွားသည့်အချိန်တွင် လူတိုင်းမှာ ဆွံ့အမှင်တက်သွားကြရမည်သာ ဖြစ်သည်။

ထို့အပြင် ခရီးစဉ်တစ်လျှောက်လုံးတွင် သူသည် ဝူလေး အနစ်နာခံကာ လဲလှယ်ပေးခဲ့သည့် ဆေးလုံးများကို မှီဝဲခဲ့ပြီးနောက် ဝိညာဉ်ကြားခံနယ် ထိပ်ဆုံးအဆင့်ဆီသို့ ဖြည်းဖြည်းချင်း တက်လှမ်းလာနေပြီဖြစ်သည်။

" ငါ ပြန်ရောက်တဲ့အချိန်ကျရင်.... ဝိညာဉ်ကြားခံနယ်အဆင့်ကနေ ဖောက်ထွက်သွားပြီးတော့ ထာဝရဝိညာဉ်အဆင့်ကို ရောက်နေပြီသားဖြစ်ရင် သိပ်ကောင်းမှာပဲ။ အဲတာဆိုရင် ငါ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးကို ဓမ္မစစ်သင်္ဘောကြီးနဲ့ ပေါင်းစည်းနိုင်သွားမှာ။ အဲအခါကျရင် ငါက တခြားသူတွေထက် အများကြီးပိုပြီးတော့ အစွမ်းထက်နေလောက်ပြီ။ ငါ့ရဲ့ နတ်ဘုရားလက်နက်ကြီးကိုပါ ထည့်တွက်လိုက်မယ်ဆိုရင် အလယ်အလတ်အဆင့် ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်ကို ချုပ်နှောင်နိုင်ဖို့ဆိုတာ အရမ်းကြီး ခဲယဉ်းနေမှာ မဟုတ်တော့ဘူး " ဝမ်ပေါင်လဲ့မှာ ဓမ္မစစ်သင်္ဘောကြီးအား ထိန်းချုပ်ရင်း စိတ်ဓာတ်များတက်ကြွလာ၏။ ထို့နောက် သူသည် မြည်းလေးနှင့် ဝူလေးတို့နှင့်အတူ ရှေ့သို့ ဆက်လက်ပျံသန်းသွားတော့သည်။

ဝူလေးမှာ ဝမ်ပေါင်လဲ့အတွက် သူ့ကိုယ်သူ အနစ်နာခံခဲ့သောကြောင့်လားတော့ မသိပေ။ သူသည် ဝမ်ပေါင်လဲ့အား ကြည်ညိုလေးစားနေဆဲ ဖြစ်သည့်တိုင်အောင် အားအင်ပြန်လည်ပြည့်ဖြိုးလာပြီးနောက် ယခင်တုန်းကထက်ပို၍ စိတ်လွတ်ကိုယ်လွတ် ပြုမူနေတော့သည်။ သူသည် မြည်းလေးကိုလည်း ဖားယားနေခြင်း မရှိတော့ပေ။ ဝမ်ပေါင်လဲ့မှာလည်း ဝူလေးသည် သူ့အတွက် အများကြီး ပေးဆပ်ခဲ့သည်ဖြစ်ကြောင်း မှတ်ယူထားသဖြင့် သူ့အား ယခင်ကထက်ပို၍ ကောင်းမွန်စွာ ဆက်ဆံနေတော့သည်။

မြည်းလေးမှာ အကြောင်းအရင်း အတိအကျကို မသိပါသော်လည်း ၎င်းမှာ ငယ်ဘဝကတည်းက ဝမ်ပေါင်လဲ့၏နောက်မှ တကောက်ကောက်လိုက်လာခဲ့သည် မဟုတ်ပါလော။ သို့ဖြစ်ရာ သူသည် ဝမ်ပေါင်လဲ့အား ထုံးလိုချေရေလိုနှောက် နားလည်နေသောကြောင့် သူ၏ အပြုအမူများ ပြောင်းလဲသွားသည်ကို သတိထားမိလိုက်သည်။ ထို့ကြောင့် ၎င်းမှာ မရွှင်မပျ ဖြစ်သွားရသည့်တိုင်အောင် စားပေါက်ပိတ်သွားမည် စိုးသဖြင့် သည်းခံလိုက်ရ၏။

