နတ်ကု့ချင်း
Vol. 162 Ch. 2301
အားလုံး၏မျက်လုံးများက ရှေ့ကို ရောက်နေကြသည်။ စိတ်ခံစားချက်ပြင်းထန်လျှက်ပင် သူတို့မှာ မျက်လုံးများကိုဖွင့်ကာ စိုက်ကြည့်ကြ၏။ လိပ်နဂါး၏ကျောပေါ်တွင် ရှိသော အပျက်အစီးမြို့တွင် မည်သို့သောအရာရှိမည်ကို သူတို့ သိလိုကြ၏။
မဟာအင်ပါယာ၏စိတ်အသိသည် ဤနေရာ၌ တည်ရှိနေသေးသည်ကို မည်သူမှ သံသယမဝင်ပေ။
နောက်ဆုံးတွင် အခေါင်းအတွင်း၌ ရှိနေသော အရာကို သူတို့ တွေ့မြင်ကြရသည်။
အခေါင်းထဲတွင် တေးသွားသည် အဆက်မပြတ် ပျံ့လွင့်နေကာ ၎င်းတို့မှာ ကု့ချင်း၏ကြိုးများမှ ထွက်ပေါ်နေခြင်းဖြစ်သည်။
မှန်သည်၊ အခေါင်းထဲတွင်ကား သက်ရှိကဲ့သို့ ကိုယ်တိုင် တီးခတ်နေသော ကု့ချင်းတစ်လက်သာ တည်ရှိသည်။ ျ
တန်ခိုးရှင်များ၏စိတ်နှလုံးက ပြင်းထန်စွာ တုန်ခါနေသည်။ ကောင်းကင်တေးသွားကို ကိုယ်တိုင် တီးခတ်နေသော ကု့ချင်းလား။
မည်သို့သော ကု့ချင်း ဖြစ်ပါသနည်း။
မည်သူက ကု့ချင်းကို ထိန်းချုပ်နေသနည်း။
ထို့အပြင် သူတို့က တေးသွားထံမှ မဟာအင်ပါယာ၏စွမ်းအားကို ခံစားမိကြသည်။ ဆိုလိုသည်က ကု့ချင်းတွင် မဟာအင်ပါယာရှန့်ယင်၏စိတ်အသိ ရှိနေသေးသည်လား။
သို့မဟုတ်လျှင် ကု့ချင်းက အဘယ်ကြောင့် အသက်ဝင်နေရသနည်း။
ထိုသို့တွေးမိလျှင် နတ်ဘုရားကဒ်ဘေးဒုတိယအဆင့်များသည်ပင် စိတ်လှုပ်ရှားကြရသည်။ သူတို့က ကု့ချင်းကိုကြည့်ကာ တစ်ခုတည်းသော ဖြစ်နိုင်ဖွယ်ကို တွေးမိကြ၏။ မဟာအင်ပါယာရှန့်ယင် ဆုံးပါးသွားသောအခါ သူက စိတ်ဝိညာဉ်အား ကု့ချင်းနှင့် ပေါင်းစပ်ထားခဲ့ခြင်း ဖြစ်နိုင်သည်။
သခင်လော့ ဖြစ်သည်မှာ မှန်ကောင်း မှန်နိုင်သည်။ မဟာအင်ပါယာသည် တခြားသော ပုံစံတစ်မျိုးဖြင့် တည်ရှိနိုင်သည်။ သူသည် ကု့ချင်းထဲတွင် နေထိုင်ရာ ကု့ချင်းအား တီးခတ်နိုင်၏။
သူတို့က ဖြစ်နိုင်ဖွယ်ကို တွေးတောနေသောအချိန်တွင် တန်ခိုးရှင်တချို့က ကု့ချင်းထံသို့ လှမ်းနေကြပြီဖြစ်သည်။ ဤကား နတ်ကု့ချင်းဖြစ်ကာ မဟာအင်ပါယာ၏စိတ်အသိ ကိန်းအောင်းနေနိုင်သည်။ ၎င်းအား ပိုင်ဆိုင်ရပါက မည်သို့ ဖြစ်မည်နည်း။