ဝမ်ပေါင်လဲ့မှာ ဝူလေး သူ့ကိုယ်သူ အနစ်နာခံကာ လဲလှယ်ပေးခဲ့သည့် ပစ္စည်းများထဲမှ အချို့အား မြည်းလေးဆီသို့ ပေးခဲ့သည် မဟုတ်ပါလော။ တစ်ချိန်ထဲမှာပင် သူသည် မြည်းလေးဆီသို့ အသံလွှင့်အကြောင်းကြားကာ ဝူလေးအား ကောင်းကောင်းမွန်မွန်ဆက်ဆံရန် လှမ်းပြောခဲ့သေးသည်။ သို့မှသာ သူတို့မှာ အနာဂတ်တွင် ဝူလေးအား သူ့ကိုယ်သူ ထပ်၍ အနစ်နာခံအောင် တိုက်တွန်းနိုင်မည် ဖြစ်သည်။

ထိုအချက်ကြောင့် မြည်းလေးမှာလည်း ဝူလေးတစ်ယောက် ပြောင်းလဲသွားသည့် အချက်ကို လက်ခံလိုက်တော့သည်။

ထိုသို့ဖြင့် ဓမ္မစစ်သင်္ဘောကြီး အာကာသထဲ၌ ဆက်လက်ပျံသန်းနေရင်း အချိန်များ ကုန်လွန်သွားပြီး လေးလတိတိ ထပ်၍ ကုန်ဆုံးသွားပြီဖြစ်သည်။ ‌ထို လေးလအတွင်းတွင် ဝမ်ပေါင်လဲ့မှာ စကြဝဠာကြီး၏ အတွင်ပိုင်းထဲအထိ သွားရောက်ခဲ့သဖြင့် သူ စုဆောင်းရရှိမိခဲ့သော ပစ္စည်းများမှာလည်း ပို၍များလာ၏။ သူသည် သူ၏ စစ်သင်္ဘောကြီးများအား နောက်ထပ်တစ်ကြိမ်ထပ်၍ အဆင့်မြှင့်တင်နိုင်ခဲ့သလို သူ၏ ကျင့်ကြံခြင်းအဆင့်မှာလည်း ဝိညာဉ်ကြားခံနယ်ထိပ်ဆုံးအဆင့်သို့ ရောက်ရှိသွားတော့မည်ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ သူ ခရီးထွက်လာခဲ့သည်မှာ အလွန်အင်မတန်မှ ကြာမြင့်နေပြီဖြစ်ကြောင်း သတိထားမိလိုက်သဖြင့် နတ်မျက်လုံးလူမှုအဖွဲ့အစည်းဆီသို့ ပြန်သင့်မပြန်သင့် စဉ်းစားတွေးတောနေစဉ်မှာပင် ကြယ်အဖွဲ့အစည်းတစ်ခုဆီသို့ ရောက်ရှိလာ၏။ သူသည် ခရီးစဉ်တစ်လျှောက်လုံးတွင် ကြယ်အဖွဲ့အစည်းမျိုးစုံ မြင့်ခဲ့ရသည့်တိုင်အောင် သူ၏ရှေ့တွင်ရှိနေသည့် ကြယ်အဖွဲ့အစည်းကြောင့် အံ့ဩတုန်လှုပ်သွားရဆဲပင်။

ထို ကြယ်အဖွဲ့အစည်းမှာ ဝမ်ပေါင်လဲ့ မြင်ဖူးထားသမျှ ကြယ်အဖွဲ့အစည်းအားလုံးထက် ပို၍ကြီးမားကျယ်ပြန့်နေ၏။ သူ၏ ခန့်မှန်းချက်များအရဆိုလျှင် ဤ ကြယ်အဖွဲ့အစည်းထဲ၌ နေအဖွဲ့အစည်းပေါင်း သောင်းဂဏန်းအထိ ဝင်ဆံ့နိုင်ပေသည်။