သို့သော်လည်း သူတို့က ကု့ချင်းအား ထိမိသည်နှင့် စူးရှသော အလင်းများ ဖြာထွက်လာကာ တန်ခိုးရှင်များထံသို့ ကျဆင်းလာ၏။ ရုတ်တရက် သူတို့မှာ နောက်ကို လွင့်စင်သွားကာ မဟာအင်ပါယာတစ်ပါး၏ကြီးမားသော ဖိအားကို ခံစားကြရ၏။
ကု့ချင်းသည် လေထဲကို ပျံတက်လာကာ ကု့ချင်းကြိုးများသည် အလိုအလျောက် ရွေ့လျားနေကြ၏။ ထိုအခိုက်တွင် တန်ခိုးရှင်များအားလုံးမှာ ကု့ချင်းအား ဦးခိုက်ကြည်ညိုစိတ်များ ဖြစ်လာကြတော့သည်။
ကု့ချင်းက မဟာအင်ပါယာအား ကိုယ်စားပြုသည့်အလား…။
ကု့ချင်း၏သံစဉ်သည် ပိုအားကောင်းလာ၏။ ၎င်းသည် စိတ်ဝိညာဉ်ကိုပင် ထွင်းဖောက်နိုင်ဟန်ရသည်။ နောက်ဆုံးတွင် လိပ်နဂါးသည် စူးရှစွာ အော်မြည်သံပေးသည်။
တန်ခိုးရှင်များအားလုံးမှာ အဆုံးမဲ့သော ဝမ်းနည်းမှု၌ နစ်ဝင်နေကြသည်။ လူတစ်ယောက်က ထိုမျှ ဝမ်းနည်းစရာကောင်းသော တေးသွားကို ဖန်တီးနိုင်သည်အား သူတို့ မယုံနိုင်ကြပေ။ ထိုသို့သော တေးသွားကို ဖန်တီးခဲ့သော မဟာအင်ပါယာရှန့်ယင်သည် မည်သို့သော အတွေ့အကြုံမျိုး ရှိခဲ့သနည်း။
ရီဖူရှင်းသည် တေးသွားကို တခြားလူများထက် နက်ရှိုင်းစွာ ခံစားမိသည်။ သူသည်လည်း ဂီတပညာရှင်ဖြစ်ကာ အနုပညာကို ခံစားသက်ဝင်နိုင်သူဖြစ်သည်။ ဤသို့သော ကောင်းကင်တေးသွားကို ဖန်တီးနိုင်သူမှာ ခန့်မှန်းမရနိုင်သော ဝမ်းနည်းပူဆွေးမှုကို တွေ့ကြုံခံစားခဲ့ရမည်ဖြစ်ကြောင်း သူ တွက်ဆမိသည်။
အဆုံးမဲ့သော ဝမ်းနည်းမှုသည် လူတိုင်းကို သက်ရောက်စေကာ ဝိညာဉ်များသည်ပင် ငိုကြွေးရသည်။ မဟာအင်ပါယာရှန်ကျားသည် ခေါင်းမော့ကာ ကု့ချင်းအား ကြည့်သည်။ ၎င်း၏မျက်လုံးများမှ မျက်ရည်စများ ထွက်ပေါ်လာသည်။
တစ်စုံတစ်ယောက်သည် ခံစားသက်ဝင်နေပါက မည်သို့ ဖြစ်မည်နည်း။ သူသည် ဧကရာဇ်အသိဖြင့် ရစ်ပတ်ထားကာ ထိုစိတ်ခံစားချက်များက သူ့အား များစွာ မထိခိုက်နိုင်တော့ပေ. တစ်ဘက်တွင် သူက ကု့ချင်းအား သူ၏စိတ်နယ်ပယ်ထဲသို့ ဝင်ခွင့်ပြုပြီး တေးသွား၏ရသကို ခံစားသည်။
ကု့ချင်းသံစဉ် တဖြေးဖြေး ပျံ့လွင့်လာလျှင် လူတိုင်းမှာ သံစဉ်၌ နစ်ဝင်သွားကြသည်။ သူတို့၏မဟာလမ်းစဉ်စွမ်းအားများမှာ ငြိမ်သက်သွားပြီး တေးသွားထံ၌ နစ်မြောနေကြတော့သည်။