ထို့အပြင် ထာဝရကြယ်ကြီးများမှာလည်း အလုံးရေ တစ်ရာကျော် ရှိနေကြ၏။ လူသားများ၏ လက်ရာများကိုလည်း အထင်အရှားမြင်နိုင်ပေသည်။ အဘယ်ကြောင့်ဆိုသော် ထို ကြယ်အဖွဲ့အစည်း၏ အလယ်တွင် ရာပေါင်းများစွာသော ထာဝရကြယ်ကြီးများမှာ အလွန်အင်မတန်မှ ခမ်းနားထည်ဝါလှသည့် မန္တန်အစီအရင်ကြီးတစ်ခုအသွင် စုဝေးနေကြသောကြောင့်ပင်။

ထို မန္တန်အစီအရင်ကြီးထဲတွင်မူ ဧရာမဈေးကြီးတစ်ခု ရှိနေ၏။

ထို ဈေးကြီးမှာ ဂြိုဟ်တစ်လုံး မဟုတ်ဘဲ ပုံသဏ္ဍာန်အတိအကျမရှိသော ဧရာမ တိုက်ကြီးတစ်တိုက် ဖြစ်နေ၏။ ၎င်း၏ ပတ်ပတ်လည်တွင်မူ ကမ္ဘာဂြိုဟ် အရွယ်အစားခန့်ရှိသော ဂြိုဟ်အလုံးရေပေါင်း ရာပေါင်းများစွာ ရှိနေကြသည်။ ထို ဂြိုဟ်တစ်လုံးချင်းစီတိုင်းမှာ ပြုပြင်မွမ်းမံထားသည့် ခံတပ်များ ဖြစ်နေသောကြောင့် ဝမ်ပေါင်လဲ့မှာ အံ့ဩတုန်လှုပ်သွားရ၏။

ထို ဂြိုဟ်အလုံးရေ တစ်ရာကျော်ပေါ်တွင် လူမျိုးမတူသော လူမှုအဖွဲ့အစည်းအမျိုးမျိုး ရှိနေကြသည်။ သူတို့မှာ အခြားသူများနှင့် ရောင်းဝယ်ဖောက်ကားနိုင်ရန် ဤနေရာသို့ ရောက်ရှိလာကြသကဲ့သို့ ဖြစ်နေသောကြောင့် ဤ ကြယ်အဖွဲ့အစည်းမှာ ဝမ်ပေါင်လဲ့ ခရီးစဥ်တစ်လျှောက်လုံး၌ ကြုံခဲ့ရသည့် အခြား ကြယ်အဖွဲ့အစည်းများအားလုံးထက် ပို၍ စည်ကားသိုက်မြိုက်နေတော့သည်။

ဝမ်ပေါင်လဲ့မှာ ခန္ဓာကိုယ်ပုံသဏ္ဍာန်အမျိုးမျိုးနှင့် အရွယ်အစား အမျိုးမျိုးရှိသည့် ကျင့်ကြံသူပေါင်း ထောင်ပေါင်းများစွာကို မြင်တွေ့ခဲ့ရသည်။ အချို့မှာ လူသားများနှင့် တူပြီး၊ အချို့မှာ ရက်စက်ကြမ်းကြုတ်သော သားရဲကြီးများနှင့်တူကာ အချို့မှာဆိုလျှင် အပင်များနှင့် တူကြ၏။

ထို့အပြင် ကျောက်ဘီလူးကြီးများကဲ့သို့သော သက်ရှိများစွာလည်း ရှိနေသေးသည်။ ဝမ်ပေါင်လဲ့အား အမှန်တကယ် အံ့သြတုန်လှုပ်သွားစေခဲ့သည့် အချက်မှာ ကိုယ်ပိုင်အသိစိတ်တစ်ခု ပိုင်ဆိုင်ထားသည့် ပိုင်ရှင်မဲ့ ဓမ္မစစ်သင်္ဘောကြီးတစ်စင်း သူ၏ရှေ့မှ ဖြတ်ပျံသွားခြင်းပင်။