နတ်ဘုရားကဒ်ဘေး ဒုတိယအဆင့်များသည်သာလျှင် တင်းခံနေကြဆဲဖြစ်သည်။ သူတို့၏စိတ်အသိများမှာ ခိုင်မာပြီး ကု့ချင်းသံအောက်တွင် ဝပ်တွားမည်ကို မလိုလားကြပေ။ သူတို့၏ကျင့်ကြံဆင့်မှာ ကောင်းကင်လမ်းစဉ်သို့ရောက်ရန် ခြေတစ်လှမ်းအလိုဖြစ်ရာ ထိုတေးသွားထံ၌ မည်သို့ အောက်ကျို့ခံမည်နည်း။ ဤသည်က လက်ခံနိုင်စရာ မဟုတ်ပေ။
တချို့က ကု့ချင်းအား ဖမ်းဆုပ်ရန် ဆက်လက် ကြိုးပမ်းကြသည်။ သို့သော်လည်း ကု့ချင်းကြိုးများမှာ ရပ်တန့်ခြင်းမရှိဘဲ အဆုံးမဲ့သော တေးသွားများကို ထုတ်လွှတ်သည်။ ကြီးမားသော ဖိအားသည် ထိုလူများအားလုံးပေါ်သို့ ကျရောက်နေကာ ကု့ချင်းထံသို့ မည်သည့်အခါမှ လက်လှမ်းမမှီသော ခံစားချက်အား ပေးသည်။ ထိုတန်ခိုးရှင်များမှာ အကြိမ်ကြိမ် နောက်ကို လွင့်စင်ကြရ၏။
၎င်းသည် ကု့ချင်းတစ်လက်မျှသာဖြစ်သော်လည်း သက်ရှိအလား သူ၏အနီးကို ကပ်လာသူမှန်သမျှအား ပြန်လည်တွန်းထုတ်သည်။
ထိပ်သီးတန်ခိုးရှင်များမှာ ထိုကု့ချင်းအားကြည့်ကာ စိတ်လှုပ်ရှားနေကြသည်။ ကြည့်ရသည်မှာ ကု့ချင်း၌ မဟာအင်ပါယာ၏စိတ်ဝိညာဉ် အမှန်တကယ် ကပ်ငြိနေဟန်ရသည်။ မဟုတ်လျှင် ကု့ချင်းသည် အဘယ်ကြောင့် သက်ရှိကဲ့သို့ ပြုမူနေရသနည်း။
တေးသွားမုန်တိုင်းသည် လေဟာနယ်အား ခြုံလွှမ်းလာလျှင် အရာအားလုံးသည် တိတ်ဆိတ်ငြိမ်သက်သွားသည်။ မဟာလမ်းစဉ်အရှိန်အဝါများမှာလည်း ကွယ်ပျောက်သွား၏။ လူတိုင်း၏မျက်ဝန်းများတွင် မျက်ရည်စများကို တွေ့ရသည်။ သူတို့အားလုံးမှာ အဆုံးမဲ့သော ဝမ်းနည်းမှု၌ ပျော်ဝင်နေကြ၏။
ထိုအခိုက်တွင် လိပ်နဂါး၏ဝမ်းနည်းကြေကွဲစွာ အော်သံကို ကြားရသည်။ ၎င်းသည် ငိုကြွေးကာ တဖန် ရွေ့လျားပြန်၏။ ကု့ချင်းတေးသွားနှင့်အတူ လိပ်နဂါးသည် အတားအဆီးများကို ချိုးဖျက်၏။ သူသည် တေးသွားနှင့်အတူ ပိုမိုမြန်ဆန်စွာ ရွေ့လျားလာခဲ့ကာ အိမ်ပြန်လိုသော ကလေးတစ်ဦးအလား ပြုမူသည်။ ထိုအခိုက်တွင် တစ်လောကလုံးသည် ဝမ်းနည်းပူဆွေးမှုအောက်သို့ ကျရောက်ရတော့သည်။