" ဖေဖေကြီး။ ဒီနေရာက အာကာသ ကုန်သွယ်ရေးစခန်းတစ်ခု ဖြစ်လောက်တယ် " ဝူလေး၏ ဗဟုသုတများမှာ ဤ ခရီးစဉ် တစ်လျှောက်လုံးတွင် ခဏခဏ အသုံးဝင်ခဲ့၏။ သူသည် ထို ကြယ်အဖွဲ့အစည်းအား မြင်တွေ့လိုက်ရပြီးနောက် ဝမ်ပေါင်လဲ့အား လေသံတိုးတိုးဖြင့် ချက်ချင်းလှမ်းပြောလိုက်သည်။

ထိုအခါ ဝမ်ပေါင်လဲ့မှာ ဝူလေးအား အဓိပ္ပါယ်ပါပါ စိုက်ကြည့်လိုက်ပြီး‌ မေးခွန်းများ စတင် မေးမြန်းလိုက်တော့သည်။ ထိုသို့ဖြင့် သူသည် စကြဝဠာကြီးထဲ၌ အဆုံးမဲ့မျိုးနွယ်စု ထိန်းချုပ်ထားသည့် အရွယ်အစား အမျိုးမျိုးရှိသော ဈေးများ ရှိကြကြောင်း သိလိုက်ရသည်။ ၎င်းတို့မှာ အနီးနားရှိ ကြယ်အဖွဲ့အစည်းများထဲမှ ကျင့်ကြံသူများအတွက် ကုန်သွယ်ရေးစခန်းတစ်ခုအဖြစ် လည်ပတ်နေကြခြင်း ဖြစ်သည်။

ထိုကဲ့သို့သော ဈေးများမှာ အရေအတွက်အမြောက်အမြားရှိပြီး ၎င်းတို့အားလုံးမှာ ကျောထောက်နောက်ခံ တောင့်တင်းခိုင်မာကြသည်သာ ဖြစ်သည်။ အထူးသဖြင့် အချို့သော ဈေးကြီးများမှာဆိုလျှင် အံ့ဩမှင်တက်ဖွယ်ရာကောင်းလောက်အောင် ဩဇာအာဏာ ကြီးမားကြ၏။ ယခု သူတို့၏ရှေ့တွင်ရှိနေသော ဈေးကြီးမှာဆိုလျှင် ဝူလေး ပြောပြခဲ့သည့် ရှားပါးဈေးကြီးများထဲမှ တစ်ခုဖြစ်ပေသည်။

" ဖေဖေကြီး။ အလယ်မှာ ရှိနေတဲ့ တိုက်ကြီးက ပင်မဈေးဆိုလည်းဟုတ်၊ ဒီ ကုန်သွယ်ရေးစခန်းပိုင်ရှင်ရဲ့ နေရာဆိုရင်လည်း ဟုတ်တယ်။ ဘေးပတ်ပတ်လည်က ဂြိုဟ်တွေကတော့ တခြားမျိုးနွယ်စုတွေရဲ့ ခံတပ်တွေနဲ့ အသေးစားဈေးလေးတွေပေါ့။ ဒီနေရာကို ရောက်လာတဲ့ ကျင့်ကြံသူတွေက ရှိသမျှဂြိုဟ်တိုင်းပေါ် သွားပြီးတော့ သူတို့လိုချင်တဲ့ ပစ္စည်းတွေကို ဝယ်လို့ရတယ် " ဝူလေးမှာ ထိုသို့ရှင်းပြလိုက်ပြီး အလွန်အင်မတန်မှ ဗဟုသုတကြွယ်ဝသည့် လူတစ်ယောက်၏ အမူအရာဖြင့် ချောင်းဟန့်လိုက်၏။ သို့သော် သူသည် ဖေဖေကြီးမှာ မည်သူမည်ဝါဖြစ်ကြောင်း သိရှိထားသည့်ဖြစ်ရာ ဝမ်ပေါင်လဲ့အား တရိုတသေ တလေးတစား ပြောဆိုဆက်ဆံနေဆဲပင်။

" စိတ်ဝင်စားစရာပဲ " ဝမ်ပေါင်လဲ့မှာ ဧရာမ တိုက်ကြီးအား လှည့်ကြည့်ရင်း တစ်ခဏမျှ စဉ်းစားတွေတောလိုက်ပြီးနောက် ဓမ္မစစ်သင်္ဘောကြီးကို ထိန်းချုပ်ကာ ၎င်း၏အနီးသို့ မောင်းနှင်သွားလိုက်၏။ သူသည် မြေပြင်ပေါ်သို့ ဆင်းသက်သွားလိုက်ပြီးနောက် သူ၏ ဓမ္မစစ်သင်္ဘောကြီးအား သိမ်းဆည်းကာ ထိုတိုက်ကြီးပေါ်၌ လှည့်လည်သွားလာနေလိုက်တော့သည်။ ထိုနေရာကြီးမှာ တမူထူးခြားလှပေသည်။ တောင်ထိပ်များ၊ မြစ်များနှင့် သမုဒ္ဒရာများအားလုံးပေါ်တွင် ခန်းမကြီးများ ရှိနေကြ၏။

အချို့သော ခန်းမကြီးများထဲတွင် လူအများကြီး ရှိကြပါသော်လည်း အချို့သော ခန်းမကြီးများထဲတွင်မူ အနည်းငယ်မျှသာရှိကြ၏။ သူတို့ ရောင်းချနေကြသည့် ပစ္စည်းများမှာလည်း ကွဲပြားခြားနားနေကြ၏။ ဓမ္မအဆောင်ပစ္စည်းများဖြစ်စေ၊ ဆေးလုံးများဖြစ်စေ၊ ဖန်တီးသန့်စင်နည်းများဖြစ်စေ၊ ကျင့်ကြံခြင်းပညာရပ်များဖြစ်စေ၊ ကုန်ကြမ်းပစ္စည်းများဖြစ်စေ အမျိုးအစားစုံလင်စွာ ရရှိနိုင်ပေသည်။

ဝမ်ပေါင်လဲ့မှာ ခုနစ်ရက်တိတိ ခြေဦးတည့်ရာ သွားလာနေ၏။ ထို ခုနစ်ရက်အတွင်းတွင် သူသည် ဧရာမတိုက်ကြီးပေါ်ရှိ ဈေးဆိုင်အများစုအား လိုက်လံကြည့်ရှုပြီးသွားပြီ ဖြစ်သည်။ သူသည် ၎င်းတို့ထဲမှ အချို့အား သေသေချာချာ အကဲခတ်ခဲ့ပြီး အချို့ကိုမူ အပေါ်ယံမျှသာ ကြည့်ခဲ့၏။ မည်သို့ပင်ဆိုစေကာမူ သူသည် သူ၏ နှလုံးသားထဲမှ လိုချင်တက်မက်စိတ်များကို ထိန်းသိမ်းနိုင်စွမ်းမရှိတော့ပေ။ ရှိသမျှ ဈေးဆိုင်အားလုံးမှာ သူ၏အာရုံအား ဖမ်းစားနိုင်စွမ်းရှိနေသည် မဟုတ်ပါလော။

" ငါက မွဲနေတုန်းပါလား... " အကယ်၍ ဝမ်ပေါင်လဲ့သာ ဤနေရာသို့ ရောက်ရှိမလာခဲ့ပါက သူသည် သူ့ကိုယ်သူ ချမ်းသာကြွယ်ဝနေပြီဟု မှတ်ယူမိလိုက်မည်သာဖြစ်သည်။ သို့သော် သူသည် ဤနေရာသို့ ရောက်ရှိလာပြီးနောက် ချမ်းသာကြွယ်ဝမှု၏ အဓိပ္ပါယ်အစစ်အမှန်အား သိရှိနားလည်သွား၏။

ထိုသို့ဖြင့် သူသည် သမုဒ္ဒရာကြီးတစ်စင်း၏ အထက်တွင် တည်ဆောက်ထားသည့် အထပ်သုံးထပ်ပါသော ဧရာမ ဇိမ်ခံအိမ်ကြီးတစ်လုံးဆီသို့ ရောက်ရှိလာ၏။ ထိုဇိမ်ခံအိမ်ကြီးမှာ သမုဒ္ဒရာကြီး၏ ရေမျက်နှာပြင်ပေါ်တွင် ရှိနေခြင်းဖြစ်သည်။ ထို့ကြောင့် ၎င်းမှာ ရေမျက်နှာပြင်ပေါ်တွင် တည်ဆောက်ထားသည့်ပုံ ပေါက်နေသလို ရေပေါ်တွင် ပေါလောပေါ်နေသည့်ပုံလည်း ပေါက်နေ၏။ ထို ဇိမ်ခံအိမ်ကြီးအား အစမှအဆုံးထိ ထိပ်သီးအဆင့် ဝိညာဉ်ကျောက်တုံးများကို အသုံးပြုကာ ဆောက်လုပ်ထားခြင်းဖြစ်သည်။ တစ်ချိန်ထဲမှာပင် ၎င်းအား ဝမ်ပေါင်လဲ့ အမည်ပင် မသိသော ပစ္စည်းမျိုးစုံဖြင့် မွမ်းမံထားသေးသည်။ ထို့ကြောင့် ထိုဇိမ်ခံအိမ်ကြီးမှာ ထွန်းလင်းတောက်ပြောင်နေ၏။ ၎င်းမှာ ကောင်းကင်ယံထဲရှိ နေမင်းအစင်းတစ်ရာဆီမှ ထွက်ပေါ်လာနေသည့် အလင်းရောင်များကို ရောင်ပြန်ဟပ်နေသောကြောင့် ‌‌ဘေးပတ်ပတ်လည်ရှိ စကြဝဠာကြီးပင်လျှင် တုန်ရီနေရသည်။

ဝမ်ပေါင်လဲ့ မြင်ဖူးခဲ့သမျှ ဈေးဆိုင်များအားလုံးထဲတွင် ဤ ဇိမ်ခံအိမ်ကြီးထဲ၌ ရောင်းချသည့် ပစ္စည်းများမှာ အမျိုးအစား အစုံလင်ဆုံး ဖြစ်၏။

တစ်ချိန်မှာပင် ထိုနေရာတွင် ရှိနေကြသည့် ကျင့်ကြံသူများမှာ အနိမ့်ဆုံး ထာဝရဝိညာဉ်အဆင့်တွင် ရှိနေကြ၏။ ထို့အပြင် ဝမ်ပေါင်လဲ့မှာ ဈေးဆိုင်ထဲ၌ ကျင့်ကြံခြင်းအဆင့် နိမ့်ကျနေသောကြောင့် အနည်းငယ်လေးပင် မောက်မာထောင်လွှားရဲခြင်း မရှိဘဲ အလွန်အင်မတန်မှ ရိုကျိုးနေကြသည့် ဂြိုဟ်အဆင့် ကျင့်ကြံသူများကိုပင် မြင်တွေ့ခဲ့ရသေးသည်။

ထိုအခြင်းအရာများကြောင့် ဝမ်ပေါင်လဲ့မှာ ဗျာများလာရတော့သည်။ သူသည် ထို ဈေးဆိုင်ထဲ၌ သူ သဘောကျနှစ်သက်မိနေသည့် ပစ္စည်းအချို့ကို တွေ့ခဲ့ရသည်တိုင်အောင် ၎င်းတို့အား ရွေးချယ်ရန် မဝံ့မရဲ ဖြစ်နေရသည်။ ထို့ကြောင့် ထိုဈေးဆိုင်ထဲရှိ အရောင်းစာရေး သူ့အား တည်ကြည်မှုအပြည့်ရှိသော မျက်ဝန်းများဖြင့် ကြည့်နေစဉ် ဝမ်ပေါင်လဲ့မှာ သက်ပြင်းချလိုက်၏။ ထို့နောက် သူ ပစ္စည်းတစ်ခုအား ဝယ်ယူရန်ပြင်လိုက်စဉ်မှာပင် သူ၏ရှေ့တွင် ရှိနေသည့် အရောင်းစာရေးမှာ ခေါင်းမော့လာပြီး ဝမ်ပေါင်လဲ့၏ နောက်သို့ လှမ်းကြည့်လိုက်၏။ ထို့နောက် သူသည် နောက်သို့ ခြေလှမ်းအနည်းငယ်ခန့် လှမ်းသွားလိုက်ပြီး ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ ဝမ်ပေါင်လဲ့ ရှိရာဘက်သို့ ဦးညွှတ် အရိုသေပေးလိုက်တော့သည်။

" မင်္ဂလာပါ သခင်လေး "

ဝမ်ပေါင်လဲ့မှာလည်း ထို အရောင်စာရေး သူ၏ နောက်သို့ လှမ်းကြည့်လိုက်စဉ်ကတည်းက သတိထားမိလိုက်၏။ ထို့နောက် သူသည်လည်း နောက်သို့လှည့်ကြည့်လိုက်သောအခါ သူ ရင်းရင်းနှီးနှီး သိနေသည့် လူတစ်ယောက်ကို မြင်လိုက်ရတော့သည်။ သူသည် အဖြူရောင်ဝတ်ရုံများကို ဆင်မြန်းထားကာ လက်ထဲတွင် စက္ကူယပ်တောင်တစ်ချောင်းကို ကိုင်ထားပြီး လေးထောင့်ပုံစံ ဦးထုပ်တစ်လုံးကို ဆောင်းထား၏။ သူသည် တမူထူးခြားသည့် အငွေ့အသက်များနှင့်အတူ အပြင်ဘက်မှနေ၍ အထဲသို့ဝင်လာပြီး သူတို့ရှိရာသို့ ဦးတည်လာ၏။

ထိုပုဂ္ဂိုလ်မှာ လူငယ်လေးတစ်ယောက်ဖြစ်ပြီး သူ၏ ဝတ်ရုံများထဲတွင် ရေနိယာမများ ကိန်းအောင်းနေသကဲ့သို့ပင်။ သူ လမ်းလျှောက်လာသောအခါ သူ၏ဝတ်ရုံများမှာ ရေလှိုင်းများပေါ်သို့ ရောက်နေသည့်အလား မျောလွင့်သွားကြ၏။ သူ၏ ခေါင်းပေါ်ရှိ ဦးထုပ်မှာလည်း အံ့ဩတုန်လှုပ်ဖွယ်ရာ စွမ်းအင်လှိုင်းများကို ပိုင်ဆိုင်ထားပြီး နတ်ဘုရားလက်နက်တစ်ခုကဲ့သို့ သူ၏ဘေးပတ်ဝန်းကျင်အား ဖိနှိပ်ချုပ်တည်းပစ်နိုင်စွမ်း ရှိနေသည်။ သူ၏ လက်ထဲရှိ ယပ်တောင်မှာမူ တစ်ဝက်သာ ပွင့်နေသည့်အောင် ၎င်းဆီမှ ထာဝရကြယ်အဆင့် စွမ်းအင်လှိုင်းများ ပျံ့လွင့်လာနေ၏။

ဝမ်ပေါင်လဲ့မှာ ထိုလူငယ်လေးအား မြင်လိုက်ရသည်နှင့် မျက်လုံးများ မှေးသွားပြီး စိတ်ထဲ၌ အလန့်တကြား ရေရွတ်မိလိုက်တော့သည်။

" ရှဲ့ဟေးရန်ပါလား "

All Chapters